အမေရိကန်နိုင်ငံမှ ဆော့ဖ်ဝဲလ်ကုမ္ပဏီကြီးဖြစ်သည့် Microsoft က မြန်မာနိုင်ငံအတွက် ဌာနေကိုယ်စားလှယ် ခန့်အပ်ခြင်းဖြင့် မြန်မာနိုင်ငံအား အာရှပစိဖိတ်ဒေသရှိ ၎င်းတို့၏ ၁၈ ခုမြောက် ဈေးကွက်အဖြစ် ထည့်သွင်းလိုက်သည်။
မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်အဖြစ် Sy Wann ကို ခန့်အပ်လိုက်ပြီး မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို တိုးချဲ့လိုက်ပြီဟု စက်တင်ဘာ ၂၀ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် ကျင်းပသည့် အခမ်းအနားတွင် Microsoft က ကြေညာခဲ့သည်။
“တိုင်းပြည်က အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာနေပြီး ကဏ္ဍပေါင်းစုံ ခေတ်နဲ့အညီ တိုးတက်လာနေတဲ့အချိန်မှာ မြန်မာနိုင်ငံဆိုင်ရာ Microsoft ရဲ့ မန်နေဂျာအဖြစ် တာဝန်ယူရတာကို အလွန် စိတ်လှုပ်ရှားမိပါတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိ ဒီမိုကရေစီအစိုးရကိုလည်း ပူးပေါင်းပါဝင်ဖို့ မျှော်လင့်ပါတယ်” ဟု Microsoft Myanmar ၏ ဌာနေကိုယ်စားလှယ် Sy Wann ကပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့၏ လုပ်ဖော်ကိုင်ဖက်နဲ့ ဝယ်သူသုံးစွဲသူများကို ကူညီပေးဖို့ မျှော်လင့်ပြီး၊ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ဦးစားပေးအနေနဲ့ လူငယ်တွေရဲ့ ပညာရေးကို အထောက်အကူပြုဖို့တွေ အပါအဝင်၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာဘာသာရပ်နဲ့ သင်္ချာဘာသာရပ်ဆိုင်ရာ နယ်ပယ်တွေမှာ ပါဝင်ကူညီပေးပြီး စီးပွားရေးဆိုင်ရာ ဆောင်ရွက်မှုတွေ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုဝန်းကျင် တိုးတက်ဖွံ့ဖြိုးစေဖို့ ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့အတူ Microsoft Philanthropies အစီအစဉ်တွေ ပါဝင်ပါတယ်” ဟု ၎င်းကပြောသည်။
Microsoft သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး ဘဏ်အုပ်စုဖြစ်သည့် ကမ္ဘောဇဘဏ်များ၏ ကွန်ပျူတာစနစ်ကို အဆင့်မြှင့်တင်ရန် ကမ္ဘောဇအုပ်စုနှင့် သဘောတူညီခဲ့သည်။
နောက်နှစ်လအကြာတွင် မြန်မာနိုင်ငံ၏ လုပ်ငန်းကြီးတစ်ခုဖြစ်သော ရွှေတောင်အုပ်စု၏ ကွန်ပျူတာစနစ်အား တရားဝင်ဆော့ဖ်ဝဲလ်များ တပ်ဆင်ပေးရန်နှင့် ကွန်ယက် အဆင့်မြှင့်တင်ရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
သတင်း-ဆုမြတ်မွန်