မြန်မာနိုင်ငံအနှံတွင် ဖြစ်ပွားခဲ့သည့် လိမ်လည်မှုတစ်ခုတွင် မွန်ပြည်နယ်ရှိ ကျေးရွာကလေးတစ်ရွာမှ ရွာသူ ရွာသားများလည်း သားကောင်ဘဝ ကျရောက်ခဲ့ကြရသည်။ ထိုကိစ္စတွင် ပါဝင်ပတ်သက်မိခဲ့သူ ရွာသားတစ်ဦးကမူ နောင်တရမည့်လမ်းစနှင့် ဝေးကွာနေသေးသည်။
ဟိန်းကိုစိုး နှင့် သောမတ်စ် ကင်း(န်) ရေးသားသည်။
(SCL Myanmar ၏ လိမ်လည်မှုကို စုံစမ်းဖေါ်ထုတ် ရေးသားခဲ့သည့် ဆောင်းပါး၏ ဒုတိယပိုင်းဖြစ်သည်။ ပထမပိုင်းကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)
ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် တည်ရှိသော်လည်း ဇင်းကျိုက်ကျေးရွာကလေးသည် ကျေးရွာတစ်ရွာ၏ အငွေ့အသက်များကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ယင်းရွာသည် မွန်ဒေသ၏ နှလုံးသည်းပွတ် ဖြစ်သည်။ စကားပြောလျှင် အသံသြသြနှင့်ပြောတတ်ပြီး မြန်မာတို့ နားလည်ရန်ခက်ခဲသော လေသံမျိုးဖြစ်သည်။ (ဇင်းကျိုက်မြောက်ပိုင်းတွင် မွန်စစ်စစ်မရှိတော့ဟု အချို့က ပြောကြသည်။)
မြို့ပေါ်ရှိ လမ်းညွှန်အမှတ်အသားများကို အင်္ဂလိပ်၊ မြန်မာနှင့် မွန် သုံးဘာသာဖြင့် ဖေါ်ပြထားသည်။ အဝေပြေးလမ်းမပေါ်ရှိ လမ်းထိပ်များတွင် ကျွန်းဖြင့် ဆောက်ထားသောမုခ်ဦးများရှိတတ်ပြီး ထိုနေရာတွင် ရွာသားများစုဝေးရောက်ရှိလာတတ်ကာ သူတို့ နောက်ဆုံးသိရှိထားသော သတင်းများကို ဖြန့်ဝေဖလှယ်တတ်ကြသည်။ နေအိမ်များက သပ်သပ်ရပ်ရပ်နှင့် လမ်းများ ရှင်းရှင်းလင်းလင်း ရှိသဖြင့် ဂုဏ်ယူစရာ ပတ်ဝန်းကျင်ဖြစ်သည်။
သူတို့အခေါ်အားဖြင့် “ရှမ်းပြည်” ဟုခေါ်သော ထိုင်းနိုင်ငံဘက်သို့ အားကောင်းမောင်းသန် လူငယ်လူရွယ်များ တဖြည်းဖြည်း ပြောင်းရွှေ့သွားမှုဒဏ်ကို အခြားသော မွန်အသိုက်အဝန်းများနည်းတူ ဇင်းကျိုက်ရွာကလည်း ခံစားခဲ့ရသည့်အတွက် တည်ငြိမ် သာယာဝပြောမှုကို ထိခိုက်စေခဲ့သည်။ ထိုသို့သွားရောက် လုပ်ကိုင်နေသော အလုပ်သမားများက သူူတို့ရှာဖွေရသမျှကို ဆွေမျိုးသားချင်းများထံသို့ လစဉ်ပြန်ပို့လျက်ရှိရာ ပမာဏအားဖြင့် မများလှသော်လည်း ကြာလာသောအခါ စုမိဆောင်းမိဖြစ်လာကြသည်။ တစ်ခါတစ်ရံ ပေးစရာကြွေမြီများကို ရှင်းလိုက်သောအခါ အပိုအလျှံများ ရှိလာကြသည်။ ဤသို့ဆိုပါက ငွေပိုများကို ဘာလုပ်ကြသနည်း။ ရွှေဝယ်မလား။ ဆိုင်ကလေး တည်မလား။ ငွေချေးစားမလား။ ဘဏ်အပ်ထားမလား။ ဆင့်ပွားဖေါက်သည်ရှာ ဈေးကွက်ဖြန့်ချိရေးကွန်ရက်(Multi-level Marketing Network)ကို ဆက်သွယ်မလား။ ရွေးလိုက်သမျှတွင် စွန့်စားရမှုအန္တရာယ်နှင့် ရပေါက်ရလမ်းများ အသီးသီးရှိနေကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကိုဉာဏ်ထွန်းအမည်ရှိ ဒေသခံတစ်ဦးက သူ့မိတ်ဆွေများနှင့် မွေးချင်းပေါက်ဖေါ်များအတွက် နောက်ထပ် ရွေးချယ်စရာ အကြောင်းအရာတစ်ခုကို စတင်သတင်းဖြန့်ပေးလိုက်သည်။ “SCL Myanmar မှာ ရင်းနှီးမြှုပ်နှံကြစို့” တဲ့။ ဆွဲဆောင်မှုကလည်း ကောင်းမှကောင်း၊ အလုပ်လုပ်စရာမလိုဘဲ သေချာပေါက်ရမည့် အကျိုးအမြတ်၊ အများစုက ခြေစုံပစ် ဝင်လာကြတော့သည်။ ပထမတွင် သူတို့က ဒေါ်လာအနည်းငယ်နှင့် ညီမျှသောတန်ဖိုးရှိသည့် ငွေကိုသာ ရင်းနှီး ကြသည်။ သို့သော် အပတ်စဉ်ပေးသော ပထမပိုင်း“အမြတ်” များကို တွေ့ရသောအခါ အချို့က ရှိသမျှပုံအောကြတော့သည်။ ဤသို့ဖြင့် ငွေစီးဝင်မှု မရှိတော့သောအခါ သူတို့ရင်းနှီးမြှုပ်နှံမှုများမှာလည်း လုံးပါးပါးခဲ့ရလေသည်။ သူတို့ဆုံးရံှုးမှုမှာ ကျပ် ၃၀၀,၀၀၀၊ ကျပ် ၇၀၀,၀၀၀ နှင့် အချို့မှာ ကျပ်နှစ်သန်းအထိ ရှိခဲ့သည်။
ပွန်ဇီငွေကြေးလိမ်လည်မှု အစီအစဉ်တွင် ဇင်းကျိုက်မှ ငွေကြေးဆုံးရှုံးသူဦးရေမှာ ၆၀ ကျော်၊ စုစုပေါင်း ကျပ်သန်း ၁၂၀ ကျော်ရှိသည်ဟု သူတို့က Frontier ကို ပြောကြားခဲ့သည်။ သို့သော်လည်း ရွာသားများနှင့် စကားပြောကြည့်သောအခါ ငွေကြေးအရ ဆုံးရှုံးမှုနည်းတူ စိတ်လိုက်မာန်ပါပြောဆိုမှုများလည်း ပြင်းထန်သည့်အတွက် ဆုံးရှုံးမှုအမှန်ကို တိုင်းတာရန် ခဲယဉ်းလှသည်။
မခိုင်ဇာလင်းက ကျပ် ၈၀၀,၀၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။ SCL သည်ရိုက်စားဖြစ်ကြောင်းနှင့် ဉာဏ်ထွန်းကို မယုံ သင့်ကြောင်း ခင်ပွန်းဖြစ်သူက သူ့ကိုသတိပေးသော်လည် ဂရုမစိုက်ခဲ့ပေ။ “အခုတော့ ကျွန်မယောက်ျားက ကျွန်မကို စကား မပြောတော့ဘူး။ ကိုဉာဏ်ထွန်းဆီက ကျွန်မတို့ ငွေတွေပြန်မရရင်တော့ သူက ကျွန်မကို ကွာမယ်ချည်းပြောနေတယ်” ဟု ၎င်းကပြောသည်။
စုစုပေါင်း ကျပ် ၂ ဒသမ ၇ သန်း မြှုပ်နှံထားသော မရွှေခိုင်ကမူ ၎င်း၏ယောက်ျားမှာ ယခုအခါ ထိုင်းနိုင်ငံ၌ပင် ရှိနေသေး ကြောင်းနှင့် ငွေများဆုံးရှုံးသည်ကို သူမသိသေးကြောင်း ပြောပြသည်။ “သူဇင်းကျိုက်အိမ်ကိုပြန်ရောက်ရင် ဒီကိစ္စနဲ့ ကျွန်မတု့ိ စကားများတော့မယ်။ သူပြန်မရောက်ခင် ငွေတွေပြန်ရချင်တယ်” ဟု၎င်းက ပြောသည်။
ထိုကိစ္စမှာ မိသားစုများအတွင်း၌သာ စိတ်ဒုက္ခရောက်နေကြခြင်း မဟုတ်ပေ။ ပါဝင်ရင်းနှီးမြှုပ်နှံကြရန် အိမ်နီးချင်းများကိုပါ အားပေးစည်းရုံးခဲ့ကြသည့်အတွက် ရပ်ရွာအတွင်း၌ အချင်းချင်းထားရှိသော ယုံကြည်မှုကိုပါ ပြိုကွဲစေခဲ့ရသည်။
“SCL ပိတ်သွားပြီး ကျွန်မတို့ငွေတွေပါသွားတဲ့အခါ အချင်းချင်းတွေ၊ အထူးသဖြင့် ငွေဆုံးတာများတဲ့သူတွေနဲ့ နည်းတဲ့သူတွေ စပြီး စကားများကြတော့တာပဲ” ဟု မရွှေခိုင်က ပြောသည်။
ဇင်းကျိုက်သည် နေရာဒေသအားဖြင့် သေးငယ်လွန်းလှသော်လည်း အလိမ်ခံရသည့်ပမာဏက များလွန်းလှသည်။ ပြီးခဲ့သည့်လတွင် Frontier ၏ ဖေါ်ထုတ်တွေ့ရှိချက်အရ လအနည်းငယ်မျှအတွင်း တစ်နိုင်ငံလုံး ဒေါ်လာသန်းပေါင်းများစွာ ဆုံးရုံှးခဲ့သည့်အနက် ထောင်ချီ၍ ပါဝင်ခဲ့ခြင်းဖြစ်သည်။ မည်မျှဆုံးရှုံးခဲ့သည်ကိုမူ မည်သူမျှ မသိနိုင်ကြပေ။
အများအားဖြင့် ငွေကြေးဆုံးရှုံးသူတို့က ဒုက္ခခံ၍ အာဏာပိုင်တို့ကို တိုင်ကြားခြင်း မရှိခဲ့ပေ။ ပြစ်မှုကျူးလွန်သူတို့မှာ ပြည်ပမှ ဖြစ်နိုင်ဖွယ်ရှိသည့်အတွက် ဘာများလုပ်နိုင်ဦးမည်နည်း။ သို့သော် ဇင်းကျိုက်ရွာသားများအတွက်မှာမူ သူတို့၏ ဆုံးရှုံးမှုများအတွက် ဒေါသထွက်ပေါက်ရှာစရာ ဗီလိန်းလူကြမ်းတစ်ဦး ရှိနေသည်။ ကိုဉာဏ်ထွန်းသည် သူတို့ ရပ်ကွက်ထဲမှာပင် နေထိုင်နေဆဲ၊ တစ်ဈေးထဲမှာဝယ်ယူနေဆဲ၊ သ့ူကလေးများကို တစ်ကျောင်းထဲသို့ ပို့နေဆဲဖြစ်သည်။ ထို့ကြောင့် မေလတွင် လိမ်လည်မှုဖြင့် သူ့ကို ရဲစခန်းတွင်အမှုဖွင့်ခဲ့ကြသည်။
ကိုဉာဏ်ထွန်းနှင့်ပတ်သက်ပြီး သူတို့ဒေါသက တူးတူးခါးခါး ရှိလှသည်။ သူ့အကြောင်းနှင့်ပတ်သက်၍ အလိမ်ခံရသူတို့က ပြောသောစကားကို နားထောင်ရခြင်းအားဖြင့် ပျော့ပျော့နှင့် လူမိုက်ဆန်ဆန်ပြောတတ်သော သူ၏ပုံရိပ်ကို ဖျောက်ဖျက်ရ ခက်လှသည်။ သူ့အကြောင်းကို မီဒီယာ၊ သို့မဟုတ် ရဲကိုပြောပြမည်ဆိုပါက ဒုက္ခပေးမည်ဟု သူကခြိမ်းခြောက်ကြောင်း အမျိုးသမီးတစ်ဦးက ပြောသည်။ “သူက ကျွန်မကလေးတွေကို တစ်ခုခုလုပ်လိုက်မှာကို ကြောက်လို့ပါ” ဟုဆိုပြီး ၎င်းအား ဓာတ်ပုံမရိုက်ရန် Frontier ကို ထိုအမျိုးသမီးက ပြောသည်။
ပွန်ဇီလိမ်လည်မှုအစီအစဉ် ပြိုကွဲခြင်းမှာ သူတို့အတွက် အဓိကမဟုတ်ပေ။ ဖြစ်ပျက်သည့်နေရာက ဟိုးအဝေးကြီးမှာ ဖြစ်သည်။ ကုမ္ပဏီဌာနချုပ်က လန်ဒန်မှာရှိနေသည်ဟု သူတို့ထင်နေကြဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ယခုကိစ္စမှာ လိမ်ဆင်ဖြစ်နေသည်ကို ကိုဉာဏ်ထွန်း သိရမည်ဖြစ်ကာ ရန်ကုန်တွင်ရှိသော ဌာနချုပ်သို့ ငွေများကို မပို့ပဲ သူက ယူထားလိုက်သည်ဟု သူတို့က ယုံကြည်နေကြသည်။
“သူက ရန်ကုန်သွားပြီး ကျွန်တော်တို့ငွေတွေနဲ့ တိုက်ခန်းတွေ ဝယ်ထားတယ်။ ရော်ဘာခြံတွေလည်း ဝယ်ထားတယ်။ မော်တော်ကား အသစ်တစ်စီးကိုဝယ်ပြီး ဘုန်ကြီးကျောင်းဝင်းထဲ ဝှက်ထားတာကို ကျွန်တော်တို့ တွေ့ခဲ့တယ်”ဟု ၎င်းတို့က ပြောသည်။ “ရဲကလည်း ဘာမှမလုပ်ဘူး” ဟုဆိုကာ ကိုဉာဏ်ထွန်းက ပေးကမ်းထားပုံရသည်ဟု သူတို့က ဆက်လက် ပြောကြားကြသည်။
ရွာသားတစ်ဦး၏ ရှေးဟောင်းကျွန်းအိမ် လှေကားမှ ကျွန်တော်တို့ဆင်းလာချိန်တွင် သံချေးများတက်နေသော သွပ် မိုးပေါ်သို့ မိုးကဒလဟော ရွာချလိုက်သည်။ လူဆိုးများက မည်သူ၊ လူကောင်းများက မည်သူဟူသော အချက်ကို ကျွန်တော်တို့ သံသယမရှိပဲ သိလိုက်ရသည်။ တရားမမျှတမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီဟူသော ခိုင်မာသည့် ယုံကြည်ချက်ကို ဆုပ်ကိုင်လျက် ကျဉ်းမြောင်းသော လမ်းသွယ်ကလေးမှ ကျွန်တော်တို့ ထွက်ခဲ့ကြသည်။ ကိုဉာဏ်ထွန်းက သူ၏ လုပ် ငန်းအတော်များများကို လုပ်ကိုင်ခဲ့သည်ဟုဆိုသော ယာမ ကွမ်းသီးဆိုင်ကိုဖြတ်၍ ရဲစခန်းသို့ ဦးတည်ခဲ့ကြသည်။
စုံစမ်းထောက်လှမ်းမှု
မေလတွင် ပေါင်မြို့နယ်ရဲစခန်းကို ဦးစီးရန် အနီးရှိ ကျိုက်မရောရဲစခန်းမှ စခန်းမှူးထူးဇော်ဦး ပြောင်းရွှေ့လာချိန်တွင် SCL အမှုက သူ့စားပွဲသစ်ပေါ်၌ ငံ့လင့်စောင့်စားလျက်ရှိသည်။
အများနှင့်မတူ တစ်မူထူးနေပြီဟူသောအချက်ကို သူချက်ချင်း သဘောပေါက်လိုက်သည်။ ရဲတပ်ဖွဲ့တွင် သူတာဝန် ထမ်းဆောင်ခဲ့သော ၁၀ နှစ်ကျော်အတွေ့အကြုံအရဆိုပါက ထုံးစံအားဖြင့် ငွေလိမ်လည်မှုမှာ ပုဂ္ဂိုလ်တစ်ဦးနှင့် တစ်ဦး၊ သို့မဟုတ် အဖွဲ့ငယ်တစ်ဖွဲ့နှင့် တစ်ဖွဲ့သာဖြစ်တတ်ကြသည်။ နိုင်ငံနှင့်ချီ၍ဖြစ်သော လိမ်လည်မှုဆိုသည်ကို ကြားပင် မကြားဘူးခဲ့ပေ။
“ကျွန်တော်တွေ့ဖူးသမျှထဲမှာတော့ SCL Myanmar က အတော်ဆုံးပဲ။ သူတို့က တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီဖြစ်ပြီး နိုင်ငံအတော်များများမှာ အလုပ်လုပ်နေတဲ့လုပ်ငန်းလို ဟန်ဆောင်ထားတယ်။ ဒါကြောင့် လူတွေကယုံကြည်ပြီး ငွေတွေအများကြီး ရင်းနှီးမြှုပ်နှံကြတာပေါ့” ဟု ၎င်းကပြောသည်။
နှစ်လကြာသောအခါ ကနဦးတိုင်ကြားမှုများနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု ဖိုင်တွဲများ အထပ်လိုက်ဖြစ်လာသည်။ နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သော လိမ်လည်မှုက မွန်ပြည်နယ်ရှိ ရွာငယ်ကလေးတစ်ရွာတွင် မည်သို့မည်ပုံဖြစ်ပွားခဲ့သည်ကို ဘက်စုံ စုံစမ်းစစ်ဆေးရာမှ ပေါ်ထွက်လာသည့် ရလဒ်ဟုဆိုနိုင်သည်။
စခန်းမှူးထူးဇော်ဦးက သူလုပ်ဆောင်ခဲ့မှုအတွက် ဂုဏ်ယူနေဟန်ရှိသည်။ ဇူလိုင် ၁၇ ရက်နေ့၊ ညနေ ၇ နာရီခွဲတွင် ရဲစခန်းသို့ Frontier ရောက်ရှိချိန်တွင် သူက အိမ်မှလာ၍ သူ၏ တွေ့ရှိချက်များကို ရှင်းပြခဲ့သည်။ ထိုနေ့စောစောပိုင်းက အမှုတွဲကို ဥပဒေရုံးသို့ တင်ခဲ့ကြောင်း၊ တရားစွဲဆိုနိုင်သည့် သက်သေခံအထောက်အထား ပြည့်စုံမှုရှိမရှိကို ရုံးက ဆုံးဖြတ်မည်ဖြစ်ကြောင်း သူက ပြောကြားသည်။ အမှုတွဲကို မီးစိမ်းပြလိုက်ပြီဆိုပါက ကိုဉာဏ်ထွန်းနှင့ ်အပေါင်းပါခုနှစ်ဦးမှာ ပြစ်မှုဆိုင်ရာ ဥပဒေကျင့်ထုံးပုဒ်မ ၄၂၀ အရ တရားစွဲဆိုမှုကို ရင်ဆိုင်ရတော့မည်ဖြစ်ပြီး ထောင်ဒဏ် ခုနစ်နှစ်အထိ ကျခံရဖွယ်ရှိနေသည်။
ကျွန်တော်တို့က မေးခွန်များမေးမြန်းချိန်တွင် စခန်းမှူးထူးဇော်ဦးက အမှုတွဲဖိုင်ကိုလှန်၍ ကိုဉာဏ်ထွန်း၏ ဓာတ်ပုံများကို ပြသခဲ့သည်။ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စားပွဲခုံပုကလေးတစ်လုံးတွင်ထိုင်ကာ SCL Myanmar ကပေးမည့် အကျိုးအမြတ်ကို ရလိုဇောဖြင့် ဇင်းကျိုက်ရွာသားများကပေးသော ငွေသားတစ်ပုံကြီးကို လက်ခံနေသော ပုံများ ဖြစ်သည်။ SCL Myanmar ၏ ဒါရိုက်တာများကို ရှာဖွေစစ်မေးရန် ရဲစခန်းမှ ရဲအရာရှိတစ်ဦးကိုပင် ရန်ကုန်သို့ စေလွှတ်ထားပြီးဖြစ်ကြောင်း စခန်းမှူးထူးဇော်ဦးက ပြောသည်။
သဘောကျစရာတော့ ကောင်းလှသည်။ ယင်းအမှုကို ရဲတပ်ဖွဲ့က ဥပေက္ခာပြုထားတာ မဟုတ်ဘူးလား။ မဟုတ်ဘူးဆိုပါက အမှုကို မကြာမီရုံးတင်နိုင်တော့မည်ဆိုသည့်အကြောင်းကို အဘယ့်ကြောင့် သူတို့က ဇင်းကျိုက်ရွာသားများကို ပြောမပြသနည်း။
ယခုကိစ္စမှာ နားလည်မှုလွဲခြင်း ဖြစ်ဟန်တူကြောင်း စခန်းမှူးထူးဇော်ဦးက ပြောသည်။ အဘယ့်ကြောင့်ဆိုသော် SCL သားကောင် ၆၀ ကျော်ထံမှ စွဲချက်များမှာ သဘာဝအားဖြင့် တူနေသည့်အတွက် ရဲအဖွဲ့က တရားဝင်တိုင်ချက် ၁၆ ခုကိုသာ လက်ခံခဲ့သည်။ တရားဝင်တိုင်ကြားချက်များကို ဆက်သွယ်ဆောင်ရွက်လျက်ရှိသော်လည်း ပြန်ကြားချက်မရသေးကြောင်း သူကပြောသည်။ တရားပြိုင်များကို ဖမ်းဆီးခြင်း မပြုသေးသော်လည်း ရဲစခန်းသို့မဟုတ်၊ တရားရုံးက ဆင့်ခေါ်ပါက လာရောက်ရန် အာမခံချက် တောင်းထားသည်။
ရဲအဖွဲ့က ဖေါ်ထုတ်ရရှိထားသော အဓိကသတင်းတစ်ခုကြောင့် ဇင်းကျိုက်ရွာသားများက ခေတ္တဆိုင်းငံ့နေခြင်းဖြစ်သည်။ စခန်းမှူးထူးဇော်ဦးနှင့်အဖွဲ့သည် မိမိတို့ဒေသရှိ ကေဘီဇက်ဘဏ်ခွဲတစ်ခုကို စစ်ဆေးခဲ့ရာ ကိုဉာဏ်ထွန်းသည် ရန်ကုန်ရှိ SCL Myanmar ရုံးချုပ်မှ မနှင်းအိဖြူဟုခေါ်သော အမျိုးသမီးထံသို့ ငွေကျပ် သန်း ၁၀၀ ခန့် လွှဲပိုထား သည်ကိုတွေ့ရသည်။ နောက်ထပ် ကျပ်သန်း ၂၀ ခန့်ကိုမူ လိမ်လည်မှုပူးတွဲတရားပြိုင် ရှစ်ဦးအနက် တစ်ဦးဖြစ်သူ မော်လမြိုင်မှ ဦးအောင်ဇော်ထက်ထံသို့ ပေးပို့ထားသည်။
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင် ကိုဉာဏ်ထွန်းထံမှ ငွေလွှဲပို့မှု ရပ်ဆိုင်းသွားသည်။ ယင်းအချိန်မှာ SCL Myanmar က ရိုက်စား သာ ဖြစ်ကြောင်း ဒေသအသီးသီးမှ ရင်းနှီးမြှုပ်နှံသူတို့က ကောင်းစွာသိမြင်လာသောအချိန်လည်း ဖြစ်သည်။
အကယ်၍ ကိုဉာဏ်ထွန်းက ရန်ကုန်သို့ငွေလွှဲသည် မှန်ပါက ဇင်းကျိုက်ရွာသားများကို သူလိမ်သလား။ သို့မဟုတ် SCL Myanmar က လိမ်သလား။
ယခုအချိန်တွင် မည်သူ့မှာ တာဝန်ရှိသည်ကို သူမပြောနိုင်တော့ကြာင်း၊ သို့သော် တရားရုံးကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း စခန်မှူးထူးဇော်ဦးက ပြောသည်။
“ပြဿနာမရှိပါဘူး”
ကိုဉာဏ်ထွန်းကို ဖုန်းဆက်သောအခါ ဆိုင်ကယ်မောင်းနေပြီး ကရင်ပြည်နယ်မြို့တော် ဖားအံမြို့ ဆင်ခြေဖုံးအနီးသို့ ရောက်နေေကြောင်း သူကပြောသည်။ မေးခွန်းများကို ဖုန်းဖြင့်ဖြေဆိုရန်ငြင်းဆန်ပြီး အခြားသော ဇင်းကျိုက်သားများကဲ့သို့ပင် မြန်မာလိုမပီမသ မွန်လေသံဖြင့် ပြောသည်။
နောက်ဆုံးတွင် ဖားအံနှင့်ဇင်းကျိုက်ကြား သထုံမြို့ အဓိကလမ်းမကြီးပေါ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံရန် ကျွန်တော်တို့ သဘောတူခဲ့ကြသည်။
ကျွန်တော်တို့ကို လက်ခံတွေ့ဆုံသူမှာ ကျီးကန်းတောင်းမှောက်နှင့် အနည်းငယ် ထိတ်လန့်နေပုံရသည်။ ဇင်းကျိုက်က တည်းက ကျွန်တော်တို့နောက်မှ ပေါ်ပေါ်တင်တင် လိုက်ပါလာသော သူ့တူနှင့် သူ့တူ၏ ဇနီးမှာလည်း သူနှင့်အတူရှိနေသည်။
တစ်ခါတစ်ရံ ကိုဉာဏ်ထွန်းက ငိုတော့မလိုဖြစ်နေပြီး မျက်လုံးများကို လက်ဖြင့်ပွတ်လိုက်၊ ငူတူတူ လုပ်လိုက်၊ ဆံပင်များကို လက်နှင့်ဖွလိုက် လုပ်နေသည်။ တရားစွဲခံရတော့မည့်အတွက် သူကြောက်နေပြီလား၊ သို့မဟုတ် ဇင်းကျိုက်မှ ကျန်လူများက သူ့ကို လူလိမ်တစ်ယောက်အဖြစ် အမြင်ခံရသည်ကို စိတ်မကောင်းဖြစ်နေသလား၊ သို့မဟုတ် သူ့ကိုသနားလာအောင် တမင်လုပ်နေတာလားဆိုတာ မည်သူကမျှ မသိနိုင်ပေ။
ဇင်းကျိုက်သားများအား SCL Myanmar ရှယ်ယာများ ရောင်းချခဲ့သည်ကို သူက မငြင်းခဲ့ပေ။ မော်လမြိုင်မှ ဦးအောင်ဇော် ထက်က ယခုအစီအစဉ်ကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ဒေါ်လာရာဂဏန်းလောက်နဲ့ ညီမျှတဲ့ ငွေနည်းနည်းနဲ့သာ ရင်းနှီးမြှုပ်နှံကြပြီး တရားဝင်ကုမ္ပဏီဟုတ်မဟုတ် စောင့်ကြည့်ရန် ဦးအောင်ဇော်ထက်က သူတို့ကို အကြံပေးခဲ့ကြောင်း သူက ရှင်းပြသည်။ ကတိပြုထားသည့်အမြတ်အတိုင်း SCL က အမြတ်များကိုရှင်းပေးသောအခါ ရောင်းရငွေပေါ်မှ ၁၀ ရာခိုင်နှုန်း ကော်မရှင်ယူကာ ရွာထဲတွင် သူတို့စတင် တိုးချဲ့ရောင်းချလာခြင်းဖြစ်ကြောင်း ကိုဉာဏ်ထွန်းက ပြောသည်။
SCL Myanmar မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးစံလင်းထွန်းပင်လျှင် ဇင်းကျိုက်သို့လာရောက်၍ ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ သူက ဦးစံလင်းထွန်းကို ၂၀၁၅ ခုနှစ်တွင် ပထမဆုံးတွေ့ဖူးခြင်း ဖြစ်ကြောင်း၊ ထိုအချိန်က ဦးစံလင်းသည် SCL နှင့်ချိတ်ဆက်နေသော ဆင့်ပွားဖေါက်သည်ရှာ ရောင်းဝယ်ရေးကုမ္ပဏီ The Best International Network Company ၌ “Line Leader” တစ်ဦးအဖြစ် ဆောင်ရွက်နေသူဖြစ်ကြောင်း သူက ပြောသည်။
“ပထမတော့ ကျွန်တော် SCL ကို မယုံပါဘူး။ ဒါပေမဲ့ သူတို့ဆီကနေ ပထမဆုံးအကြိမ် ကျွန်တော်ငွေရခဲ့တယ်။ ဒါကြောင့် ဒီလိုကောင်းတဲ့ အလုပ်မျိုးကို ကျွန်တော့သားချင်းတွေနဲ့ အိမ်နီးချင်းတွေကို မျှဝေပေးချင်တယ်။ ဒါပေမဲ့ တစ်ပတ် နှစ်ပတ်လောက်ကြာတော့ ကုမ္ပဏီက မရှိတော့ဘူး” ဟုသူကပြောသည်။
သူ့ကိုယ်ပိုင်ငွေဆုံးရှုံးမှုကလည်း အမေရိကန်ဒေါ်လာ ၄,၀၀၀ ကျော်ရှိသည်ဟု သူကပြောသည်။ SCL တွင် ရင်းနှီးမြှုပ်နှံရန် သူ၏ စည်းရုံးမှုကို ခံခဲ့သူများအတွက်ကိုမူ သူက ဂရုဏာသက်မှုမရှိပေ။
“ရင်းနှီးမြှုပ်နှံဖို့ သူတို့ဆုံးဖြတ်ခဲ့တာပါ။ (ကုမ္ပဏီ စစ်မှန်မှုနဲ့ပတ်သက်ပြီး) အာမခံချက်၊ ဒါမှမဟုတ် သက်သေခံ အထောက်အထား မရှိဘူးဆိုတာ သူတို့ကို ရှင်းပြထားပြီးသားပါ။ ဒါပေမဲ့ သူတို့ဂရုမစိုက်ပါဘူး” ဟု ကိုဉာဏ်ထွန်းက ပြောသည်။
“ပထမ ငွေရနေတုန်းကတော့ လူတိုင်း အရမ်းပျော်နေတာပါ။ ဒါပေမဲ့ နောက်ပိုင်း ငွေတွေဆုံးတော့မှ သူတို့ဒေါသ ထွက်ကြတာပါ” ဟု သူက ဆက်ပြောသည်။
“ဒါမျိုးက( မြန်မာနိုင်ငံ) တခြားနေရာတွေမှာလည်း ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ သဘောသဘာဝကို လူတွေက နားလည်တဲ့အတွက် အဲဒီနေရာတွေမှာ တိုင်တောတာတွေမရှိခဲ့ပါဘူး။ ဇင်းကျိုက်မှာတော့ သူတို့က နားမလည်ကြဘူး။ ဒါကြောင့် သူတို့ ရဲဆီကိုသွားကြတာပါ” ဟု သူကပြောသည်။
ရှယ်ယာအမြတ်ငွေများဖြင့် တိုက်ခန်များ၊ ကားများနှင့် ရော်ဘာခြံများကို ဝယ်ယူသည်ဟူသော စွပ်စွဲချက်အကြောင်းကို မေးသောအခါ သူက ရယ်မောသည်။
“ကျွန်တော် ရော်ဘာခြံတွေကို ပိုင်ပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပိုင်ခဲ့တာပါ။ ဒါကလည်း ဇင်းကျိုက် နောက်ဘက် တောင်ရဲ့ ဟိုဘက်ခြမ်းမှာပါ” ဟု သူကပြောသည်။
ဆုံးရှုံးမှုများအတွက် လူအများကြီးက သူ့ကိုအပြစ်တင်လျက်ရှိရာ ဇင်းကျိုက်တွင် သူ့အတွက်အနေအထိုင် မခက်နိုင်ဘူးလား။
“နေမြဲအတိုင်းပါပဲ။ ပြဿနာ မရှိပါဘူး။ ကျွန်တော်မဟုတ်တာ လုပ်တာမှမရှိခဲ့တာ။ ဒါက ဒါရိုက်တာတွေအပေါ်မှာပဲ မူတည်တာပဲလေ” ဟု သူကပြောလေသည်။
တွေ့ဆုံမေးမြန်မှုကို ကျွန်တော်တို့က အချိန်တိုတိုနှင့် အဆုံးသတ်လိုက်ပြီး လက်ဖက်ရည်ဆိုင်မှ ထွက်ခွာခဲ့သည်။ ကို ဉာဏ် ထွန်းသည် ကျွန်တော်တို့ ထင်ထားသလိုမဟုတ်ခဲ့သော်လည်း မဟုတ်တာတစ်ခုခုတော့ ဖြစ်နေပြီဟု သူနှင့်တွေ့ဆုံခဲ့သူ Frontier အဖွဲ့သားများက သဘောတူကြသည်။ သူ့ကြောင့် ခံခဲ့ရသူများကို သူကအပြစ်တင်သည်။ နောင်တ ကြီးစွာ ရဟန်မရှိ။ သို့သော် အထူးသဖြင့် သူ၏နောက်ဆုံးတုံ့ပြန်မှုဖြစ်သော “နေမြဲအတိုင်းပါပဲ။ ပြဿနာမရှိပါဘူး” ဟု ပြောကြားမှုက ထူးဆန်းနေသည်။ ပြီးတော့ သူဘူးကွယ်နေတာလည်း ဖြစ်နိုင်သည်။
အိုင်စမတ် (I Smart)
SCL ပျောက်ကွယ်သွားပြီးနောက် ကုမ္ပဏီနှင့်ပတ်သက်နေသူအချို့က လိမ်လည်ခံရသူများကို ချဉ်းကပ်ပြီး ဆုံးရှုံး သွားသောငွေများကို ပြန်ရရန် ကုမ္ပဏီအသစ်တစ်ခုဖြစ်သော အိုင်စမတ်(I Smart)တွင် ရင်နှီးမြှုပ်နှံရန် တိုက်တွန်းခဲ့ကြ ကြောင်း ရေးသားထားမှုများကို ကျွန်တော်တို့မွန်ပြည်နယ်သို့ ခရီးမထွက်မီက ဖတ်ရှုခဲ့ရသည်။
ကုမ္ပဏီနှစ်ခုမှာ အဆက်အစပ် ရှိပုံရသည်။ SCL Myanmar ကုန်အမှတ်တံဆိပ်ကို I Smart login နှင့်တွဲထားပြီး အဖွဲ့ဝင်များက သူတို့ရင်းနှီးမြှုပ်နှံမှုကို စစ်ဆေးနိုင်အောင်ဆောင်ရွက်ထားသော ဝက်ဘ်ဆိုက်တစ်ခုကို Frontier က တွေ့ရှိထားသည်။
အိုင်စမတ်တွင် ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငွေချေးစာချုပ်စာတမ်းများကော်မရှင်က အများပြည်သူအား သတိပေးချက် ထုတ်ပြန်ခဲ့သည်မှာ ဇူလိုင် ၃ ရက်နေ့မှ ဖြစ်သည်။
