This post is also available in: English Myanmar

မဲဆန္ဒနယ်ငါးခုက ရွေးကောက်ပွဲအခြေအနေ

မြစ်ကြီးနား

၂၀၁၅ရွေးကောက်ပွဲ​ မဲဆွယ်ကာလက မြစ်ကြီးနားမြို့နယ်ရှိ အင်န်အယ်လ်ဒီပါတီထောက်ခံသူအချို့ကို မဲဆွယ်စည်းရုံးလှုပ်ရှားမှုတစ်ခုတွင် မြင်တွေ့ခဲ့ရစဉ်။ (စတိဖ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

ကချင်ပြည်နယ်တွင် ကချင်ပါတီ၏ ရွေးကောက်ပွဲရှုံးနိမ့်မှုကို အဖြေရှာကြည့်ခြင်း

နိုဝင်ဘာ၈ရက်တွင် မျှော်မှန်းသလောက် အနိုင်မရရှိခဲ့ခြင်းကြောင့် ကချင်ပြည်နယ်ပြည်သူ့ပါတီဝင်များသည် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။​ သို့သော် ယင်းသို့ရှုံးနိမ့်ခြင်းသည် ၎င်းတို့ကြောင့်မဟုတ်ဘဲ အခြားသော အကြောင်းတရားများကြောင့် ဖြစ်သည်ဟု ၎င်းတို့က အခိုင်အမာဆိုသည်။

ဖရွန်းတီးယားမြန်မာက ၂၀၂၀ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ပြည့်စုံအောင် ရေးသားသည်။

နိုဝင်ဘာ၈ရက်က ရွေးကောက်ပွဲရှုံးနိမ့်မှုဟာ ဘာကြောင့်၊ ဘယ်သူ့အပြစ်ကြောင့်ဆိုတဲ့အပေါ် ကချင်ပြည်နယ်ပြည်သူ့ပါတီအဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ ဒါပေမဲ့ သူတို့အားလုံးသဘောတူတာက ဒါဟာ ပါတီရဲ့အားနည်းချက်ကြောင့် မဟုတ်ဘူးဆိုတာပါပဲ။

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားမှာ နိုဝင်ဘာ၈ရက်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဟာ ရှောရှောရှူရှူ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပါတယ်။ မြစ်ကြီးနားမြို့မှာ မဲပေးခွင့်ရှိသူစုစုပေါင်းရဲ့ ၅၈ရာခိုင်နှုန်းကျော်သာ မဲလာပေးခဲ့ကြပေမဲ့ ရွေးကောက်ပွဲနေ့က မဲပေးဖို့ တန်းစီစောင့်နေတဲ့ လူအုပ်တန်းကြီးကတော့ အင်မတန်ရှည်လျားလှပါတယ်။

တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ)က ဆန္ဒမဲအားလုံးရဲ့ အများစုဖြစ်တဲ့ ၅၄ရာခိုင်နှုန်းနီးပါး အနိုင်ရရှိခဲ့ပါတယ်။ 

အင်န်အယ်လ်ဒီပါတီဟာ ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ငါးနှစ်ကထက်တောင် ပိုမိုစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် ဒီနှစ်ရွေးကောက်ပွဲမှာ နေရာအတော်များများ အနိုင်ရလိမ့်မယ်လို့ အများမျှော်လင့်ထားတဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ (ကေအက်စ်ပီပီပါတီ)ရဲ့ မျှော်လင့်ချက်တွေကိုလည်း ရိုက်ချိုးနိုင်ခဲ့ပါတယ်။

ပြည်နယ်တွင်းက တိုင်းရင်းသားအုပ်စုတော်တော်များများက သူတို့ကိုအစိုးရက နိုင်ငံရေးအရ ဘေးပထုတ်ခံထားရတယ်လို့ ခံစားခဲ့ရကြောင်း ရွေးကောက်ပွဲမတိုင်ခင်က ထုတ်ဖော်ပြောဆိုထားပါတယ်။ အင်န်အယ်လ်ဒီအစိုးရရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်ချက်တွေကို အားမလို၊ အားမရဖြစ်ကြကြောင်းလည်း မဲဆွယ်ကာလမှာ ဒေသခံမဲဆန္ဒရှင်တွေက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

ဒါပေမဲ့ နိုဝင်ဘာ၈ရက်မှာတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အတော်များများအတွက် ယှဉ်ပြိုင်ရာမှာ အင်န်အယ်လ်ဒီပါတီက အသာစီးရခဲ့ပါတယ်။​ နေရာ ၄၀ရှိတဲ့ ပြည်နယ်လွှတ်တော်မှာ အင်န်အယ်လ်ဒီက ၂၈နေရာ အနိုင်ရရှိခဲ့ပါတယ်။​ ၂၆ နေရာပဲနိုင်တဲ့ ၂၀၁၅ရွေးကောက်ပွဲနဲ့ယှဉ်ရင် ပိုတိုးပြီးအနိုင်ရရှိခဲ့တာလို့ ဆိုနိုင်ပါတယ်။

တပ်မတော်ကိုယ်စားလှယ် ၁၃ယောက်ရှိနေမှာဖြစ်ပေမဲ့ အင်န်အယ်လ်ဒီက ပြည်နယ်လွှတ်တော်မှာ နေရာအများစုလွှမ်းမိုးနိုင်တဲ့ပါတီဖြစ်လာပြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့ကို စိတ်ကြိုက်ရွေးချယ်တင်မြှောက်ခွင့်ရှိမှာဖြစ်ပါတယ်။

မြစ်ကြီးနားမဲဆန္ဒနယ်ပြမြေပုံ။ (Thibi အဖွဲ့ ရေးဆွဲသည်)

ဒီအချိန်မှာ ကေအက်စ်ပီပီကတော့ ပြည်နယ်လွှတ်တော်မှာသုံးနေရာနဲ့ ပြည်သူ့လွှတ်တော်မှာ တစ်နေရာသာ အနိုင်ရရှိထားပါတယ်။ ကေအက်စ်ပီပီက မြစ်ကြီးနားမြို့မှာဆိုရင် ဆန္ဒမဲစုစုပေါင်းရဲ့ ၁၇ရာခိုင်နှုန်းသာရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီထက်တောင် လျော့နည်းတဲ့ မဲအရေအတွက် ပမာဏဖြစ်ပါတယ်။

“တရားဝင်ရလဒ်တွေ ထွက်မလာခင်အထိ အနိုင်ရမယ်ဆိုတာ ကျွန်မမသေချာသေးဘူး။ အစဉ်အလာအတိုင်းပဲ။ ပြည်ခိုင်ဖြိုးဟာ အားကောင်းတဲ့ပြိုင်ဘက်ဖြစ်ပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီကလည်း ပြည်နယ်တွင်းမှာ လူထုထောက်ခံမှုရရှိလာတယ်”လို့ မြစ်ကြီးနား ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ အင်န်အယ်လ်ဒီပါတီဝင် ဒေါ်ကေရွယ်အောင်က ပြောပါတယ်။

ကိုဗစ်-၁၉ကန့်သတ်ချက်တွေကြောင့် တခြားသူတွေ မဲဆွယ်စည်းရုံးခွင့်မရှိချိန်မှာ အင်န်အယ်လ်ဒီပါတီက မဲဆန္ဒရှင်တွေနဲ့ ပိုပိုသာသာ ထိတွေ့ဆက်ဆံမှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရှိန်အဝါနဲ့ အာဏာရပါတီဖြစ်နေတဲ့အတွက် ရရှိတဲ့အားသာချက် စတဲ့အကြောင်းတရားတွေကြောင့် အင်န်အယ်လ်ဒီပါတီက ကချင်ပြည်နယ်မှာ နေရာအများစုအနိုင်ရရှိခဲ့တာဖြစ်နိုင်ပါတယ်။

“ကျွန်တော်တို့က သီးခြားလိုဖြစ်နေတာ။ ကျွန်တော်တို့ဆီ ဘယ်ပါတီမှ သိပ်မလာဘူး။ အင်န်အယ်လ်ဒီပါတီအဖွဲ့ဝင်တွေကတော့ ကျွန်တော်တို့ မဲစာရင်းမှာပါအောင် ကူညီဆောင်ရွက်ပေးတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့တစ်မိသားစုလုံး သူ့ပဲမဲပေးတယ်”လို့ ဦးမြင့်ဌေးက ပြောပါတယ်။ 

ဦးမြင့်ဌေးဟာ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ကနေ မြစ်ကြီးနားကို မိသားစုအလိုက်ပြောင်းရွှေ့ပြီး ငှက်ပျောစိုက်ခင်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပြည်တွင်းရွှေ့ပြောင်းလုပ်သားတစ်ဦးဖြစ်ပါတယ်။

နိုဝင်ဘာ၈ရက်က မဲပေးရန် တန်းစီစောင့်ဆိုင်းနေသာ မဲဆန္ဒရှင်များကို မဲရုံဝန်ထမ်းတစ်ဦးက ကိုယ်ပူချိန်တိုင်းတာနေသည်ကို မြင်တွေ့ရစဉ်။ (ဂျေအမ် အဲလိဇဘတ် | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲမှာ ထင်သလောက်အောင်မြင်မှုမရခဲ့တာကြောင့် ကေအက်စ်ပီပီရဲ့ ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြရပါတယ်။

တကယ်တော့ ကေအက်စ်ပီပီကို ကချင်ပြည်နယ်အတွင်း အခြေစိုက်တဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ စုပေါင်းတည်ထောင်ထားတာဖြစ်ပြီး ပြိုင်ဘက်ပါတီတွေကို စုစုစည်းစည်းရင်ဆိုင်ဖို့နဲ့ မဲမကွဲစေဖို့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

စိတ်ပျက်ဖွယ်ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာခြင်းအတွက် ပါတီတာဝန်ရှိသူတွေမှာ အကြောင်းပြချက်များစွာ၊ အပြစ်တင်စရာများစွာရှိခဲ့ပါတယ်။ ကိုဗစ်-၁၉ကြောင့် မဲဆွယ်ကာလ လူ၅၀ထက်ပိုမစုရဆိုတဲ့ ကန့်သတ်ချက်ကလည်း ဒီအကြောင်းပြချက်တွေမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အောက်တိုဘာလဆန်းပိုင်းမှာ နိုင်ငံရေးပါတီတွေဟာ စီတန်းလှည့်လည်ပြီး မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ရောဂါပိုး ပျံ့နှံ့နိုင်ကြောင်း အကြီးအကျယ်ဝေဖန်ခံရပြီးတဲ့နောက်ပိုင်း ပါတီတော်တော်များများ စီတန်းလှည့်လည် မဲဆွယ်စည်းရုံးတာတွေကို ရပ်နားလိုက်ကြပါတယ်။

ဒီလိုရပ်နားလိုက်ရခြင်းဟာ အသစ်ဖွဲ့ထားတာ သိပ်မကြာသေးဘဲ ဒီနှစ်မှ ပထမဆုံးစပြိုင်မဲ့  ကေအက်စ်ပီပီလို ပါတီတစ်ခုအတွက်တော့ အင်န်အယ်လ်ဒီနဲ့ ပြည်ခိုင်ဖြိုးလို အချေကျပြီးသား သက်တမ်းရင့်ပါတီတွေနဲ့ယှဉ်ရင် မဲဆန္ဒရှင်တွေနဲ့ ဆက်သွယ်စည်းရုံးရာမှာ ကြီးမားတဲ့ အားနည်းချက်ဖြစ်ခဲ့ပါတယ်။

“ကျွန်မတို့အရှုံးဟာ တစ်နည်းအားဖြင့် ကိုဗစ်ရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တယ်”လို့ ရွေးကောက်ပွဲအပြီးပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုမှာ ကေအက်စ်ပီပီပါတီဝင် မဆိုင်းနူးပန်က ပြောပါတယ်။ သူဟာ မြစ်ကြီးနားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

နိုင်ငံရေးပါတီများရရှိသည့် လွှတ်တော်မဲဆန္ဒနယ်အလိုက် မဲရလဒ်များ။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်အချက်အလက်များကို ကိုးကား၍ Thibiအဖွဲ့က ဖန်တီးထားသည်)

ကေအက်စ်ပီပီပါတီတွင်း ဘာကြောင့်ရှုံးသလဲဆိုတဲ့ မေးခွန်းအတွက် အဖြေရှာရာမှာ တစ်ခါတလေ ပါတီတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေဟာ ကိုယ့်ကိုယ်ကိုထက် တခြားသူကိုသာ အပြစ်ပုံချတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။​

တချို့ကေအက်စ်ပီပီတာဝန်ရှိသူတွေက အစိုးရနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အင်န်အယ်လ်ဒီပါတီ အသာစီးရအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ စွပ်စွဲတာမျိုးရှိသလို၊ တချို့ကလည်း ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေကြောင့် သူတို့ရှုံးနိမ့်ခဲ့ရတာလို့ ဆိုပါတယ်။

ဒါပေမဲ့ မျှော်လင့်ထားတာထက် အများကြီးလျော့နည်းနေတဲ့ ကေအက်စ်ပီပီရဲ့ မဲအရေအတွက်ကိုကြည့်မယ်ဆိုရင် ဒီအကြောင်းပြချက်တွေအပြင် တခြားအကြောင်းအရင်းတွေလည်း ရှိနေနိုင်ပါတယ်။

“ကျွန်မတို့ပါတီကို ကောင်းကောင်းမိတ်ဆက်ခွင့်ရတဲ့နေရာတွေမှာ၊ လုံလုံလောက်လောက် မဲဆွယ်စည်းရုံးခွင့်ရတဲ့နေရာတွေမှာ ကျွန်မတို့နိုင်တယ်။ ကျန်နေရာတွေမှာရှုံးတယ်လို့။ ကျွန်မတို့ ကမ်ပိန်း(မဲဆွယ်စည်းရုံးမှု) ကောင်းကောင်းလုပ်ခွင့်မရချိန် အင်န်အယ်လ်ဒီကတော့ ကမ်ပိန်းရော၊ စီတန်းလှည့်လည် အင်အားပြတာပါ လုပ်နိုင်ခဲ့တယ်”လို့ ကေအက်စ်ပီပီရဲ့ ဒုတိယဥက္ကဋ္ဌဒေါ်ဒွဲဘူက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

ကေအက်စ်ပီပီရဲ့ နောက်ထပ်ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဂွန်ရောအောင်ခမ်းက သူတို့ပါတီ ကချင်ပြည်နယ်အတွင်းက နေရာတော်တော်များများမှာ ရှုံးနိမ့်ခဲ့တာဟာ အင်န်အယ်လ်ဒီကို စုပြုံမဲပေးတဲ့ ဗမာပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေကြောင့်ဖြစ်တယ်လို့ အလဲဗင်းသတင်းဌာနကို ပြောခဲ့ဖူးပါတယ်။

၂၀၂၀နှစ်ဆန်းပိုင်းက ရွေးကောက်ပွဲဥပဒေကိုပြင်ဆင်ပြီးနောက်ပိုင်း ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေ ပိုပြီးအလွယ်တကူမဲပေးခွင့်ရရှိလာပါတယ်။​ အသစ်ပြင်ဆင်တဲ့ ဥပဒေအရ ရွှေ့ပြောင်းလုပ်သားတွေဟာ မဲဆန္ဒနယ်တစ်ခုမှာ ရက်ပေါင်း၉၀နေထိုင်ရုံနဲ့ အဲဒီမဲဆန္ဒနယ်မှာ မဲပေးခွင့်ရရှိမှာဖြစ်ပါတယ်။ ယခင် ရက်ပေါင်း၁၈၀ကနေ ရက်ပေါင်း၉၀ကို လျှော့ချခဲ့တာဖြစ်ပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေရဲ့မဲကြောင့် ကျွန်တော်တို့အရေးနိမ့်ခဲ့တာ။ အဲဒီလိုမဟုတ်ရင် ကျွန်တော်တို့ပါတီ ရှုံးစရာအကြောင်းမရှိဘူး”လို့ ဂွန်ရောအောင်ခမ်းက ပြောပါတယ်။

ကချင်အမျိုးသားကွန်ဂရက်ပါတီထောက်ခံသူများ မြစ်ကြီးနားမြို့တွင် ဩဂုတ်၂၅ရက်က စီတန်းလှည့်လည်၍ မဲဆွယ်စည်းရုံးခဲ့ကြစဉ်။ (ဂျေအမ် အဲလိဇဘတ် | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်-၁၉ကန့်သတ်ချက်တွေမရှိရင်တောင် မတူကွဲပြားတဲ့ လူ့အသိုက်အဝန်းပေါင်းစုံကို ကိုယ်စားပြုထားတဲ့ ကေအက်စ်ပီပီနဲ့ အလားတူတိုင်းရင်းသားပါတီတွေဟာ အင်အားတောင့်တင်းတဲ့ အချေကျပြီးသား ပါတီကြီးတွေနဲ့ယှဉ်ရင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေလုပ်ဖို့ ငွေကြေး၊ ဓနအင်အားနည်းပါးလှပါတယ်။

“ရပ်ကွက်ပေါင်းတစ်ရာကျော်ရှိတဲ့ မြစ်ကြီးနားမှာ လုံလုံလောက်လောက်မဲဆွယ်စည်းရုံးဖို့ ကျွန်မတို့ရဲ့ ရွေးကောက်ပွဲရန်ပုံငွေနဲ့ဆို ဘယ်လိုမှမဖြစ်နိုင်ဘူး”လို့ ဆိုင်းနူးပန်က ပြောပါတယ်။

လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဆိုရင် ရွေးကောက်ပွဲမဲဆွယ်ဖို့ ငွေကြေးအခက်အခဲ အင်မတန်ကျပ်တည်းခဲ့ပါတယ်။

“တခြားပါတီ ကိုယ်စားလှယ်လောင်းတွေ တစ်နေ့မှာ တွေ့ဆုံစည်းရုံးပွဲတွေ လေး၊ ငါးနေရာ လုပ်နိုင်ချိန်မှာ ကျွန်တော်တို့က လူအနည်းအကျဉ်းလောက်ကိုတောင် စုစည်း၊ စည်းရုံးဖို့ ရုန်းကန်ခဲ့ရတယ်”လို့ ဒူးလေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနီးဆာက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

တိုင်းရင်းသားပါတီတွေ ရုန်းကန်နေရချိန်မှာ အင်န်အယ်လ်ဒီပါတီအတွက်တော့ မဲဆွယ်စည်းရုံးရေးဟာ သိပ်ခက်ခဲတဲ့ လုပ်ငန်းစဉ်တစ်ခုမဟုတ်ခဲ့ပါဘူး။ ကျယ်ပြန့်လှတဲ့ နယ်ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီး ကိုယ်စားလှယ်လောင်းတွေကို အင်န်အယ်လ်ဒီပါတီက မဲဆွယ်စည်းရုံးစေခဲ့ပါတယ်။

မြစ်ကြီးနားမြို့နယ်ပါဝင်တဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)မှာ အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီပါတီဝင် ဦးအင်ထုံးခါးနော်ဆမ်က ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာတုန်းက “ကျွန်တော် တစ်နေ့ကို လူငါးဆယ်ထက်မပိုတဲ့ မဲဆွယ်စည်းရုံးပွဲ လေး၊ ငါးခုလောက် ခြံကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကျွန်တော်တို့ပါတီအဖွဲ့ဝင်တွေအိမ်မှာ တက်ရောက်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

နိုဝင်ဘာ၈ရက်တွင် မြစ်ကြီးနားမြို့နယ်တွင် မဲဆန္ဒရှင်များ မဲပေးမှုနှုန်း။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ် ရေးဆွဲသည်)

သူတို့ကိုမဲမပေးရင် ပြည်ခိုင်ဖြိုးအနိုင်ရရှိမှာဖြစ်ပြီး တိုင်းပြည်ဟာ စစ်အုပ်ချုပ်ရေးအောက် ပြန်လည်ရောက်ရှိသွားလိမ့်မယ်လို့ မဲဆန္ဒရှင်တွေကို အင်န်အယ်လ်ဒီပါတီက စည်းရုံးခဲ့တာမျိုးရှိကြောင်း ဒေါ်ဒွဲဘူကဆိုပါတယ်။ ဒါ့ပြင် တိုင်းရင်းသားပါတီတွေဟာ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုတည်းရဲ့ အကျိုးစီးပွားကိုသာ ကာကွယ်မြှင့်တင်မဲ့ပါတီအဖြစ် ပုံဖော်ခဲ့တယ်လို့ သူကဆိုပါတယ်။

“အမှန်တော့ ကျွန်မတို့က ပြည်နယ်ကိုကိုယ်စားပြုပြီး ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံး အရေးကို ဆောင်ရွက်ဖို့ရည်ရွယ်တယ်။ သို့သော် သူတို့ပုံဖျက်တာအောင်မြင်ခဲ့တယ်”လို့ ဒေါ်ဒွဲဘူကပြောပါတယ်။

ပြည်နယ်အတွင်းနေထိုင်တဲ့ တိုင်းရင်းသားအားလုံးရဲ့ အရေးကိစ္စကိုဆောင်ရွက်မယ်ဆိုပေမဲ့ ကချင်ပြည်နယ်မှာ မှီတင်းနေထိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ကေအက်စ်ပီပီ ရှုံးနိမ့်ခဲ့ရပါတယ်ဆိုတဲ့ ပါတီတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကတော့ ရှေ့နဲ့နောက်မညီတဲ့ သဘောဖြစ်နေပါတယ်။ ဒီမဲရလဒ်တွေအရ ကေအက်စ်ပီပီဟာ ကချင်ပြည်နယ်အတွင်းက လူငယ်တွေရဲ့ ထောက်ခံမှုရရှိခဲ့တဲ့တိုင်အောင် ကချင်မဟုတ်တဲ့တခြားမဲဆန္ဒရှင်တွေဆီက ထောက်ခံမှုမရခဲ့တာတော့ အသေအချာပါပဲ။

ဖားကန့်မှာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲအရှုံးရလဒ်အပေါ် အငြင်းပွားနေတာကလွဲရင် ကချင်ပြည်နယ်တစ်ခုလုံးမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ကြီးကြီးမားမား မရှိသေးဘူးလို့ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းအောင်ခိုင်က ဆိုပါတယ်။

မြစ်ကြီးနားမှာတော့ မြန်မာနိုင်ငံအနှံ့အပြားက မဲဆန္ဒနယ်တွေမှာလို မဲရှုံးပြည်ခိုင်ဖြိုး ပါတီဝင်တွေဟာ မဲအနိုင်အရှုံးရလဒ်အတွက် အတည်ပြုပေးရတဲ့ ပုံစံ-၁၉ကို လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ပုံစံ-၁၉ဟာ မဲရုံတစ်ခုချင်းဆီက တက်လာတဲ့ မဲရလဒ်ပေါင်းချုပ်ဖြစ်ပြီး ဒီပုံစံကိုလက်မှတ် မထိုးဘဲ သပိတ်မှောက်ခြင်းက ရွေးကောက်ပွဲရလဒ်အပေါ် ဘယ်လိုမှထိခိုက်စေနိုင်မှာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြစ်ကြီးနားပြည်ခိုင်ဖြိုးပါတီဝင်တွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ဖရွန်းတီးယားမြန်မာက ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

မဲဆွယ်စည်းရုံးရေးကာလနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာ တရားမျှတမှုမရှိဘူးလို့ ဆိုပေမဲ့ ကေအက်စ်ပီပီအဖွဲ့ဝင်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာ တင်သွင်းမဲ့ပုံမပေါ်ပါဘူး။ တကယ်လို့ ကန့်ကွက်လွှာတင်သွင်းခဲ့ရင်တော့ ကော်မရှင်ကဖွဲ့စည်းပေးတဲ့ ရွေးကောက်ပွဲခုံရုံးက အမှုကိစ္စကို ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။ အနိုင်ရရှိတဲ့ကိုယ်စားလှယ်က တရားမဲ့ပြုကျင့်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရင် ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲပစ်နိုင်တဲ့အထိ ဒီခုံရုံးတွေက အခွင့်အာဏာရှိနေပါတယ်။

“ကေအက်စ်ပီပီပါတီက မျှော်မှန်းသလောက် အနိုင်မရရှိခဲ့ပေမဲ့ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲတစ်ခုအဖြစ် ရွေးကောက်ပွဲရလဒ်ကို ကျွန်တော်တို့ လက်ခံပါတယ်”လို့ အင်ဂျန်းယန်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)မှာ အနိုင်ရရှိခဲ့တဲ့ ကေအက်စ်ပီပီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက နိုဝင်ဘာ၁၃ရက်မှာ လွတ်လပ်တဲ့အာရှအသံ (အာရ်အက်ဖ်အေ)သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Kachin National Congress party supporters rally in Myitkyina on August 25. (Hkun Lat)
ကချင်အမျိုးသားကွန်ဂရက်ပါတီဝင်များက စက်တင်ဘာ၁၀ရက်တွင် မြစ်ကြီးနားမြို့အတွင်း စီတည်းလှည့်လည်၍ မဲဆွယ်စည်းရုံးစဉ်။ (ဓာတ်ပုံ | J.M. Elizabeth)

ကိုဗစ်-၁၉ကြောင့် ပွဲမလှဖြစ်ရတဲ့ မြစ်ကြီးနားက ရွေးကောက်ပွဲအကြိုကာလ

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားတွင်ပြိုင်မည့် တိုင်းရင်းသားပါတီများသည် ပြည်နယ်အတွင်းက အရေးကိစ္စများအား ဦးစားပေးဖြေရှင်းရန် မဲဆွယ်ခြင်းဖြင့် တစ်နိုင်ငံလုံးတွင်ပြိုင်မည့်ပါတီများကို ယှဉ်ပြိုင်လျက်ရှိသည်။ သို့သော် ကိုဗစ်-၁၉ကပ်ရောဂါကြောင့် ကျေးလက်နေပြည်သူများနှင့် အင်တာနက်ကို လက်လှမ်းမမီသည့် မဲဆန္ဒရှင်များကို ဆက်သွယ်စည်းရုံးရန်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ပြည့်စုံအောင် ရေးသားသည်။

ကိုဗစ်-၁၉ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ချမှတ်ထားသည့် လူစုလူဝေးတားမြစ်ချက်ကြောင့် နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲအတွက် မဲဆွဘ်စည်းရုံးမှုများမှာ ၂၀၁၅နှင့် နှိုင်းယှဉ်ပါက မြိုင်မြိုင်ဆိုင်ဆိုင် မရှိလှပေ။ သို့သော် ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားတွင်မူ ရွေးကောက်ပွဲမဲဆွယ်ဆိုင်းဘုတ်များကို နေရာအနှံ့တွင် မြင်တွေ့နေရသည်။ 

ပါတီအသီးသီးက ထုတ်ဝေထားသည့် တီရှပ်အင်္ကျီများကို ဝတ်ဆင်သူများအား မြစ်ကြီးနားမြို့အတွင်း နေရာအတော်များများတွင် မြင်တွေ့ရပြီး ပါတီတံဆိပ်ရိုက်နှိပ်ထားသည့် နှာခေါင်းစည်း၊​ မျက်နှာစည်းများ တပ်ဆင်ထားသူများကိုလည်း မကြာခဏမြင်တွေ့နေရသည်။ ယင်းမှာ မြစ်ကြီးနားမြို့အတွင်းက ရွေးကောက်ပွဲအကြိုမဲဆွယ်ကာလ မြင်ကွင်းဖြစ်သည်။ 

၂၀၁၅ကနှင့် မတူညီသည်မှာ နိုင်ငံရေးပါတီများသည် ကိုဗစ်-၁၉ပျံ့နှံ့မှုကြောင့် ပြင်ပတွင် စုဝေး၍ မဲဆွယ်စည်းရုံးခွင့် မရှိတော့ပေ။ ယခုတွင်မူ ပါတီများသည် တစ်အိမ်တက်ဆင်း ဝင်ထွက်သွားလာ၍ မဲဆန္ဒနယ်များသို့ဆင်းကာ မဲဆွယ်စည်းရုံးရေးဆင်းကြရသည်။ 

“ကျွန်တော်တို့ မြေပြင်မှာ ပြဿနာတွေ အများကြီးရှိတယ်။ ကျွန်တော့် မဲဆန္ဒနယ်ထဲက တစ်ချို့ကျေးရွာတွေဆိုရင် သွားရာတာ အဝေးကြီးပဲ။ တစ်ခါတစ်လေ လမ်းတွေကဆိုးတယ်။ ခက်ခက်ခဲခဲသွားရတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်က ညအိပ်ညနေခွင့်မပြုဘူး။ တစ်ရွာဝင် တစ်ရွာထွက် ခရီးဆက်ရမဲ့အစား မြို့ကနေ နေ့စဉ်ဆင်းလိုက်တက်လိုက်လုပ်နေရတာဟာ အချိန်ကုန် လူပန်းပြီး သင့်သလောက်အကျိုးမရဘူး” ဟု ဝိုင်းမော်မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်ပြည်သူ့ပါတီဝင် ကိုယ်စားလှယ်လောင်း လွန်းဇောင်းကပြောသည်။

၂၀၁၅ရွေးကောက်ပွဲအကြိုကာလတွင် မြစ်ကြီးနားမြို့တွင် မြင်တွေ့ရသော အင်န်အယ်လ်ဒီပါတီကို ထောက်ခံသည့် ဒေသခံကချင်အမျိုးသမီးများကို မြင်တွေ့ရစဉ်။ (စတိဖ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

မြစ်ကြီးနားတွင်မူ တစ်နိုင်ငံလုံးတွင်ပြိုင်သည့် အင်န်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသားကိုယ်စားပြု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) တို့သည် ရွေးကောက်ပွဲအတွက် လူအနည်းငယ်သာ ပါဝင်သော စုဝေးမှုဖြင့်လည်းကောင်း၊ တစ်အိမ်တက်ဆင်း သွားရောက်၍လည်းကောင်း အပြိုင်အဆိုင် မဲဆွယ်လျက်ရှိသည်။

“ခြံကျယ်ကျယ်ရှိတဲ့ ကျွန်တော်တို့ပါတီဝင်တွေက သူတို့ခြံထဲမှာ လူ ၅၀ ထက်မပိုတဲ့ စုရုံးစည်းဝေးပွဲ ကမကထပြုပေးတယ်။ ကျွန်တော်တို့ဟာ (ကျန်းမာရေးဆိုင်ရာ) လမ်းညွှန်ချက်တွေကို လိုက်နာတဲ့အပြင် လာတဲ့သူတွေကိုလည်း နှာခေါင်းစည်း (မက်စ်)တွေ ဝေပေးပြီး လက်ဆေးရည်နဲ့ လက်ဆေးခိုင်းပါတယ်”ဟု ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၁)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးအင်ထုံးခါးနော်ဆမ်က ပြောသည်။ မြစ်ကြီးနားမြို့နယ်ပါဝင်သော ၎င်းဝင်ပြိုင်မည့် အဆိုပါမဲဆန္ဒနယ်၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ်မှာ ပြည်ခိုင်ဖြိုးပါတီမှဖြစ်သည်။

အခြားပါတီများက ယာဉ်တန်းများဖြင့် စီတန်းလှည့်လည်၍ မဲဆွယ်မှုများ ပြုလုပ်ခဲ့သည်။ KSPP ကို ထောက်ခံသည့် တက်ကြွသော လူငယ်များသည် မြို့နယ်အနှံ့သို့ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများဖြင့် လှည့်လည်၍ မဲဆွယ်ရာတွင် ပါဝင်ခဲ့သည်ဟု လွန်းဇောင်းကဆိုသည်။ 

တစ်နိုင်ငံလုံးတွင်ပြိုင်သည့်ပါတီများကမူ ကိုဗစ်-၁၉ ကူးစက်မည်ကို စိုးရိမ်သဖြင့် ယာဉ်တန်းဖြင့် စီတန်းလှည့်လည်ခြင်းကို ရပ်တန့်ထားသည်။ သို့သော် မြန်မာနိုင်ငံ၏ အခြားဒေသများတွင်မူ လူအများအပြားပါဝင်သည့် ယာဉ်တန်းများဖြင့် စီတန်းလှည့်လည်၍ မဲဆွယ်မှုများကို ပြည်ခိုင်ဖြိုးနှင့် အင်န်အယ်လ်ဒီနှစ်ပါတီလုံး၏ ထောက်ခံသူများက ဆောင်ရွက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြတွေ့ ရှိရသည်။

ကိုဗစ်-၁၉ပျံ့နှံ့မှုကို ကာကွယ်ရန်ချမှတ်ထားသော စည်းမျဉ်းများနှင့် မကိုက်ညီမှာစိုးရိမ်သဖြင့် မြစ်ကြီးနားမြို့တွင် လူအုပ်စုပါဝင်သည့် ယာဉ်တန်းများဖြင့် စီတန်းလှည့်လည်မဲဆွယ်မှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်ဟု အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်း ဦးအင်ထုံးခါးနော်ဆမ်းကဆိုသည်။

၎င်းတို့လည်း ယာဉ်တန်းဖြင့် လှည့်လည်၍ မဲဆွယ်ခြင်းကို ရပ်တန့်ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ မြစ်ကြီးနားမြို့နယ် ဥက္ကဋ္ဌဦးညွန့်ဝင်းကဆိုသည်။ 

မြစ်ကြီးနားမြို့နယ်အတွင်း ပြိုင်ဘက်နိုင်ငံရေးပါတီများအကြား ယင်းသို့ အပြန်အလှန် အင်အားပြမဲဆွယ်မှုများ မရှိခြင်းက တစ်နည်းတစ်ဖုံကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေသအချို့တွင် ပါတီများက အင်အားပြမဲဆွယ်ကြရာမှတစ်ဆင့် ဝန်းရံသူများအကြား တင်းမာမှုဖြစ်ပွားပြီး လူထိခိုက်ဒဏ်ရာရသည်အထိ အမှုအခင်းများ ဖြစ်ပွားခဲ့သောကြောင့် ဖြစ်သည်။ 

တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဝင်များက ဩဂုတ်လအတွင်းက ဧရာဝတီမြစ်အတွင်း မဲဆွယ်သည့်အနေဖြင့် လှေဖြင့် လှည့်လည်နေစဉ်။ (ဓာတ်ပုံ | J.M. Elizabeth)

“ပါတီတွေကတော့ မဲဆန္ဒရှင်တွေကို ကျန်းမာရေးအန္တရာယ်ဖြစ်စေတဲ့ လူအင်အားအများအပြားနဲ့ မဲဆွယ်စည်းရုံးတာတွေမလုပ်ဘဲ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနေပုံပဲ။ ကျွန်တော်ကတော့ ဒီမှာ အနီနဲ့အစိမ်းအကြား ပြဿနာတွေဖြစ်လိမ့်မယ်လို့တော့မထင်ဘူး”ဟု ကချင်ပြည်နယ်တွင် ဩဇာကြီးမားသည့် ဘာသာရေး အဖွဲ့အစည်းတစ်ခုဖြစ်သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ခလမ်ဆမ်ဆွန်က ပြောသည်။ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို ရည်ညွှန်း၍ အနီနှင့်အစိမ်းဟု ၎င်းက သုံးနှုန်းခဲ့ခြင်းဖြစ်သည်။

ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်ချက်များရှိသည့်တိုင် လက်ရှိအာဏာရပါတီဖြစ်နေခြင်းက အင်န်အယ်လ်ဒီပါတီအတွက် ရွေးကောက်ပွဲကာလတွင် အခြားပါတီများနှင့်စာလျှင် အားသာချက် တစ်ခုသဖွယ်ဖြစ်နေသည်။ ယင်းအခြေအနေကပင် ပါတီငယ်နှင့် မျက်နှာသစ်ပါတီများအတွက် မဲဆွယ်စည်းရုံးရာတွင် ပို၍ခက်ခဲစေတော့သည်။ 

ထို့ပြင် အင်န်အယ်လ်ဒီပါတီက မဲဆွယ်စည်းရုံးရာတွင်လည်း အများပြည်သူနှင့် ရင်းနှီးပြီးသားဖြစ်သော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို များစွာအားထားလျက်ရှိသည်။ 

“အာဏာရပါတီကတော့ အလိုအလျောက် အားသာချက်တွေရှိပြီးသားပေါ့။ ကျွန်တော်ထင်တယ်။ သူတို့က ကိုဗစ်-၁၉ကာလမှာတော့ ဒါကိုပိုပြီးအသုံးချလာတယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့က ခြေထောက်ကို ကြိုးချည်ခံထားရသလိုပဲ။ ဒီတစ်ကြိမ်က လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတော့မဖြစ်နိုင်ဘူး”ဟု လွန်းဇောင်းက ပြောသည်။ 

“အစိုးရတာဝန်ရှိသူတွေကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီပါတီ အမှတ်တံဆိပ်တွေ တပ်ဆင်ပြီး ကိုဗစ်-၁၉ကူညီထောက်ပံ့ကြေး ပေးနေတာတွေ့ရတယ်။ ဒီလိုလုပ်တော့ ပါတီကပဲ ဒီအထောက်အပံ့တွေကို ပေးနေသလိုလို ထင်ယောင်ထင်မှားဖြစ်တာပေါ့”ဟု မြစ်ကြီးနားပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးညွန့်ဝင်းကပြောသည်။ 

မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံရေးပါတီများသည် လူမှုကွန်ရက်များကိုလည်း အသုံးပြု၍ အပြင်းအထန်၊ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးလျက်ရှိကြသည်။ 

“ကျွန်တော်က ဖေ့စ်ဘွတ်ခ်မှာ ကိုယ်စားလှယ်လောင်းတွေ လိုက်ဖ်လွင့်ပြီး မဲဆွယ်တဲ့ စည်းရုံးမှုတွေကို မကြာခဏ ကြည့်ဖြစ်တယ်။ ဥပမာ ကချင်ပြည်နယ်ပြည်သူ့ပါတီက လူငယ်ကိုယ်စားလှယ်လောင်း ဆိုင်းနုပန်တို့လိုပေါ့။ သူတို့က သူတို့ပါတီအကြောင်းတွေမိတ်ဆက်တယ်။ နောက်ပြီး ကိုယ်စားလှယ်လောင်းတွေကိုလည်း မဲဆန္ဒရှင်တွေကို မိတ်ဆက်တာမျိုးပေါ့”ဟု မြစ်ကြီးနားနယ်ခံတစ်ဦး ဖြစ်ပြီး ရန်ကုန်မြို့တွင် သတင်းအတတ်ပညာနှင့် အသက်မွေးနေသူ ကိုမုန်ဆန်အောင်က ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် လိုက်ဖ်လွင့်ခြင်းအပြင် အွန်လိုင်းရုပ်သံဆွေးနွေးပွဲများအတွက် အသုံးများသည့် Zoom ဆော့ဖ်ဝဲကို အသုံးပြု၍ မဲဆန္ဒရှင်များနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း အသက်၂၄နှစ်သာ ရှိသေးသည့် မြစ်ကြီးနား ပြည်သူ့လွှတ်ကိုယ်စားလှယ်လောင်း ဆိုင်းနုပန်က ဆိုသည်။ 

ဒစ်ဂျစ်တယ်နည်းပညာသည် မဲဆွယ်စည်းရုံးရာတွင် အတိုင်းအတာတစ်ခုအထိ အသုံးဝင်သည့်တိုင် အလွန်ထိရောက်သည့်နည်းလမ်းတော့မဟုတ်ဟု ဆိုင်းနုပန်က ဖရွန်းတီးယားမြန်မာကို ပြောသည်။ အကြောင်းမှာ မဲဆန္ဒရှင်အားလုံးသည် ယင်းနည်းပညာများကို လက်လှမ်းမမီခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးပြိုင်သည့် ပါတီများထက်စာလျင် (၂၀၁၅တွင် အချင်းချင်းယှဉ်ပြိုင်ခဲ့ကြသည့် ကချင်ပါတီများစုပေါင်းဖွဲ့စည်းထားသည့်) ကချင်ပြည်နယ်ပြည်သူ့ပါတီကဲ့သို့ တိုင်းရင်းသားပါတီများသည် မဲဆွယ်ရာတွင် ပြည်နယ်အတွင်းက အရေးကိစ္စရပ်များကို ပို၍ အာရုံစိုက်လေ့ရှိသည်။

ယင်းအရေးကိစ္စရပ်များတွင် မြင့်တက်လျက်ရှိသော မူးယစ်ဆေးဝါးသုံးစွဲမှုကို ဖြေရှင်းရေး၊ ပြည်ပရင်းနှီးမြုပ်နှံမှုများ အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန်နှင့် ပြည်နယ်ကို လုပ်ပိုင်ခွင့်အာဏာပိုမိုရရှိစေရန် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးတို့ ပါဝင်သည်။

ကချင်ပြည်နယ်ပြည်သူ့ပါတီကို ကိုယ်စားပြု၍ မြစ်ကြီးနားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် ၂၄နှစ်သာရှိသေးသည့် ကချင်အမျိုးသမီးကိုယ်စားလှယ်လောင်း ဆိုင်းနုပန်ကို ဇူလိုင်လအတွင်းက ပါတီရုံးခန်းတွင် မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အောက်တိုဘာလဆန်းပိုင်းတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌဒေါ်ဒွဲဘူက လူမှုကွန်ရက်တွင် မဲဆွယ်သည့်အနေဖြင့် ပါတီ၏ရည်မှန်းချက်များကို တင်ပြသော ရုပ်သံဖိုင်အတိုတစ်ခုကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်တွင် ထုတ်လွှင့်ခဲ့သည်။

ပါတီ၏ ရည်မှန်းချက်များတွင် တာရှည်ခံသောငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ တရုတ်အကြီးစားရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ပျံ့နှံ့နေသည်ကို တိုက်ဖျက်ရေးနှင့် ဆေးဆွဲသူများကို ဆေးဖြတ်သည့် လုပ်ငန်းစဉ်များပါဝင်သည်။ ၎င်းတို့နှင့် ရင်ဘတ်ချင်းတူသည့် အခြားတိုင်းရင်းသား ပါတီများနှင့်လည်း ပူးပေါင်းသွားမည်ဟု ဒေါ်ဒွဲဘူက ဆိုသည်။

ဆိုင်းနုပန်၏ အဓိကဦးစားပေးလုပ်ဆောင်ရန်အချက်များကို ၎င်းဖြတ်သန်းလာသည့် အတွေ့အကြုံများက လွှမ်းမိုးလျက်ရှိသည်။ 

“ကျွန်မကတော့ စစ်ဘေးရှောင်အရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး တက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ နောက်ခံသမိုင်းကြောင်း ရှိပါတယ်။ ဒါကြောင့် ကျွန်မသာ အရွေးကောက်တင်မြှောက်ခံခဲ့ရရင် ဒီကိစ္စတွေမှာ ပိုပြီးတိုးတက်မှုတွေရလာအောင် ဆောင်ရွက်သွားမယ်လို့ မဆန္ဒရှင်တွေကို ကတိပေးလိုပါတယ်”ဟု ဆိုင်းနုပန်က ပြောသည်။ 

၂၀၁၅အထွေထွေရွေးကောက်ပွဲနှင့် ယင်းနောက်ပိုင်းကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်များတွင် ၎င်းတို့၏ ဒေသများ၌ အပြတ်အသတ်အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် အခြားတိုင်းရင်းသားပါတီများက လေးစားအားကျဟန် ရှိသည်။ 

“ကျွန်မတို့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းမှာ တတိယအင်အားစုတစ်ခုဖြစ်လာဖို့အထိ ရည်မှန်းထားတယ်”ဟု ဆိုင်းနုပန်က ပြောသည်။ ၎င်းအဆိုတွင် ပါရှိသည့် ကျန်အင်အားစုနှစ်ခုမှာ အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးနှင့်တပ်မတော်တို့ ဖြစ်ဟန်ရှိသည်။ 

ကချင်ပြည်နယ်ပြည်သူ့ပါတီက မဲဆန္ဒနယ်အများစုတွင် အနိုင်ရသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို ၎င်းစိတ်ကြိုက်ခန့်အပ်ပိုင်ခွင့်ရှိနေသည်။ ယင်းအခြေအနေတစ်ရပ်ရှိသည့်တိုင် ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ယခုရွေးကောက်ပွဲတွင် ပြည်နယ်အတွင်း နေရာအများစုအနိုင်ရရ၍ ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးနိုင်ရန် မျှော်လင့်လျက်ရှိပြီး ထိုမှတစ်ဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် သယံဇာတမျှဝေရေးတို့အတွက် ဗဟိုအစိုးရနှင့် ညှိနှိုင်းရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လွန်းဇောင်းက ဆိုသည်။ 

“KSPP ကိုယ်စားလှယ်လောင်းတွေက (ကချင်မဟုတ်သော) တိုင်းရင်းသားရေးရာဝန်ကြီးနေရာကလွဲရင် ကချင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်တိုင်းမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ကချင်လွှတ်တော်မှာ တပ်က နေရာ ၁၃ခုအပါအဝင် နေရာ ၅၃ခုရှိတယ်။ ကျွန်တော်တို့က နေရာ၃၀အနိုင်ရရင် ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်လို့ရပြီ”ဟု လွန်းဇောင်းက ပြောသည်။

A three-wheeled motorbike taxi cruises the streets of downtown Myitkyina on October 5, 2015. Support for the NLD ran high then, but it has since waned among ethnic groups in Kachin State. (Steve Tickner)
မြစ်ကြီးနားမြို့လယ်တွင် ဖြတ်သန်းသွားနေသော သုံးဘီးဆိုင်ကယ်တစ်စီးကို ၂၀၁၅၊ အောက်တိုဘာ၇ရက်က မြင်တွေ့ရစဉ်။ ၂၀၁၅ရွေးကောက်ပွဲကာလက ဒေသခံများ၏ ထောက်ခံမှုတစ်ခဲနက် ရရှိခဲ့သော်လည်း ယင်းနောက်ပိုင်း အင်န်အယ်လ်ဒီပါတီအပေါ် ဒေသခံများ၏ ထောက်ခံမှု တဖြည်းဖြည်းကျဆင်းလာသည်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

ပါတီကြီးတွေ မြစ်ကြီးနားမှာရုန်းကန်ရဖွယ်ရှိတဲ့ ဒီနှစ်ရွေးကောက်ပွဲ

ယခင်ရွေးကောက်ပွဲသင်ခန်းစာအရ ကချင်ပါတီသုံးခုသည် ပါတီတစ်ခုတည်းအဖြစ်ပေါင်းစည်း၍​ လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြစ်ကြီးနားတွင် အာဏာရအင်န်အယ်လ်ဒီပါတီနှင့် အတိုက်အခံပြည်ခိုင်ဖြိုးပါတီတို့သည် ကချင်ပြည်နယ်ပြည်သူ့ပါတီကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ခွန်လတ် ရေးသားသည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲမတိုင်မီ တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၆၂၈ခုအနက် ၂၁၂ခုတွင်ရွေးကောက်ပွဲမကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကဆုံးဖြတ်ခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်တာကာလအတွင်း တိုက်ပွဲများလျော့နည်းလာသည့်အတွက် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့် ကျေးရွာအုပ်စု ကိုးဆယ်ရာခိုင်နှုန်းကျော်(၁၉၃အုပ်စု)တွင် ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောသည်။

“လက်ရှိ အချိန်အထိကတော့ အေးချမ်းတည်ငြိမ်နေပါတယ်။ ကျွန်တော်တို့မှာ ပြဿနာကြီးကြီးမားမားမရှိဘူး”ဟု တပ်မတော်ဗိုလ်မှူးဟောင်းလည်းဖြစ်သူ၎င်းက ဇူလိုင်လအတွင်း ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားတွင် ဖရွန်းတီးယားမြန်မာနှင့် တွေ့ဆုံစဉ်ကပြောသည်။

Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲသည်။

အကယ်၍ ပြည်နယ်အတွင်း ကျေးလက်ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည်ဖြစ်ပွားမည်ဆိုလျှင်ပင် မြစ်ကြီးနားမြို့တွင်မူ ရွေးကောက်ပွဲကိုမူ အနှောင့်အယှက်ကင်းကင်း ကျင်းပနိုင်မည်ဖြစ်သည်။ မန္တလေးမြို့ မြောက်ဘက်ကီလိုမီတာ ၈၀၀အကွာတွင်တည်ရှိပြီး ဧရာဝတီမြစ်ကို အမှီပြုထားသည့် မြစ်ကြီးနားမြို့သည် လွန်ခဲ့သည့်ရာစုနှစ်များစွာကတည်းက မြန်မာနှင့်တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်ရေးအရ အချက်အချာကျသည့် ဒေသဖြစ်ခဲ့သည်။ ကချင်၊ ရှမ်း၊ ဗမာ၊ အိန္ဒိယနှင့်တရုတ်လူမျိုးများပေါင်းစည်းနေထိုင်ရာ မြို့ဖြစ်သည်။

မြို့လယ်ကောင်ရှိ ‌‌ဈေးနှင့်အရောင်းဆိုင်များတွင် ကချင်ရိုးရာအဝတ်အထည်များနှင့် တရုတ်ထုတ် ပလက်စတစ်ပစ္စည်းများကို ဗမာ၊ ဂျိန်းဖော၊ ဟိန္ဒူနှင့် အခြားဘာသာစကားများပြောဆိုရင်း ရောင်းဝယ်နေကြသည့် ဒေသခံများကိုလည်း မြင်တွေ့နိုင်သည်။

မြစ်ကြီးနားမြို့သည် တည်ငြိမ်အေးချမ်းသည့် ကူးသန်းရောင်းဝယ်ရေးနှင့် ရိုးရာယဉ်ကျေးမှုပေါင်းစုံတို့ဖြင့် သက်ဝင်လှုပ်ရှားနေသည့်တိုင် အစိုးရနှင့်ကေအိုင်အေတို့အကြား တည်ရှိခဲ့သည့် ၁၇နှစ် အပစ်အခတ်ရပ်စဲရေးကျိုးပျက်ပြီးနောက် ၂၀၁၁တွင် တစ်ကျော့ပြန်လည်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ပဋိက္ခအငွေ့အသက်သည် ဒေသခံများ၏စိတ်ထဲတွင် ကိန်းအောင်းနေဆဲဖြစ်သည်။ 

မြစ်ကြီးနားမြို့နယ်အတွင်း တည်ရှိသည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်များမှစစ်သားများနှင့် ၎င်းတို့၏မိသားစုဝင်များသည် နိုဝင်ဘာရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုသာ မဲထည့်ကြမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထောင်ပေါင်းများစွာသော ပြည်သူများသည် မြစ်ကြီးနားမြို့၊ နယ်နမိတ်အတွင်းရှိ စစ်ရှောင်စခန်း ၂၆ခုတွင် ဆင်းရဲကျပ်တည်းစွာ နေထိုင်နေရမြဲဖြစ်သည်။ 

၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)သည် မြစ်ကြီးနားမြို့နယ်တွင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်နေရာများတွင် ဆန္ဒမဲစုစုပေါင်း၏ ၄၆ရာခိုင်နှုန်းဖြင့် အများဆုံးအနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော်များတွင်လည်း အလားတူအနိုင်ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီသည် မဲဆန္ဒနယ်အားလုံးတွင် ဒုတိယမဲအများဆုံးရခဲ့ပြီး ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ်ပါဝင်သော အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၂)တွင် အနိုင်ရခဲ့သည်။ မဲပေးသူအရေအတွက်နည်းခြင်းနှင့် တပ်မတော်မိသားစုဝင်များ၏ ထောက်ခံမဲများကြောင့်အနိုင်ရခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

၂၀၁၅ရွေးကောက်ပွဲအကြိုကာလ ဒေါ်အောင်ဆန်းစုကြည်ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ မဲဆွယ်ခရီးရောက်ရှိစဉ်က ထောက်ခံအားပေးသော ပါတီဝင်အချို့ကို မြင်တွေ့ခဲ့ရစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

ယခုနှစ်တွင် နိုင်ငံရေးအရထောက်ခံမှုသည် တိုင်းရင်းသားလူမျိုးအလိုက် ပိုင်းခြားလိုက်ပုံရသည်။ ကချင်လူမျိုးများကြားတွင် အင်န်အယ်လ်ဒီပါတီအပေါ် ထောက်ခံမှုကျဆင်းလာသည်။ ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲရလဒ်က သိသာသည့် သာဓကဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၂၀၁၅ရွေးကောက်ပွဲတွင် တစ်ပါတီချင်းမစွမ်းဆောင်နိုင်ခဲ့သော ကချင်ပါတီများသည် ၎င်းတို့၏အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ ကချင်ပြည်နယ်ပြည်သူ့ပါတီ(ကေအက်စ်ပီပီ)အဖြစ် ပူးပေါင်းလိုက်ကြသည်။

မြစ်ကြီးနားရှိ လက်ဖက်ရည်ဆိုင်နှင့်ဘီယာဆိုင်များက စကားဝိုင်းများတွင် ကေအက်စ်ပီပီသည် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို စိန်ခေါ်မည့်  ပြိုင်ဘက်ပါတီဖြစ်လာသည်ဟူသည့် ပြောဆိုဆွေးနွေးမှုများကိုလည်း မကြာခဏ ကြားနေရသည်။

“လူငယ်တွေက ၂၀၁၄ ခုနှစ်ကတည်းက ပေါင်းစည်းဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး”ဟု ကေအက်စ်ပီပီက အသက်၂၄နှစ်အရွယ်သာရှိသေးသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဆိုင်းနုပန်ကပြောသည်။ သူသည်ရှေ့နေတစ်ဦးဖြစ်ပြီး တိုင်းရင်းသားအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သည်။

“၂၀၁၅နောက်ပိုင်း လူငယ်တွေနဲ့ ပြည်သူတွေရဲ့အားထုတ်မှုကြောင့် ပါတီတွေစည်းလုံးညီညွတ်လာကြတယ်”ဟု သူကပြောသည်။ 

တရုတ်၏ မဟာစီမံကိန်းဖြစ်သော မြစ်ဆုံရေကာတာတည်ဆောက်ရေးအပေါ် အင်န်အယ်လ်ဒီအစိုးရက ပြည်သူသို့ပေးသော “ကတိမတည်ခဲ့”ဟုဆိုပြီး ယင်းက စိတ်ပျက်စရာကောင်းသည်ဟု သူက ပြောသည်။

ဧရာဝတီမြစ် မြစ်ဖျားခံရာဖြစ်သော မေခနှင့် မလိခမြစ်များ ဆုံဆည်းရာ မြစ်ဆုံအနီးတွင် တည်ဆောက်မည့် ဧရာမရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်မှုကို လူထုဆန့်ကျင်မှုကြောင့် သမ္မတဟောင်းဦးသိန်းစိန်က ၎င်း၏လက်ထက်တွင် ရပ်ဆိုင်းခဲ့သော်လည်း အင်န်အယ်လ်ဒီပါတီအစိုးရအဖြစ် တာဝန်ယူခဲ့သော လွန်ခဲ့သောငါးနှစ်အတွင်း စီမံကိန်း၏ ရှေ့အလားအလာကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ၂၀၁၅ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲခြင်းဖြစ်သည်။

ယင်းသို့ ရှင်းရှင်းလင်းလင်းမသိရသည်ကပင် ဒေသခံကချင်တိုင်းရင်းသားများကို စိုးရိမ်စိတ်များ ဖြစ်ပေါ်စေသည်။ စီမံကိန်းသည် အငြင်းပွားဖွယ်ဖြစ်နေပြီး စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် အခြားပြဿနာများဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်ကြသည်။ ယင်းရေအားလျှပ်စစ်စီမံကိန်းက ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို ဒေသခံများ အကျိုးခံစားခွင့် ရ၊ မရလည်း ရှင်းရှင်းလင်းမသိရသေးပေ။

ကချင်ပြည်နယ်မြောက်ပိုင်း၊ ခေါင်လန်ဖူးမြို့နယ်အတွင်း ဧကသုံးသိန်းပေါ်တွင် လုပ်ဆောင်မည့်စီမံကိန်းတစ်ခုနှင့်ပတ်သက်၍လည်း စိုးရိမ်ကြောင်း ဆိုင်းနုပန်က ဆိုသည်။

သြစတြေးလျနိုင်ငံသားများ ပါဝင်မြှုပ်နှံသည့် Fortuna Metals ကုမ္ပဏီက ရွှေနှင့် အခြားသတ္တုများ ထွက်၊ မထွက် စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှုပြုလုပ်ရန် လျှောက်ထားခဲ့သည်ဟု ဆိုင်းနုပန်ကဆိုသည်။ စီမံကိန်းဆက်လက်လုပ်ဆောင်မည်ဆိုပါက ထိုဒေသတွင် နေထိုင်သူများသည် ၎င်းတို့၏မြေယာဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်းသည် ၎င်း၏ ရွေးကောက်ပွဲမူဝါဒ အဓိကအစိတ်အပိုင်းဖြစ်သော်လည်း အောက်ခြေလူထုလူတန်းစားများပါ စီးပွားအခွင့်အလမ်းများ ခံစားရရှိစေရန် ရည်ရွယ်လုပ်ဆောင်သွားမည်ဟု သူကဆိုသည်။ သို့ရာတွင် ပွင့်လင်းမြင်သာမှုမရှိသော တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအကြီးစားများကိုမူ သတိကြီးကြီးထားသင့်သည်ဟု သူကဆိုသည်။

“အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများကို ကျွန်မတို့ ပံ့ပိုးချင်ပါတယ်။ အကယ်၍ အရာရာကိုတရုတ်ကုမ္ပဏီကြီးတွေကပဲ လုပ်ခွင့်ရနေရင် ဒေသခံစီးပွားရေးလုပ်ငန်းငယ်လေးတွေ စျေးကွက်ထဲ ဝင်လာနိုင်မှာမဟုတ်ဘူး။ တရုတ်စီမံကိန်းတွေကြောင့် ကျွန်မတို့ လယ်ယာမြေတွေ ပျက်စီးခဲ့တယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးဆိုတာတွေကို သူတို့(တရုတ်ကုမ္ပဏီ)က ဂရုမစိုက်ဘူး”ဟု ဆိုင်းနုပန်က ဖရွန်းတီးယားမြန်မာကို ပြောသည်။

ကေအက်စ်ပီပီပါတီမှ မြစ်ကြီးနားပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသက်၂၄နှစ်သာရှိသေးသော ဆိုင်းနုပန်ကို ဇူလိုင်၂၁ရက်က ပါတီရုံးချုပ်တွင်မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အသက်၃၃နှစ်ရှိပြီဖြစ်သည့် အီလက်ထရွန်းနစ်ပစ္စည်းများရောင်းချသော လွမ်တူးသည် ကေအက်စ်ပီပီပါတီကို ထောက်ခံသူဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးသည် မြစ်ကြီးနားမြို့က ဒေသခံများအတွက် အမှန်တကယ်လိုအပ်ချက်ဖြစ်ကြောင်း သူကထောက်ခံသည်။ သို့သော် တရုတ်ကုမ္ပဏီများသည်ပင် အဆိုပါလိုအပ်ချက်ကိုဖြေရှင်းနိုင်မည့် အစိတ်အပိုင်းဖြစ်သည်ဟု သူကရှုမြင်သည်။

“ဒီမှာဝင်ငွေမရှိတဲ့လူငယ်တွေအများကြီးရှိတယ်။ ရွာသားတွေ ဝက်မွေးတယ်။ ဒါပေမဲ့ ဝက်တွေရောင်းဖို့ ဈေးကွက်ကောင်းကောင်းမရှိဘူး။ ပြောင်းတွေစိုက်ပြီး တရုတ်နိုင်ငံက ပြောင်းဖူးစက်ရုံတွေဆီ တင်ပို့ရောင်းချလို့ရမယ်ဆိုရင် ပြောင်းစိုက်တောင်သူတွေအတွက် အဆင်ပြေနိုင်တယ်” ဟု လွမ်တူးကပြောသည်။

မြစ်ကြီးနားတွင် ကချင်လူမျိုးမဟုတ်သည့် ရွှေ့ပြောင်းနေထိုင်သူများအကြားတွင် အင်န်အယ်လ်ဒီပါတီသည် ရေပန်းစားလျက်ရှိပြီး ၎င်းတို့၏ထောက်ခံမှု အခိုင်အမာရရှိထားကြောင်းနှင့် ၎င်းတို့သည် ယခုအခါလူများစုဖြစ်နေပြီဟု လွမ်တူးကဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မှတ်တမ်းများအရ လူဦးရေ၂၄၄,၀၀၀ဝန်းကျင်ရှိသည့် မြစ်ကြီးနားမြို့နယ်၏ ၅၀ရာခိုင်နှုန်းသည် ကချင်လူမျိုးများဖြစ်သည်ဟု သိရသည်။ ဗမာလူဦးရေ ၂၈ဒသမ၃ ရာခိုင်နှုန်းရှိပြီး ရှမ်းက၉ဒသမ၉ ရာခိုင်နှုန်းရှိသည်။ အစိုးရက၂၀၁၄သန်းခေါင်စာရင်းပါ လူမျိုးစုနှင့်ပတ်သက်သည့် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေး၍ လွမ်တူး၏ ပြောဆိုမှုကို အတည်ပြုရန်ခဲယဉ်းသည်။ သို့တိုင် မြစ်ကြီးနားမြို့သည် မတူကွဲပြားသည့် လူမျိုးစုများနှင့် ကိုးကွယ်ရာ ဘာသာဝင်များ အစုံအလင်ရှိသည့် မြို့ကြီးတစ်ခုအဖြစ် သက်ဝင်လှုပ်ရှားနေသည်။

“ဗမာလူမျိုးအားလုံး အင်န်အယ်လ်ဒီကို ထောက်ခံတယ်။ မြန်မာနိုင်ငံအောက်ပိုင်းက လူတော်တော်များများ ဒီကိုလာပြီး လမ်း၊ တံတားဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်လုပ်ကြတယ်။ သူတို့မိသားစုတွေနဲ့ အတူလာကြပြီး တစ်ခါတစ်လေ မပြန်ကြတော့ဘူး”ဟု လွမ်တူးက ပြောသည်။

မိုဘိုင်းဖုန်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများရောင်းချသည့်လုပ်ငန်းရှင် လွမ်တူးကို ဇူလိုင်၂၁ရက်က ၎င်း၏ နေအိမ်တွင်မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် ပြည်တွင်းရွှေ့ပြောင်းလုပ်သားများနှင့် နေထိုင်သူများသည် ၎င်းတို့ရောက်ရှိနေသည့် မဲဆန္ဒနယ်များတွင် မဲပေးခွင့်ရရန်မှာ အနည်းဆုံး ရက်ပေါင်း၁၈၀ (ခြောက်လ)နေထိုင်ပြီးမှသာထိုနေရာ၌ မဲထည့်နိုင်ရန်လျှောက်ထားခွင့်ရှိသည်။

ယခုနှစ်အစောပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်ခဲ့ပြီး ပြည်တွင်းရွှေ့ပြောင်းလုပ်သားများ မဲဆန္ဒနယ်တစ်ခုတွင် ဆန္ဒမဲပေးခွင့်ရရန် အနည်းဆုံးနေထိုင်ရမည့်သက်တမ်းကို ရက်ပေါင်း ၁၈၀ (ခြောက်လ)မှ ရက်ပေါင်း၉၀သို့ လျှော့ချခဲ့သည်။ ကေအက်စ်ပီပီအပါအဝင် တိုင်းရင်းသားပါတီများက ၎င်းတို့ရမည့်မဲများ လျော့နည်းလာနိုင်သည်ဟုဆိုကာ ယင်းပြင်ဆင်ချက်ကို ကန့်ကွက်ခဲ့ကြသည်။

သို့သော် ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများသည် နဂိုကတည်းက မဲကွဲနေပြီးသားဖြစ်သည်။ ၎င်းတို့ကိုယ်၎င်းတို့ ကချင်မျိုးနွယ်စုဟုမခံယူသည့် လီဆူတိုင်းရင်းသားများသည် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မဲထည့်ကြမည်ဖြစ်ပြီး တပ်မတော်နှင့် ၎င်းတို့၏မိသားစုဝင်များသည် ပြည်ခိုင်ဖြိုးပါတီကိုမဲပေးကြမည်ဟု လွမ်တူးကဆိုသည်။

“ကေအက်စ်ပီပီက ကချင်တိုင်းရင်းသားပါတီမဟုတ်ဘူး။ အခုသူတို့လုပ်နေတဲ့ စည်းရုံးရေးအရဆို လူတိုင်းပါဝင်နိုင်တဲ့ပါတီလိုမျိုး လုပ်ဆောင်နေတာ။ တစ်ကယ်လို့ ကျွန်တော်တို့အားလုံး ကချင်တစ်ပါတီ(ကေအက်စ်ပီပီ)တည်း နောက်မှာစည်းစည်းလုံးလုံး ရပ်တည်မယ်ဆိုရင် အင်န်အယ်လ်ဒီကိုနိုင်တယ်”ဟု လွမ်တူးကပြောသည်။

အသက်၂၃နှစ်ရှိပြီဖြစ်သည့် ဒေသခံအရပ်ဘက်အဖွဲ့အစည်းတစ်ခုကအဖွဲ့ဝင် ကိုအောင်မြတ်အတွက်မူ ပိုမိုကောင်းမွန်သည့် ပညာရေးကိုလက်လှမ်းမီနိုင်ရေးသည် ၎င်း၏အကြီးမားဆုံး ရွေးကောက်ပွဲမျှော်လင့်ချက်ဖြစ်သည်။

“ကျွန်တော်တို့အတွက် လေ့လာဖို့အများကြီးလိုအပ်နေတယ်။ ကချင်ပြည်နယ်မှာလေ့လာစရာနေရာအများကြီးမရှိဘူး။ အစိုးရစာကြည့်တိုက်တွေမှာလည်း  လုံလောက်တဲ့သင်ကြားရေးအထောက်အကူပစ္စည်းနဲ့ စာအုပ်တွေမရှိဘူး”ဟု သူကပြောသည်။

ကချင်ပြည်နယ်က ကျောင်းသားလူငယ်များသည် ပညာသင်ဆုလျှောက်နိုင်သည့်နည်းလမ်းများနှင့် ပညာသင်ဆုရရှိနိုင်မည့် အခွင့်အလမ်းများကို လိုအပ်နေသည်ဟု ကိုအောင်မြတ်က ပြောသည်။ ၎င်းသည် ယခုနှစ်တွင် ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်တစ်ဦးလည်းဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲ ဆန္ဒမဲပေးသူရာခိုင်နှုန်း။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် အချက်အလက်များကို ကိုးကားပြီး Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲခြင်းဖြစ်သည်။

ကိုအောင်မြတ်သည် လူထုနှင့် ထိတွေ့မှုမရှိဘဲကင်းကွာနေသည့် လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်အပေါ် ကျေနပ်မှုမရှိကြောင်း ပြောသည်။

“ကျွန်တော့်ရဲ့  တစ်မဲကလည်းအရေးပါတယ်။ ကျွန်တော်တို့ ယုံကြည်တဲ့ပါတီကို မဲထည့်မယ်ဆိုရင် ရွေးချယ်ခံရတဲ့ခါ ကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်တယ်”ဟု ကိုအောင်မြတ်က ပြောသည်။ နိုဝင်ဘာ၈ရက်တွင် ကေအက်စ်ပီပီကို မဲထည့်မည်ဟု ၎င်းကဆိုသည်။

“အောက်မြန်မာပြည်ကလာတဲ့ နိုင်ငံရေးပါတီတွေကို မဲမပေးဖို့ဆုံးဖြတ်ထားပြီးသား”ဟု သူကပြောသည်။ လက်ရှိအာဏာရပါတီအင်န်အယ်လ်ဒီနှင့် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီတို့ကို ရည်ရွယ်ပုံရသည်။

“သူတို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ကျွန်တော်တို့နေခဲ့ပြီးပြီ။ ဘာမှဖြစ်မလာဘူးဆိုတာလည်းကျွန်တော်တို့သိပြီ”ဟု ကိုအောင်မြတ်က ပြောသည်။

ဒေသစီးပွားရေးဖွံ့ဖြိုးရန်၊ ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများ လက်လှမ်းမီရန်မှာ အားလုံး၏ မျှော်လင့်ချက်ဖြစ်သည်။ သို့သော် ယင်းမျှော်လင့်ချက်များသည် ဒေသခံများအတွက် ကြာရှည်တည်မြဲသည့် လုံခြုံရေးအာမခံချက်မရှိပါက လက်တွေ့အကောင်အထည်ပေါ်လာနိုင်စရာမရှိပေ။ ဆိုလိုသည်က ကချင်ပြည်နယ်အတွင်းက တောက်လောင်နေဆဲပြည်တွင်းစစ်မီးကို ငြိမ်းသတ်ရန်ဖြစ်သည်။

“ရွေးကောက်ခံအမတ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို အရှိန်မြှင့်လုပ်ဆောင်စေချင်တယ်။ ငြိမ်းချမ်းမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာ”ဟု လွမ်တူးကပြောသည်။

Hkun Lat

Hkun Lat

Hkun Lat is a documentary photographer based in Yangon. He works on his own projects and on assignment for international media and organisations.
Share on facebook
Share on twitter
Share on email

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar