Eleven ဆောင်းပါးနှင့် ပတ်သက်ပြီး ရန်ကုန်အစိုးရက သတင်းမီဒီယာကောင်စီထံ တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ တရားစွဲဆိုမှုကို ဖြစ်စေခဲ့သည့် Weekly Eleven News ပါ ဆောင်းပါးနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းအစိုးရက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ အောက်တိုဘာ ၁၈ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

အောက်တိုဘာ ၈ ရက်နေ့ထုတ် အဆိုပါဂျာနယ်တွင် ဖော်ပြခဲ့သည့် “အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူအမည်ပေါက် ပြည်သူ့ရှယ်ယာ” ဟူသည့် ဆောင်းပါးနှင့် ပတ်သက်ပြီး တိုင်းအစိုးရက Eleven မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာ ကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်းတို့ကို အောက်တိုဘာ ၉ ရက်နေ့တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ခဲ့ပြီးဖြစ်သည်။

အဆိုပါသတင်းသမားသုံးဦးမှာ အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့အား အောက်တိုဘာ ၁၇ ရက်နေ့တွင် တာမွေတရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး နောက်တစ်နေ့တွင်မှ သတင်းမီဒီယာကောင်စီအား ကြားဝင်ပေးရန် တိုင်းအစိုးရက ပြောကြားလာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က “သတင်းမီဒီယာသမား ဖြိုးဝေ (ဆောင်းပါးရှင်)၊ ကျော်ဇောလင်း (တာဝန်ခံ အယ်ဒီတာ)၊ နရီမင်း(တာဝန်ခံအယ်ဒီတာ) ၊ Eleven Media Group သတင်းမီဒီယာဌာနသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င)(ဆ) (ဈ) ပါ သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်သည့်အတွက် ညှိနှိုင်း ဖြေရှင်းပြီး အရေးယူပေးပါရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်” ဟု ကောင်စီက ပြောကြားသည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ အရ သတင်းမီဒီယာသမားတစ်ဦးက တာဝန်နှင့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်းယူဆလျှင် နစ်နာသောအဖွဲ့အစည်း၊ သို့မဟုတ် ပုဂ္ဂိုလ်က ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟု ပြဌာန်းထားသည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆောင်းပါးနှင့် ပတ်သက်ပြီး ကျေနပ်မှု မရှိပါက အမှုမဖွင့်မီ ကောင်စီသို့ တိုင်ကြားရမည် ဖြစ်သည်။

သတင်းမီဒီယာကောင်စီအနေဖြင့်မူ တရားရုံးသို့ ရောက်ရှိနေသည့် အမှုများနှင့် ပတ်သက်ပြီး ကြားဝင်ဆောင်ရွက်ခွင့်မရှိပေ။

“ကျွန်တော်တို့ သိရသလောက်တော့ တရားရုံးမှာ တိုင်တန်းချက်ကိုတော့ မရုပ်သိမ်းရသေးဘူးထင်တယ်။ ကျွန်တော့ အမြင်မှာတော့ informal (အလွတ်သဘော) ညှိနိုှင်းမှုတော့ လုပ်လို့ရမယ်။ ဥပဒေအတိုင်း လုပ်ထုံးလုပ်နည်း အရတော့ တရားရုံးရောက်နေတဲ့ ကိစ္စကျတော့ ဝင်ပြီးလုပ်လို့မရဘူး” ဟု သတင်းမီဒီယာကောင်စီ လက်ရှိ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်ကျော်က Frontier ကို ပြောကြားသည်။

“အဲဒါတော့ သူတို့ဘာသာ သူတို့ ရုပ်သိမ်းမှ ရမှာပေါ့။ အခုကတော့ အလွတ်သဘော ကြားဝင်ညှိနှိုင်းနေမျိုး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားသည့် သတင်းမီဒီယာဥပဒေကို အသုံးမပြုပဲ ပုဒ်မ ၅၀၅(ခ) ဖြင့် သတင်းမီဒီယာသမားများကို တိုက်ရိုက်တရားစွဲဆိုလိုက်ခြင်းသည် နိုင်ငံတော်၏ ဒီမိုကရေစီပုံရိပ်ကိုသာမက ရန်ကုန်တိုင်းဒေသကြီး၏ ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည်ဟု ကောင်စီ၏ အောက်တိုဘာ ၁၀ ရက်နေ့ထုတ် ကြေညာချက်၌ ဖော်ပြထားသည်။ တိုင်းဒေသကြီးအစိုးရအနေဖြင့် ဖြစ်စဉ်ကို ပြန်လည် သုံးသပ်သင့်ပြီး ကောင်စီသို့သာ တိုင်ကြားစေလိုကြောင်းနှင့် ကောင်စီကလည်း သတင်းမီဒီယာ ဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင် းဆောင်ရွက်ပေးလိုသည်ဟုလည်း ဖော်ပြထားသည်။

“ကျွန်တော့ ကိုယ်ပိုင်အမြင်ကတော့ စာနယ်ဇင်းကောင်စီက ကြားဝင်ပြီး တစ်ခုခုလုပ်ခိုင်းရင်တော့ သူတို့ လုပ်ပေးရမယ့် သဘောပေါ့နော်။ အမှုကို ရုပ်သိမ်းခိုင်းတာတို့ ဘာတို့ပေါ့။ စာနယ်ဇင်းကောင်စီကို တိုင်တယ်ဆိုရင်တော့ သဘောက အမှုကို ရုပ်သိမ်းပေးရပါမယ်။ ဘာလို့လည်းဆိုတော့ တရားရုံးရောက်နေတဲ့ အမှုကို စာနယ်ဇင်းကောင်စီက ဝင်ညှိလို့ မရဘူး။ အဲတော့ သူတို့ တရားရုံးမှာ အမှုကို ပြန်ရုပ်ပေးရမယ့် သဘောရှိတယ်လို့ ကျွန်တော် မြင်ပါတယ်” ဟု သတင်းသမားလည်းဖြစ်ကာ စာနယ်ဇင်းကောင်စီသစ်အတွက် အဖွဲ့ဝင်တစ်ဦးအဖြစ် ရွေးချယ်ခံထားရသူ ကိုသာလွန်ဇောင်းထက်က Frontier ကို ပြောကြားသည်။

သတင်းမီဒီယာဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း သတင်းမီဒီယာကောင်စီထံ တိုင်ကြားမှုကို ဦးစွာဆောင်ရွက်ရန် သမ္မတရုံးက တိုင်းဒေသကြီးအစိုးရကို အောက်တိုဘာ ၁၈ ရက်နေ့တွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“အဲကိစ္စနဲ့ ပတ်သက်ပြီး လူကြီးတွေကိုတင်ပြတဲ့အပေါ်မှာပြည်ထောင်စုအစိုးရအဖွဲ့ကနေ နိုင်ငံတော်သမ္မတရဲ့လမ်းညွှန်မှုကိုခံယူပြီး တိုင်းဒေသကြီးအစိုးရကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကနေပြီးတော့ ပြန်ပြီးလမ်းညွှန်ထားတာ ရှိတယ်။ အဓိကတော့ တရားစွဲဆိုတာနဲ့ပတ်သက်လို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းညွှန်ထားတယ်။ ရန်ကုန်တိုင်းအစိုးရကို လမ်းညွှန်ထားပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်များကို ပြောကြားသည်။

သမ္မတရုံးက ရန်ကုန်တိုင်းအစိုးရထံ ညွှန်ကြားသည့်စာတွင် သတင်းမီဒီယာဥပဒေနှင့်အညီ သတင်းမီဒီယာကောင်စီထံ တိုင်ကြားကာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းရန်နှင့် ညှိနှိုင်းမှုအဆင်မပြေမှသာ တရားစွဲဆိုမှု ဆက်လက်ဆောင်ရွက်ရန် ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar