Eleven သတင်းထောက် သေဆုံးမှုအတွက် မုံရွာဒေသခံ သတင်းထောက်များ ဆုတောင်းပွဲ ကျင်းပ

မုံရွာအခြေစိုက် သတင်းထောက်တဦးဖြစ်သည့် Eleven Media Group မှ ကိုစိုးမိုးထွန်း သေဆုံးခဲ့ရမှုအတွက် ဒေသခံသတင်းထောက်များ စုပေါင်းကာ တရားမျှတရရှိစေရေး ဆုတောင်းပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့၊ ညနေ ၅ နာရီက ပြုလုပ်ခဲ့သည်။

မုံရွာသတင်းထောက်များနှင့် ကိုစိုးမိုးထွန်းကို ချစ်မြတ်နိုးသူများစုပေါင်း၍ ယခုပွဲကိုပြုလုပ်ခြင်းဖြစ်ပြီး ယခုကိစ္စအပေါ် မုံရွာဒေသခံများ၏ စိတ်ပါဝင်စားမှု မြင့်တက်လာစေရန်လည်း မုံရွာသတင်းထောက်များက ရည်ရွယ်ထားသည်။

“တရားမျှတမှုဖြစ်ဖို့ကတော့ အဓိကပါ။ အခုက ဘယ်သူလုပ်တယ်ဆိုတဲ့ တရားခံကလည်း မပေါ်သေးတော့ ကျွန်တော်တို့ စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ ဒီနေ့တော့ ကျွန်တော်တို့ သတင်းသမားတွေအားလုံး ဆုတောင်းကြတာ” ဟု မုံရွာဒေသခံသတင်းထောက်တစ်ဦးဖြစ်သူ ကိုနန္ဒက Frontier ကိုပြောသည်။

Eleven သတင်းထောက် ကိုစိုးမိုးထွန်းကို ဒီဇင်ဘာ ၁၂ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က မုံရွာမြိုက၊ ပြည်ထောင်စုလမ်းမ နံဘေးတွင် ဦးခေါင်းထိပ် ကွဲပြဲဒဏ်ရာ၊ ဝဲမျက်ခုံး ကွဲပြဲဒဏ်ရာ၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုစိုးမိုးထွန်းသေဆုံးမှုကို မုံရွာမြို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိရာ လူ ၄၀ ခန့်ကို စစ်ဆေးပြီးဖြစ်သည်ဟုဆိုပြီး မသင်္ကာသည့် ကေတီဗီဆိုင်မှ မန်နေဂျာအမျိုးသားတဦးနှင့် အမျိုးသားဝန်ထမ်းတဦးကို ချုပ်ရက်ရမန်ဖြင့် ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။

“နောက်လ (ဇန်နဝါရီ) ၂ ရက်နေ့ထိ ရမာန်ယူစစ်ဆေးမှာပါ။ ခုလက်ရှိတော့ ဘာမှ သေသေချာချာ ပြောလို့မရသေးပါဘူး၊ စစ်ဆေးနေဆဲပါ” ဟု မုံရွာမြို့မရဲစခန်းမှ ဒုရဲမှူးသိန်းဆွေမြင့်က Frontier ကိုပြောသည်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဒုရဲမှူးသိန်းဆွေမြင့်ကို ယခုကိစ္စနှင့် ပတ်သက်၍ “ဒီအမှုကို အမှန်အတိုင်းပဲ ပေါ်စေချင်တယ်။ ဒီအမှုက သေသေချာချာနဲ့ ကြိုတင်ကြံစဉ်ပြီးတော့ စနစ်တကျနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်တယ်။ ကျူးလွန်သူဟာ သုံးဦးခန့်ရှိမယ်လို့ သိရတယ်” ဟု ပြောကြားခဲ့သည်ဟု Eleven Media Group က ရေးသားထားသည်။

ထို့ပြင် “နောက်ကွယ်ကနေပြီး စနစ်တကျနဲ့ ကြိုးကိုင်စေခိုင်းသူတွေ အများကြီးရှိနေသေးတယ်။ အဲ့ဒီသူတွေကိုပါ ဖော်ထုတ်ဖမ်းဆီးဖို့လိုတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး “ကျွန်တော် တတ်နိုင်တာအားလုံး ကူညီပေးမယ်။ ရဲရဲဝံ့ဝံ့နဲ့ လုပ်ဆောင်ပါ။ ခင်ဗျားတို့ဘက်မှာ လိုအပ်ရင် ကျွန်တော် ရပ်ပေးမယ်” ဟု ဒီဇင်ဘာ ၁၉ ရက်က ပြောဆိုခဲ့သည်ဟု Eleven Media Group က ဖော်ပြခဲ့သည်။

ကိုစိုးမိုးထွန်းတွင် အသက် ၈ နှစ်အရွယ် သားတဦးနှင့် ဇနီးတို့ ကျန်ရစ်ခဲ့ပြီး ၎င်း၏သားအတွက် ဧရာဝတီဖောင်ဒေးရှင်းက ပညာရေးဆိုင်ရာ စရိတ်များအတွက် တာဝန်ယူမည်ဖြစ်ကြောင်း ကတိပေးထားသည်ဟု ကိုစိုးမိုးထွန်း၏ မိသားစုထံမှ သိရသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar