Yoma Strategic Holdings ကုမ္ပဏီက ရန်ကုန်မြို့လယ်မှာ ဆောက်လုပ်မယ့် Landmark အိမ်ရာစီမံကိန်းအတွက် မြေနေရာငှားရမ်းမှု သဘောတူညီချက်ကို ရထားပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ထိုစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၄၄၀ ကုန်ကျမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
“Landmark စီမံကိန်းအတွက် မြေနေရာ ငှားရမ်းမှု စာချုပ်သက်တမ်း ထပ်တိုးနိုင်ခဲ့တာ ဝမ်းသာစရာပါ”လို့ Yoma Strategic ရဲ့ အမှုဆောင်အရာရှိချုပ် Melvyn Pun က ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။
ထိုကဲ့သို့ မူဘောင်စာချုပ် ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ရန်ကုန်မြို့လယ်က မြန်မာ့မီးရထားရုံးဟောင်းကို ပြန်လည် ပြင်ဆင်မွမ်းမံကာ ဇိမ်ခံဟိုတယ်အဖြစ် အသွင်ပြောင်းနိုင်မယ့် အခွင့်အရေး ရရှိသွားမှာဖြစ်ပါတယ်။ ရိုးမကုမ္ပဏီက မြေနေရာနှစ် နေရာဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ၉ ဒသမ ၅ ဧကနဲ့ ၁၀ ဧက မြေနေရာများကို ထပ်မံသက်တမ်းတိုး ငှားရမ်းဖို့ လုပ်ဆောင်နေချိန်မှာ စီမံကိန်းကို နှစ်နှစ်ကြာရပ်နားထားခဲ့ရပါတယ်။
ဒီဇင်ဘာ ၃၁ ရက်က ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်အရ ဝန်ကြီးဌာနအနေနဲ့ ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁ ရက်ကတည်းက ငှားရမ်းထားခဲ့တဲ့ မြေနေရာ တစ်နေရာကို နှစ် ၅၀ ထပ်မံသက်တမ်းတိုးမြှင့် ပေးခဲ့ပါတယ်။ ထို့နောက် အဆိုပါ နေ့ကပဲ ငှားရမ်းခဲ့တဲ့ အခြားမြေနေရာအတွက်လည်း နှစ် ၅၀ ထပ်မံ သက်တမ်းတိုးရန် မြန်မာ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ထံ တင်ပြသွားမယ်လို့ သိရပါတယ်။
Landmark စီမံကိန်းကို ဆောင်ရွက်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ကြေညာခဲ့ခြင်းဖြစ်ပါတယ်။