Landmark စီမံကိန်းအတွက် အငှားသက်တမ်းတိုးခွင့် ရိုးမရရှိ

စီးပွားရေးလုပ်ငန်းရှင် မစ္စတာဆာ့ဂျ်ပန် (ဦးသိမ်းဝေ) ဦးဆောင်ပြီး ကာလကြာရှည်စွာ ရပ်နားထားရသည့် ရန်ကုန်မြို့လယ်ရှိ အိမ်မြေအဆောက်အဦးစီမံကိန်းမှာ နောက်ဆုံးတွင် ရှေ့ဆက် တိုးရနိုင်ဖွယ်ရှိနေသည်။

၂၀၁၂ ခုနှစ်က ပထမဆုံး အဆိုပြုခဲ့သော အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် Landmark Development စီမံကိန်း၏ ၁၀ ဧကအကျယ်အဝန်းနေရာအတွက် လက်ရှိငှားရမ်းထားသည့် ကာလအား သက်တမ်းတိုးရန် မြန်မာ့မီးရထားနှင့် သဘောတူညီမှု မရယူနိုင်ခဲ့သဖြင့် အကြိမ်ကြိမ် နှောင့်နှေးခဲ့ရသည်။

သို့သော် နိုင်ငံပိုင် မီးရထားလုပ်ငန်းက ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၁ မှစတင်၍ နှစ် ၅၀ ငှားရမ်းခွင့်သက်တမ်း စတင်ရန်သဘောတူခဲ့ကြောင်း ဦးသိမ်းဝေ ဦးဆောင်သည့် အဓိကရင်းနှီးမြုပ်နှံသူ စင်ကာပူစတော့ရှယ်ယာ စာရင်းဝင် Yoma Strategic Holdings ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာကို ဇူလိုင် ၁၃ ရက်နေ့က ပြောသည်။ ထို့ပြင် ငှားရမ်းမှု သက်တမ်းအား ၁၀ နှစ် နှစ်ကြိမ်တိုးနိုင်မည်ဖြစ်သည်။

“စီမံကိန်းကို ရှေ့ဆက်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC)အပါအဝင် သက်ဆိုင်သူတွေနဲ့ လက်တွဲ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ အဆိုပါ ဘက်စုံသုံးစီမံကိန်းတွင် အဆင့်မြင့် လူနေအိမ်ရာ၊ ရုံးခန်းနှင့် လက်လီရောင်းချသည့်နေရာများ ပါရှိမည့်အပြင် ကိုလိုနီခေတ် မြန်မာ့မီးရထားကော်ပိုရေးရှင်းရုံးချုပ်အား ကြယ်ငါးပွင့်အဆင့်ရှိ Peninsula Hotel အဖြစ် အသွင်ပြောင်းလဲမည် ဖြစ်သည်။

ငှားရမ်းဖွင့်ခွင့် သက်တမ်းကာလတိုးချဲ့ခြင်းမှာ စီမံကိန်းက စီးပွားရေးအရ တွက်ချေကိုက်စေရေးအတွက် အလွန်အရေးကြီးသည်ဟု ယူဆကြသည်။

ဖွံ့ဖြိုးရေးစီမံကိန်းတွင် ရင်းနှီးမြုပ်နှံကြမည့် International Finance Corporation၊ ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ၊ First Myanmar Investment တို့နှင့် ရှယ်ယာရှင်များ သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ စာရင်းဝင် FMI က ရှယ်ယာ ၁၂ ရာခိုင်နှုန်း၊ မစ်ဆူဘီရှီက ၃၀ ရာခိုင်နှုန်းနှင့် IFC က ငါးရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး ရိုးမက ၄၈ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ ထို့အပြင် အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ) ကလည်း ငါးရာခိုင်နှုန်း ပါဝင်မည်ဟု မျှော်လင့်ရသည်။

ရိုးမနှင့် FMI တို့၏ ဥက္ကဋ္ဌမှာ ဦးသိမ်းဝေဖြစ်ပြီး ၎င်း၏ လုပ်ငန်းများတွင် ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ စတားစီးတီး အိမ်ရာဖွံ့ဖြိုးရေးနှင့် ရိုးမဘဏ်တို့ ပါဝင်သည်။ နောက်ထပ်အသေးစိတ်အချက်များကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည့် Yoma Strategic ၏ နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ထုတ်ဖော် ပြောကြားမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားထားသည်။

သတင်း- Frontier

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.