Daily Eleven ပါ ဒေါ်လာတစ်သိန်းတန်နာရီကိစ္စ ဥပဒေကြောင်းအရ ဖြေရှင်းမည်ဟု ဦးဖြိုးမင်းသိန်း တုန့်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၈

ပြည်တွင်းသတင်းစာတစ်စောင်တွင် ဖော်ပြခဲ့သည့် ဒေါ်လာတစ်သိန်းတန်နာရီနှင့် ဝန်ကြီးချုပ် ဆောင်းပါးနှင့်ပတ်သတ်ပြီး ဥပဒေကြောင်းအရ ဖြေရှင်းမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က သတင်းမီဒီယာအဖွဲ့အစည်းများကို နိုဝင်ဘာ ၈ ရက်က ခေါ်ယူတွေ့ဆုံစဉ် အသိပေးလိုက်သည်။

လူသိများသည့် သတင်းစာဖြစ်သည့် Daily Eleven ၏ နိုဝင်ဘာ ၆ ရက်နေ့ထုတ် နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲတစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်တွင် အမည်မဖော်ပြထားသော ဝန်ကြီးချုပ်တစ်ဦး ဝတ်ဆင်သည့် ဒေါ်လာတစ်သိန်းခန့်တန်သည်ဆိုသည့် Patek Phillipe နာရီကိစ္စနှင့် ပတ်သတ်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စိတ်မသက်မသာဖြစ်နေခဲ့ပြီး တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန်စီစဉ်နေခြင်းဖြစ်သည်။

“လစာဒေါ်လာ ၂,၅၀၀ ခန့်သာရှိသည့် ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာတစ်သိန်းခန့်တန်သည့် Patek Phillipe နာရီဝတ်ဆင်သည်ဆိုသော သတင်းက တစ်နေ့အနည်းဆုံး လုပ်ခနှစ်ဒေါ်လာခွဲသာရသည့် နိုင်ငံသား အတော်များများကို မကျေမနပ်ဖြစ်စေခဲ့သည်” ဆိုသည့် Daily Eleven ၏ဖော်ပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Daily Eleven Media အယ်ဒီတာချုပ်ထံ လိပ်မူပြီး ဖြေရှင်းချက်ပေးရန် နိုဝင်ဘာ ၇ ရက်နေ့တွင် စာပို့ တောင်းဆိုခဲ့သည်။

ဝန်ကြီးချုပ်ကိုယ်စား ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက လက်မှတ်ရေးထိုး ပေးပို့ခဲ့သည့် အဆိုပါအကြောင်းကြားစာတွင် “(က)ယင်းလက်ဆောင်ကိုပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကလွတ်ခဲ့သော သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရအကူးအပြောင်းမှာ မြို့သစ်စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူတစ်ဦးဆိုသည်မှာ မည်သူဖြစ်ပါသလဲ။” နှင့် (ခ) Patek Phillipe နာရီကို စွဲမြဲစွာဝတ်ဆင်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှာ မည်သူဖြစ်ပါသလဲ။”ဟု မေးခွန်းထုတ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏မေးခွန်းများမှာ ၎င်းတို့ကို ဖိအားပေးသည့်သဘော သက်ရောက်နေကြောင်းနှင့် ၎င်းတို့၏ ရေးသားမှုနှင့်ပတ်သတ်ပြီး အချက်အလက်ခိုင်လုံ မှန်ကန်မှုအတွက် အပြည့်အဝယုံကြည်သည်ဟု Daily Eleven သတင်းစာက တုန့်ပြန်ခဲ့သည်။

ထိုသို့ နှစ်ဘက်အကြား အပြန်အလှန်စာပေးပို့ပြီး တင်းမာမှုများရှိနေစဉ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက သတင်းမီဒီယာအဖွဲ့အစည်းများကို နိုဝင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ရုတ်တရက်ခေါ်ယူတွေ့ဆုံခဲ့ပြီး Daily Eleven ၏ အရေးအသားများနှင့် ပတ်သက်ပြီး တန်ပြန်ဆောင်ရွက်နိုင်ရန် မေးမြန်းခဲ့သည်။

“ဘာကိစ္စလဲမပြောဘူး။ ဒီမနက်လာပါလို့ ပြောတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဖုန်းဖြင့် ဆင့်ခေါ်မှုကြောင့် Daily Eleven ၏ ရေးသားမှုနှင့် ပတ်သက်ပြီး သွားရောက်ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံ သတင်းစာဆရာသမဂ္ဂ၊ ပုံနှိပ်သူအသင်း၊ စာရေးဆရာအသင်းနှင့် ထုတ်ဝေသူအသင်းတို့မှ နာရီပိုင်းသာ ကြိုတင်ဖိတ်ကြားသဖြင့် အစည်းအဝး တက်ရောက်လာသူများကို Daily Eleven ၏ ဝန်ကြီးချုပ်နာရီ ဆောင်းပါးနှင့် ပတ်သက်သည့် ဆောင်းပါးနှင့်ပတ်သက်ပြီး ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေးမြန်းခဲ့သည်ဟု ဦးသီဟစောကပြောသည်။

“ရန်ကုန်တိုင်းဝန်ကြီးချုပ်က Eleven မှာပါတဲ့ သတင်းတွေရယ်။ အွန်လိုင်းမှာရေးတဲ့ဟာတွေနဲ့ ပတ်သတ်ပြီး သူ့ဘက်က အမြင်တွေနဲ့ အယူအဆတွေပြောတယ်” ဟု ဦးဖြိုးမင်းသိန်းနှင့် ဆွေးနွေးခဲ့သည့် ဦးသီဟစောက သတင်းထောက်များကိုပြောကြားသည်။

ထို့ကြောင့် နှစ်ဘက်အကြား ဆွေးနွေးနိုင်ရန် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားခြင်း အပါအဝင် အခြားအချက်များကို အကြံပြုခဲ့ကြောင်း၊ ဦးဖြိုးမင်းသိန်းအနေဖြင့် များအကြာမီတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖွယ်ရှိပြီး Daily Eleven ၏ ရေးသားမှုများကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားလာနိုင်ကြောင်းလည်း ဦးသီဟစောက ပြောသည်။

“မီဒီယာနဲ့လည်း ပြေလည်ချင်တဲ့ဆန္ဒရှိပုံရတယ်” ဟု ၎င်းက ပြောသည်။

ဦးသီဟစော၏အဆိုအရ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် မကျေလည်မှု ၂၀၀ ကျော်တွင် အများစုကို ဖြေရှင်းပေးနိုင်သည်ဟု ဆိုသည်။

ဦးဖြိုးမင်းသိန်းနှင့် Daily Eleven တို့အကြား မကျေလည်မှုများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စောင့်ကြည့် နေကြောင်း ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က BBC ကို ပြောကြားခဲ့သည်။

ထို့အပြင် Daily Eleven ၏ အရေးအသားများကို “တမင်သက်သက် အပုပ်ချတာ” ဟု ဦးဝင်းထိန်က တုန့်ပြန်ခဲ့ပြီး တရားစွဲဆိုရန်အထိရှိကြောင်း ၎င်းက ပြောကြားသည်။

ဒေါ်လတစ်သိန်းခန့်တန်သည့် လက်ပတ်နာရီအား ဦးဖြိုးမင်းသိန်း ဝတ်ဆင်ထားသည်ဆိုသည်ကိုလည်း ဦးဝင်းထိန်က ငြင်းဆိုခဲ့ပြီး ဦးဖြိုးမင်းသိန်း၏ ဇနီးက တတ်နိုင်သောကြောင့် ဝယ်ပေးထားသည့် ကျပ်သိန်း ၃၀ ခန့်တန်သည့် Rolex နာရီသာ ဖြစ်သည်ဟု ၎င်းက ဘီဘီစီကို ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တုန့်ပြန်မှုအပေါ်တွင် Daily Eleven သတင်းစာ အယ်ဒီတာချုပ် ဦးဝေဖြိုးက သီးခြားမှတ်ချက်ပေးခြင်းမရှိပဲ ၎င်းတို့၏ နိုဝင်ဘာ ၈ ရက်နေ့ သတင်းစာပါ ထုတ်ပြန်ချက်အတိုင်းသာ ရပ်တည် မည်ဟု ဆိုသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar