NLD ၏ စီးပွားရေးကော်မတီဝင်ကို ဗဟိုဘဏ် ဒါရိုက်တာအဖြစ် သမ္မတခန့်အပ်

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD) ပါတီ၏ စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးဘိုဘိုငယ်အား သမ္မတ ဦးထင်ကျော်က ဗဟိုဘဏ်၏ ဒါရိုက်တာတစ်ဦးအဖြစ် ခန့်အပ်ရန် လွှတ်တော်သို့ အမည်စာရင်းတင်သွင်းခဲ့ရာ လွှတ်တော်ကလည်း ကန့်ကွက်မှုမရှိဘဲ သြဂုတ် ၁၂ ရက်နေ့တွင် တရားဝင် ခန့်အပ်လိုက်သည်။

NLD က ပါတီ၏ စီးပွားရေးကော်မတီအား သြဂုတ် ၂ ရက်နေ့က ပြန်လည်ဖွဲ့စည်းရာတွင် ဦးဘိုဘိုငယ်သည် ဘဏ်လုပ်ငန်းပညာရှင်အနေဖြင့် အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။ ထိုသို့ ကော်မတီတွင် ခန့်အပ်ခံရပြီး ရက်သတ္တပတ်တစ်ပတ်အကြာ သြဂုတ် ၉  ရက်တွင် သမ္မတ ဦးထင်ကျော်က ၎င်းအား ဗဟိုဘဏ် ဒါရိုက်တာအဖြစ်ခန့်အပ်ရန် လွှတ်တော်သို့ အမည်စာရင်း ပေးပို့ခဲ့ပြီး ယခုကဲ့သို့ ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

၎င်းသည် ကမ္ဘောဇဘဏ်တွင် သုတေသနနှင့် ဖြစ်နိုင်ချေအန္တရာယ် စီမံခန့်ခွဲရေးဌာန၏ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ ပညာအရည်အချင်းအားဖြင့်မူ မဟာဝိဇ္ဇာဘွဲ့ ရရှိထားသည်ဟု ၎င်းအား ရာထူးခန့်အပ်ကြောင်း ထုတ်ပြန်သည့် မြန်မာနိုင်ငံပြန်တမ်းပါ ၎င်း၏ ကိုယ်ရေးအကျဉ်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် အသက် ၄၈ နှစ်ရှိပြီဖြစ်ပြီး ငယ်ရွယ်တက်ကြွသူဖြစ်သဖြင့် ဗဟိုဘဏ်တွင် ခန့်အပ်ခြင်းအား အကောင်းမြင်ကြောင်း လွှတ်တော်တွင် ၎င်း၏ အမည်အား တင်သွင်းပြီးနောက်  လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့ကြသည်။

ဗဟိုဘဏ်တွင် လက်ရှိ တာဝန်ယူလျှက်ရှိသော အုပ်ချုပ်မှုအဖွဲ့ဝင်များသည် ယခင်အစိုးရ လက်ထက်က ခန့်အပ်ခဲ့သော ပုဂ္ဂိုလ်များဖြစ်ကြသည်။

ဗဟိုဘဏ်အား သီးခြားလွတ်လပ်သော ငွေကြေးအာဏာပိုင်အဖွဲ့အဖြစ် ဗဟိုဘဏ်ဥပဒေသစ်တွင် သတ်မှတ် ပြဌာန်းထားသောကြောင့် အစိုးရသည် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌသုံးဦးနှင့် ဒါရိုက်တာအဖွဲ့ဝင်များကို ရာထူးမှ ထုတ်ပယ်ခွင့်မရှိဘဲ ၎င်းတို့သည် ခန့်အပ်ပြီးသည့်အချိန်မှစ၍ မိမိဖာသာ နှုတ်ထွက်ခြင်း၊ အရည်အချင်းပျက်ယွင်းခြင်းမှ လွဲလျှင် သက်တမ်းအတိုင်း တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သည်။

လက်ရှိ ဗဟိုဘဏ်ဥက္က ဦးကျော်ကျော်မောင်သည် အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ၂၀၁၈ ခုနှစ်အထိ တာဝန် ဆက်လက်ထမ်းဆောင်ရမည် ဖြစ်သည်။

ယခု ဗဟိုဘဏ် ဒါရိုက်တာသစ် ဦးဘိုဘိုငယ်သည် NLD အစိုးရလက်ထက်တွင် စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်ခံရသဖြင့် ဗဟိုဘဏ်မှ နုတ်ထွက်လိုက်ရသည့် ဦးမော်သန်းနေရာတွင် အစားထိုးခြင်း ဖြစ်သည်ဟု အချို့က ထင်ကြေးပေးနေကြသည်။

သတင်း- ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar