ရန်ကုန်၊ သြဂုတ် ၉
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် H1N1 ရာသီတုပ်ကွေးရောဂါအတွက် အရေးပေါ်အကူအညီများအား အိန္ဒိယအစိုးရက ဒုတိယအကြိမ် ပေးပို့ခဲ့သည်ဟု ရန်ကုန်မြို၊ အိန္ဒိယသံရုံးမှ သိရသည်။
ပေးပို့ခဲ့သည့် ပစ္စည်းများတွင် ရောဂါအမျိုးအမည် စမ်းသပ်ဖော်ထုတ်သည့်ကိရိယာအစုံ ၅,၀၀၀ နှင့် N-95 မျက်နှာဖုံး အရေအတွက် ၂၀,၀၀၀ ပါဝင်သည်ဟု သိရသည်။
အဆိုပါပစ္စည်းများသည် သြဂုတ် ၈ ရက်နေ့ အစောပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး အိန္ဒိယနိုင်ငံသံရုံး အရာရှိများက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟိုဆေးသိုလှောင်ရေးဌာန အရာရှိများထံသို့ ချက်ချင်း လွှဲပြောင်းပေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
H1N1 ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီများကို အိန္ဒိယအစိုးရက မြန်မာအစိုးရထံ သြဂုတ် ၂ ရက်နေ့က ပထမအကြိမ် ထောက်ပံ့ ပေးအပ်ခဲ့သေးသည်။
ထိုထောက်ပံ့ပစ္စည်းများတွင် ထိုးဆေးနှင့် သောက်ဆေးများအပြင် ရောဂါကာကွယ်ရေး မျက်နှာဖုံးများနှင့် ရောဂါစမ်းသပ် စစ်ဆေးသည့် ပစ္စည်းများ ပါဝင်ခဲ့သည်။
ဇူလိုင် ၂၁ ရက်နေ့မှ သြဂုတ် ၈ ရက်နေ့အထိ H1N1 ပိုးတွေ့လူနာ ၁၆၆ ဦးရှိပြီး သေဆုံးသူ ၁၇ ဦးရှိကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်ထားသည်။