NLD အဖွဲ့ဝင် ကိုမျိုးရန်နောင်သိမ်းကို ရမန်ထပ်ယူပြီး၊ အင်းစိန်ထောင်သို့ပို့

ရန်ကုန်၊ နိုဝင်ဘာ ၉

တပ်မတော်က လွှတ်တော်အတွင်း နေရာရယူထားမှုနှင့် ရခိုင်အရေးတွင် တပ်မတော်က ပါဝင်ဆောင်ရွက်မှုအပေါ် Facebook ပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သုတေသနအဖွဲ့ ဒုခေါင်းဆောင် ကိုမျိုးရန်နောင်သိမ်းကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်က လှိုင်မြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်ခဲ့သည်။

တရားရုံးတွင် ၎င်းကို ထပ်မံထိန်းသိမ်းချုပ်နှောင်ခွင့်အတွက် ရဲတပ်ဖွဲ့က ရမန်ထပ်ယူခဲ့ပြီးနောက် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ အာမခံလျောက်တာ၊ ရှေ့နေကိုယ်စားပြုခွင့် လျောက်တာလည်း ပယ်ချခံရပါတယ်”ဟု စွပ်စွဲခံရသူ၏ ညီဖြစ်သူ မျိုးထိုက်တန်သိမ်းက ပြောသည်။

၎င်းအား ဆက်လက် ဖမ်းစီးထိန်းသိမ်းထားခွင့်ကို ယနေ့၊ နိုဝင်ဘာ ၉ ရက်မှ ၁၇ ရက်အထိ လှိုင်မြို့နယ်တရားရုံးသို့ လှိုင်မြို့နယ်ရဲတပ်ဖွဲ့က လေ ျှာက်ထားကာ ခွင့်ပြုချက်ရယူခဲ့ခြင်းဖြစ်သည်။

အမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအထောက်အကူပြုအဖွဲ့မှ ရှေ့နေဦးကျော်ဟိုးက လိုက်ပါ အကျိုးဆောင်ပေးမည်ဟုလည်း သိရသည်။

ရဲတပ်ဖွဲ့က ကိုမျိုးရန်နောင်သိမ်းကို ဖမ်းဆီးစဉ်ကပင် ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းကို သိမ်းဆည်းခဲ့သည်ဟု ၎င်းမိသားစုဝင်များထံမှ သိရသော်လည်း ဖမ်းဆီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့မှ လွဲကာ နိုဝင်ဘာ ၇ ၇က်နေ့အထိ ဖုန်းစက်ဖွင့်ထားသည်ကို ၎င်းဖုန်းနံပါတ်ထံသို့ Frontier Myanmar က ဆက်သွယ်ခဲ့မှုအရ သိရသည်။

တပ်မတော်အပေါ် ဝေဖန်ထားသည့် စာသားများကို လူမှုကွန်ယက်ပေါ်တွင် ရေးသားခဲ့သည်ဆိုကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆/ဃ ဖြင့် အမှုဖွင့်ခံထားရသည့် ကိုမျိုးရန်နောင်သိမ်းအား စွဲချက်တင်ရေးအတွက် အထောက်အထား ခိုင်လုံစွာရရှိရန် ဆက်လက် စုဆောင်းနေဆဲဖြစ်သည်ဟု လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက Frontier ကို နိုဝင်ဘာ ၇ ရက်နေ့က ပြောကြားခဲ့သည်။

ကိုမျိုးရန်နောင်သိမ်းသည် အောက်တိုဘာ ၁၁ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ ခန့်က ၎င်း၏ လူမှုကွန်ယက် Facebook စာမျက်နှာပေါ်တွင် “ပြဿနာက ကိုယ့်အလုပ် ကိုယ်မလုပ်တာ” စသည့် တပ်မတော်အပေါ် ဝေဖန်ထားသည့် စာသားများပါဝင်သော စာများကို ရေးသားခဲ့ခြင်းကြောင့် ပုဒ်မ ၆၆/ဃ ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်ကာ လှိုင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆/ဃ တွင် ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကိုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြစ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar