Eleven စီအီးအိုနှင့် အယ်ဒီတာချုပ်တို့ကို အာမခံရရှိ၊ ကျေအေးပေးမည်မဟုတ်ဟု တရားလိုပြော

ရန်ကုန်၊ ဇန်နဝါရီ ၆

Eleven Media Group ၏ စီအီးအိုနှင့် အယ်ဒီတာချုပ်တို့ကို တာမွေမြို့နယ်တရားရုံးက အာမခံရ ခွင့်ပြုကြောင်း ယနေ့ရုံးချိန်းတွင် ဆုံးဖြတ်ခဲ့သည်။ သို့သော် တရားလိုအဖြစ် တိုင်တန်းထားသူက အမှုကို ကျေအေးပေးမည်မဟုတ်ကြောင်း တရားခွင်အပြီးတွင် သတင်းသမားများကို ဖြေကြားခဲ့သည်။

စွပ်စွဲခံရသူများဖက်မှ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က အာမခံရရှိနိုင်ရေးအတွက် ရှေနေ့ချုပ်ရုံးအစီရင်ခံစာဖြင့် တရားရုံးသို့ ယနေ့ထပ်မံ တင်သွင်းခဲ့ခြင်းလည်းဖြစ်သည်။

“ဦးသန်းထွဋ်အောင်ကို ဆေးအာမခံနဲ့၊ ကိုဝေဖြိုးကို ကြီးလေးတဲ့တာဝန်တွေ ထမ်းဆောင်နေရတာအပြင် သတင်းစာထဲမှာလည်း တရားဝင် တောင်းပန်ခဲ့တာတွေအပေါ် ထောက်ရှုပြီးတော့ အာမခံခွင့်ပြုခဲ့တာပါ” ဟု ဦးကြီးမြင့်က ပြောသည်။

ယနေ့တရားခွင်တွင် တာမွေမြို့နယ်တရားသူကြီး ဒေါ်ကေသီလှိုင်က အာမခံခွင့်ပြုခဲ့ခြင်းဖြစ်ပြီး၊ တရားလိုမျာကိုလည်း စတင်စစ်ဆေးခဲ့သည်။

Eleven Media Group ၏ စီအီးအိုဖြစ်သူ ဒေါက်တာသန်းထွဋ္ဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားခြင်းဖြစ်သည်။

၎င်းတို့ကို တရားလိုအဖြစ် တရားစွဲဆိုထားသူ ဦးမိုးဟိန်းက “ကျေအေးပေးဖို့အစီအစဉ် မရှိပါဘူး။ တရားဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု တရားခွင်အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

Eleven Media Group ကမူ ၎င်းတို့ရေးသားထုတ်ဝေခဲ့သည့် ဝန်ကြီးချုပ်အပေါ် ဝေဖန်ရေးသားမှုနှင့် ပက်သက်ပြီး ဒီဇင်ဘာ ၉ ရက်နေ့တွင် တရားဝင်စာထုတ်ကာ တောင်းပန်ခဲ့သည်။ ထို့နောက် အဆိုပါတောင်းပန်စာကို နိုင်ငံပိုင် သတင်းစာများတွင်လည်း ထည့်သွင်းတောင်းပန်ခဲ့သည်။ ထိုသို့ တောင်းပန်မှုအပြီး ဒီဇင်ဘာ ၃၀ ရက်တွင် ၎င်းတို့ကို ထပ်မံရုံးထုတ် စစ်ဆေးခဲ့သေးသည်။

အဆိုပါ ဒီဇင်ဘာ ၃၀ ရက် ရုံးချိန်းတွင်လည်း အာမခံလျောက်ထားခဲ့ရာ ထပ်မံပယ်ချခံခဲ့ပြီး၊ ယနေ့ ရုံးချိန်းတွင် အာမခံထပ်မံလျောက်ထားရာမှ တရားသူကြီးက ခွင့်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

သတင်း-ဟိန်းကိုစိုး

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar