လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မန္တလေးမြို့မှာ မခြူးးဝေငြိမ်းနဲ့ ညီမဖြစ်သူတို့ ဆိုင်ကယ်စီးလာစဉ် နောက်ခုံမှာထိုင်တဲ့ မခြူးဝေငြိမ်းရဲ့ ညီမဖြစ်သူကို အခြားဆိုင်ကယ်တစ်စီးပေါ်က လူတစ်ယောက်က လက်နဲ့ ပွတ်သပ်ကိုင်တွယ်သွားခဲ့ပါတယ်။
မြန်မာအမျိုးသမီးအများစုဟာ ဒီလို ကိုယ်ထိလက်ရောက်စော်ကားမှုကို မသိကျိုးကျွံပြုပြီး သည်းခံနေလိုက်ကြမှာ ဖြစ်ပေမယ့် မခြူးဝေငြိမ်းကတော့ မဟုတ်မခံ ပြန်ရန်တွေ့ပြီး အဲဒီလူကို ရင်ဆိုင်လိုက်ပါတယ်။ အဲဒီနောက် အဲဒီလူလည်း အဖမ်းခံရပြီး နောက်ဆုံးမှာ တရားစွဲခံလိုက်ရပါတယ်။
ဒီအတွေ့အကြုံဟာ မခြူးဝေငြိမ်းကို ပန်းချီပညာနဲ့ သရုပ်ဖော်ချင်စိတ် ဖြစ်လာအောင် နှိုးဆွပေးခဲ့ပါတယ်။ အဲဒီနောက်သူက မိန်းကလေးဆိုတာ အိန္ဒြေရှိရမယ်၊ စူးစူးရဲရဲစိုက်ကြည့်နေတာ၊ လက်နဲ့ ပွတ်တာ ကိုင်တာတွေကိုလည်း အရှက်ကို ငှဲ့ကွက်ပြီး သည်းခံနေရမယ်ဆိုတဲ့ မြန်မာ့ အစဉ်အလာအတွေးအခေါ်တွေကို တွန်းလှန်လိုတဲ့ သရုပ်ဖော်ပန်းချီတွေကို ရေးဆွဲပါတော့တယ်။
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ သူမရဲ့ ခြောက်ကြိမ်မြောက် ပန်းချီပြပွဲမတိုင်မီ ဒို့အသံက သူမအလုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေ၊ အမျိုးသမီး အမျိုးသားတို့ မေးခွန်းထုတ်လာစေဖို့ သူမရဲ့ ပန်းချီကားတွေက ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ပါသလားဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကို နားဆင်နိုင်ပါပြီ။