ဤအကြောင်း ကိုဉာဏ်ထွန်းအားမေးသောအခါ ထိုကိစ္စကို ကျွန်တော်တို့ သိထားသည်ကို သူက အံ့အားသင့်သွားပုံရသည်။ “အိုင်စမတ်က အသစ်စက်စက်ပါ။ ဘယ်မှာရှိတယ်ဆိုတာတော့ အသေအချာမသိဘူး။ ကျွန်တော် မြိုင်သာယာရပ် ကွက်ထဲမှာတော့ ကြားဘူးတယ်။ ဒါပေမဲ့ အိုင်စမတ်က SCL နဲ့ မတူပါဘူး။ သူက ရှယ်ယာမရောင်းပါဘူး။ ဆင့်ပွား ဖောက်သည်ရှာပြီး ဈေးကွက်ဝင်တဲ့ ကုမ္ပဏီပါ။ သြဂဲနစ်ဓာတ်မြေသြဇာနဲ့ ကျန်းမာရေးပစ္စည်းတွေကို ရောင်းပါတယ်” ဟု သူကပြောသည်။
မော်လမြိုင်တွင် အိုင်စမတ်ကိုခြေရာခံ၍ မရနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ မြိုင်သာယာရပ်ကွက်အတွင်းရှိ ရုံးဟောင်းကို ပိတ်ထားခဲ့သည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ဒေသန္တရသတင်းစုံကို အတော်လေး တီးမိခေါက်မိ လိမ့်မည်ဟု ကျွန်တော်တို့ တွက်ဆမိသော ဒေသခံဂျာနယ်လစ်များနှင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်များကိ ုကျွန်တော်တို့ မေးမြန်းခဲ့သည်။ သို့သော် မကြားမိကြောင်းသာ သူတို့ကပြောကြသည်။ အလားတူပင် ရဲအဖွဲ့ကလည်း ဤအကြောင်းကို ဘာမှမသိကြောင်းသာ ပြောသည်။
တွေ့ချင်တော့ အိုင်စမတ်က ကျွန်တော်တို့ မျက်စိအောက်တည့်တည့်မှာပင် ရှိနေသည်။ ရန်ကုန်ပြန်ရောက်သည်နှင့် မွန်ပြည်နယ်တောင်ပိုင်း၊ သံဖြူဇရပ်မြို့နယ်မှ မဇင်မာထွန်း၏ ဖုန်းကို ကျွန်တော်တို့ လက်ခံရရှိခဲ့သည်။ ၎င်းက SCL Myanmar တွင် အမေရိကန်ဒေါ်လာ ၁၁,၀၀၀ ရင်းနှီးမြှုပ်နှံခဲ့ရာ မြိုင်သာယာရပ်ကွက်ရှိ အိုင်စမတ်ရုံးသစ်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဆုံးရှုံငွေကို ထေမိအောင် ဆောင်ရွက်ရန် ဦးအောင်ဇော်ထက်က တိုက်တွန်အားပေးခဲ့သည်။ ဇွန် ၂၈ ရက်နေ့တွင် သူ့ကို ကျပ် ၁၂၅,၀၀၀ ပေးအပ်ခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ ဘာသံမှမကြားရတော့ကြောင်း ၎င်းက ပြောသည်။ (Frontier က ဆက်သွယ်သောအခါ အိုင်စမတ်အကြောင်းပြောကြားရန် ဦးအောင်ဇော်ထက်က ငြင်းဆိုခဲ့သည်။)
မွန်ပြည်နယ်သို့ ခရီးမထွက်မီ အိုင်စမတ်နှင့် ပတ်သက်သော မှတ်တမ်းမှတ်ရာများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ကျွန်တော်တို့ စစ်ဆေးခဲ့သည်။ ကုမ္ပဏီမှတ်ပုံတင်မှတ်တမ်းကို ဝက်ဘ်ဆိုက် မတင်ရသေးပေ။ သို့သော် ယခုအခါ ဦး စီးဌာနတွင် မှတ်ပုံတင်ထားသည်ကို တွေ့ရှိခဲ့သည်။ I Smart Golden Myanmar ဟူသော အမည်ဖြင့် မှတ်ပုံတင်ရက် မေ ၉ ရက်၊ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်ထက်၊ ဒါရိုက်တာ ဦးဉာဏ်ထွန်းတို့ ဖြစ်သည်။ ဝက်ဘ်ဆိုက်ကို ဇူလိုင် ၁၃ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ကိုဉာဏ်ထွန်းကို ကျွန်တော်တို့ဆက်သွယ်သောအခါ ဝေဖန်ချက်ထပ်ပေးရန် ငြင်းဆိုခဲ့သည်။
ခေါင်းစီးဓာတ်ပုံ။ ။ ဇင်းကျိုက်ရွာလမ်းပေါ်တွင် သုံးဘီးဆိုင်ကယ် မောင်းနှင်လာသူတစ်ဦး။ ဓာတ်ပုံ-ငြိမ်းစုဝေကျော်စိုး
ဉာဏ်တင်ဘာသာပြန်သည်။