Mr & Miss Golden Future Myanmar ပွဲစီစဉ်သူအား လိမ်လည်မှုဖြင့် ပြိုင်ပွဲဝင်များက အမှုဖွင့်

မြိတ်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က ကျင်းပခဲ့သော Mr & Miss Golden Future Myanmar ဟု အမည်ရသည့် အလှမောင်မယ်ပြိုင်ပွဲအပြီးတွင် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ပွဲစီစဉ်သူအား ပြိုင်ပွဲဝင်များက လိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်လိုက်သည်။

ပြိုင်ပွဲကျင်းပသည့်ကာလအတွင်း ပွဲစီစဉ်သူက ကတိကဝတ်များ ချိုးဖောက်မှုများ၊ အဆင်မပြေမှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြိုင်ပွဲဝင်များက တရားစွဲဆိုလိုက်ခြင်းဖြစ်သည်ဟု ကာယကံရှင်များက ဇန်နဝါရီ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားသည်။

တည်းခိုသည့် ဟိုတယ်ခန်းခ ကျပ် ၁၀ သိန်းကျော်ကို ပွဲစီစဉ်သူကမပေးသဖြင့် ပြိုင်ပွဲဝင်များ၏ မှတ်ပုံတင်များနှင့် အထုတ်အပိုးများအား ဟိုတယ်ကပြန်ထုတ်မပေး၍ မြိတ်မြို့တွင် ရက်အတန်ကြာ သောင်တင်နေခဲ့ပြီး နောက်ပိုင်းတွင် ပြိုင်ပွဲဝင်များက ၎င်းတို့အစီအစဉ်ဖြင့် စိုက်ထုတ် ဖြေရှင်းခဲ့ရသလို၊ ပြိုင်ပွဲမဝင်မီက ပွဲပြီးလျှင် ပြန်ပေးမည်ဟုဆိုကာ ပြိုင်ပွဲဝင်တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀၀ စီတောင်းခံခဲ့ပြီး ယခုအချိန်အထိ ပြန်မပေးသေးခြင်းတို့အပါအဝင် အခြားအဆင်မပြေမှုများ၊ ကတိမတည်မှုများကို အကြောင်းပြု၍ လိမ်လည်မှုဖြင့် မြိတ်မြို့မရဲစခန်းတွင် ပွဲစီစဉ်သူ ဦးကောင်းဟိန်းလှိုင်အား အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောကြားသည်။

ထို့ပြင် ဇန်နဝါရီ ၁၉ ရက်နေ့တွင်လည်း ဦးကောင်းဟိန်းလှိုင်နေထိုင်သည့် ဗိုလ်တစ်ထောင်မြို့နယ်၏ ရဲစခန်းတွင်လည်း လိမ်လည်မှုဖြင့်ပင် ဆက်လက်အမှုဖွင့်သွားမည်ဟု ကာယကံရှင်များ၏ ဥပဒေအကြံပေး ကိုအောင်ဇင်က သတင်းထောက်များအား ပြောကြားသည်။

“ကျွန်တော်တို့က အနုပညာအလုပ်တွေ ဆက်လုပ်ချင်ပါသေးတယ်။ ဒါပေမယ့် ဒီလိုမျိုးတွေဖြစ်လာတော့ တက်လမ်းတွေ ပိတ်ကုန်မှာလည်းစိုးလို့ အခုလိုဖြေရှင်းတာတွေ၊ အမှုဖွင့်တာတွေ လုပ်ရတာပါ”ဟု ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကိုမြတ်သော်ဇင်က ဆိုသည်။

“နောက်ထပ်ဒီလိုမျိုးပွဲတွေ သူတို့က စီစဉ်နေတာရှိတော့ ဒါမျိုးနောက်တစ်ကြိမ် ထပ်မဖြစ်စေချင်တာလဲ ပါပါတယ်”ဟု အဆိုပါပြိုင်ပွဲတွင် Winner ဆုရရှိခဲ့သူ ကိုသျှားထက်စံက ဖြည့်စွက်ပြောကြားသည်။

ယခုအငြင်းပွားမှုများနှင့်ပတ်သက်ပြီး လိမ်လည်မှုဖြင့် စွပ်စွဲခံထားရသူ ကိုကောင်းဟိန်းလှိုင်အား Frontier ကဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

သို့သော် ၎င်းတို့ကျင်းပခဲ့သည့် ပြိုင်ပွဲမှ ပြိုင်ပွဲဝင် ၁၂ ဦးနုတ်ထွက်သွားကြောင်းနှင့် ထိုသူများသည်လည်း ၎င်းတို့အဖွဲ့အစည်းနှင့်လည်း မသက်ဆိုင်တော့ ကိုကောင်းဟိန်းလှိုင်က ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရတနာပုံနေ့စဉ်သတင်းစာအား ရှင်းလင်းပြောကြားထားသည်။

“ဒီပြိုင်ပွဲကို စပွန်ဆာမရှိဘဲကျင်းပခဲ့ရတဲ့အတွက် အခက်အခဲတွေလဲ အများကြီး ရှိခဲ့ပါတယ်။ မြိတ်မြို့မှာ All Sponsor အနေနဲ့သွားခဲ့ရပြီး ဟိုရောက်တော့မှ စပွန်ဆာမရရှိတော့ ကြိုတင် စီစဉ်ခဲ့တာတွေက လွဲချော်သွားတယ်။ မြိတ်မြို့ထိပြိုင်ပွဲဝင်တွေအားလုံးရောက်မှ စပွန်ဆာက မပေးခဲ့ဘူး။ ပွဲကို ရပ်ပစ်ရမလို ဖြစ်ခဲ့တယ်။ ဒါပေမဲ့အတတ်နိုင်ဆုံး ပြိုင်ပွဲကိုပြီးဆုံးသည်အထိ ဆက်လက် ကျင်းပခဲ့ပါတယ်။ ကျွန်တော် ရန်ကုန်မှာ ဆောင်ရွက်ရမယ့်အလုပ်တွေဆက်လုပ်ပြီးမှ ဒါတွေကို ဆက်ဖြေရှင်းဖို့ပြင်ဆင်ထားတယ်” ဟု ဦးကောင်းဟိန်းလှိုင်က ရတနာပုံသတင်းစာကို ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး လေးဦး၊ စုစုပေါင်း ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အနက် ဦးကောင်းဟိန်းလှိုင်အား ပြိုင်ပွဲဝင် ၁၂ ဦးက အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲမှ သိရသည်။

“ကျွန်တော်တို့ရဲ့ ရစရာရှိတဲ့ငွေကြေးတွေ ပြန်ရပြီး၊ ဂုဏ်သိက္ခာအရပါ အဆင်ပြေအောင်လုပ်ပေးမယ် ဆိုရင်တော့ အမှုကို ကျေအေးပေးနိုင်ပါတယ်”ဟု ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ ကိုမြတ်သော်ဇင်ဟန်က သတင်းထောက်များကို ရှင်းပြသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar