M9 ၌ စီးပွားဖြစ်ထွက်ရှိနိုင်မည့် အလားအလာနှစ်ခု တွေ့ရှိထားဟု ပီတီတီအီးပီ ထုတ်ပြန်

မြန်မာ့ကမ်းလွန်တွင် ဇောတိကစီမံကိန်းအား လုပ်ဆောင်နေသည့် ပီတီတီအီးပီက လုပ်ကွက် M9 တွင် စီးပွားဖြစ်ထွက်ရှိနိုင်မည့်အလားအလာနှစ်ခု ထပ်မံတွေ့ရှိထားသည်ဟု မတ် ၇ ရက်နေ့တွင် ကြေညာသည်။

ပီတီတီ ရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ (ပီတီတီအီးပီ) ၏ လုပ်ငန်းခွဲဖြစ်သည့် ပီတီတီအီးပီ မြန်မာ့စီမံကိန်းက ထိုလုပ်ကွက်တွင် အကဲဖြတ်ဆန်းစစ်ချက်တစ်ခုကို ဆောင်ရွက်ခဲ့သည်။ ယင်းဆန်းစစ်ချက်တွင် လုပ်ကွက် M9 ၏ အလယ်ပိုင်းနှင့်မြောက်ဘက်ပိုင်းတို့၌ ဖြန့်ကျက်တည်ရှိသော တွင်း ကိုးခုပါဝင်ပြီး အကဲဖြတ်ဆန်းစစ်မှုကို ၂၀၁၈ ခုနှစ် တတိယ သုံးလပတ်တွင် စတင် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

အကဲဖြတ်ဆန်းစစ်ရာတွင် အောင်မြင်သည့် ရေနံတွင်းများအနက်တစ်ခုဖြစ်သည့် ဇောတိက-၂၄ ရေနံတွင်းသည် စီးပွားဖြစ်ရရှိနိုင်မည့် ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက်တစ်ခုကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထိုတွင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့တွင် စတင်တူးဖော်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက်နေ့တွင် စုစုပေါင်းဒေါင်လိုက်အနက် ၂,၀၃၀ မီတာသို့ ရောက်ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ကြိုတင်ခန့်မှန်းထားသည့် ၄၁ မီတာထက်များပြားသည့် သဘာဝဓာတ်ငွေ့ပါဝင်သော ကျောက်သားထု ၁၅၂ မီတာကို တွေ့ရှိခဲ့သည်ဟုလည်း ဖော်ပြထားသည်။

“ဇောတိကစီမံကိန်းဧရိယာနဲ့ စီးပွားဖြစ် ရေနံထွက်ရှိမှု အလားအလာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိရှိနားလည်ထားတာတွေကို အတည်ပြုပေးထားတဲ့ ရေနံတွင်းရဲ့ ရလဒ်တွေကို ကြေညာရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကျေနပ်ဝမ်းမြောက်မိပါတယ်” ဟု ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet က ပြောကြားသည်။

“အခုအောင်မြင်တဲ့ အကဲဖြတ်ဆန်းစစ်ချက် ရလဒ်တွေနဲ့အတူ ပီတီတီအီးပီမြန်မာ့စီမံကိန်းက မြန်မာနိုင်ငံအတွက် စွမ်းအင်လိုအပ်ချက်တွေကို ပြည့်မီစေမယ့် နောက်ထပ်စွမ်းအင်ရင်းမြစ်တွေနဲ့ ဓာတ်ငွေ့သိုက်တွေကို ဆက်လက် ရှာဖွေလျက်ရှိပါတယ်။ ယခုတွေ့ရှိမှုက ဇောတိကစီမံကိန်းရဲ့ မတူးဖော်ရသေးတဲ့ နေရာတွေမှာ ဟိုက်ဒရိုကာဗွန်တွေရှိနေနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကို တိုးပွားစေပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဇောတိကသည် အရှေ့တောင်အာရှတွင်ရှိသော ပီတီတီအီးပီ၏ အဓိကအရေးပါသော စီမံကိန်းများအနက်မှ တစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ အနောက်တောင်ဘက် ခန့်မှန်းခြေ ကီလိုမီတာ ၃၀၀ အကွာအဝေးရှိ မုတ္တမပင်လယ်ကွေ့အတွင်း တည်ရှိသည်။

ပီတီတီအီးပီ မြန်မာ့စီမံကိန်း အောက်ရှိ ကုမ္ပဏီဖြစ်သော ပီတီတီအီးပီအင်တာနေရှင်နယ် လီမိတက်(ရန်ကုန်ရုံးခွဲ) (သို့မဟုတ်) ပီတီတီအီးပီအိုင်က ရင်းနှီးမြှုပ်နှံမှုအစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ကျန်ရှိသော ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကာ အကျိုးတူပူးပေါင်း လုပ်ကိုင်နေသည်။ ၂၀၁၄ ခုနှစ်တွင် ဇောတိကစီမံကိန်းမှ ပထမဆုံးထွက်ရှိလာသော သဘာဝဓာတ်ငွေ့ကို မြန်မာနှင့်ထိုင်း နှစ်နိုင်ငံလုံးအတွက် အောင်မြင်စွာ ပေးပို့နိုင်ခဲ့ပါသည်။ လက်ရှိတွင်  ဇောတိကသဘာဝဓာတ်ငွေ့မြေမှ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ခန့်မှန်းခြေ ကုဗပေသန်းပေါင်း ၃၀၀ မှ ၃၄၅ သန်းအထိ ထုတ်လုပ်လျက်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar