NLD အား မဲပေးရန် တိုင်းဒေသကြီးအစိုးရ Facebook ၌ ရေးသားခဲ့မှုကို တာဝန်ရှိသူ ပြန်တောင်းပန်

ရဲမွန်

စည်ပင်သာယာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားလှယ်လောင်းများအား မဲပေးကြရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တိုက်တွန်းသည့် ရေးသားချက်နှင့် ပတ်သက်ပြီး တောင်းပန်ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အဆိုပါစာမျက်နှာတွင် “ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ အသိပေးနှိုးဆော်ခြင်း” ခေါင်းစဉ်ဖြင့် မတ် ၂၆ ရက်နေ့က ပို့စ်တစ်ခုတင်ခဲ့ရာတွင် ပြည်သူများ၏ ညီညွတ်မှုအင်အားဖြင့် ကြီးမားသည့် အပြောင်းအလဲတစ်ခုဖြစ်လာစေရန် မဲရုံသို့ မပျက်မကွက်သွားရောက်ပြီး “NLD စည်ပင်သာယာရေး ကိုယ်စားလှယ်လောင်များကို မဲပေးကြရန် လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်” ဟု ရေးသားခဲ့သည်။

တိုင်းဒေသကြီးအစိုးရ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ နော်ပန်းသဉ္ဇာမျိုးက က ထိုတိုက်တွန်းချက်သည် တိုင်းဒေသကြီးအစိုးရ၏ သဘောထားမဟုတ်ဟု Frontier ကို ယနေ့ (မတ် ၃၁ ရက်နေ့) ကပြောကြားသည်။ ထိုရေးသားချက်သည် Facebook စာမျက်နှာကို ကိုင်တွယ်သူက ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ Facebook စာမျက်နှာကို နော်ပန်းသဉ္ဇာမျိုးအပါအဝင် လေးဦးက ကိုင်တွယ်နေပြီး အစိုးရအဖွဲ့၏ ပြန်ကြားရေးဌာနတွင် ပါဝင်သူတစ်ဦးက လွှင့်တင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“ဘာပဲဖြစ်ဖြစ် ကျွန်မမှာတာဝန်ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကပဲဖြစ်စေ၊ ဝန်ကြီးချုပ်ဆီကပဲ ဖြစ်စေ၊ ဘယ်လို ပြစ်ဒဏ်မျိုးမဆို ကျွန်မခံယူသွားဖို့ အသင့်ရှိပါတယ်။ ကျွန်မရဲ့အဖွဲ့က ဖြစ်နေတဲ့အတွက် ကျွန်မက တာဝန်အရှိဆုံးလို့ပဲ ခံယူထားပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါရေးသားချက်ကို လွှင့်တင်ပြီး နာရီပိုင်းအတွင်းမှာပင် ပြန်လည်ပယ်ဖျက်သွားခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲရက်နီးကပ်လာချိန်တွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရပ်ကွက်များ၊ ဈေးများအထိဆင်းကာ ပြည်သူများအား တွေ့ဆုံခဲ့ခြင်းမှာလည်း မဲဆွယ်မှုတစ်ရပ်ဖြစ်သည်ဟု အခြားကိုယ်စားလှယ်လောင်းများက ထင်မြင်နေကြသည်။ နော်ပန်းသဉ္ဇာမျိုးကမူ ဝန်ကြီးချုပ်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်ကိုသာ မေးမြန်းရန်ပြောကြားသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီဝင်နေရာအတွက် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ ကိုအောင်ခန့်က ဝန်ကြီးချုပ်၏ အဆိုပါ ဆောင်ရွက်မှုများမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ဟု သူ၏ ထင်မြင်ချက်ကို ပြောကြားသည်။

“တိုက်ဆိုင်မှုဆိုတာကို ဒီလိုအချိန်မှာ မရှိသင့်တာ။ သူ့ဖက်ကနေ ဒါမျိုးတွေမထင်စေချင်ရင် ဒီလိုကာလမှာ မလုပ်သင့်ဘူး။ တောက်လျှောက် အစည်းအဝေးခန်းမှာပဲ ထိုင်လာတဲ့လူလေ။ အခုမှ ကွင်းဆင်းတာက တိုက်ဆိုင်တာလို့ ပြောလို့ မရဘူး” ဟု ၎င်းကပြောသည်။

ယနေ့ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်သူများက လာရောက်မဲထည့်မှုအလွန်နည်းပါးခဲ့ပြီး မဲရုံတချို့တွင် မဲစာရင်းရှိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သာ မဲပေးခဲ့ကြသည်ကို တွေ့ရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar