H1N1 အရေး လွှတ်တော်ထဲရောက်ပြီ

နေပြည်တော်၊ ဇူလိုင် ၂၈

ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ဖြစ်ပွားမှု အတည်ပြုနိုင်ခဲ့ပြီးနောက် ကိုးရက်အတွင်း ဖြစ်ပွားသူ ၂၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့တဲ့ အရေးကို ဆွေးနွေးကြဖို့ ပြည်သူ့လွှတ်တော်အမတ်တွေ သဘောတူလိုက်ကြပါပြီ။

ကျောင်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်းက “ရောဂါပျံ့ပွားမှုမရှိစေရန်နဲ့ အသေအပျောက်နည်းပါးရေးအတွက် လူနေထူထပ်သော ကျောင်း၊ ဈေး၊ စက်ရုံ အလုပ်ရုံ၊ ရထား၊ ဘတ်စ်ကား၊ သင်္ဘောဆိပ်၊ လေဆိပ်များအထိ ပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း”လို့ အမည်ရတဲ့ အရေးကြီးအဆိုတစ်ခုကို ယနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး လက်ခံဆွေးနွေးကြဖို့ လွှတ်တော်က သဘောတူလိုက်တာပါ။

ပြည်သူတွေအနေနဲ့ H1N1 ရောဂါလဏ္ခာများကို သာမန်တုပ်ကွေးအဖြစ်မှတ်ယူပြီး နောက်ကျမှ ကုသမှု ခံယူနေကြတဲ့အတွက်မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများနေရတာလို့ ဦးသိန်းထွန်းက အဆိုတင်သွင်းစဉ် ထောက်ပြပါတယ်။

“လူထုပညာပေးရေးအစီအစဉ်နဲ့ ဆောင်ရွက်သင့်ပါတယ်”လို့လည်း သူက တိုက်တွန်းပါတယ်။ ဒါ့အပြင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြအသိပေးနေရုံမက ပြည်သူတွေ ဒီထက်ပိုသိအောင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့ နည်းလမ်းကို ရှာသင့်ပြီလို့လည်း ဦးသိန်းထွန်းက တိုက်တွန်းသွားပါတယ်။

“ပြည်သူတွေသိချင်ရင် ကြည့်ကြဆိုတဲ့ ဝန်ကြီးဌာနဗဟိုပြုဆိုတာထက် ပြည်သူတွေ ဒီထက်ပိုသိအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ ပြည်သူဗဟိုပြုဖြစ်ဖို့လိုအပ်ပါတယ်”လို့ သူက ဆိုတယ်။ ဦးသိန်းထွန်းဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးပါ။

ဒီအဆိုကို ဆွေးနွေးဖို့ လွှတ်တော်က လက်ခံတဲ့အတွက် ဆွေးနွေးချင်သူများအနေနဲ့ ဇူလိုင် ၃၁ ရက် နောက်ဆုံးထား အမည်စာရင်း တင်သွင်းကြပါလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အသိပေးခဲ့ပါတယ်။

H1N1 နဲပတ်သက်ပြီး လူထုအသိပညာပေးလုပ်ငန်းတွေဆောင်ရွက်နေမှုအခြေအနေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖက်ကို Frontierက မေးမြန်းကြည့်ရာမှာတော့ ရောဂါအဖြစ်များတဲ့ ရန်ကုန်မြို့လို လူထူထပ်တဲ့နေရာတွေမှာ အသိပညာပေးပိုစတာတွေ စိုက်ထူဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

ဒါ့အပြင် “H1N1 ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်သင့်တယ်၊ ဘာတွေမလုပ်ရဘူးဆိုတဲ့ အတိုချုပ်အသိပေးချက်တွေထုတ်ပြီး ပညာပေးလုပ်ငန်းတွေလုပ်ဖို့ စီစဉ်နေပါတယ်”လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က Frontier ကို ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ယခုလ ၁၉ ရက်နေ့မှ ၂၇ ရက်နေ့အထိ ရောဂါတွေ့ရှိသူ ၃၀ ဦးရှိပြီး ခြောက်ဦးသေဆုံးခဲ့ရတယ်လို့သိရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံကလည်း အကူအညီ တောင်းခံထားတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က အတည်ပြုထားပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar