B-boys: ဝါသနာကြီးတဲ့ အကသမားလေးတွေ

လမ်းဘေးအကမြင်ကွင်းအား တွင်ကျယ်လာစေရန်အတွက် Session Breakerz ဟုခေါ်သည့် လူငယ်တစ်စုက ရန်ကုန်မြို့တွင် ကြိုးပမ်းနေကြသည်။

Frontier သတင်းအဖွဲ့ ရေးသားသည်။ 

ဓာတ်ပုံများ- HAE THAW HTET aka KENJI PHOTOGRAPHER

ရန်ကုန်မြို့၊ မြေနီကုန်း ကုန်းကျော်တံတားအောက်၊ ဒဂုံစင်တာ ၂ ရှေ့တွင် ညနေခင်းအချိန်၌ ချစ်သူစုံတွဲများက လက်ချင်းချိတ်ပြီး ထိုင်နေကြသည်။ အမျိုးသားတစ်စုက ခြင်းလုံးခတ်ရန် စုစည်းလာကြသည်။ လူငယ်များက သီချင်းနားထောင်ရင်း ဖုန်းများကို ပွတ်နေကြသလို ခွေးနှစ်ကောင်သည်လည်း အပျင်းဆန့်ပြီး ပြန်အိပ်သွားကြသည်။ 

ထို့နောက်တွင် အကသမားများ တဖြည်းဖြည်းချင်း ရောက်ရှိလာသည်။ သူတို့က ရှူးဖိနပ်များ၊ တီရှပ်များကို ဝတ်ဆင်ထားပြီး ဘေ့စ်ဘော ဦးထုပ်များကို ဆောင်းထားကြသည်။ သူတို့တွင် ပါလာသော ကိရိယာက ဆောင်းဘောက်အသေးလေးသာ ဖြစ်သည်။ သူတို့က ရောက်လာချိန်တွင် အချင်းချင်း လက်တို့ နှုတ်ဆက်ပြီး အပန်းဖြေနေကြသည်။ ထို့နောက်တွင် သီချင်းများ စတင်ဖွင့်ပြီး စကုန်ကြတော့သည်။ သူတို့က သူတို့ကိုယ်သူတို့ Session Breakerz ဟု အမည်ပေးထားပြီး အက ဝါသနာပါသောကြောင့် စုစည်းမိကြခြင်း ဖြစ်သည်။ သူတို့က ကုန်းကျော်တံတားအောက်သို့ နေ့စဉ် အလာမပျက်ကြပေ။ သူတို့ကြောင့် မြန်မာနိုင်ငံ၏ လမ်းဘေးအက မြင်ကွင်းကလည်း ရှင်သန်နေလျှက်ရှိသည်။ 

သမားရိုးကျ မီဒီယာများက breakdancing ဟု ခေါ်ဆိုကြသော်လည်း အကသမားများက b-boying ဟု ခေါ်ဆိုကြသော ထိုအကသည် မြန်မာနိုင်ငံအတွက် အသစ်အဆန်း မဟုတ်ပေ။ ၎င်းအကသည် ၁၉၉၀ ပြည့်နှစ် အစောပိုင်းများတွင် စတင်ပေါ်ပေါက်လာသည်ဟု ယုံကြည်ရသည်။ ထိုအချိန်က အကအဖွဲ့ကို ယခုအခါတွင် old generation ဟု ခေါ်ဆိုနေကြသည်။ စစ်အစိုးရလက်ထက်က အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အက ကခြင်းက အန္တရာယ်များနိုင်သည်။ ထို့ကြောင့် လမ်းဘေးအက မြင်ကွင်းများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ဝါသနာကြီးသူတစ်စုကတော့ ၎င်းတို့၏ လမ်းဘေးအက ပြန်လည်ရှင်သန်လာမည့် နေ့ရက်ကို စောင့်မျှော်နေခဲ့ကြသည်။ 

စင်ကာပူနိုင်ငံတွင် နေထိုင်သော မြန်မာလမ်းဘေးအကသမား သုံးဦးသည် ၂၀၀၉ ခုနှစ်တွင် လူမှုကွန်ယက်တစ်ခုမှ ပြန်လည်စုစည်းမိပြီးနောက် Myanmar Street Dance ခေါ် MSD အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့အဖွဲ့တွင် ဂျင်မီကိုကို၊ Lance Gao နှင့် Poppin’ Mouse တို့ ပါဝင်သည်။ 

မြေနီကုန်းတံတားအောက်တွင် စက်တင်ဘာလက ကျင်းပခဲ့သည့် Nescafe Flyover Battle 15 ပြိုင်ပွဲ၌ ယှဉ်ပြိုင်နေသည့် b-boy Disco နှင့် ကိုထိုက်။ ဓာတ်ပုံ

မြေနီကုန်းတံတားအောက်တွင် စက်တင်ဘာလက ကျင်းပခဲ့သည့် Nescafe Flyover Battle 15 ပြိုင်ပွဲ၌ ယှဉ်ပြိုင်နေသည့် b-boy Disco နှင့် ကိုထိုက်။ ဓာတ်ပုံ

၂၀၁၂ ခုနှစ်၊ မတ်လ မတိုင်ခင်အထိ အွန်လိုင်းပေါ်တွင်သာ သူတို့ လှုပ်ရှားခဲ့ပြီးနောက် စင်ကာပူတွင် နှစ်စဉ်ကျင်းပသည့် နိုင်ငံတကာ လမ်းဘေးအက ပြိုင်ပွဲဖြစ်သည့် Radikal Forze Jam သို့ ဂျင်မီကိုကို တက်ရောက်ခဲ့သည်။ 

အစီအစဉ် ကြီးကြပ်သူက ပရိတ်သတ်များကို နှုတ်ဆက်ချိန်တွင် နိုင်ငံတကာမှ အကသမားအား မိတ်ဆက်ပေးသောအခါ ပရိသတ်များက ဗီယက်နမ်နှင့် ထိုင်းတို့ကိုသာ အော်ဟစ်အားပေးကြသောကြောင့် ဂျင်မီကိုကို စိတ်ပျက်ခဲ့ရသည်။ မြန်မာနိုင်ငံကို ထည့်သွင်းပြောကြားခဲ့ခြင်းပင် မရှိခဲ့ပေ။ တစ်နေ့တွင် မြန်မာနိုင်ငံမှ လမ်းဘေးအကသမားများလည်း နိုင်ငံတကာတွင် နာမည်ရလာအောင် လုပ်ဆောင်မည်ဟု ထိုအချိန်တွင် ဂျင်မီကိုကိုက ဆုံးဖြတ်ခဲ့သည်။ 

လအနည်းငယ် ကြာပြီးနောက်တွင် MSD တီရှပ်များကို ယူဆောင်လာပြီး ရန်ကုန်သို့ ဂျင်မီကိုကို ပြန်လာခဲ့သည်။ ထို့နောက် အခြားသော MSD အဖွဲ့သားများနှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံး လမ်းဘေးအကပြိုင်ပွဲ First Jam ကို ကျင်းပနိုင်ရန် စီစဉ်ခဲ့လေတော့သည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် မဟုတ်တော့သောကြောင့် အနုပညာ လွတ်လပ်ခွင့်များ အတန်အသင့် ရရှိလာကာ လမ်းဘေးအက မြင်ကွင်းများလည်း ဖွံ့ဖြိုးလာခဲ့သည်။ ထိုအချိန်ကစပြီး b-boy များသည် ကမာရွတ်မြို့နယ် လှည်းတန်းကုန်းကျော်တံတားအောက်တွင် ပုံမှန်တွေ့ဆုံကာ အကလေ့ကျင့်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ်တွင်မူ မြေနီကုန်း ကုန်းကျော်တံတားအောက်သို့ သူတို့ ပြောင်းရွှေ့ လေ့ကျင့်ခဲ့ကြသည်။ 

နောက်ပိုင်းနှစ်များတွင်မူ မူလ MSD အဖွဲ့ဝင်ဟောင်းများသည် ခေါင်းဆောင်များ၊ ဆရာများ ဖြစ်လာကြသည်။ သူတို့က သင်တန်းများပေးခြင်း၊ ပြိုင်ပွဲများ စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက်ကြသည်။ အစီအစဉ်မှူးများ၊ ဒိုင်များ၊ ဓါတ်ပုံဆရာများ ဖြစ်လာကြသည်။ ပြိုင်ပွဲများက ပြင်းထန်လာပြီး လူအများ စိတ်ဝင်စားလာသော်လည်း အကသင်တန်းကို ပုံမှန် တက်ရောက်သူမှာ လျော့ကျသွားသည်။ မိမိတို့၏ အလုပ်ကိစ္စနှင့် တခြားဦးစားပေးစရာများ ပေါ်လာသောကြောင့် ဖြစ်သည်။ 

၂၀၁၇ ခုနှစ်တွင် ပတ်ဝန်းကျင်အနီးတဝိုက်မှ လူငယ်များ သင်တန်းလာရောက် တက်ရောက်ကြသောကြောင့် ပြန်လည်ခေါင်းမော့လာခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ ကိုရဲရင့်မိုးက အခြေခံများကို သင်ကြားပေးသည်။ မကြာမီတွင် သူ၏ တပည့်များက ကိုယ်ပိုင်သင်တန်းများ ထူထောင်ပြီး အချင်းချင်း ပြန်လည်သင်ကြားပေးကြကာ အကစတိုင်သစ်များကို တီထွင်လာကြသည်။ 

ကိုရဲရင့်မိုး၏ လမ်းညွှန်မှုဖြင့် ယခင်က တရားဝင်မဟုတ်သော အဖွဲ့အစည်းလေးသည် အဖွဲ့ဝင် ရှစ်ယောက်ပါဝင်သော Session Breakerz Crew ဖြစ်လာသည်။ အဖွဲ့ဝင်များက အသက် ၁၂ နှစ်မှ ၂၅ နှစ်အကြားရှိပြီး အလုပ်လုပ်နေသူနှင့် ကျောင်းတက်နေသူများ ဖြစ်ကြသည်။ ကျောင်းနှင့် အလုပ်ကိစ္စများ မည်မျှ ရှုပ်နေသည်ဖြစ်စေ သူတို့အားလုံးက b-boying အက သင်တန်းကို မပျက်မကွက် တက်ရောက်လေ့ရှိကြသည်။

ထိုအဖွဲ့တွင် အသက်အငယ်ဆုံးမှာ နန္ဒမိုးဟူသည့် အသက် ၁၂ နှစ်အရွယ် ကောင်ကလေးတစ်ယောက် ဖြစ်သည်။ သူက အထက ၃ စမ်းချောင်းမြို့နယ်တွင် ပညာသင်ကြားနေပြီး ဂျင်မီကိုကို၏ အကခန်းမဖြစ်သည့် Dance Lab တွင် လွန်ခဲ့သော နှစ်နှစ်ခန့်ကတည်းက တက်ရောက်နေသူဖြစ်သည်။ နန္ဒမိုးက အကတွင် စိတ်အားထက်သန်သူတစ်ယောက် ဖြစ်သည်။ မိဘများက အကခန်းမမှ သူ့ကို ည ၉ နာရီခွဲတွင် လာကြိုပြီးနောက်တွင်လည်း အိမ်တွင် ည ၁ နာရီခွဲအထိ ဆက်လက် အက လေ့ကျင့်တတ်သူဖြစ်သည်။ 

B-boy Fan Lay ဟု သိထားကြသည့် ကိုသော်ဇင်မင်းဦး။

B-boy Fan Lay ဟု သိထားကြသည့် ကိုသော်ဇင်မင်းဦး။

အဖွဲ့ထဲတွင် အထက ၃ စမ်းချောင်းမှ ကျောင်းသားဟောင်းများဖြစ်ပြီး ယခုအခါတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများလည်း ပါဝင်သည်။ သူတို့က မနက်ပိုင်းတွင် ကျောင်းတက်ပြီး ညနေပိုင်းတွင် အကလေ့ကျင့်ကြသည်။ ကိုထိုက်ဟု ခေါ်ကြသည့် အသက် ၁၇ နှစ်အရွယ် ကိုသန့်ဇင်ထိုက်၊ အသက် ၁၆ နှစ်အရွယ်  ကိုဟိန်းသန့်ထူး ခေါ် Eric BP၊ အသက် ၁၈ နှစ်အရွယ် ကိုသော်ဇင်မင်းဦး ခေါ် Fan Lay တို့မှာ ၎င်းတို့၏ လှပသော အကကွက်များကြောင့် ပြိင်ပွဲများတွင် ပရိတ်သတ်၏ အားပေးခြင်းခံထားရသူများဖြစ်သည်။ ပြိုင်ပွဲများ၌ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်သူများလည်း ဖြစ်သည်။ 

Session Breakerz ၏ အခြားအဖွဲ့ဝင်များဖြစ်သော အသက် ၁၆ နှစ်အရွယ် ကိုမိုးသန့်ထက် ခေါ် Iris MH နှင့် အသက် ၂၃ နှစ်ရှိ ကိုလှမိုး ခေါ် Drak Pis တို့မှာမူ အလုပ်နှင့်အကကို ချိန်ညှိနေကြရသည်။

လမ်းဘေးအကကို လူအများက လက်ခံလာကြသော်လည်း ကလေးများ၏ မိဘများကို လမ်းဘေးအက၏ တန်ဖိုးအကြောင်း နားလည်အောင် လုပ်ဆောင်ရသည်မှာ ခက်ခဲလှသည်။ Session Breakerz အဖွဲ့ဝင်များ၏ အဆိုအရ b-boy လုပ်ခြင်းကို မိဘများက အချိန်ဖြန်းခြင်းဟု ယူဆပြီး အလုပ်အကိုင်နှင့် ကျောင်းစာကို ထိခိုက်သည်ဟု ရှုမြင်ကြသည်ဟု ဆိုသည်။ သို့သော် သဘောထားများကလည်း ပြောင်းလဲလာနေသည်။ b-boy ကိုထိုက်၏ မိခင်သည် အစပိုင်းတွင် သားဖြစ်သူ၏ ဝါသနာကို အားမပေးခဲ့သော်လည်း b-boy လုပ်ခြင်းကြောင့် ဆေးလိပ်နှင့် အရက်ဘက်သို့ သားဖြစ်သူ စိတ်မယိုင်သွားသောကြောင့် အားပေးလာခဲ့သည်။ b-boy လုပ်ခြင်းသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အပြုသဘောရှိသော လူ့အဖွဲ့အစည်းနှင့် ချိတ်ဆက်မိစေကြောင်းကို မိခင်ဖြစ်သူက သိလာခဲ့သည်။ 

Session Breakerz နှင့် မြန်မာနိုင်ငံမှ b-boy များ၏ စတိုင်နှင့် ယဉ်ကျေးမှုသည် ကမ္ဘာပေါ်မှ b-boy များ၏ ပုံစံငယ်များ ဖြစ်ကြသည်။ youtube နှင့် လူမှုကွန်ယက်မှတဆင့် ကမ္ဘာတစ်ဝန်းမှ ပြိုင်ပွဲများကို မြန်မာနိုင်ငံ၏ b-boy များလည်း ကြည့်ရှုခွင့်ရလာကြသည်။ အခြားသော b-boy များနှင့် ဆက်သွယ်မိလာကြသည်။ b-boy ယဉ်ကျေးမှုကို လေ့လာကြသည်။ hip hop တေးဂီတ၏ အဓိက အူတိုင်လေးရပ်ဖြစ်သည့် D jing ၊ MCing၊ rapping၊ နှင့် graffiti တို့အပြင် b-boying ကလည်း နယူးယောက်ခ်မြို့ Bronx အရပ်တွင် အာဖရိကန်အမေရိကန်များနှင့် လက်တိနို လူ့အဖွဲ့အစည်းထံမှ ၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်များတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

B-boying က အလွတ်အက ပုံစံတစ်မျိုးဖြစ်သော်လည်း အဓိက ပါဝင်သော ကကွက်များမှာ toprock၊ footwork၊ freezes နှင့် power တို့ကို မိမိ၏ ဖန်တီးနိုင်စွမ်းဖြင့် ပေါင်းစပ်ကပြရခြင်း ဖြစ်သည်။ 

B-boyes အကသည် ထူးခြားသော ပါဝါကကွက်များဖြင့် ထင်ရှားသည်။ ဖန်တီးနိုင်စွမ်းနှင့် တန်ဆာပလာများ ထည့်သွင်းတတ်ခြင်းကလည်း အရေးပါသည်။ ကသူက သူ၏ စိတ်ဝိဉာဉ်ကို တေးဂီတအတွင်း စီးမျောစေခြင်း ဖြစ်သည်။ အကလေ့ကျင့်သော နေရာကို လွတ်လပ်သည့်နေရာတွင် ထားရှိသောကြောင့် အသက်အရွယ်မျိုးစုံ၊ နယ်ပယ်မျိုးစုံ၊ အဆင့်အတန်းမျိုးစုံတို့မှ လူများကလည်း အကနည်းပညာကို လေ့လာနိုင်ကြသည်။ မျှဝေနိုင်ကြသည်။ ဖန်းတီးနိုင်စွမ်းများကို ဝေငှနိုင်ကြသည်။ hip hop ယဉ်ကျေးမှုတွင် အဖွဲ့ဝင်များ တည်ဆောက်ခြင်းသည် အရေးပါသော အခန်းကဏ္ဍဖြစ်သည်။ အကအဖွဲ့တွင် ပါဝင်သူများသည် အတူတကွ လေ့ကျင့်ကြသည်။ အတူတကွ ယှဉ်ပြိုင်ကြသည်။ အချင်းချင်း လေးနက်သော ခင်မင်ရင်းနှီးမှု ရှိကြသည်။ 

Session Breakerz အဖွဲ့ဝင်များဖြစ်သည့် (ဝဲမှ ယာ) B-boy Eric BP၊ B-boy Ko Htike၊ B-boy Fan Lay၊ B-boy Mg Nanda Moe၊ B-boy Disko၊ B-boy HN နှင့် B-boy Ye Yint Moe။

Session Breakerz အဖွဲ့ဝင်များဖြစ်သည့် (ဝဲမှ ယာ) B-boy Eric BP၊ B-boy Ko Htike၊ B-boy Fan Lay၊ B-boy Mg Nanda Moe၊ B-boy Disko၊ B-boy HN နှင့် B-boy Ye Yint Moe။

Session Breakerz သည် မြန်မာနိုင်ငံ၌ အသစ်ပေါ်ပေါက်လာသော b-boy များ ဖြစ်ကြသည်။ ၎င်းတို့က အခြားအဖွဲ့များနှင့် ကွဲပြားသည်။ ၎င်းတို့က လမ်းမပေါ်တွင်သာ လေ့ကျင့်ကြသည်။ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာရန်အတွက် အကသင်တန်းကို နေ့စဉ်တက်ရောက်ရမည်ဟု ရဲရင့်မိုးက ဆိုသည်။ အခြားအဖွဲ့ဝင်များကို ရိုသေလေးစားရမည်။ အကကို နှစ်သက်ရမည်ဟုလည်း ၎င်းက ပြောသည်။ 

B-boying သည် အမျိုးသားများ လွှမ်းမိုးထားသော အကပညာဖြစ်သည်။ သို့သော် ကမ္ဘာတစ်ဝန်းတွင် b-girls များလည်း ပေါ်ထွက်လာပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် မကြာသေးမီက b-girls အချို့လည်း ပေါ်ထွက်လာခဲ့သည်။ 

မြန်မာနိုင်ငံတွင် b-boys နှင့် b-girls အရေအတွက် မည်မျှရှိမည်ကို ခန့်မှန်းရ ခက်ခဲ့သည်။ ၎င်းတို့သည် ၎င်းတို့ဘာသာ သီးခြားလေ့ကျင့် နေကြသောကြောင့် ဖြစ်သည်။ သို့သော် အရေအတွက်က ၁၀၀ ထက် မပိုနိုင်ပေ။ Breakerz များသည် မြန်မာနိုင်ငံ၏ လမ်းဘေးအက အဖွဲ့များထဲမှ အဖွဲ့တစ်မျိုး ဖြစ်သည်။ ၎င်းတို့သည် လူမှုများနှင့် ဆက်ဆံခြင်း၊ အဖွဲ့ဝင်များ ဖွဲ့စည်းခြင်း၊ jam ပြိုင်ပွဲများ ဝင်ပြိုင်ခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ ပြိုင်ပွဲများအနေဖြင့် လှည်းတန်းစင်တာတွင် ကျင်းပသော First Jam နှစ်စဉ်ပြိုင်ပွဲရှိပြီး လမ်းမတွင် လစဉ်ကျင်းပသော ကုန်းကျော်တံတား ပြိုင်ပွဲများလည်း ရှိသည်။ ထို့ပြင် မလေးရှား၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့သို့ စပွန်ဆာဖြင့် သွားရောက်ယှဉ်ပြိုင်ရသော အရည်အချင်းစစ်ပြိုင်ပွဲများ ရှိနေသည်။ 

ကခြင်းမှ ရရှိသော အကျိုးကျေးဇူးများကို Session Breakerz တို့က နှစ်သက်ကြသည်။ “ကျွန်တော် ကနေတဲ့အချိန်မှာ သောကတွေ အကုန် မေ့ပျောက်ကုန်ပြီး လွတ်လပ်ပေါ့ပါးလာတယ်ဋ္ဌ ဟု Iris MH က ပြောသည်။ Fan Lay ကမူ သူ အကသင်တန်း မတက်မီက ဗီဒီယိုဂိမ်းကစားရင်း အချိန်များကို ကုန်လွန်စေခဲ့သည်ဟုဆိုသည်။ ”အခု ကတဲ့အခါကျတော့ တက်ကြွလန်းဆန်းလာတယ်” ဟု ၎င်းကပြောသည်။ 

အကကို လွတ်လပ်သော လမ်းမပေါ်တွင် လေ့ကျင့်ရခြင်းနှင့် အဖွဲ့ဝင်များအကြား ရဲဘော်ရဲဘက် စိတ်ထားရှိရသော သဘာဝကို Eric BP က နှစ်သက်သည်။ b-boy လုပ်ခြင်းသည် မိမိကိုယ်ကို ယုံကြည်မှု ရှိလာစေသည်ဟ နန္ဒမိုးက ဆိုသည်။ 

အကနှင့်ပတ်သက်ပြီး ခရီးများလည်း သူတို့ သွားရောက်ရလေ့ရှိသည်။ Fan Lay သည် အကပြိုင်ပွဲအတွက် နိုင်ငံခြားသို့ ပထမဆုံးသွားရောက်ခဲ့သည့် အဖွဲ့ဝင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်ဝမ်တွင် ကျင်းပသော Youth Olympic Games အရည်အချင်းစစ် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ 

နန္ဒမိုးနှင့် ရဲရင့်မိုး။

နန္ဒမိုးနှင့် ရဲရင့်မိုး။

ထိုသို့ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရန် Session Breakerz အဖွဲ့ဝင်များက အိပ်မက်မက်ကြလေ့ရှိသည်။ အထူးသဖြင့် Red Bull BC One World Championship ကဲ့သို့ ပြိုင်ပွဲမျိုး ဖြစ်သည်။ ထိုပြိုင်ပွဲများတွင် မြန်မာနိုင်ငံ ကိုယ်စားပြုကာ ယှဉ်ပြိုင်လိုကြခြင်း ဖြစ်သည်။ 

Session Breakerz အဖွဲ့ဝင်သစ်များမှာလည်း ၎င်းတို့ စီနီယာများ၏ လေးစားမှုကို ခံရပြီး ပြိုင်ပွဲသို့ သွားရောက်နိုင်သည်အထိ တဖြည်းဖြည်း တိုးတက်လာကြသည်။

အသက် ၂၆ နှစ်ရှိပြီဖြစ်ပြီး အကအလုပ်ကို အချိန်ပြည့်လုပ်ဆောင်နေကာ ပြိုင်ပွဲများကို ဦးဆောင်စီစဉ်ပေးသော ဂျင်မီကိုကိုက အဖွဲ့ဝင်သစ်များ၏ စွမ်းအားနှင့် အရည်အချင်းကို သဘောကျနေမိသည်။ သို့သော် အရှေ့တောင်အာရှ b-boy မြင်ကွင်းတွင် တန်းတူယှဉ်ပြိုင်အောင် မြန်မာနိုင်ငံအနေဖြင့် အများကြီး လုပ်ဆောင်ရဦးမည်ဟု ဆိုသည်။

အဖွဲ့ဝင်သစ်များကို မျိုးဆက်ဟောင်းများက ပျိုးထောင်သင်ကြားပေးသလို အဖွဲ့ဝင်သစ်များကိုလည်း ကြိုဆိုနေကြသည်။ “ကိုယ်ကိုကိုယ် ယုံကြည်မှုရှိပါ။ ရှက်ကြောက်တာတွေ လုံးဝမရှိနဲ့။ စိတ်ဝင်စားရင် ကျွန်တော်တို့နှင့် လာရောက်ပူးပေါင်းပါ” ဟု နန္ဒမိုးကပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar