H1N1 ကြောင့် တစ်ဦးသေ၊ ရောဂါမကူးရန် ကာကွယ်နိုင်သဖြင့် အကြောက်မလွန်ရန် နှိုးဆော်

နေပြည်တော်၊ ဇူလိုင် ၂၄

လတ်တလောတွင် ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ဖြစ်ပွားနေသူ ၁၃ ဦးတွေ့ရှိထားပြီး ယင်းတို့အနက် တစ်ဦး သေဆုံးသွားသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က Frontier ကို အတည်ပြုပြောကြားသည်။

သို့သော် H1N1 မှာ ရောဂါမကူးစက်နိုင်ရန် ကြိုတင်ကာကွယ်နိုင်သည့်ရောဂါဖြစ်ပြီး ၄၈ နာရီအတွင်း ဆေးကုသမှုခံယူနိုင်လျှင် အသက် အန္တရာယ်စိုးရိမ်ရန်မရှိသဖြင့် အကြောက်မလွန်ကြရန်လည်း ၎င်းက အသိပေးထားသည်။

“ကြောက်မှာတော့ စိုးတယ်။ လူသေဆုံးနှုန်းကတော့ တစ်သောင်းလောက်မှ တစ်ဦးလောက်သာရှိပါတယ်။ တအားကြီးကြောက်စရာမလိုပါဘူး။ သာမန်တုပ်ကွေးအမျိုးအစားထဲက နည်းနည်းပြင်းထန်တာမျိုးပေါ့”ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

လက်ရှိ၌ ရန်ကုန်ဆေးရုံကြီးတွင် နှစ်ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်တွင် တစ်ဦး၊ ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် ၁၀ ဦး၊ စုစုပေါင်း ၁၃ ဦးမှာH1N1 ရောဂါခံစားနေရပြီး ချင်းပြည်နယ်မှ တစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ဒေါက်တာသန်းထွန်းအောင်သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကူးစက်ရောဂါနှင့် သဘာဝဘေးဆိုင်ရာလုပ်ငန်းများအား တာဝန်ခံဆောင်ရွက်နေသူလည်းဖြစ်သည်။

“ကြက်ငှက်တုပ်ကွေးလည်းမဟုတ်ပါဘူး။ ဝက်တုပ်ကွေးလည်း မဟုတ်ပါဘူး။ H1N1 ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ အမျိုးအစား ရာသီတုပ်ကွေးပါ။ အခုက နည်းနည်းလေးပြင်းထန်တယ်လို့ ပြောလို့ရပါတယ်””ဟု ဒေါက်တာသန်းထွန်းအောင်က ဆိုသည်။

ယင်းရောဂါမှာ ၂၀၀၉ ခုနှစ်ကတည်း မြန်မာပြည်တွင် စတင်တွေ့ရှိရခြင်းဖြစ်ပြီး အချို့သောနှစ်များတွင် ရာဂဏန်းအထိ ကူးစက်ခံရခြင်းရှိသော်လည်း ယခုနှစ်ကဲ့သို့ လူသေဆုံးမှုမရှိခဲ့ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

H1N1 နှင့် ပတ်သက်၍ ကာကွယ်ဆေး၊ ထိရောက်သောကုသဆေးများ မရှိသေးသော်လည်း ရောဂါခံစားနေရသည်ဟု သံသယရှိလျှင် နီးစပ်ရာဆေးရုံဆေးခန်းများတွင် ကုသမှုခံယူခြင်း၊ ရောဂါကူးစက်မခံရရန် ကြိုတင်ကာကွယ်နိုင်ခြင်း၊ ရောဂါပိုးရှိမရှိစစ်ဆေးခြင်းကို မြန်မာပြည်ရှိ ဓာတ်ခွဲခန်းများတွင် ပြုလုပ်နိုင်ခြင်းတို့ကြောင့် ပြည်သူများ စိုးရိမ်မှုမလွန်ကြရန်လည်း ဒေါက်တာသန်းထွန်းအောင်က တိုက်တွန်းသည်။

“ချောင်းဆိုးတဲ့သူတွေက လက်ကိုင်ပုဝါအုပ်ပြီး ချောင်းဆိုးပါ။ နှာခေါင်းစည်း Mask တပ်ပါ။ လက်ကို မကြာခဏဆေးပါ။ လူစုလူဝေးရှောင်ပါ။ အာဟာရမျှတအောင်စားပါ။ ကလေးတွေဖျားတယ် နာတယ်ဆိုရင် ကျောင်းမသွားဖို့၊ ဒီလိုမျိုး ကာကွယ်နိုင်တဲ့နည်းတွေကိုပဲ ဦးစားပေးဆောင်ရွက်ရပါမယ်။ ပညာပေးလုပ်ငန်းတွေများများလုပ်ပါမယ်” ဟု ၎င်းက ရှင်းပြသည်။

ကျန်းမာရေးဝန်ကြီးဌာနအနဖြင့် ကျန်ရှိသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပူးပေါင်းကာ အသိပညာပေးခြင်း၊ ကုသခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်နေပြီဟုလည်း အဆိုပါ အရာရှိက အသိပေးပြီး ရောဂါကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်နေသည်ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။

အဆိုပါ တုပ်ကွေးရောဂါသည် မိုးရာသီနှင့် မိုးအကုန်ဆောင်းအကူးကာလများတွင် ဖြစ်ပွားလေ့ရှိပြီး ရောဂါပိုးသည် လေထဲမှတစ်ဆင့် အသက်ရှုလမ်းကြောင်းတွင်းသို့ ဝင်ရောက်ကာ တစ်ဦးမှ တစ်ဦး လျှင်မြန်စွာ ကူးစက်နိုင်သည်။ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်းတို့ဖြစ်ပေါ်တတ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက မည်သည့် အစိုးရဆေးရုံ၊ ဆေးခန်းသို့ဖြစ်စေ သွားရောက်ကုသမှုခံယူနိုင်ပြီး ပုဂ္ဂလိက ဆေးရုံဆေးခန်းများသို့လည်း လိုက်နာရမည့် နှိုးဆော်ချက်များ ထုတ်ပြန်ထားသည်ဟု ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

ထို့ပြင် အကူအညီလိုအပ်သူမည်သူမဆို နေပြည်တော်ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန အရေးပေါ် Hot Line နံပါတ်ဖြစ်သည့် ၀၆၇ – ၄၃၁၄၃၂၊ ၄၃၁၄၃၃၊ ၄၃၁၄၃၄ သို့ ဆက်သွယ် မေးမြန်းစုံစမ်း၊ ဆက်သွယ်နိုင်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar