This post is also available in: English Myanmar

မဲဆန္ဒနယ်ငါးခုက ရွေးကောက်ပွဲအခြေအနေ

မြောက်ဦး

မြောက်ဦးပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သူ ရခိုင်အမျိုးသားပါတီဝင် ဦးထွန်းနေဝင်းကို မြောက်ဦးရှိ ပါတီရုံးခန်းတွင် ဩဂုတ်လအတွင်းက မြင်တွေ့ခဲ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲ အပြင်ဘက်က မြောက်ဦး

နိုဝင်ဘာ၈ရက်၊ နိုင်ငံတစ်ဝန်း မဲပေးနေချိန်တွင် မြောက်ဦးရှိ မဲဆန္ဒရှင်များမှာ ကစားပွဲအပြင်ဘက်က ရပ်ကြည့်နေကြရသည်။ ၎င်းတို့ကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်နိုင်ခြင်းမရှိလျှင် လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခပိုမိုဆိုးရွားလာပါက အကာအကွယ်မဲ့မည့်အဖြစ်ကို မြောက်ဦးဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

ဖရွန်းတီးယားမြန်မာက ၂၀၂၀ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ကောင်းဆက်နိုင် ရေးသားသည်။

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်းရှိ ၂၇သန်းကျော်သော မဲဆန္ဒရှင်များသည် ပူပြင်းသောနေရောင်အောက်တွင် ကိုဗစ်-၁၉ ပိုးကူးစက်နိုင်သည့် အန္တရာယ်ကြားက တစ်ခဲနက်မဲပေးခဲ့ကြသည်။

သို့တိုင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦးမြို့တွင်မူ ခါတိုင်းကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေသည်။ မြောက်ဦးမြို့တွင် ကျေးလက်ဒေသများတွင်သာမက မြို့ပေါ်ရပ်ကွက်များတွင်ပါ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သဖြင့် မဲရုံများ ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိသလို မဲပေးရန် တန်းစီစောင့်ဆိုင်းနေသော မဲဆန္ဒရှင်ပြည်သူများလည်းမရှိခဲ့ပေ။

“ပုံမှန်နေ့ တစ်နေ့ပါပဲ။ ရွေးကောက်ပွဲလည်း မရှိဘူးလေ။ စိတ်မကောင်းစရာပေါ့”ဟု ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြု၍ မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့သော်လည်း မပြိုင်ဖြစ်ခဲ့သည့် ဦးထွန်းနေဝင်းကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေအဖွဲ့)တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နယ်မြေလုံခြုံရေးသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် အခြေအနေတွင်မရှိဟု ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခွင်တွင် ရွေးကောက်ပွဲမကျင်းပရန် အောက်တိုဘာ၁၆ရက်က ကြေညာခဲ့သည်။ မြို့နယ်ကိုးခုတွင် တစ်မြို့နယ်လုံး အတိုင်းအတာဖြင့်လည်းကောင်း၊ အခြားမြို့နယ်လေးခုတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၅၂ခုတွင်လည်းကောင်း ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။

ယင်းသို့ ရွေးကောက်ပွဲမကျင်းပဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အများစုမှာ ရခိုင်အမျိုးသားပါတီ အဓိကအားကောင်းသော နေရာများဖြစ်သဖြင့် ကော်မရှင်၏ ဆုံးဖြတ်ချက်သည် ဘက်လိုက်မှုရှိသည်ဟု ရခိုင်ကိုယ်စားလှယ်လောင်းများက ဝေဖန်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသည် ရခိုင်အမျိုးသားပါတီက ၂၀၁၅တွင် နေရာအများစုအနိုင်ရခဲ့သော ဒေသဖြစ်ရာ ယခုကဲ့သို့ ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခြင်းသည် ရခိုင်နိုင်ငံရေးသမားများ လွှတ်တော်အတွင်း ကိုယ်စားပြုမှုကို ထိခိုက်စေကြောင်း ကော်မရှင်အပေါ် ဝေဖန်သံများ ဆူညံခဲ့သည်။

“နိုဝင်ဘာ၈ရက်က မြောက်ဦးမှာ တိုက်ပွဲတွေလည်း မရှိဘူး။ ဘာမှလည်း မဖြစ်ဘူး”ဟု ဦးထွန်းနေဝင်းက ပြောသည်။

မဲပေးခွင့်ဆုံးရှုံးခဲ့ရသည့်အပေါ် ဒေသခံများကလည်း ဒေါသထွက်ခဲ့ကြသည်။ ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ အသက်၁၈နှစ်ပြည့်ပြီးသူ ခန့်မှန်းခြေ ၁ဒသမ၂သန်းခန့် မဲပေးခွင့် ဆုံးရှုံးခဲ့သည်။ မြောက်ဦးမြို့နယ်တွင်မူ မဲပေးပိုင်ခွင့်ရှိသူ ၁၅၇,၆၇၄ဦး မဲပေးနိုင်ခြင်းမရှိခဲ့ပေ။

(Thibi အဖွဲ့ ရေးဆွဲသည်)

“တစ်နိုင်ငံလုံးမဲပေးနေတဲ့အချိန်မှာ ကျွန်တော်တို့က မဲမပေးရဘူးဆိုတာက ခံစားရတော့ခက်တယ်လေ။ ဝမ်းနည်းတာပေါ့”ဟု အသက်၂၆နှစ်ရှိပြီဖြစ်သည့် မြောက်ဦးမြို့ခံ ကိုရွှေသန်းကျော်က နိုဝင်ဘာ၁၀ရက်တွင် ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

၎င်းသည် ရွေးကောက်ပွဲသာ ကျင်းပဖြစ်ခဲ့ပါက နိုဝင်ဘာ၈ရက်တွင် မဲရုံများတွင် မဲပေးမှုအခြေအနေ အရပ်ရပ်ကို စောင့်ကြည့်လေ့လာရန် ပြင်ဆင်ထားခဲ့သူဖြစ်သည်။

“ကျွန်တော်တို့က ဒီမိုကရေစီဖြစ်စဉ်အဝန်းအဝိုင်းကြီးရဲ့ အပြင်ဘက်ကို ရောက်သွားသလို ခံစားရတယ်”ဟု ၎င်းက ဆက်ပြောသည်။

အလားတူပင် ယခုနှစ်တွင် ဘဝသက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မဲပေးရန် အားခဲထားသော်လည်း ရွေးကောက်ပွဲမကျင်းပသဖြင့် ထိုအခွင့်အရေး လွဲချော်ခဲ့ရသူမှာ မြောက်ဦး၊ မြို့သစ်ရပ်ကွက်ရှိ အသက်၂၂နှစ်ရှိပြီဖြစ်သည့် ကိုမောင်မောင်ဌေးဖြစ်သည်။

၎င်းမဲပေးရန် အားခဲထားသည့် ပါတီမှ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီဖြစ်သည်။ ဒေါက်တာအေးမောင်သည် ရခိုင်များကိုအင်န်အယ်လ်ဒီက “ကျွန်သဖွယ်ဆက်ဆံနေသည်”ဟု ၂၀၁၈အတွင်းက ဟောပြောပွဲတစ်ခုတွင် ပြောကြားခဲ့သဖြင့် အစိုးရကဖမ်းဆီး၍ နိုင်ငံတော်ပုန်ကန်မှုဖြင့် နှစ်၂၀ထောင်ချခဲ့သည်။

ဒေါက်တာအေးမောင်သည် ထောင်ထဲတွင်ရှိနေသည့်တိုင် သူ၏ရခိုင့်ဦးဆောင်ပါတီသည် ပဋိပက္ခဒေသက မကြာခဏဖမ်းဆီးသတ်ဖြတ်ခံနေရသည့် ၎င်းတို့လို အရပ်သားများကို ဥပဒေအရ အကာအကွယ်ပေးနိုင်မည်ဟု ကိုမောင်မောင်ဌေးက ယူဆခဲ့သည်။

သို့သော် ၎င်းထောက်ခံသည့်ပါတီ၏ခေါင်းဆောင်ဖြစ်သူသည် ထောင်ဒဏ်ကျခံနေရသည့်အပြင် ရွေးကောက်ပွဲတွင်ပါ မဲပေးခွင့်ဆုံးရှုံးခဲ့သည်ဖြစ်ရာ ကိုမောင်မောင်ဌေးအဖို့ အလွန်ပင် စိတ်မကျေမချမ်း ဖြစ်ရသည်။

“ကျွန်တော်တို့ ဒေသမှာ ပဋိပက္ခတွေအကြား ဖမ်းဆီးခံရမှုတွေ၊ သေဆုံးမှုတွေအတွက် ပြောမဲ့ဆိုမဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလောက်ရှိရင် တစ်ခုခုများဖြစ်လာလေ မလားဆိုပြီး မဲပေးချင်တာလေ” ဟု မောင်မောင်ဌေးက ဆက်လက်ပြောဆိုသည်။

အမှန်တွင်မူ ၎င်းတို့ကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိသည့် ယခုလွှတ်တော်သက်တမ်းအတွင်းတွင်ပင်လျှင် ရခိုင်ပြည်နယ်အတွင်းရှိ တပ်မတော်နှင့် အေအေအဖွဲ့တို့အကြား တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုမှာ ယမန်နှစ်နှင့် ယခုနှစ်အတွင်း တစ်ဟုန်ထိုး မြင့်တက်ခဲ့သည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC) ၏ စာရင်းများအရ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာရသည့် ဒေသခံဦးရေမှာ ၂၃၆,၀၀၀ကျော်ရှိပြီဖြစ်သည်။ ထို့ပြင် လွတ်လပ်သောအာရှအသံသတင်းဌာန (RFA) က ပြုစုထားသော စာရင်းများအရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ၊ ပလက်ဝမြို့နယ်များတွင် မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်အပါအဝင် ပဋိပက္ခဖြစ်စဉ်အတွင်း ပုံစံအမျိုးမျိုးကြောင့် သေဆုံးသူအရပ်သား ဦးရေသည် ၂၀၁၈၊ ဒီဇင်ဘာမှ ယခုနှစ်၊ နိုဝင်ဘာ၁၇ရက်အထိ ၃၀၈ဦးရှိပြီဖြစ်သည်။ ဒဏ်ရာရရှိသူဦးရေ ၇၀၁ဦးရှိပြီဖြစ်ကြောင်း RFA သတင်းဌာနကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များရှိနေခြင်းသည် လက်တွေ့တွင် ပဋိပက္ခဒေသအတွင်းက တပ်မတော်၏ စစ်ဆင်ရေးများအကြား ဒေသခံအရပ်သားများထိခိုက်မှုကို အကာအကွယ်မပေးနိုင်ပေ။ သို့တိုင် လူ့အခွင့်အရေးချိုးဖောက်မှုများကို လွှတ်တော်အတွင်း အဆိုတင်သွင်းခြင်း၊ လူသိရှင်ကြား ဖော်ထုတ်ဝေဖန်ခြင်းပြုနိုင်သေးသဖြင့် ၎င်းတို့ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ်များအား ရွေးချယ်နိုင်မှုမရှိခြင်းသည် မြောက်ဦးဒေသခံများအဖို့ ရင်လေးဖွယ်ရာဖြစ်သည်။

“အခုကတော့ တိုက်ပွဲတွေနဲ့ ဖမ်းဆီးခံရတဲ့ အခြေအနေတွေ ပိုမဆိုးလားဖို့ပဲ မျှော်လင့်နေရတော့မယ်”ဟု ကိုမောင်မောင်ဌေးက ပြောသည်။

မဲပေးခွင့်ဆုံးရှုံးရသူများအနက် စစ်ဘေးဒဏ်ကြောင့် မိမိတို့ကျေးရွာများကို စွန့်ခွာ၍ မြောက်ဦးမြို့ပေါ်ရှိ စစ်ရှောင်စခန်းများတွင် လာရောက်ခိုလှုံနေရသော ဒေသခံများလည်းပါဝင်နေသည်။ လက်ရှိအချိန်တွင် မြောက်ဦးမြို့တွင် စစ်ဘေးရှောင်ဦးရေ ၃၄,၇၀၀ကျော်ရှိနေသည်။

၎င်းတို့အတွက်မူ မဲပေးခွင့်ရ၊ မရမှာ ရခိုင်မြောက်ပိုင်းက နေရာအတော်များများတွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်ခဲ့သည့် အောက်တိုဘာ၁၆ရက် မတိုင်ခင်ကတည်းက ရေရေရာရာမရှိခဲ့ပေ။ ကော်မရှင်အဖွဲ့ခွဲများက စစ်ဘေးရှောင်စခန်းများတွင် မဲရုံဖွင့်လှစ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် ၎င်းတို့တွင် စစ်ဘေးရှောင်အရေအတွက် စာရင်းအတိအကျမရှိပေ။ ထို့ပြင် စစ်ဘေးရှောင်များအတွက် မဲစာရင်းပင်မကြေညာနိုင်ခဲ့ပေ။

“သူများတွေ မဲထည့်တာ တွေ့ရတော့ ကျွန်တော်တို့လည်း ထည့်ချင်တာပေါ့”ဟု မြောက်ဦးမြို့၊ မြို့သစ်ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းက အသက်၅၀ရှိပြီဖြစ်သည့် ဦးထွန်းသိမ်းမောင်က ပြောသည်။ အကယ်၍မဲထည့်ခွင့်ရခဲ့ပါက ရခိုင်အမျိုးသားပါတီကို မဲပေးရန် ၎င်းကရည်ရွယ်ခဲ့သည်။

မဲဆန္ဒရှင်များထက် ပိုမိုစိတ်ပျက်သည်မှာ ကိုယ်စားလှယ်လောင်းများဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီအရေးအတွက် ၎င်း၏ ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရလက်ထက်ရောက်မှ ရခိုင်ပြည်နယ်နေရာ အတော်များများတွင် အများပြည်သူမဲပေးခွင့်မရခြင်းမှာ မဖြစ်သင့်ကြောင်း ဦးထွန်းနေဝင်းက ဆိုသည်။

“ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ တိုင်ရင်းသားတွေအတွက် တန်းတူညီမျှမှုတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် လုပ်ဖို့မလွယ်ကူဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ Voice of Arakan (ရခိုင်တိုင်းရင်းသားတွေရဲ့ အသံ) တစ်ခုထွက်နိုင်ဖို့အတွက် ရွေးကောက်ပွဲဝင်စေချင်တာပါ။  အခုကတော့ အဲဒီအသံတောင် မထွက်နိုင်တော့ဘူးပေါ့”ဟု သူကပြောသည်။

“တစ်ဘက်က ကြည့်ရင်တော့ ဒီလိုလုပ်တာတွေက ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေကို ပိုမိုစုစည်းသွားအောင် လုပ်ပေးတာပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။

မြောက်ဦးမြို့၊ ရှေးဟောင်းဘုရားပုထိုးများအနီး ခြင်းလုံးခတ်နေသော ဒေသခံများကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ဦးထွန်းနေဝင်းအပါအဝင် ရခိုင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းအများစုမှာ နိုဝင်ဘာ၈ရက်တွင် ပြည်နယ်တောင်ပိုင်းဒေသမှ မဲရလဒ်များကို နားစွင့်ရင်းသာ ဖြေသိမ့်ခဲ့ရသည်။ သို့သော် အစိုးရက ၂၀၁၉၊​ ဇွန်မှစတင်၍ လုံခြုံရေးအကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆက်သွယ်ရေးကွန်ရက်များကို ဖြတ်တောက်ခြင်း၊ ပြန်လည်ခွင့်ပြုသော်လည်း အင်တာနက်လိုင်းများကို မြန်နှုန်းချထားခြင်း စသည်တို့ကို ပြုလုပ်ခဲ့သဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းများရရှိရန်မှာ အခက်အခဲတစ်ခုဖြစ်ခဲ့သည်။

“ရွေးကောက်ပွဲနေ့ တစ်နေ့လုံး ဖုန်းနဲ့ ဂွကို ဆက်လိုက်၊ မာန်အောင်ကို ဆက်လိုက်၊ တောင်ကုတ်ကို ဆက်လိုက်နဲ့ ကျွန်တော်တို့ ပါတီ နိုင်၊ မနိုင် အခြေအနေတွေလှမ်းမေးနေရတာ။ တော်တော်လည်း စိတ်လှုပ်ရှားရတာပေါ့’’ဟု ဦးထွန်းနေဝင်းကပြောသည်။

ရခိုင့်ဦးဆောင်ပါတီမှ မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  ဦးမောင်သန်းမြင့်မှာလည်း အလားတူပင်။

“နောက်ဆုံးရသတင်းတော့ မသိရဘူးလေ။ အင်တာနက်မိတဲ့အချိန် ခနလေး သတင်းရှာကြည့်ရတာ။ နိုဝင်ဘာ၉ရက် ညလောက်တော့ မဲရလဒ်အကုန်သိရတယ်”ဟု ဦးမောင်သန်းမြင့်က ပြောသည်။

ရခိုင်ပြည်နယ်တစ်ဝန်း စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ သံတွဲနှင့် ဂွ အစရှိသည့်မြို့နယ်များတွင် အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ်ငါးခု၊ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ်ရှစ်ခုနှင့် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၁၅ ခု၊ စုစုပေါင်း ၂၈နေရာအတွက်သာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့သည်။

ကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များအနက် ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်အတွက် ခုနှစ်နေရာ၊ ပြည်သူ့လွှတ်တော်အတွက် လေးနေရာနှင့် အမျိုးသားလွှတ်တော်အတွက် လေးနေရာ၊​ စုစုပေါင်း ၁၅နေရာ အနိုင်ရရှိခဲ့သည်။ ရခိုင့်ဦးဆောင်ပါတီကမူ ပြည်သူ့လွှတ်တော်တစ်နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် နှစ်နေရာတွင် အနိုင်ရရှိခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ)ကမူ ပြည်သူ့လွှတ်တော်အတွက် နှစ်နေရာ၊ အမျိုးသားလွှတ်တော်အတွက် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် ငါးနေရာ၊ စုစုပေါင်း ရှစ်နေရာ အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့အတွက် တစ်နေရာစီသာ အနိုင်ရရှိခဲ့သည်။

ယင်းရွေးကောက်ပွဲရလဒ်အရ မဲဆန္ဒနယ်အများအပြားတွင် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိသည့်တိုင် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်အတွင်း မဲဆန္ဒနယ်အများဆုံးအနိုင်ရရှိထားပြီး ပြည်နယ်လွှတ်တော်တွင် အားအကောင်းဆုံးပါတီအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

ရခိုင်အမျိုးသားပါတီက ၂၀၁၅တွင် အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့သော တောင်ကုတ်နှင့် မာန်အောင်မြို့နယ်များရှိ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိခဲ့သည်။

 “အဲဒီနေရာတွေမှာ ANP (ရခိုင်အမျိုးသားပါတီ)၊ AFP (ရခိုင့်ဦးဆောင်ပါတီ) ၊ ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်) သုံးခုထဲက ဘယ်ပါတီနိုင်တယ်ဆိုတာထက် ရခိုင်ပါတီတစ်ခုနိုင်သွားတယ်ဆိုတာက ပိုအရေးကြီးတယ်။ ဒါက ပထမအဆင့်ပေါ့”ဟု ရခိုင့်ဦးဆောင်ပါတီဝင် ဦးမောင်သန်းမြင့်က မှတ်ချက်ပြုသည်။

အင်န်အယ်လ်ဒီပါတီက ဂွနှင့် သံတွဲ မြို့များတွင် ထပ်မံအနိုင်ရရှိခဲ့သည့်တိုင် ရခိုင်နိုင်ငံရေးပါတီများအပေါ် ထောက်ခံမဲပေးသည့် ဒေသခံဦးရေမှာ ယခင်ရွေးကောက်ပွဲထက် မြင့်တက်လာကြောင်းနှင့် ယင်းမှာ ကျေနပ်စရာဖြစ်သည်ဟု ၎င်းကဆိုသည်။

၂၀၁၅တွင် သံတွဲပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဆန္ဒမဲပေးခဲ့သူ ၆၇,၉၅၂ဦးရှိခဲ့ပြီး ယင်းတို့အနက် ၂၆ရာခိုင်နှုန်းက ရခိုင်အမျိုးသားပါတီကို မဲပေးခဲ့သည်။ သို့သော် ယခုနှစ် သံတွဲတွင် မဲပေးသူ ၈၀,၅၈၈ဦး ရှိခဲ့ရာ ၎င်းတို့အနက် ၂၇ရာခိုင်နှုန်းကျော်က ရခိုင်အမျိုးသားပါတီကိုလည်းကောင်း၊ ငါးရာခိုင်နှုန်းကျော်က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်းကောင်း မဲပေးခဲ့သည်။ သို့ဖြစ်ရာ ရခိုင်နိုင်ငံရေးပါတီများကို သံတွဲဒေသခံများ၏ ထောက်ခံမှုသည် ၂၀၁၅ကထက် ရာခိုင်နှုန်းအနည်းငယ်ပိုလာသည်။

“ဒါတွေက ကျွန်တော်တို့ရဲ့ တိုးတက်မှုပဲ၊ ဒါတွေသည်အရေးကြီးတယ်။ အမျိုးသားရေး သွေးစည်းဖို့အရေးကြီးတယ် ဆိုတာကို ရခိုင်တိုင်းရင်းသားတွေအကုန် လက်ခံလာကြတယ်။ ဒါတွေက ဝမ်းသာစရာကောင်းတယ်။ နောက်လာမဲ့ ရွေးကောက်ပွဲတွေမှာ အဲဒီကလူတွေက ရခိုင်ပါတီတွေကိုပဲ မဲပေးဖို့ ကြိုးစားရမယ်”ဟု ဦးမောင်သန်းမြင့်ကပြောသည်။

မြောက်ဦးမြို့တွင်းတစ်နေရာကို ဩဂုတ်လအတွင်းက မြင်တွေ့ခဲ့ရစဉ်။ မြောက်ဦးမြို့နယ်တစ်ခုလုံးတွင် နိုဝင်ဘာ၈ရက်တွင် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်းမရှိပေ။ (ခွန်လတ် |​ဖရွန်းတီးယားမြန်မာ)

မြောက်ဦးမြို့က ရခိုင်အမျိုးသားပါတီဝင်များကမူ ပါတီ၏ ယခုနှစ်ရွေးကောက်ပွဲအောင်နိုင်မှုအတွက် အောင်ပွဲခံသည့်အနေဖြင့် အခမ်းအနားတစ်ခုကိုပင် နိုဝင်ဘာ၁၀ရက်က ကျင်းပခဲ့သေးသည်။

သို့သော် အောင်ပွဲအတွက် ပျော်ရွှင်မှုမှာ ယာယီမျှသာ။ နိုင်ငံရေးပါတီများနှင့် ဒေသခံများသည် မြောက်ဦးအပါအဝင် ရခိုင်မြောက်ပိုင်းရှိ ပဋိပက္ခအရိပ်မည်းကျရောက်ရာ ဒေသများတွင် တိုက်ပွဲများ တစ်ဖန်ပြင်းထန်လာပြီး တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်လာမည်ကို စိုးရိမ်လျက်ရှိနေသည်။

“ဒီအခြေအနေတွေကို ကာကွယ်နိုင်အောင် ဖြစ်နိုင်ရင် မြောက်ဦးမှာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပစေချင်တယ်”ဟု မြောက်ဦးလူငယ်များအစည်းအရုံး ဒုတိယဥက္ကဋ္ဌ မဦးမြင့်ရီက ပြောသည်။

ရက္ခိုင့်တပ်တော်က ရခိုင်ပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ထားမည်ဖြစ်ကြောင်း နိုဝင်ဘာ၁၂ရက်တွင် ကြေညာခဲ့သည်။ တပ်မတော်ကလည်း အေအေအဖွဲ့၏ အဆိုပါထုတ်ပြန်ချက်ကို ကြိုဆိုကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ညှိနှိုင်းဆောင်ရွက်မည်ဟု ပြန်လည်တုံ့ပြန်ထားသည်။

ရွေးကောက်ပွဲဥပဒေများတွင်မူ လွှတ်တော်ပုံမှန်သက်တမ်း၏ ပထမဆုံးနှစ်နှင့် ပဥ္စမနှစ်တို့တွင် ကြားဖြတ်ရွေးကောက်ပွဲမကျင်းပရန် ကန့်သတ်ထားသည်ဖြစ်ရာ အေအေအဖွဲ့၏ ထုတ်ပြန်ချက် လက်တွေ့ဖြစ်လာရန် အခက်အခဲရှိနေသည်။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းသည် ၂၀၂၁၊ ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ရာ ကြားဖြတ်ရွေးကောက်ပွဲများကို အစောဆုံး ၂၀၂၂၊ ဖေဖော်ဝါရီလ အလွန်မှသာ ကျင်းပနိုင်မည်ဖြစ်သည်။

သို့တိုင် နိုဝင်ဘာ၈ရက်တွင် ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒေသများအတွက် ကျင်းပမည့် ရွေးကောက်ပွဲကို ပုံမှန်ရွေးကောက်ပွဲအဖြစ် သတ်မှတ်မည်လော၊ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် သတ်မှတ်မည်လောဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ယင်းနှင့်ပတ်သက်၍​ တစ်စုံတစ်ရာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်းမရှိသေးပေ။

မြို့သစ်စစ်ရှောင်စခန်းတွင်နေထိုင်သူ ဒေသခံ ဦးထွန်းသိမ်းမောင်ကမူ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေးကောက်ပွဲများ တတ်နိုင်သမျှ အမြန်ကျင်းပပေးရန် တောင်းဆိုသည်။

“ကိုယ်စားလှယ်တွေမရှိဘဲ အခြေအနေကြီးအတိုင်း အကြာကြီးဖြတ်သန်းရမှာကို စိုးရိမ်ဖို့ကောင်းတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ လိုချင်တယ်။ အခု ကျွန်တော်တို့က  မိဘမဲ့ကလေးတွေလိုပဲ”ဟု သူက စိတ်ပျက်လက်ပျက်ပြောသည်။

မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လေးမျက်နှာဘုရားကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ မြောက်ဦးမြို့နယ်တစ်ခုလုံးသည် လုံခြုံရေးအကြောင်းပြချက်ကြောင့် လာမည့် နိုဝင်ဘာ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရကြမည်မဟုတ်ပေ။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

သေနတ်သံများနဲ့အတူ အသက်မဲ့သွားတဲ့ မြောက်ဦးက ရွေးကောက်ပွဲ

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လုပ်ပိုင်ခွင့်အာဏာကိုအသုံးချ၍ ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အများအပြားတွင် ရွေးကောက်ပွဲမကျင်းပရန် လုပ်ဆောင်နေသည်ဟု ရခိုင်နိုင်ငံရေးသမားများက ယုံကြည်နေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ကောင်းဆက်နိုင် ရေးသားသည်။

မြောက်ဦးမြို့ပေါ်သို့ရောက်ရှိပါက အိမ်ခေါင်မိုးများပေါ်တွင် ထိုးထိုးထောင်ထောင်နှင့် ဝါးလုံး အချို့ကို တွေ့ရပါလိမ့်မည်။ နိုင်ငံရေးပါတီများ၏ အလံများလွှင့်ထားခြင်းမဟုတ်ပါ။  ဖုန်းများကို အင်တာနက်ဖွင့်၍ Hot Spot လွှင့်ထားခြင်းဖြစ်သည်။ ပြီးလျှင် ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ပိုး၍ ဝါးလုံးထိပ်ဖျားတွင် ချည်ကာ အိမ်နံဘေးတွင်တိုက်ထောင်၍ အင်တာနက်လိုင်းရှာကြခြင်းဖြစ်သည်။

၂၀၁၉၊ ဇွန်မှစ၍ အစိုးရသည် ရခိုင့်တပ်မတော်(အေအေအဖွဲ့)နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက် ဖြတ်တောက်ခဲ့သည်။ ယခုနှစ် သြဂုတ်၁ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း အလွန်နှေးကွေးသည့် 2G ကွန်ရက်သာ ရသောကြောင့် အသုံးပြု၍ မရဖြစ်သည်။

ထို့ကြောင့် မြောက်ဦးရှိ ဒေသခံအများစုသည် 3G နှင့် 4G ကွန်ရက်များကို အသုံးပြုနိုင်ရန် တောင်ကုန်များထိပ်သို့ တပ်၍ အသုံးပြုရသည်။ သို့သော် မြန်မာ့တပ်မတော်က အင်တာနက် အသုံးပြု၍ရသည့် တောင်ကုန်းများကို ရံဖန်ရံခါတွင် လာရောက်ပိတ်ပင်လေ့ရှိပြီး ကိုဗစ်-၁၉ရောဂါ ကန့်သတ်ချက်များကြောင့် ဒေသခံအများစုသည် ယခုနောက်ပိုင်းတွင် အိမ်တွင်ဝါးလုံးထောင်၍ လိုင်းဖမ်းသည့် စနစ်ကိုပိုမို အားကိုးလာကြသည်။

ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ကိုဗစ်ကြောင့် နေအိမ်တွင်သာ နေထိုင်ရေးအမိန့်နှင့် ကန့်သတ်ချက်များအောက်ပါ ကျရောက်ခြင်းတို့ကြောင့် မြောက်ဦးမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအပေါ် မဲဆွယ်ရာတွင် ဆိုင်းဘုတ်ထောင်ခြင်း၊ လက်ကမ်းစာစောင်ဝေခြင်းတို့ကိုသာ လုပ်ဆောင်ခွင့်ရခဲ့သည်။ ထိုသို့သော အခြေအနေများအပေါ် စိတ်ပျက်ခဲ့ကြသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၂၀ကျော်အလို၊ အောက်တိုဘာ၁၆ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နယ်မြေမလုံခြုံမှုအကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ကိုးခုအပါအဝင် ပြည်နယ်အတွင်း ကျေးရွာအုပ်စုအများအပြားတွင် ရွေးကောက်ပွဲ မကျင်းပတော့ဟု ကြေညာလိုက်ရာ ဒေသခံမဲဆန္ဒရှင်များအကြားတွင် စိတ်ပျက်မှုများနှင့် ခံပြင်းမှုများ ကြီးထွားလာခဲ့သည်။

ရွေးကောက်ပွဲမကျင်းပခြင်းကြောင့် ရခိုင်ပြည်နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၁ဒသမ၆သန်းကျော်၏ ၇၃ရာခိုင်နှုန်းဝန်းကျင်ဖြစ်သော လူဦးရေ ၁ဒသမ၂သန်းကျော် နိုဝင်ဘာ၈ရက်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ မဲပေးနိုင်မည်မဟုတ်ပေ။

 ရွေးကောက်ပွဲမကျင်းပမည့် မြို့နယ်များမှာ ရခိုင်တိုင်းရင်းသားပါတီများ အနိုင်ရရန် အားကောင်းသည့် နေရာများဖြစ်နေသည်။

ယင်းအပေါ်  ဒေသခံရခိုင်အမတ်လောင်းများက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် လက်ရှိအာဏာရပါတီ အနိုင်မရနိုင်သည့် မဲဆန္ဒနယ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမပြုလုပ်ရန် ဆုံးဖြတ်သလောဟု မေးခွန်းထုတ်လာကြသည်။

မြောက်ဦးမြို့နယ်။ (Thibi အဖွဲ့က ဖန်တီးသည်)

“ဘောလုံးပွဲ တစ်ပွဲလိုပေါ့။ ဒိုင်လူကြီးက ပွဲထဲမှာ မမျှမတလုပ်တယ်။ လာဘ်စားတယ်။ ဒါပေမဲ့  သူ့အဆုံးအဖြတ်က အတည်ပဲလေ။ ဘာမှလုပ်လို့မရဘူး”ဟု ဆိုလာသူက အသက် ၆၂ အရွယ်ရှိ ရခိုင့်ဦးဆောင်ပါတီ (AFP)၏  မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဦးမောင်သန်းမြင့်ဖြစ်သည်။

“တော်တော် အရုပ်ဆိုးတယ်။ တော်တော်ကို ရုပ်ပျက်ဆင်းပျက်ပဲ”ဟု ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာအတော်များများတွင် ရွေးကောက်ပွဲ မကျင်းပတော့မည့်အပေါ် သူက စိတ်ပျက်လက်ပျက် ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ နယ်မြေလုံခြုံရေးကြောင့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်းကို အစိုးရနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ထောက်ခံခြင်းဖြစ်ကြောင်း အခိုင်အမာဖြေရှင်းသည်။

“အဲဒီသတင်းကို သိလိုက်တဲ့ အချိန်အံ့သြသွားတယ်။ တစ်မြို့နယ်လုံးမှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ မထင်ထားဘူး”ဟု ဦးမောင်သန်းမြင့်က ပြောဆိုသည်။

ဒေသခံများ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဖြစ်ကြသည်။ မြောက်ဦးမြို့နှင့် တစ်မိုင်ခန့်ဝေးကွာသည့် ပေါက်တောပြင် ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်တစ်ဝိုက်မှ အပ ကျန်သည့်ဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း မြောက်ဦးမြို့အခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ကိုရွှေသန်းကျော်ကပြောသည်။

“တိုက်ပွဲက အဲဒီမြို့ရဲ့ မြောက်ဘက်မှာ ပေါက်တောပြင် တစ်ဝိုက်မှာပဲ ဖြစ်တာပါ။ ကျန်တဲ့ နေရာတွေကလုံခြုံပါတယ်”ဟု သူကပြောသည်။

ဖရွန်းတီးယားမြန်မာသည် သြဂုတ်လအတွင်း မြောက်ဦးသို့ သွားရောက် သတင်းယူခဲ့စဉ်က မြို့ပေါ်တစ်ဝိုက်သည် အေးအေးချမ်းချမ်းဖြင့် ပုံမှန်လည်ပတ်လျက်ရှိသည်။ သို့သော် စစ်တွေသို့အပြန်  မြောက်ဦးမြို့ပြင် ပေါက်တောပြင်ရွာ အနီး၊ ရန်ကုန်-စစ်တွေ ကားလမ်းတွင် အေအေတပ်ဖွဲ့ဝင်အချို့ လက်နက်များဖြင့် သွားလာနေသည်ကို မြင်တွေ့ခဲ့ရသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် အရပ်သားများ ဖမ်းဆီးခံရမှုများ၊ သေဆုံးမှုများ၊ စစ်ဘေးရှောင်များစသည့် ဖိနှိပ်မှုများအတွက် အသံတစ်သံ ထွက်ပေါ်ရန် ရွေးကောက်ပွဲကို ဝင်ခဲ့ကြခြင်း ဖြစ်သည်ဟု ရခိုင်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများက ဆိုသည်။ သို့သော် ယခုတွင်မူ ထိုမျှော်လင့်ချက်များ ကင်းမဲ့သွားပြီဖြစ်သည်။

“အခုတော့ ကျွန်တော်တို့ ရခိုင်တွေတိုင်းရင်းသားတွေအပေါ် မတရားဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး အသံတွေမှ ထွက်လို့မရတော့ဘူး”ဟု ရခိုင်အမျိုးသားပါတီ၊ မြောက်ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းနေဝင်းက ပြောသည်။

နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိလျှင်မူ မြောက်ဦးအပါအဝင် အခြားရွေးကောက်ပွဲမကျင်းပဟု ကြေညာထားသည့် မြို့နယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်များကို ကြားဖြတ်ရွေးကောက်ပွဲများ အစောဆုံးကျင်းပနိုင်မည့် ၂၀၂၂တွင်မှ ရွေးချယ်နိုင်မည်ဖြစ်သည်။ အကြောင်းမှာ ရွေးကောက်ပွဲဥပဒေများ အရ ကြားဖြတ်ရွေးကောက်ပွဲများကို အစိုးရသစ်သက်တမ်း ပထမနှစ်နှင့် နောက်ဆုံးနှစ်တို့တွင် ကျင်းပခွင့်မရှိ၍ဖြစ်သည်။

ဦးထွန်းနေဝင်းကမူ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်ရာတွင် ရွေးကောက်ပွဲမကျင်းပခြင်းမှာ  မဲဆန္ဒရှင်များကို အခြားတစ်ဘက်သို့ တွန်းပို့သကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

“လွှတ်တော်နိုင်ငံရေးထွက်ပေါက် အားနည်းလာရင် တစ်ဘက်က စစ်မက်တွေ ပိုဖြစ်လာနိုင်တယ်” ဟု သူကပြောသည်။

၂၀၁၅ကကဲ့သို့ တစ်ပြည်နယ်လုံးမဲပေးခွင့်ရရှိလျှင်မူ ရခိုင်မဲဆန္ဒရှင်များ၏ မဲပေးမှုရလဒ်သည် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်မှုအပေါ် မလွှမ်းမိုးနိုင်ပါ။ ၂၀၁၅ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၅ခုအနက် ၂၂နေရာအထိ အနိုင်ရခဲ့သည်။ သို့သော်လည်း ပါတီ၏ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးကောက်တင်မြှောက်ရန် အကြံပြုချက်ကို အင်န်အယ်လ်ဒီပါတီက လျစ်လျူရှု၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသည့် အခွင့်အရေးကို အသုံးချကာ ပါတီဝင်ဦးညီပုကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ယင်းဖြစ်ရပ်များအပေါ်အခြေခံ၍ ပြည်မအခြေစိုက်ပါတီများဖြစ်သည့် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးတို့ ဦးဆောင်သည့် အစိုးရများထံမှ ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုရန်မှာ မဖြစ်နိုင်သလောက်ရှိသည်ဟု ရခိုင်နိုင်ငံရေးသမားများက နားလည်လက်ခံလာကြသည်။

မစခင်ကပြီးဆုံးနှင့်သည့် ကစားပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များတွင် ရွေးကောက်ပွဲကျင်းပရန် မရုတ်သိမ်းမီကပင်လျှင် ဦးထွန်းနေဝင်းနှင့် ဦးမောင်သန်းမြင့်တို့အဖို့ မြောက်ဦးတွင် မဲဆွယ်ရန်မှာ မလွယ်ကူပေ။ 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း အစအဖြစ် ရောဂါကူးစက်ခံရသူများကို ရခိုင်ပြည်နယ်တွင်  ပြီးခဲ့သည့် သြဂုတ်လလယ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။ ယင်းနောက် သြဂုတ်၂၆ရက်မှစ၍ တစ်ပြည်နယ်လုံးတွင် နေအိမ်တွင်သာနေထိုင်စေရေးအမိန့်ကို ထုတ်ပြန်ကြေညာခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျဉ်းများအရ လူ၅၀အထိ ကျန်းမာရေးအစီအမံများဖြင့် မဲဆွယ်စုရုံးခွင့်ရှိသည်။ သို့သော် နေအိမ်တွင်သာနေထိုင်စေရေး အမိန့်သက်ရောက်သည့် မြို့နယ်များတွင် မဲဆွယ်စည်းရုံးခွင့်ကို လုံးဝပိတ်ပင်ထားသည်။ သို့ဖြစ်ရာ ရခိုင်ပြည်နယ်ရှိ ကိုယ်စားလှယ်လောင်းများမှာ ပြင်ပတွင် စုဝေးခွင့်မရှိတော့ဘဲ အွန်လိုင်းကတစ်ဆင့်သာ မဲဆွယ်စည်းရုံးခဲ့ကြသည်။

သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရကခွင့်ပြုထားသည့် အင်တာနက်မှာ မြန်နှုန်းအလွန်နှေးကွေးသော 2Gကွန်ရက် အဆင့်ရှိသည်ဖြစ်ရာ အွန်လိုင်းမှတစဆင့် ရုပ်သံပြဆော့ဖ်ဝဲများဖြင့် မဲဆွယ်ရန်မှာ မဖြစ်နိုင်သည့်အနေအထားတွင် ရှိသည်။

ရွေးကောက်ပွဲမပယ်ဖျက်ခင်ကပင် အင်တာနက်ဖြတ်တောက်မှုနှင့် ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေး မလုပ်နိုင်အောင် ခက်ခဲခဲ့သည်ဟု ဦးမောင်သန်းမြင့်၊  ဦးထွန်းနေဝင်းတို့ နှစ်ဦးစလုံးနှင့် အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆိုသည်။ 

မြောက်ဦးမြို့နယ်တွင်
ဩဂုတ်လလယ် ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ဒုတိယလှိုင်းစတင်ခဲ့ချိန်တွင် မြောက်ဦးမြို့အတွင်း ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများကို စေတနာ့ဝန်ထမ်းများက အများပြည်သူသို့ လိုက်လံဝေငှစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ထို့ပြင် ရွေးကောက်ပွဲကျင်းပရန် မရေရာမှုများကြောင့် အချိန်နှင့်လုပ်အားများ အလဟသဖြစ်မည်စိုးသဖြင့် ရခိုင်ကိုယ်စားလှယ်လောင်းအချို့သည် မဲဆွယ်ကာလ တစ်လခန့်ကြာမြင့်သည်အထိ နယ်ဘက်သို့ စည်းရုံးရေးမဆင်းဘဲ စောင့်ကြည့်နေခဲ့သည်။

“ဒါက တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပါ။ ကိုဗစ် ကန့်သတ်ချက်အောက်မှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်လို့မရဘူး”ဟု ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းနေဝင်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“၂၀၁၅ တုန်းကဆို အခုအချိန်ဆို ကျွန်တော်တို့ အရမ်းလှုပ်ရှားနေပြီ။ မြို့နယ်ကော်မရှင်ရုံးကို စည်းရုံးရေးဆင်းမဲ့ နေရာတွေ တင်ပြပြီး ခရီးတွေ ထွက်နေပြီ”ဟု ၎င်းကပြောသည်။

မဲဆွယ်ကာလ တစ်လခန့်ကြာမြင့်ပြီးနောက်တွင်မူ ရခိုင်နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စား လှယ်လောင်းများသည် မြောက်ဦးတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ယူဆခဲ့ကြသည်။

“အဲဒါက မြောက်ဦးအတွက်ဆို အများကြီးဆုံးရှုံးတယ်။ တကယ်ဆို အချိန်အများကြီးစောပြီး ကြေညာထားသင့်တယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပရန် ကြေညာချိန် နောက်ကျခြင်းနှင့် ပတ်သက်၍ ဦးမောင်သန်းမြင့်က ပြောသည်။

မြောက်ဦးတစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်၏ဆုံးဖြတ်ချက်သည် အာဏာရ အင်န်အယ်လ်ဒီပါတီအပေါ် ထောက်ခံမှုနည်းသဖြင့်ဖြစ်သည်ဟု ကိုယ်စားလှယ်လောင်းများက ယုံကြည်ထားကြသည်။ သူတို့ တစ်ညီတစ်ညွတ်တည်းထောက်ပြသည်မှာ မြောက်ဦးထက် တိုက်ပွဲများ ပိုမိုပြင်းထန်သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ရွေးကောက်ပွဲကျင်းပရန် ကော်မရှင်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပလက်ဝမြို့ရှိ၊ မဲဆန္ဒနယ်များတွင် အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့သည်။ (သို့သော် ကော်မရှင်က ပလက်ဝမြို့နယ်၏ ကျေးရွာအုပ်စု အတော်များများတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြန်လည်ကြေညာခဲ့သည်။)

သို့သော် မြောက်ဦးတွင်မူ အင်န်အယ်လ်ဒီပါတီသည် မဲပေးသူစုစုပေါင်း၏ ဆန္ဒမဲလက်မှတ် ၄ရာခိုင်နှုန်းသာ ရရှိထားသည်။ မြောက်ဦးမြို့နယ်သည် ဧရိယာ ၁,၂၇၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ယင်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသများဖြစ်သည်။ လူဦးရေစုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်ကြောင်း အထွေထွေအုပ်ချုပ်မှူးဦးစီးဌာန၏ အချက်အလက်များ အရ သိရသည်။ ထို့ပြင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်တွင် စစ်ဘေးရှောင် အရေအတွက်မျာလည်း ၃၀,၀၀၀ ကျော်အထိရှိသည်။

ရွေးကောက်ပွဲပယ်ဖျက်လိုက်သဖြင့် ကိုယ်စားလှယ်လောင်းများအဖို့ စိတ်ပျက်ဒေါသ ထွက်ကြသော်လည်း ကျေးရွာများရှိမဲဆန္ဒနယ်များနှင့် စစ်ဘေးရှောင်များမှာမူ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက် သိပ်မထားခဲ့ကြပေ။ 

ဖရွန်းတီးယားမြန်မာက သြဂုတ်လကုန်ပိုင်းတွင် မြောက်ဦးသို့ သွားရောက်၍ သတင်းရယူစဉ်ကမူ ဒေသခံအများအပြားမှာ ခက်ခဲသည့် လူမှုဘဝအခြေအနေများကြောင့် ရွေးကောက်ပွဲထက်၊ ပဋိပက္ခဒေသတွင် ရှင်သန်နိုင်ရေး၊  ကိုဗစ်-၁၉ကာလတွင် မိသားစု စားဝတ်နေရေး စသည့် နိစ္စဓူဝ ကိစ္စရပ်များအတွက် အဓိကရုန်းကန်နေရသောကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့ကျလျက်ရှိသည်။ အချို့ဒေသခံများမှာမူ ၎င်းတို့နေထိုင်ရာ ဒေသတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်ကိုပင် မသိရှိပေ။ 

ရွေးကောက်ပွဲ ကျင်းပရန်နှစ်ပတ်ခန့်အလိုတွင်မူ မြောက်ဦး၏ ကျေးလက်နှင့် မြို့ပေါ် ဒေသနှစ်ခုလုံးရှိ ဒေသခံများသည် ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးရေးသတင်းများထက် သေနတ်သံများ၊ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများကိုသာ အာရုံစိုက်နေရပြီး အရပ်သားဖမ်းဆီးခံရမှုနှင့် သေဆုံးမှုအခြေအနေများကြောင့် စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ကြလျက်ရှိသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတာတောင် ဒီမတရားဖမ်းဆီးခံရမှုတွေ၊ သေဆုံးမှုတွေက ဖြစ်ပွားနေတယ်။ မရှိတော့ဘူးဆိုရင် အခုထက်ပိုဆိုးလာမယ်”ဟု မြောက်ဦးလူငယ်များအစည်းအရုံး ဒုတိယဥက္ကဋ္ဌ မဦးမြင့်ရီက ပြောသည်။

“တိုက်ပွဲတွေ ဒီထက်ပိုများလာမှာကို တော်တော်စိုးရိမ်တယ်”

A woman plants rice near a historic brick pagoda in Mrauk-U Township, Rakhine State on August 21. (Hkun Lat | Frontier)
မြောက်ဦးမြို့၊ ရှေးဟောင်းဘုရားပုထိုးများအနီး လယ်ကွင်းတစ်ခုတွင် လယ်စိုက်နေသော အမျိုးသမီးတစ်ဦးကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မြောက်ဦး၊ စစ်တလင်းတွင် ဒီမိုကရေစီကို ရှာဖွေခြင်း

ရှေးဟောင်းဘုရားပုထိုးများရှိရာမြောက်ဦးတွင်မူ တောက်လောင်ဆဲ စစ်ရေးပဋိပက္ခကြောင့် ဒေသခံများကမူ ကျင်းပရန်လအနည်းငယ်သာလိုတော့သည့် ရွေးကောက်ပွဲတွင် မဲပေးရမည့်အရေးကို စိတ်မဝင်စားနိုင်ဖြစ်ကြရသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ကောင်းဆက်နိုင် ရေးသားသည်။

ရခိုင်ဘုရင်မင်းဆက် စိုးစံခဲ့စဉ် ၁၄၃၀မှ ၁၇၈၅အထိ နှစ်သုံးရာကျော် နန်းစိုက်ခဲ့သော မြောက်ဦးမြို့သည် မြန်မာနိုင်ငံတွင်း ပုဂံနှင့်အပြိုင် ထင်ရှားလှသော ရှေးဟောင်းသမိုင်းအမွေအနှစ်မြို့တော်ဖြစ်သည်။

ကြီးမားလှသောရှေးဟောင်း အုတ်စေတီများနှင့် ရာချီရှိသောစေတီပုထိုးများရှိရာ မြောက်ဦးသည် ရခိုင်တိုင်းရင်းသားတို့၏ အတိတ်က သမိုင်းကြောင်း၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားပုံများကို  အခိုင်အမာမြင်တွေ့နိုင်သော မြို့လည်းဖြစ်သည်။

ယင်းကြောင့်ပင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကိုဖြေရှင်းရန် အစိုးရကဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်သည် ၂၀၁၇အတွင်း မြောက်ဦးမြို့ကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရရေး အရှိန်မြှင့်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်က မြောက်ဦးကို “ရခိုင်လူမျိုးများ၏ အထင်ရှားဆုံးသမိုင်းနှင့် ယဉ်ကျေးမှုအစဉ်အလာပြယုဂ်”ဟုပင် ခေါ်ဆိုခဲ့သည်။

သို့သော် လွန်ခဲ့သည့်နှစ်နှစ်အတွင်း နန်းမြို့ဟောင်းမြောက်ဦးသည် ရက္ခိုင့်တပ်တော် (အေအေအဖွဲ့) နှင့် မြန်မာ့တပ်မတော်တို့၏ ပြင်းထန်သောတိုက်ပွဲများအကြား ကျရောက်ခဲ့သည်။ ရလဒ်အဖြစ် နိုဝင်ဘာ၈ရက်တွင် မြောက်ဦးမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာဝေဝါးလျက်ရှိသည်။ ဒေသခံမဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲတာဝန်ရှိသူများအကြား စိုးထိတ်မှုများနှင့် မလုံခြုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးသည်။

တပ်မတော်သည် မြောက်ဦးမြို့ပတ်ဝန်းကျင်ရှိ မြင့်မားသည့် တောင်ကုန်းအများအပြားတွင် စခန်းချ၍ နေရာယူထားပြီး မြို့အဝင်အထွက် လမ်းမကြီးများတွင်လည်း စစ်ဆေးရေးဂိတ်များဖြင့် လုံခြုံရေးကို တင်းကျပ်ထားသည်။ မြို့တွင်းဧရိယာသို့ပင် တပ်မတော်စစ်ကြောင်းများ မကြာခဏ ဖြတ်သန်းလေ့ရှိသည်။ လွန်ခဲ့သည့် ဇူလိုင်လကုန်က မြောက်ဦးမြို့အထွက်တွင် အေအေအဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး တပ်မတော်က လေကြောင်းပစ်ခတ်မှုများပြုလုပ်သည်အထိ တိုက်ပွဲများက ပြင်းထန်ခဲ့သည်။

၂၀၁၉၊ ဇွန်ကစ၍ အစိုးရက မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်ရှစ်ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အင်တာနတ်ဖြတ်တောက်ခဲ့သည်။ အစိုးရက ရက္ခိုင့်တပ်တော်၏ စစ်ဆင်ရေးလှုပ်ရှားမှုများကို ထိန်းချုပ်ရန် အင်တာနက်လိုင်းကို ပိတ်ဆို့ဖြတ်တောက်ခဲ့ခြင်းဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပလူ့အခွင့်အရေးအဖွဲ့အစည်းများကမူ တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်ကြိုးစားခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

ယခုနှစ် သြဂုတ်တွင် အစိုးရက အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သော်လည်း 2Gဆက်သွယ်မှုကွန်ရက်သာဖြစ်ပြီး အသုံးပြု၍မရနိုင်လောက်အောင် မြန်နှုန်းနှေးကွေးကြောင်း ဖရွန်းတီးယားမြန်မာက လေ့လာတွေ့ရှိခဲ့ရသည်။

ထိုသို့သော စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝန်ထမ်းများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တစ်နေရာမှတစ်နေရာသို့ သွားလာရာတွင် နယ်မြေလုံခြုံရေးကိုနားစွင့်၍ သွားလာနေရသည်။

“စိတ်မချရတဲ့နေရာက ဘယ်နေရာရယ်လို့ တိတိကျကျပြောလို့မရဘူး။ နယ်ဘက်သွားမယ်ဆို အခြေအနေ နားထောင်ပြီးမှ သွားကြတယ်။ ဥပမာ ရပ်ကျေးကော်မရှင်က မြို့ကိုလာတယ်။ လမ်းမှာ တစ်ခုခုဖြစ်တယ်ကြားတယ်။ အဲဒါဆို လှည့်ပြန်ရတယ်”ဟု မြောက်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သီတာခိုင်ကပြောသည်။

လူထုစိတ်ဝင်စားမှုမြင့်တက်ခဲ့သော ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားရေးအတွက်ပေါင်းစည်း၍ ရခိုင်နိုင်ငံရေးသမားများသည် ပြည်နယ်အနှံ့ ရခိုင်အမျိုးသားပါတီအလံအောက်က ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒရှင်များ၏ တစ်ခဲနက်ထောက်ခံမှုရရှိခဲ့သည်။ ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်၏ မဲဆန္ဒနယ် ၃၅နေရာတွင် ၂၂နေရာအထိ အနိုင်ရရှိခဲ့သည်။

သို့သော် သမ္မတဦးထင်ကျော်သည် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားသော ဝန်ကြီးချုပ်ခန့်အပ်ခွင့်အာဏာကို အသုံးပြု၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးညီပုကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်ချိန်တွင်မူ ရခိုင်တိုင်းရင်းသားများ၏ အောင်ပွဲအတွက် ပျော်ရွင်မှုပီတိများမှာ စိတ်ပျက်ခြင်းများနှင့် မကျေနပ်မှုများအဖြစ် ပြောင်းလဲသွားသည်။

မြောက်ဦးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးဒေါ်သီတာခိုင်က ဩဂုတ်လတတိယအပတ်က ဖရွန်းတီးယားမြန်မာကို ၎င်း၏ရုံးခန်းတွင် လက်ခံတွေ့ဆုံခဲ့သည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရခိုင်အမျိုးသားရေးဝါဒသိပ်အားမကောင်းသည့်နေရာများအဖြစ် ယူဆနိုင်သည့် ပြည်နယ်တောင်ပိုင်း မြို့နယ်အချို့တွင် အင်န်အယ်လ်ဒီပါတီသည် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ကိုးနေရာတွင်သာ အနိုင်ရရှိခဲ့သည်။ သို့ဖြစ်ရာ ပြည်နယ်အတွင်း နေရာအများစုတွင် အနိုင်ရ၍ ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ခွင့်ရရှိရန် ရခိုင်အမျိုးသားပါတီက တောင်းဆိုခဲ့သည်။​

သို့သော် ယင်းသို့ တောင်းဆိုချက်ကို လျစ်လျူရှု၍ ဦးညီပုကိုဝန်ကြီးချုပ်အဖြစ် အင်န်အယ်လ်ဒီပါတီက ခန့်အပ်ခဲ့ခြင်းသည် ရခိုင်အမျိုးသားပါတီနှင့် ၎င်းကိုထောက်ခံသည့် မြောက်ဦး အပါအဝင် ပြည်နယ်အတွင်းက မဲဆန္ဒရှင်များအဖို့ မျက်နှာကိုဖြတ်ရိုက်ခံရသကဲ့သို့ဖြစ်သည်။ အချို့ဒေသခံ ရခိုင်တိုင်းရင်းသားများကမူ ၁၇၈၅တွင် ကုန်းဘောင်မင်းဆက်က ရခိုင်ဘုရင့်နိုင်ငံတော်ကို သိမ်းပိုက်ခံရသည့် အတိတ်သမိုင်းကို ပြန်လည်အမှတ်ရစေသကဲ့သို့ ဖြစ်သည်ဟု ဆိုကြသည်။

၂၀၁၄ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မြောက်ဦးမြို့နယ်တွင် လူဦးရေ ၁၈၉,၆၃၀ဦးရှိသည်ဟုဆိုသော်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မကြာသေးမီက ထုတ်ပြန်သော အစီရင်ခံစာအရ လူဦးရေ ၂၄၄,၈၉၁ဦးအထိ ရှိသည်။ မြို့နေသူ ၈၇ရာခိုင်နှုန်းမှာ ရခိုင်တိုင်းရင်းသားများဖြစ်ပြီး မြောက်ဘက်တွင် ချင်းပြည်နယ်နှင့် ထိစပ်နေသောကြောင့် ချင်းတိုင်းရင်းသား ၄,၅၀၀ခန့်လည်း မြောက်ဦးမြို့နယ်တွင်နေထိုင်သည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် မြောက်ဦးမြို့လူဦးရေ၏ ၆၈ရာခိုင်နှုန်းနီးပါး (၁၄၁,၄၄၆ဦး) မဲပေးခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီသည် ပြည်နယ်၊ ပြည်ထောင်စုအဆင့်လွှတ်တော်အတွက် မဲဆန္ဒနယ် လေးခုစလုံးတွင် မဲရလဒ် ၇၅ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဆန္ဒမဲ ၁၀ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်သည့် ၂၀၁၅ရွေးကောက်ပွဲမဲရလဒ်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲကာလက ရခိုင်တိုင်းရင်းသားများအောင်ပွဲခံခဲ့သည့် မြောက်ဦးမြို့မှာ ယခုအခါ ကျည်ဆံများကြား ရောက်ရှိနေသည်။ တိုက်ပွဲများကြောင့် မြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း၂၆ခုရှိပြီး စစ်ဘေးဒုက္ခသည်အရေအတွက် ၁၈,၀၀၀ဝန်းကျင်အထိရှိသည်။ ထို့ပြင် ဒေသခံအရပ်သားများ ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် သတ်ဖြတ်ခံရမှုများလည်း ရှိနေသည်။

အချို့စစ်ဘေးရှောင်စခန်းများသည် မြောက်ဦး၏ ရှေးဟောင်းအမွေအနှစ်များဖြစ်သော ရှစ်သောင်း(တည်ထားနှစ် – ၁၅၃၅)၊ ထုက္ကန်သိမ် (တည်ထားနှစ်- ၁၅၇၁)နှင့် လေးမျက်နှာ (တည်ထားနှစ် – ၁၄၃၀)စသည့် ဘုရားပုထိုးများအနီးတွင် တည်ရှိနေသည်။ ပဋိပက္ခစစ်မီးအရှိန်ကြောင့် မြောက်ဦးဒေသခံများမှာ လာမည့်နိုဝင်ဘာရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလျော့နည်းနေပြီး တိုက်ပွဲများဖြစ်လာမည်ကိုပဲ​ ပို၍အာရုံစိုက်ကာ စိုးရွံ့လျက်ရှိကြသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သြဂုတ်လကုန်ပိုင်းက ရရှိသောစာရင်းများအရ မြောက်ဦးမြို့နယ်တွင် ယခုနှစ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၁၅၇,၆၇၄ဦးရှိသည်။ သို့သော် ပထမအကြိမ်မဲစာရင်းကပ်ထားစဉ်က မဲစာရင်းစစ်ဆေးသူဦးရေမှာ ၃၀ရာခိုင်နှုန်းကျော်သာ ရှိခဲ့သည်။ မဲစာရင်းတွင် မှားယွင်းမှုများနှင့် အမည်စာရင်းမပါဝင်သည့်အတွက် ပြန်လည်ပြင်ဆင်လျှောက်ထားသူ ဦးရေမှာမူ ၂၀၀ဝန်းကျင်သာရှိခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန်မှာ လပိုင်းသာလိုတော့သော်လည်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် ဒေသခံများ အများဆုံးပြောဆိုဖြစ်သည့် အကြောင်းအရာမှာ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အကြောင်းအရာမဟုတ်။ လက်နက်ကိုင်ပဋိပက္ခ၊ ရက္ခိုင့်တပ်တော်နှင့် ပတ်သက်သည့်အကြောင်းအရာများသာဖြစ်သည်။

ဖရွန်းတီးယားမြန်မာက ဩဂုတ်လအတွင်း မြောက်ဦးသို့သွားရောက်ခဲ့စဉ်က စားသောက်ဆိုင်အချို့သို့ သွားရောက်ခဲ့သည်။ စားသောက်ဆိုင်အတွင်းသို့ ကျွန်တော်တို့ဝင်လိုက်သည်နှင့် ဒေသခံများမှာ စကားပြောနေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။ ကျွန်တော်တို့ကို အကဲခတ်ပြီး လုံခြုံစိတ်ချရပြီဟု ၎င်းတို့ယူဆသောအခါမှသာ ပြောလက်စ စကားကိုဆက်ပြောကြသည်။

သို့သော် ပြောဆိုသည့်အကြောင်းအရာများတွင် ရွေးကောက်ပွဲသတင်း မပါသလောက်ဖြစ်သည်။ လူငယ်အများအပြားနှင့် လူလတ်ပိုင်းဒေသခံများသည် အင်တာနက်လိုင်းကောင်းသော နေရာများဖြစ်သည့် မြို့နီးတဝိုက် တောင်ကုန်းများပေါ်သို့ တက်ရောက်၍ ကမ္ဘာနှင့်အဆက်အသွယ်ပြုကြရသည်။ ၎င်းတို့သည် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် သတင်းများထက် တိုက်ပွဲနှင့် ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှု သတင်းများကိုသာ စိတ်ဝင်တစား ပို၍ဖတ်ရှုကြသည်။

“‘ငါတို့မဲပေးလည်း ဘာမှမထူးဘူး’… လူအများစုက အဲဒီလိုဖြစ်နေတယ်။ (ရွေးကောက်ပွဲကို) စိတ်မဝင်စားကြဘူး”ဟု မြောက်ဦးလူငယ်များအစည်းအရုံးဒုတိယဥက္ကဋ္ဌ မဦးမြင့်ရီက ပြောသည်။ မြောက်ဦးလူငယ်များအစည်းအရုံးသည် အဖွဲ့ဝင်၂၀၀ဝန်းကျင်ခန့်ရှိပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ရပ်တန့်ရန်အလားအလာနည်းပါးနေသေးသည့် စစ်ရေးပဋိပက္ခ၊ သြဂုတ်လလယ်က ရခိုင်တွင် စတင်ခဲ့သည့် ကိုဗစ်-၁၉ဒုတိယလှိုင်းတို့ကြောင့် လူများစုမှာ နိစ္စဓူဝကိစ္စရပ်တစ်ခုဖြစ်သည့် စားဝတ်နေရေးအတွက်သာ ဗျာများနေရသည်ဟု မဦးမြင့်ရီကဆိုသည်။​ နိုင်ငံရေးလုပ်ငန်းစဉ် တစ်ခုဖြစ်သည့် ရွေးကောက်ပွဲနှင့် မဲပေးခြင်းက ယင်းပြဿနာများကို ထိရောက်စွာ ဖြေရှင်းမပေးနိုင်ဟု ဒေသခံများက ယူဆကြောင်း ၎င်းကဆိုသည်။

မြောက်ဦးမြို့နယ်ရှိ ရှစ်သောင်းကယ်ဆယ်ရေးစခန်းအတွင်းက ဒေသခံစစ်ဘေးရှောင်အချို့ကို ဩဂုတ်လတတိယအပတ်က မြင်တွေ့ခဲ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မြောက်ဦးဒေသခံများသည် ၎င်းတို့ရွေးချယ်တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမှုမရှိဟု ၎င်းကဆိုသည်။​ သို့တိုင် အများစု၏ မဲပေးလိုခြင်းမရှိသည့် စိတ်ဆန္ဒကပို၍အလေးသာနေသည်။

“ပြီးခဲ့တဲ့ငါးနှစ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်ချက်တွေကို အားမရတာလည်း ပါတယ်”ဟု မဦးမြင့်ရီကပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် မြောက်ဦးမြို့နယ်မဲဆန္ဒနယ်များတွင် ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်လ်ဒီပါတီအပါအဝင် နိုင်ငံရေးပါတီခုနှစ်ခုမှ ကိုယ်စားလှယ်လောင်း၂၄ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အစဉ်အလာအရ မြောက်ဦးတွင် ရခိုင်နိုင်ငံရေးပါတီများသာ အနိုင်ရခဲ့သည်။ သို့သော် ရခိုင်နိုင်ငံရေးသမားများအကြား သဘောထားကွဲလွဲမှုများနှင့် ရခိုင်အမျိုးသားပါတီအတွင်း အကွဲအပြဲများကြောင့် ယခုနှစ်ရွေးကောက်ပွဲရလဒ်သည် ပို၍ခန့်မှန်းရခက်နေသည်။ ရခိုင်အမျိုးသားပါတီသည် ပါတီခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်တည်ထောင်ထားသည့် ရခိုင့်ဦးဆောင်ပါတီနှင့် အပြင်းအထန်ပြိုင်ဆိုင်ရမည်ဖြစ်သည်။

သက်တမ်းနှစ်နှစ်သာရှိသေးသော်လည်း ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒရှင်များအပေါ် ဩဇာလွှမ်းမိုးမှုအတိုင်းအတာတစ်ခုအထိရှိသေးသော နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။ ရသေ့တောင်မြို့နယ်တွင်ကျင်းပခဲ့သော ရခိုင့်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းအခမ်းအနားတွင် ဗမာလွှမ်းမိုးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် ရခိုင်တိုင်းရင်းသားများကို “ကျွန်”အဆင့်သာ သဘောထားကြောင်းဟောပြောခဲ့သည်ဟုဆိုကာ အစိုးရက ဒေါက်တာအေးမောင်ကို ဖမ်းဆီးခဲ့ တရားစွဲဆိုခဲ့သည်။

၂၀၁၉၊ မတ်တွင် စစ်တွေခရိုင်တရားရုံးက ၎င်းကိုနိုင်ငံတော်ပုန်ကန်မှုဖြင့် ထောင်ဒဏ် အနှစ်၂၀ချမှတ်ခဲ့သည်။ ထောင်သွင်းအကျဉ်းချခံရပြီး နှစ်လအကြာ မေတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၎င်း၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရပ်တည်ပိုင်ခွင့်ကို ရုတ်သိမ်းခဲ့သည်။ သို့တိုင် ဒေါက်တာအေးမောင်သည် ယခုအထိ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရရှိထားဆဲဖြစ်သည်။

မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ရခိုင်အမျိုးသားပါတီဝင် ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစောသည် ယခုနှစ်တွင် လွှတ်တော်နိုင်ငံရေးမှအနားယူတော့မည်ဖြစ်သည်။ ၎င်း၏နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်အမျိုးသားပါတီက အသက်၃၆နှစ်ရှိပြီဖြစ်သည့် ဦးထွန်းနေဝင်းဆိုသူကို ရွေးချယ်ထားသည်။ ၎င်းသည် ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီမှ အသက်၆၂နှစ်ရှိပြီဖြစ်သည့် ကိုယ်စားလှယ်လောင်းဦးမောင်သန်းမြင့်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒေါ်မိရွှေဖြူသည် မြောက်ဦးမြို့ပေါ်က မိုးချယ်ရီစားသောက်ဆိုင်ပိုင်ရှင်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များကို မည်သည့်အခက်အခဲများဖြေရှင်းပေးစေလိုသနည်းဟု ဖရွန်းတီးယားမြန်မာက မေးမြန်းသော် ၎င်းက အားပါးတရရယ်မော၍ မေးခွန်းပြန်ထုတ်သည်။

“ကျွန်မတို့ အခက်အခဲတွေကိုပြောပြရင် သူတို့က ဖြေရှင်းပေးမှာလား”ဟု ဒေါ်မိရွှေဖြူကပြောသည်။

မြောက်ဦးမြို့ကိုယခင်ကဲ့သို့ ငြိမ်းချမ်းစေလိုကြောင်း မြို့ခံတစ်ဦးဖြစ်သူ မိုးချယ်ရီစားသောက်ဆိုင်ပိုင်ရှင် ဒေါ်မိရွှေဖြူက ဩဂုတ်လအတွင်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အနှစ်၂၀သက်တမ်းရှိပြီဖြစ်သော ၎င်း၏ မိသားစုလုပ်ငန်း မိုးချယ်ရီစားသောက်ဆိုင်သည် ရှေးဟောင်းဘုရားများနှင့်မလှမ်းမကမ်း ရန်ကုန်-စစ်တွေကားလမ်းနံဘေးတွင်တည်ရှိကာ ယခင်က မြောက်ဦးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသားများဖြင့် စည်စည်ကားကားရှိခဲ့သည်။ ၂၀၁၈၊ ဒီဇင်ဘာတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲများမဖြစ်ခင်ကာလအထိ တစ်ရက်လျှင် ငွေကျပ်၁၀သိန်းခန့်အထိ ဝင်ငွေရှိခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်အတွင်း တိုက်ပွဲများကြောင့် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု ရပ်တန့်ခဲ့ပြီး ၎င်း၏စားသောက်ဆိုင်ဝင်ငွေ အကြီးအကျယ် ထိခိုက်ခဲ့သည်။

“မြို့ကို တည်တည်ငြိမ်ငြိမ်၊ ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်စေချင်တယ်။ အေးချမ်းမှ ခရီးသွားတွေ လာမှာလေ။ အဲဒီတော့မှ လုပ်ငန်းလည်းပုံမှန်ပြန်လည်ပတ်လို့ရမှာ”ဟု ဧည့်သည်ဆိတ်သုဉ်းနေသည့် မိုးချယ်ရီစားသောက်ဆိုင်ခန်းမအတွင်းထိုင်နေသည့် ဒေါ်မိရွှေဖြူကပြောသည်။

ရခိုင်ပါတီတစ်ခုခုကိုသာ မဲပေးမည်ဖြစ်သော်လည်း မဲပေးမည့်ပါတီကို ၎င်းကမရွေးချယ်ရသေးပေ။ မြောက်ဦးမြို့သို့ ငြိမ်းချမ်းရေးဆောင်ကြဉ်းလာမည့် ကိုယ်စားလှယ်ကိုသာမျှော်လင့်နေသည်ဟု ဆိုသည်။

“အနားနီးမှ လူကိုကြည့်ပြီးဆုံးဖြတ်မယ်”ဟု ဒေါ်မိရွှေဖြူက ပြောသည်။

နိုဝင်ဘာရွေးကောက်ပွဲသည် အသက်၂၂နှစ်သာရှိသေးသော မြောက်ဦး၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ ကိုမောင်မောင်ဌေးအတွက် ပထမဆုံးမဲပေးရမည့်အကြိမ်ဖြစ်သည်။ သို့သော် အိမ်သုံးလျှပ်စစ်ပစ္စည်းများပြုပြင်သူ ကိုမောင်မောင်ဌေးသည် ပထမအကြိမ် မဲစာရင်းကပ်ထားစဉ်က ၎င်း၏အမည်ကို သွားရောက်မကြည့်ရှုနိုင်ခဲ့ပေ။

အရပ်သားများနှောင့်ယှက်ခံရခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကို ရပ်တန့်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလိုချင်မိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ စျေးတွေ၊ ဘာတွေသွားရင်လည်း စစ်ကြောင်းတွေရှိတယ်။ ရှိရင် သူတို့ကကျွန်တော်တို့ ယောက်ျားလေးတွေဆို ဖုန်းတွေ၊ ဘာတွေကိုစစ်တယ်။ စစ်ပြီးဖမ်းခေါ်သွားရင် ဘာမှလုပ်လို့ မရဘူးလေ။ အဲဒီလိုပြဿနာတွေဖြေရှင်းပေးမဲ့ နိုင်ငံရေးသမားတွေလိုချင်တယ်”ဟု စိုးရိမ်သည့်လေသံဖြင့် ကိုမောင်မောင်ဌေးက ပြောသည်။

လာမည့်ရွေးကောက်ပွဲတွင် ဒေါက်တောအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီကို မဲပေးရန် ၎င်းကရည်ရွယ်ထားသည်။

၂၀၁၅ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမှုရာခိုင်နှုန်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်သည့် အချက်အလက်များကို ကိုးကား၍​ Thibi အဖွဲ့က ရုပ်ပုံကားချပ်ရေးဆွဲခြင်းဖြစ်သည်။
Kaung Hset Naing

Kaung Hset Naing

Kaung Hset Naing began his journalism career at The Voice in 2013. Before joining Frontier in July 2020 he also worked for Mon state-based Hinthar Media, Mizzima and BETV Business.
Share on facebook
Share on twitter
Share on email

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar