ဂျုံအခြေပြု မုန့်မျိုးစုံကို ထုတ်လုပ်နေသည့် ပြည်တွင်းကုမ္ပဏီတစ်ခု၏ ရှယ်ယာအများစုကို တောင်ကိုရီးယား အခြေစိုက် Lotte ကုမ္ပဏီက ဝယ်ယူသွားမည်ဖြစ်ကြောင်း ကိုရီးယားသတင်းစာက ရေးသားထားသည်။
ထိုကိုရီးယားကုမ္ပဏီသည် ပြည်တွင်းမှ L&M Mayson ၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၆၈ သန်းခန့်ဖြင့် ဝယ်ယူမည်ဟု The Korea Herald သတင်းစာတွင် ရေးသားထားသည်။
၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် L&M Mayson သည် ဂျုံမှ ထုတ်လုပ်သည့် ပေါင်မုန့်နှင့် မုန့်မျိုးစုံကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် ပြည်တွင်းလုပ်ငန်းကြီးတစ်ခုဖြစ်သည်။ ၎င်း၏ အထင်ရှားဆုံး အမှတ်တံဆိပ်မှာ Good Morning ဖြစ်သည်။ ပြည်တွင်းတွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် စားသောက်ကုန် လုပ်ငန်းတစ်ခုဖြစ်ကာ ပြီးခဲ့သည့်နှစ်က ရောင်းအား အမေရိကန်ဒေါ်လာ သန်း ၃၀ ဖိုးခန့်အထိ ရှိခဲ့သည်ဟု သတင်းစာက ဆက်လက်ရေးသားထားသည်။ လက်ရှိအချိန်တွင် L&M Mayson က စက်ရုံသုံးခု၊ လက်ကားအရောင်းဌာန ၁၂ ခုနှင့် ဖြန့်ဖြူးရေးဌာန ၁၀ ခု ပိုင်ဆိုင်ထားသည်ဟုလည်း ဆိုသည်။
“L&M Mayson ကို ဝယ်ယူခြင်းအားဖြင့် အရှေ့တောင်အာရှမှာ ကျွန်တော်တို့ တည်ရှိနေမှုကို တိုးချဲ့သွားဖို့နဲ့ ကျွန်တော်တို့ရဲ့ ကုန်အမှတ်တံဆိပ်တန်ဖိုးကို ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်လာစေဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု Lotte မုန့်လုပ်ငန်း၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ရှယ်ယာများ ရယူမည့်ရက်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့အား သတ်မှတ်ရန် မျှော်မှန်းထားသည်ဟုလည်း သိရသည်။
Lotte ၏ အဆိုအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် ၎င်းတို့ဝင်ရောက်ခဲ့သည့် တတိယမြောက်နိုင်ငံ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် ဗီယက်နမ်သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် စင်ကာပူသို့ ဝင်ရောက်ခဲ့သည်။
အရှေ့တောင်အာရှဒေသရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ အသက် ၄၀ နှစ်အောက်များ ဖြစ်ကြသည့်အတွက် ကိုရီးယားကုမ္ပဏီများအတွက် မျက်စိကျဖွယ်ဈေးကွက်ဖြစ်နေသည်ဟုဆိုသည်။