ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ Ocean Super Centre တွင် နိုဝင်ဘာ ၁၇ ရက်နေ့ကယမ်းနှင့် ဓါတုပစ္စည်းများ ပေါင်းစပ်ကာ ဖောက်ခွဲမှု ကျူးလွန်ခဲ့သည်ဟု ယူဆရသူ၏ ရုပ်ပုံကို လုံခြုံရေးကင်မရာပုံရိပ်မှ ရရှိထားသည့်အတွက် ရန်ကုန်တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များထံ ရုပ်ပုံများ ပေးပို့ထားပြီးဖြစ်သည်ဟု မရမ်းကုန်းရဲစခန်းမှ အမှုစစ်ဆေးသူ ရဲအုပ် ဘိုထင်ကျော်က Frontier ကို အတည်ပြု ပြောကြားသည်။
“အမိုနီယမ်နိုက်ထရိုက်နဲ့ ဆာလဖိတ်ကိုပေါင်းပြီး M150 အချိုရည်ပုလင်းထဲ ထည့်ခဲ့တာ။ အဲဒါက လှုပ်တာနဲ့ ပေါက်တယ်။ အနီးဆုံးလူကို မီးဟပ်မယ်။ အသံကျယ်မယ်။ အဲဒီလောက်ပဲ။ အဓိကက ထိတ်လန့်အောင် လုပ်ချင်တဲ့ သဘောလို့ သုံးသပ်လို့ရတယ်” ဟု ၎င်းက Frontier ကို နိုဝင်ဘာ ၂၁ ရက်နေ့က ပြောသည်။
ပြည်လမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ Ocean Super Centre တွင် နိုဝင်ဘာ ၁၇ ရက်နေ့က အဆိုပါပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ စင်တာအတွင်းရှိ အမှိုက်ပုံးနှင့်စင်တာ မြောက်ဖက် ကားပါကင်ရှိ ခဲရောင် Honda Fit ကားနောက်ဘီးနှင့် ကပ်လျက်တွင် ဓါတုပစ္စည်းများ ရောယှက် ထည့်သွင်းပြုလုပ်ထားသည့် ပုလင်းတစ်လုံးစီကို ထားရှိကာ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။ သို့သော် ပေါက်ကွဲမှုကြောင့် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ပေ။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရရာမှရရှိခဲ့သော သက်သေခံ ပုလင်းခွဲစများ၊ ဖန်ပြွန်တစ်ချောင်း၊ M150 အချိုရည် ပုလင်းကွဲစနှင့် မီးလောင်ရာမှ ထွက်ပေါ်ခဲ့သည့်အမှုန့်များကို အမျိုးသားဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲခန်းမှ ပြန်ကြားချက်အရ အထက်ပါအတိုင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ဗုံးဟု ယူဆရသည့် ပေါက်ကွဲစေသည့် ပစ္စည်းများကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်ကလည်း ဒေါပုံမြို့နယ် Capital Hypermarket တွင် ပေါက်ကွဲမှု လေးကြိမ် ဖြစ်ပေါ်ခဲ့သေးသည်။ အဆိုပါ ပေါက်ကွဲမှုများကြောင့် လူထိခိုက်မှု မရှိသော်လည်း ပစ္စည်းဆုံးရှုံးမှုအနည်းငယ် ရှိခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုများနှင့် ပက်သက်ပြီး သက်ဆိုင်ရာ မရမ်းကုန်းနှင့် ဒေါပုံစခန်းတို့က လူ့အသက်အန္တရာယ်ကို ထိခိုက်နိုင်သည့် ပေါက်ကွဲစေမှု ပုဒ်မ (၃) ဖြင့်အမှုဖွင့်ကာ ဗုံးထောင်သူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေသည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် Capital Hypermarket ကိုမူ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
“မနေ့က ဗုံးရှာတဲ့ တပ်ကကော၊ ရဲကကော၊ ကျွန်မတို့ဈေးဝယ်စင်တာမှာ ပေါက်ကွဲစေမယ့် ပစ္စည်းတွေမရှိတော့ဘူးလို့ အတည်ပြုပေးတဲ့အတွက် ဒီနေ့နေ့လည် ၂ နာရီကစပြီး ပြန်ဖွင့်တာပါ” ဟု စင်တာ၏ အထွေထွေမန်နေဂျာ ဒေါ်သွယ်သွယ်မိုးက ပြောကြားသည်။
Capital Hypermarket တွင် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးသော်လည်း ကနဦး စစ်ဆေးချက်များအရ လက်လုပ်ဗုံးဖြစ်သည်ဟု သိရှိရသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက နိုဝင်ဘာ ၂၀ ရက်နေ့က ပြောကြားခဲ့သည်။
သက်ဆိုင်ရာရဲတပ်ဖွဲ့က လုံခြုံရေးကင်မရာမှတ်တမ်းများကို ရယူကာ စစ်ဆေးနေသော်လည်း သိရှိရသည့် အခြေအနေကိုမူ ဖြေကြားနိုင်ခြင်းမရှိသေးဟု ပြောကြားသည်။
သတင်း-ဟိန်းကိုစိုး