Grab အငှားယာဉ်ဝန်ဆောင်မှု ရန်ကုန်တွင် စတင်စမ်းသပ်

ရန်ကုန်၊ မတ် ၂၂

အရှေ့တောင်အာရှဒေသ၏ နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုသည့် Grab Taxi က ၎င်း၏ ဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင် ယနေ့ စတင်စမ်းသပ်နေပြီဖြစ်သည်ဟု ယနေ့သတင်းထုတ်ပြန်သည်။

“Grab ဆိုတာ အရှေ့တောင်အာရှတစ်ဝှမ်း ယုံကြည်စိတ်ချရတဲ့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ လာရောက်ပြေးဆွဲတဲ့ မြို့တွေမှာ ကြုံတွေ့နေရတဲ့ ဒေသတွင်း သွားလာရေးအခက်အခဲတွေကို အမြဲတမ်းဖြေရှင်းပေးရမယ်ဆိုတဲ့ မူဝါဒကို အမြဲကျင့်သုံးလို့ပါပဲ” ဟု Grab ၏ Group Vice President of Marketing ဖြစ်သူ Cheryl Goh က သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။

ခရီးသည်များအနေဖြင့် Grab မိုဘိုင်းအပလီကေးရှင်းကို အသုံးပြုကာ အငှားယာဉ်များကို ခေါ်ယူနိုင်မည်ဖြစ်ကာ စီးနင်းခကို လက်ငင်းငွေချေစနစ်ဖြင့် သတ်မှတ်ထားသည့် ကျသင့်ငွေကို ပေးချေရမည်ဖြစ်သည်။

အငှားယာဉ်ခေါ်ဆိုရာတွင် အသုံးပြုနိုင်မည့် Grab အက်ပလီကေးရှင်းကို Google Play နှင့် Apple Store များတွင် အခမဲ့ ရယူနိုင်ပြီး ယနေ့မှ စတင်ကာ မှတ်ပုံတင် သုံးဆွဲနိုင်မည်ဖြစ်သည်။ ထို့ပြင် Grab ၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www.grab.com/mm တွင်လည်း စာရင်းပေးနိုင်ကာ စာရင်းပေးသွင်းပြီးပါက SMS သို့မဟုတ်၊ in-app notification မှတစ်ဆင့် သိရှိနိုင်မည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုလို အငှားယာဉ် ဝန်ဆောင်မှုမျိုးနဲ့ စမတ်ဖုန်းကနေတစ်ဆင့် အငှားယာဉ်ကို ကြိုတင်ခေါ်ယူတာမျိုးဆိုတာက ရန်ကုန်မြို့နေ ပြည်သူတွေနဲ့ သိပ်ပြီး မရှင်းနှီးသေးပါဘူး။ ကျွန်မတို့အနေနဲ့ Grab Taxi စတင် စမ်းသပ်နေစဉ် ကာလအတွင်းမှာ အငှားယာဉ် လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်ပြီး ကျွန်မတို့ရဲ့ အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းကို ခရီးသည်တွေအတွက်၊ ယာဉ်မောင်းတွေအတွက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု Cheryl Goh က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်တွင် အငှားယာဉ်မောင်း အနည်းငယ်ဖြင့် စတင်ပြေးဆွဲနေပြီဖြစ်ကာ အငှားယာဉ်မောင်းများနှင့် ခရီးသည်များ၏ အကြံပြုချက်များအပေါ် မူတည်ကာ Grab အက်ပလီကေးရှင်းကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး ဝန်ဆောင်မှုကို အသက်ဝင်စေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Grab ကို မလေးရှားနိုင်ငံတွင် ၂၀၁၂ ခုနှစ်က စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ကာ ယခုအခါ အရှေ့တောင်အာရှဒေသရှိ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် ဝန်ဆောင်မှု ပေးနေသည်။ အဆိုပါ ခြောက်နိုင်ငံရှိ မြို့ကြီး ၃၉ မြို့တွင် ယာဉ်မောင်း ခုနစ်သိန်းကျော်ရှိကာ Grab အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲယူမှု ၃၆ သန်းအထိ ရှိပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.