ဒီတစ်ပတ်မှာတော့ မွန်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ထိန်းချုပ်မှုအောက်မှာ နေထိုင်နေကြတဲ့ ဝယ်ဇင်ကျေးရွာမှာရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။
အဲဒီကျေးရွာမှာနေထိုင်ကြတဲ့ ကလေးငယ်အများစုဟာ ကျေးရွာအပြင်ဘက်မှာရှိတဲ့ ကျောင်းတွေကို တက်ရောက်ဖို့ ငွေကြေးမတတ်နိုင်တာကြောင့် ကျောင်းထွက်ပြီး ခြံအလုပ်တွေ လုပ်ကိုင်နေရတာတွေရှိသလို ထိုင်နိုင်ငံဘက်ကို သွားရောက် အလုပ်လုပ်ကိုင်ရတာတွေလည်းရှိပါတယ်။
“ကလေးတွေကိုလည်း စာတတ်စေချင်တယ်။ တစ်ခြားကျောင်းကို ပြောင်းရွှေ့ရမယ်ဆိုရင် ငွေမရှိတော့ ကုန်ကျစရိတ်အတွက် အခက်အခဲဖြစ်တယ်၊ ဒီမှာအထက်တန်းအထိ ရမယ်ဆိုရင်တော့ ပြောင်းရွှေ့စရာမလိုတော့ နည်းနည်းအဆင်ပြေတယ်။ သူများလို တတ်နိုင်နေရင်တော့ ကိစ္စမရှိဘူးလေ။ ကိုယ်ကလည်း မတတ်နိုင်တော့ အခက်အခဲဖြစ်တယ်။ ကလေးတွေကိုလည်း သနားတယ်။ သူတို့က ဆက်တက်ချင်တယ်။ ကိုယ်ကလည်းမတတ်နိုင်ဘူးလေ” လို့ ဒေသခံ မိခင်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အစိုးရဝန်ထမ်းလစာတွေတိုးမြှင့်မှုနဲ့အတူ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တိုးမြင့်လာတဲ့အတွက် ညည်းညူနေတဲ့ ပြည်သူတွေရဲ့ ပြည်သူတွေရဲ့အမြင်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို မြန်မာဘာသာအပြင် မွန်ဘာသာနဲ့ပါ တင်ဆက်ထားပါတယ်။