NLD ၏ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရသည့်အမှုကို စုံစမ်းစစ်ဆေးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီး ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့်အမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းရဲချုပ်တို့က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဦးကိုနီအား ရန်ကုန်အပြည်လေဆိပ် Terminal 1 အပြင်ဘက်တွင် သေနတ်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ လုပ်ကြံခဲ့ခြင်းဖြစ်သည်။ Faebook လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံတစ်ပုံအရ ကလေးငယ်တစ်ဦးအား ချီကာ မတ်တပ်ရပ်နေသည့် ဦးကိုနီ၏ ဦးခေါင်းအား လူတစ်ဦးက သေနတ်ဖြင့် အနီးကတ်ချိန်ထားသည်ကို တွေ့ရသည်။

ပစ်ခတ်မှုကြောင့် ဦးကိုနီမှာ အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးခဲ့ရသည်။

ထို့ပြင် ထွက်ပြေးသွားသည့် သေနတ်သမားအား လိုက်လံဖမ်းဆီးခဲ့သည့် အငှားယာဉ်မောင်တစ်ဦးမှာလည်း သေနတ်ဖြင့် ပစ်ခတ်ခံရကာ သေဆုံးခဲ့ရသည်။

ဦးကိုနီ၏ ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရကြောင်း၊ လုပ်ကြံသူကိုလည်း နေရာတွင်ပင် ဖမ်းမိထားကြောင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က အခင်းဖြစ်ပွားပြီးနောက် အတည်ပြု ပြောကြားသည်။

“သူကမွတ်ဆလင်အမျိုးသားဆိုတော့ အမျိုးသားရေး အစွန်းရောက်အဖွဲ့တွေက မကြိုက်ကြဘူး။ နောက်ပြီး နိုင်ငံတကာ အခြေခံဥပဒေတွေကော၊ ၂၀၀၈ အခြေခံ ဥပဒေကိုပါ သိပ်ကို ကျွမ်းကျင်တဲ့အတွက် ဥပဒေပိုင်းဆိုင်ရာမှာ ပါတီအတွက် အလွန်အားထားရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်”ဟုလည်း ဦးဝင်းထိန်က ပြောသည်။

ယခုလုပ်ကြံခံရမှုသည် မည်သည့်အတွက်ကြောင့်ဟု အတည်မပြုနိုင်သေးသော်လည်း အထက်ပါ အကြောင်းချင်းရာနှစ်ခုနှင့် ဆက်စပ်နိုင်သည်ဟု ထင်မြင်ကြောင်း ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။

“ပါတီအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါ။ နောက်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ဒီလိုလုပ်ကြံမှုဟာ အလွန်မကောင်းတဲ့ အခြေအနေတစ်ခုပါ”ဟုလည်း ဦးဝင်းထိန်က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူဟုရည်ညွှန်းပြောကြားထားသည့် ပန်းရောင်အင်္ကျီ ဝတ်ဆင်ထားသော သွေးအလိမ်းလိမ်းဖြင့် အမျိုးသားတစ်ဦးကို ရဲများက ဖမ်းဆီးနေပုံမှာ Facebook လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည်။

မျက်မြင်သက်သေတစ်ဦး၏ ပြောကြားချက်အရ လုပ်ကြံသူက ဦးကိုနီ၏ ဦးခေါင်းအား သေနတ်ဖြင့် တေ့ကာ “အဲလို လူပါးဝလို့ မရဘူး” ပြောကြား ပစ်ခတ်ခဲ့သည်ဟုဆိုသည်။