ANP ၏ ရခိုင်အရေးဆွေးနွေးလိုမှုအပေါ် လွှတ်တော်နှင့် တပ်မတော်တို့ သီးခြားစီခွင့်ပြုပေးခဲ့

နေပြည်တော်၊ သြဂုတ် ၉

လတ်တလောမှာကြုံတွေ့နေရတဲ့ ရခိုင်ပြည်ရဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခွင့်ရဖို့ ရခိုင်အမျိုးသား ပါတီ (ANP)ရဲ့ တောင်းဆိုမှုကို အမျိုးသားလွှတ်တော်နဲ့ တပ်မတော်တို့က တစ်ရက်တည်းမှာတင် သီးခြားစီ ခွင့်ပြုပေးလိုက်ပါတယ်။

လွှတ်တော်ဖက်ကတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူပေးဖို့၊ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ တိုင်းရင်းသားကျေးရွာတွေ ဆက်လက် ရပ်တည်နိုင်ရေး ကူညီပေးဖို့ဆိုတဲ့ အဆိုတစ်ခုကို လက်ခံဆွေးနွေးဖို့ သဘောတူလိုက်တာပါ။

ANP ပါတီက ရခိုင်ပြည်နယ် အမှတ် ၃ မဲဆန္ဒနယ် အမတ် ဦးခင်မောင်လတ်တင်သွင်းတဲ့ ဒီအဆိုကို သြဂုတ် ၉ ရက် က ကျင်းပတဲ့ အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးးဖို့ ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်ပါတယ်။

ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ဆွေးနွေးဆုံးဖြတ်ခွင့်ရဖို့ ANP ပါတီရဲ့ ခြောက်ကြိမ်မြောက် ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ ဒီမတိုင်ခင်အဆိုတွေတုန်းက တင်သွင်းခွင့်ပယ်ချခံရတာ၊ အတည်ပြုဖို့ ငြင်းဆိုခံရတာတွေကို ANP ပါတီ ရင်ဆိုင်ခဲ့ရဖူးတဲ့ မှတ်တမ်းတွေရှိပါတယ်။

တပ်မတော်ဖက်ကတော့ မြို တိုင်းရင်းသားတွေနေထိုင်တဲ့ မောင်တောမြို့နယ်၊ ကိုင်းကြီးရွာသူ ရွာသား ၈ ဦးကို သက်ဖြတ်ခံရအပြီး ၆ ရက်အကြာ၊ ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာအတွင်း မသင်္ကာသူများကို သွားရောက်ဖမ်းဆီးတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လူ ၆၀၀ ခန့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်မှုအပြီး ၅ ရက်အကြာမှာ ANPပါတီကို လက်ခံတွေ့ဆုံ ခဲ့တာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့ဟာ သြဂုတ် ၉ ရက်မှာပဲ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ပါဝင်တဲ့ ပါတီဝင် ပြည်သူ့ လွှတ်တော်အမတ် ၅ ဦး၊ အမျိုးသားလွှတ်တော်အမတ် ၂ ဦး စုစုပေါင်း ၇ ဦးကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံတာဖြစ်ပါတယ်။

akm_5635_myan.jpg

 title=

title=

“ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေက အင်မတန် စိုးရိမ်စရာဖြစ်နေတယ်။ ရခိုင်တိုင်းရင်းသားတွေ နေရပ်စွန့်ခွာနေရတာတွေ၊ ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေကို ပြောဖြစ်ပါတယ်”လို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောက Frontier ကိုပြောပါတယ်။

ဒီလိုတွေ့ဆုံချင်တဲ့အကြောင်းကို ANP ပါတီက သြဂုတ် ၈ ရက်မှာ တောင်းဆိုခဲ့တာဖြစ်ပြီး နောက်တစ်နေ့မှာပဲ ဆွေးနွေးပွဲဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်နဲ့ ဆွေးနွေးဖို့ ဘာကြောင့်တောင်းဆိုရတယ်ဆိုတဲ့ အကြောင်းကိုတော့ “လုံခြုံရေးဆိုင်ရာ လတ်တလောကိစ္စတွေကို ဖြေရှင်းနိုင်စွမ်းရှိတဲ့ တပ်မတော်နဲ့ ဆွေးနွေးလိုလို့ပါ”လို့ ဦးဦးလှစောက ရှင်းပြပါတယ်။

ဒါ့အပြင် ဒီနေ့တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့ဆိုတဲ့ကိစ္စမျိုး ဆွေးနွေးခဲ့ခြင်းမရှိသလို ဒေသခံတိုင်းရင်းသားတွေကို ပြည်သူ့စစ်အဖြစ်လက်နက်တပ်ဆင်ပေးဖို့ သူတို့ရဲ့ တောင်းဆိုချက်ကိုလည်း တပ်မတော်ဖက်က တိတိကျကျ မှတ်ချက်မပြုခဲ့ဖူးလို့ သူက ဆိုပါတယ်။

“ဒေသတွင်းလုံခြုံရေး၊ နယ်မြေပဲ့ပါမသွားရေး၊ အသက်အိုးအိမ်လုံခြုံရေးကိစ္စတွေကို ကျွန်တော်တို့အမြင်တွေကို ပြောတယ်။ တပ်မတော်ဖက်ကလည်း သူလုပ်ပေးနေတာတွေဆွေးနွေးကြပါတယ်” လို့ ဦးဦးလှစောက ပြောပါတယ်။

တပ်မတော်ဖက်က “ လုံခြုံရေးအင်အားတိုးချဲ့ဖို့၊ အမျိုးသားလုံခြုံရေး၊ အချုပ်အခြအာဏာမထိခိုက်ဖို့၊ နယ်မြေပဲ့ထွက်မသွားဖို့ကိစ္စတွေမှာ ပြတ်ပြတ်သားသား သဘောထားရှိတာသိခဲ့ရတယ်”လို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေးနဲ့ တိုင်းရင်းသားမိသားစုတွေအတွက် ပူးပေါင်းပြီးလုပ်ဖို့ တပ်မတော်ဖက်က ကူညီမယ့်အကြောင်း သိခဲ့ရတယ်လို့လည်းဆိုတယ်။

တွေ့ဆုံမှုမှာ ပါဝင်သူနောက်တစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော် ရခိုင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ် အမတ် ဦးဝေစိန်အောင်ကတော့ တပ်မတော်မှာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ကွဲပြားခြားနားတဲ့ ရပ်တည်ချက်မျိုး မတွေ့ခဲ့ရပါဘူးလို့ သုံးသပ်ပါတယ်။

“လုံခြုံရေးတွေ၊ နယ်မြေရှင်းလင်းရေးတွေ၊ အကြမ်းဖက်သမားတွေရန်က ကာကွယ်ပေးရေးတွေကို အရှိန်မြှင့်ပြီး အစီအမံတွေနဲ့ လုပ်နေတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ဖက်ကတော့ တိုင်းရင်းသားတွေ လုံခြုံမှုမဲ့နေတာ၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာတွေ ဆွေးနွေးပါတယ်” လို့ သူက ပြောတယ်။

တပ်မတော်ဖက်ကတော့ ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပိုမိုပူးပေါင်းလုပ်ဆောင်နိုင်မယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၂ ခုနှစ်ကစပြီး ဒေသခံတိုင်းရင်းသားတွေနဲ့ ဘာသာမတူသူတွေအကြား ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ နောင်လေးနှစ်ကျော်အကြာ ၂၀၁၆ နှစ်ကုန်ပိုင်းအရောက်မှာတော့ ဒေသတွင်းက ရဲကင်းစခန်းတွေထံက လက်နက်တွေ လုယူခံခဲ့ရတဲ့ အဖြစ်မျိုးအထိ မတည်မငြိမ်ဖြစ်လာနေပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ အဲဒီဒေသမှာ လူဦးရေ ရှစ်သိန်းကျော် နေထိုင်ပြီး ကျေးရွာပေါင်း ၉၀၅ ရွာတယ်လို့ သိရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ လူဦးရေ စုစုပေါင်းအနက် ရခိုင်တိုင်းရင်းသား ဦးရေက တစ်သိန်းကျော်သာ ရှိတယ်လို့ သိရပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar