NCA လက်မှတ် မထိုးဘဲ အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရန် “ဝ”နှင့် လက်နက်ကိုင်အဖွဲ့အချို့ ဆုံးဖြတ်

၎င်းတို့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ရေးနှင့် ယခင် တပ်မတော်အစိုးရခေတ်က တစ်ဖွဲ့ချင်းစီ ချုပ်ဆိုထားသောစာချုပ်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးဖော်ဆောင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး တောင်းဆိုကြခြင်းဖြစ်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ် မထိုးဘဲ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က မကထပြုမှုဖြင့် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က သောကြာနေ့တွင် ဆုံးဖြတ်လိုက်ကြသည်။

ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရှိ ပန်ခန်းမြို့တွင် ယခုလ ၂၂ ရက်နေ့က စတင်ကာ သုံးရက်ကြာ ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်များ တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး နောက်ဆုံးနေ့ဖြစ်သည့် ယခုလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ထိုသို့ဖော်ပြထားခြင်း ဖြစ်သည်။

၎င်းတို့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ရေးနှင့် ယခင် တပ်မတော်အစိုးရခေတ်က တစ်ဖွဲ့ချင်းစီ ချုပ်ဆိုထားသောစာချုပ်များကို အခြေခံ၍ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံးဖော်ဆောင်ပြီး စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး တောင်းဆိုကြခြင်းဖြစ်သည်။

အစည်းအဝေး ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာတွင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ကို ရှမ်းပြည်နယ် လွှတ်တော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်ခြင်းကို ရုတ်သိမ်းပေးရန်လည်း ပါဝင်သည်။

ထို့ပြင် တပ်မတော်က တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေသော စစ်ဆင်ရေးများ ချက်ချင်း ရပ်ဆိုင်းပေးရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံး ပါဝင်ရေးမူကို ဖော်ဆောင်ပြီး တန်တူညီမျှမှုရှိသည့် ဆွေးနွေးခြင်းပုံစံဖြင့် ဖော်ဆောင်ရန်ဟူသော တိုက်တွန်းချက်လည်း ပါဝင်သည်။

ထို့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကုလသမဂ္ဂနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ကို ကြီးကြပ်သူအဖြစ် ကြားဝင် ဆောင်ရွက်ပေးရန်လည်း တောင်းဆိုခဲ့ပြီး ဒေသတွင်း ရင်းနှီးမြှပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ပတ်သက်သည့် သဘောထားကိုလည်း ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၏ One Belt One Road ပေါ်လစီကို ထောက်ခံထားပြီး တိုင်းရင်းသားများကို အကျိုးရှိစေမည်ဟု မျှော်လင့်ကြောင်း ပါဝင်သော်လည်း အသေးစိတ်ကိုမူ ဖော်ပြမထားပေ။ စီးပွားရေးဆိုင်ရာ သဘောထားတွင် ပါဝင်သည့် ထူးခြားသည့် အခြားအချက်တစ်ခုမှာ မိမိတို့ဒေသတွင် လာရောက်မည့် ပြင်ပ ရင်းနှီးမြှပ်နှံမှုများ လုံခြုံမှုရှိစေရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက အာမခံပေးမည်ဟု ပါဝင်နေခြင်း ဖြစ်သည်။

နိုင်ငံရေးအရ အထူးခြားဆုံးဖြစ်သော နောက်ထပ် အချက်တစ်ခုမှာ ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစုပင်လုံသို့ “ဝ” တို့ပေးပို့ခဲ့သည့် ၂၉ မျက်နှာရှိ စာတမ်းပါ နိုင်ငံရေးဆွေးနွေးမှု အထွေထွေမူဝါဒနှင့် အသေးစိတ်တောင်းဆိုချက်များအတိုင်း အခြားသောအဖွဲ့များ၏ ရပ်တည်ချက်အဖြစ် သတ်မှတ်ရမည်ဟုလည်း ဖော်ပြထားခြင်းဖြစ်သည်။

ကြေညာချက်ကို ရခိုင်တပ်မတော် (AA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည်တပ်မတော် (SSA)၊ ရှမ်းပြည်နယ်အရှေ့ပိုင်းအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်ဖွဲ့(NDAA)၊ UWSA TNLA နှင့် KIA တို့ တက်ရောက်ခဲ့သည့် အစည်းအဝေးက ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရလက်ထက်တွင် ဒုတိယအကြိမ် ကျင်းပရန် ပြင်ဆင်နေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ မစတင်မီ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ အဆိုပါ နေ့ရက်ဝန်းကျင်တွင် ပန်ခန်းအစည်းအဝေးသို့ တက်ရောက်မည့် အဖွဲ့များပါဝင်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ဆွေးနွေးရန် အစိုးရဖက်က ကမ်းလှမ်းခဲ့သော်လည်း ရက်ညှိနှိုင်းမရခဲ့ပေ။

NCA စာချုပ်သည် ယခင်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး မူဝါဒများအရ စာချုပ်တွင် လက်မှတ်ရေးထိုးကာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတက်ရောက်၍ နိုင်ငံရေး ပြဿနာများကို ဆွေးနွေးညှိနှိုင်း အဖြေရှာရန်ဖြစ်သည်။

ယခုထုတ်ပြန်ချက်နှင့် ပတ်သက်၍ အစိုးရဖက်မှ သဘောထား တစ်စုံတစ်ရာကို မေးမြန်းနိုင်ခြင်းမရှိသေးပေ။ သို့သော် သောကြာနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ပြုလုပ်သည့် အရပ်ဖက်အဖွဲ့အစည်းဖိုရမ် ခေတ္တအားလပ်ချိန်တွင် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က “ဝ” တို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လုပ်နေသည်ဟု မီဒီယာတို့ကို ပြောကြားထားသည်။

လက်ရှိတွင် NCA ကို လက်မှတ်ထိုးထားပြီး ၂၁ ရာစုပင်လုံတွင် ပါဝင်ဆွေးနွေးရန် ပြင်ဆင်လျှက်ရှိသည် အဖွဲ့များမှာ ရခိုင်အမျိုးသား လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC) ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ချင်းအမျိုးသားတပ်ဦး (CNF) စသည့် ခုနစ်ဖွဲ့ဖြစ်သည်။

ညှိနှိုင်းမှုများမပြီးပြတ်သေးသည်အဖွဲ့များမှာ ၁၃ ဖွဲ့အထိ ရှိနေသည်။ ၎င်းတို့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဝ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ဝ ပြည် သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရက္ခိုင့် တပ်မတော် (AA) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) တို့ ဖြစ်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar