Global Witness နှင့် ကမ္ဘောဇဘဏ် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ယခုနှစ်အစပိုင်းက မြန်မာ့ကျောက်စိမ်းကုန်သွယ်မှုဆိုင်ရာ အစီရင်ခံစာပြုစုရာ၌ Global Witness နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းအဖွဲ့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဦးဆောင်ဘဏ်လုပ်ငန်းတစ်ခု ဖြစ်သော ကမ္ဘောဇဘဏ်က ဆိုသည်။

“Global Witness က ကမ္ဘောဇဘဏ်က သတင်းအချက်အလက်တွေ အမြောက်အမြား ရရှိခဲ့တာ ဖြစ်တဲ့အတွက် သူတို့ နောက်ထပ်ပြုစုမယ့် အစီရင်ခံစာအတွက် ကမ္ဘောဇက ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်” ဟု ယင်းဘဏ်မှ အကြီးတန်းမန်းနေးဂျင်း ဒါရိုက်တာ ဦးညိုမြင့်က Frontier မဂ္ဂဇင်းကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက “ကျောက်စိမ်း – မြန်မာ့ထိပ်တန်းနိုင်ငံတော်လျှို့ဝှက်ချက်” ခေါင်းစဉ်ဖြင့် မြန်မာ့ကျောက်စိမ်းကုန်သွယ်မှုဆိုင်ရာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ရာတွင် မြန်မာ့ကျောက်စိမ်း တင်ပို့မှုမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံ ရရှိကြောင်းနှင့် အခွန်ကောက်ခံမှု မရှိသည့် ယင်းဝင်ငွေအများစုသည် တပ်မတော်ထိပ်တန်းအကြီးအကဲများ၏နှင့် အဆက်အသွယ်ကောင်းသော ဒိတ်ဒိတ်ကြဲ စီးပွားရေးအုပ်စုအချို့ထံ စီးဝင်သွားကြောင်း ဖော်ပြသည်။

Global Witness က ကချင်ပြည်နယ်မြောက်ပိုင်းမှ ကျောက်စိမ်းလုပ်ငန်း ကုမ္ပဏီ ၁၂ ခုကို ပိုင်ဆိုင်ထားသည့် Ever Winner Company နှင့် ကမ္ဘောဇဘဏ်တို့ အဆက်အစပ် ရှိခဲ့ဖူးကြောင်း ဖော်ပြသည်။

“တကယ်တော့ ကမ္ဘောဇ မိုင်းရှူးရတနာမြေမှာ လုပ်ခဲ့တုန်းက ဝန်ထမ်း ဖြစ်ခဲ့ဖူးသူတစ်ဦးက အလုပ်ကထွက်ပြီး ကချင်ပြည်နယ်မှာ ကုမ္ပဏီထောင်သွားလုပ်တာကို ကျွန်တော်တို့နဲ့ ဆက်စပ်နေတယ်လို့ ယူဆဟန် ရှိပါတယ်။ Global Witness အပါအဝင် တခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့် ရှိပါတယ်” ဟု ဦးညိုမြင့်က Frontier ကို ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်း Yangon Stock Exchange (YSX) ကို စာရင်းဝင်အခြားကုမ္ပဏီ ခြောက်ခုနှင့်အတူ မတည်ရင်းနှီးမြုှပ်နှံသည့် ဘဏ်တစ်ခုအဖြစ် ကမ္ဘောဇဘဏ်ကို အတည်ပြုပေးခဲ့ပြီး စတော့ဈေးကွက်ဝင်နိုင်ရန် ကနဦးအာမခံကုမ္ပဏီလိုင်စင်ကိုလည်း ထုတ်ပေးခဲ့သည်။

သတင်း – ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar