MIC ဥက္ကဋ္ဌသစ် အရည်အချင်းနှင့် ရာထူး ဆီလျော်မှု ရှိမရှိ အမြင်များ ကွဲပြား

ကျော်လင်းထွန်း

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ရာ သံတမန်အဖြစ်သာ အဓိကဆောင်ရွက်ဖူးသည့် ၎င်းတွင် ထိုတာဝန်အတွက် လိုအပ်သော စီးပွားရေးဆိုင်ရာ အတွေ့အကြုံကောင်းများ ရှိမရှိအပေါ် ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အမြင်ကွဲပြားမှုများ ရှိလာသည်။

MIC ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးကျော်ဝင်း ပြီးခဲ့သည့်လက ရာထူးမှ နုတ်ထွက် အနားယူသွားပြီးနောက် ဇွန် ၅ ရက်တွင် MIC ဥက္ကဋ္ဌသစ်အား အစိုးရက ရွေးချယ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။ ဥက္ကဋ္ဌသစ်အား စီမံဘဏ္ဍာ ဝန်ကြီးသစ် ဦးစိုးဝင်းကသာ ဆက်လက်တာဝန်ယူလိမ့်မည်ဟု အများစုက ခန့်မှန်းထားခဲ့သည်။

သို့ရာတွင် နိုင်ငံတော်လုံခြုံရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလက ခန့်အပ်ခံရပြီးနောက်ပိုင်း ဆောင်ရွက်ချက်များ တစ်စထက်တစ်စ ပိုမို မြင်တွေ့လာနေရသည့် ဦးသောင်းထွန်းအား အစိုးရက တာဝန်သစ်တစ်ခု ထပ်မံပေးအပ်လိုက်ခြင်း ဖြစ်သည်။

အစိုးရ၏ အုပ်ချုပ်ရေးပိုင်းတွင် ဌာနအလိုက် အလုပ်တာဝန်များ လျှော့ချခွဲဝေနိုင်ရန် ပြီးခဲ့သည့် နိုဝင်ဘာလာတွင် ဝန်ကြီးဌာနသစ်နှစ်ခု ထပ်မံဖွဲ့စည်းခဲ့သည့်အနက်မှ တစ်ခုဖြစ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် အဆိုပါလအတွင်းမှာပင် ဦးသောင်းထွန်းကို ခန့်အပ်ခဲ့သည်။ ယခုနှစ်ဆန်းပိုင်းတွင်မူ ၎င်းသည် MIC ၏ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်လာသည်။

၎င်းအား နိုင်ငံတော်အဆင့်နှင့် ငွေလုံးငွေရင်းကြီးမားသော စီမံကိန်းကြီးများကို အတည်ပြုပေးရန် တာဝန်ရှိသည့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဦးဆောင်သူအဖြစ် ခန့်အပ်ရန် အစိုးရက ဆုံးဖြတ်ခဲ့မှုအပေါ် အမြင်များ ကွဲပြားနေခြင်း ဖြစ်သည်။

အဆိုပါ အမြင်များအား ခွဲခြားကြည့်မည်ဆိုပါက အဓိကအုပ်စု သုံးခုကို တွေ့မြင်ရသည်။ စီမံဘဏ္ဍာဝန်ကြီးသစ်ကသာ MIC ဥက္ကဋ္ဌတာဝန်ကို ဆက်လက် ထမ်းရွက်သင့်သည်ဟု ယူဆသူများ၊ ယင်းတာဝန်ကို ယူမည့်သူထံတွင် စီးပွားရေးဆိုင်ရာ နောက်ခံ အတွေ့အကြုံကောင်းများ မရှိမဖြစ် ရှိနေရန် မလိုအပ်ဟု ယူဆသူများနှင့် ယခု ခန့်အပ်မှုသည် ပြည်ထောင်စုဝန်ကြီးသစ်၏ အလုပ်တာဝန်များကို လျှော့ချပေးနိုင်၍ ထောက်ခံအားပေးသူများဟူ၍ ဖြစ်သည်။

“အတွေ့အကြုံထက် စာရင် သူ့ရဲ့ အခန်းကဏ္ဍမှာ ဆရာ ထင်တာကတော့ သူ့ရဲ့ Leadership (ဦးဆောင်ဦးရွက်ပြုနိုင်မှု) က အဓိက ကျတယ်လို့ မြင်တယ်။ ဒါကြောင့်လည်း အစိုးရအနေနဲ့က သူ့ရဲ့ Leadership Skill ကို တွေ့မြင်ပြီး ဖြစ်လို့လည်း ဒီလို ခန့်အပ်လိုက်တယ်လို့ ယူဆပါတယ်” ဟု MIC အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

ကော်မရှင်၏ ပင်မရည်မှန်းချက်မှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာရေး ဖြစ်သည့်အတွက် ပုဂ္ဂလိက လုပ်ငန်းတစ်ခုတွင် စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသောအချက်နှင့် နိုင်ငံတကာဆက်ဆံရေး အတွေ့အကြုံများ ရှိသည့် ဦးသောင်းထွန်းအား ယခုကဲ့သို့ တာဝန် ပေးအပ်မှုမှာ ကောင်းမွန်သော ရွေးချယ်မှုဟု ၎င်းက သုံးသပ်သည်။

“ဒီအတွေ့အကြုံနှစ်ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ သူ့အနေနဲ့ MIC အတွက် ကောင်းမွန်တဲ့ ဦးဆောင်မှု ပေးနိုင်မယ်လို့ ဆရာ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဧရာဝတီသတင်းဌာနက ရေးသားထားချက်အရ ဦးသောင်းထွန်းသည် Shell Myanmar Energy ၏ အစိုးရပိုင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အကြံပေးအဖြစ် ၂၀၁၆ ခုနှစ်အတွင်းက လုပ်ကိုင်ဖူးခဲ့ကြောင်း သိရသည်။

သမ္မတရုံးဝန်းကြီးဟောင်း ဦးစိုးသိန်းက ဦးသောင်းထွန်းသည် ဟန်ဂေရီယန်-အမေရိကန်လူမျိုး စီးပွားရေးလုပ်ငန်းရှင်နှင့် လူမှုအကျိုးပြုပရဟိတသမား ဂျော့ဂျ်ဆိုးရော့စ်၏ မိတ်ဖက်ဟောင်းတစ်ဦးဖြစ်သည်ဟု သတင်းထောက်များကို ပြီးခဲ့သည့် နိုဝင်ဘာလက ပြောကြားခဲ့ဖူးသည်။ သို့ရာတွင် အဆိုပါပြောကြားချက်အတွက် ဦးစိုးသိန်းက အထောက်အထား တစ်စုံတစ်ရာ ဖော်ပြနိုင်ခြင်း မရှိခဲ့ပေ။

စီးပွားရေးသုတေသီတစ်ဦး ဖြစ်သလို စီးပွားရေးဆိုင်ရာ ပင်တိုင်ဆောင်းပါးရှင်လည်း ဖြစ်သည့် ဦးလှမောင် (အောင်ချိန်ဘွား) ကမူ ထိုခန့်အပ်မှုအပေါ် ထောက်ပြဝေဖန်ခဲ့သည်။ “MIC က ဒီ ဘဏ္ဍာရေးနဲ့ စီမံကိန်းအောက်ကပဲ လာတာ ဖြစ်တဲ့အတွက် ဒီဝန်ကြီးဌာနရဲ့ ဝန်ကြီးကပဲ ဥက္ကဋ္ဌဖြစ်သင့်တယ်။ ဒါက တခြားဘေးက ဝန်ကြီးကို ဆွဲပြီး ခန့်တာကတော့ တစ်ခုခု အံချော်နေပြီလို့ပဲ မြင်တယ်” ဟု ၎င်းက ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုသည်လည်း တိုင်းပြည်၏ စီးပွားရေးဆိုင်ရာ အရေးပါသည့် အခန်းကဏ္ဍဖြစ်ကာ သံတမန်အတွေ့အကြုံရှိရန် မလိုအပ်ဟု ၎င်းက သုံးသပ်သည်။

“ဒီမှာ လာပြီး ရင်းနှီးမြှုပ်နှံကြမှာက စီးပွားရေးသမားတွေ လာလုပ်ကြမှာ၊ နိုင်ငံရေးသမားတွေ လုပ်ပြီး ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး။ ဒါကြောင့် ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားနဲ့ စိစစ်မှုတွေ လုပ်ဖို့၊ ရင်းနှီး မြှုပ်နှံမှုတွေ တိုးလာအောင် လုပ်နိုင်ဖို့ပဲလိုတယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်းလုပ်ငန်းများတွင် နိုင်ငံခြားသား ရှယ်ယာပိုင်ဆိုင်ခွင့်ကို ၃၅ ရာခိုင်နှုန်းအထိ ပေးအပ်ထားသည့် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေသစ် စတင်အသက်ဝင်မည့် သြဂုတ် ၁ ရက် နောက်ပိုင်းတွင် MIC အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် လျှောက်ထားမှုများ ပိုမိုလက်ခံရရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။

“အဲဒီလတွေထဲမှာတော့ MIC အတွက် ပိုပြီး အလုပ်များမယ့် ကာလတွေလို့ ကျွန်တော်တော့ မျှော်မှန်းပါတယ်။ ဒါပေမယ့် ကောင်းတဲ့ ဘက်ကနေပေါ့နော်၊ ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ပိုပြီး လက်ခံတွေ့ဆုံရတာ၊ သူတို့ကို ဒီမှာ ရနိုင်တဲ့ အခွင့်အလမ်းတွေ ရှင်းပြပေးတာ၊ အခါအားလျော်စွနဲ့ ကျွန်တော်တို့က ပြည်ပကို သွားပြီး သူတို့ကို ဒီမှာ လာမြှုပ်နံှအောင် သွားရောက် ဆွဲဆောင်ရတာတွေ ရှိနိုင်ပါတယ်” ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

Myanmar Automobile Development Public Company Limited ၏ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကမူ MIC ဥက္ကဋ္ဌသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဖြစ်ခြင်း၊ မဖြစ်ခြင်းက ၎င်းအတွက် ကွာခြားမှု တစ်စုံတစ်ရာမရှိကြောင်း ပြောကြားသည်။

“အကောင်းဘက်က ကြည့်မယ်ဆို စီမံဘဏ္ဍာမှာ အလုပ်တာဝန်တွေက အများကြီး ရှိတော့ အခုလို မိခင်ဝန်ကြီးဌာနမှာ အလုပ်တာဝန် သိပ်မများတဲ့ ဦးသောင်းထွန်းကို အခုလို တာဝန်ခွဲပေးတာ ကောင်းတယ်လို့ ယူဆပါတယ်” ဟု ၎င်းက ဆိုသည်။

“သူ့အနေနဲ့ MIC ကို အချိန်ပိုပြီး ပေးနိုင်လောက်တော့ ဒီရင်းနှီးမြှုပ်နှံမှု ကဏ္ဍနဲ့ဆိုင်တဲ့ အကြောင်းအချက်တွေကို Case-by-case (ဖြစ်ရပ် တစ်ခုချင်းစီအလိုက်) လေ့လာစိစစ်ပြီး ပိုမိုတိုးတက်မှုရှိလာအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.