Myanmar Distillery ၏ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ထိုင်းလုပ်ငန်းစုက ဒေါ်လာသန်း ၇၅၀ ခန့်ဖြင့် ဝယ်ယူ

ပြည်တွင်းမှာ ထင်ရှားတဲ့ Grand Royal ဝီစကီအပါအဝင် အဖျော်ယမကာမျိုးစုံ ထုတ်လုပ်တဲ့ Myanmar Distillery Co ရဲ့ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကို စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ Thai Beverage PLC က အမေရိကန်ဒေါ်လာ ၇၄၁ သန်းနဲ့ ဝယ်ယူလိုက်ပါတယ်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်အခြေစိုက် TPG Capital က Myanmar Distillery က သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ထိုင်းဘီလျံနာ Mr Charoen Sirivadhanabhakdi ပိုင်ဆိုင်တဲ့ ThaiBev ထံ ရောင်းချလိုက်တယ်လို့ အောက်တိုဘာ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီရောင်းဝယ်မှုက ဒေါ်လာသန်း ၅၀၀ တန်ကြေးရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီရောင်းဝယ်မှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကား ရေးသားထားတဲ့ ရိုက်တာသတင်းရဲ့ အဆိုအရ TPG Capital ဟာ Myanmar Distillery ရဲ့ ရှယ်ယာတွေကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဒေါ်လာသန်း ၁၅၀ နဲ့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ Myanmar Distillery ဟာ မြန်မာပြည်တွင်းမှာ အရောင်းရဆုံး Grand Royal ဝီစကီအပါအဝင် အခြားသော အမှတ်တံဆိပ်တွေကို ထုတ်လုပ်နေပါတယ်။

ThaiBev အနေနဲ့ Myanmar Distillery ရဲ့ ရှယ်ယာတွေကို အခြားသူတွေထံက ထပ်မံဝယ်ယူခဲ့တယ်လို့ စင်ကာပူ စတော့အိတ်ချိန်းကို တင်သွင်းခဲ့တဲ့ သူတို့ရဲ့ စာရွက်စာတမ်းတွေထဲမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ရှယ်ယာ ၇၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။

ဒီလိုဝယ်ယူမှုကြောင့် ThaiBev ဟာ Myanmar Supply Chain & Service Co, ရဲ့ ရှယ်ယာ ၇၅ ရာခိုင်နှုန်းကိုလည်း ရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။

ရှယ်ယာတွေ ဝယ်ယူဖို့အတွက် လိုအပ်တဲ့ ဒေါ်လာ ၇၄၁ ဒသမ ၆ သန်းကိုတော့ ကုမ္ပဏီတွင်း ဘဏ္ဍငွေနဲ့ ဘဏ်ကတဆင့် ဖြည့်တင်းခဲ့တယ်လို့ ThaiBev က ပြောပါတယ်။

Myanmar Distillery ဟာ ရန်ကုန်နဲ့ မန္တလေးမှာ စက်ရုံတွေရှိပြီး ဝီစကီ၊ ရမ်၊ ဂျင်နဲ့ wine coolers တွေကို ထုတ်လုပ်နေကာ တစ်နိုင်ငံလုံးမှာရှိတဲ့ လက်လီကိုယ်စားလှယ် ၁၃၀၀ နဲ့ လက်ကားဆိုင် ၂၀၀၀၀ ကနေ့တဆင့် ဖြန့်ချိနေတယ်လို့ သိရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar