pullman-yangon-myat-min-right-and-the-sebel-myat-min-middle1.gif
Pullman Yangon Myat Min ဟိုတယ်ပုံစံငယ်။
ပြင်သစ်နိုင်ငံ၊ ပဲရစ်အခြေစိုက် AccorHotel အုပ်စုက ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဟိုတယ် ခြောက်ခု ထပ်မံဖွင့်လှစ်သွားမည်ဟု လွန်ခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် AccorHotels အုပ်စုက စီမံခန့်ခွဲသည့် ဟိုတယ်ပေါင်း ကိုးခုအထိရှိလာမည်ဖြစ်သည်။
မြင့်တက်လာသော ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကြောင့် AccorHotels အုပ်စုက အရှေ့တောင်အာရှတွင် ဈေးကွက် ဖြန့်ကျက်လာခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့၏ အရှေ့တောင်အာရှနှင့် အရှေ့မြောက်အာရှဆိုင်ရာ Chief Operating Officer ဖြစ်သူ Patrick Basset က မတ် ၁၆ ရက်နေ့တွင် ပြောကြားသည်။
မူဆယ်၊ အင်းလေး၊ မန္တလေးနှင့် ရန်ကုန်တို့တွင် တည်ဆောက်သွားမည့် ဟိုတယ်ခြောက်ခုတွင် အခန်းပေါင်း ၁၅၀၀ ခန့် ပါဝင်မည်ဟုဆိုသည်။
ယခုနှစ်တွင် ဖွင့်လှစ်မည့် Ibis Styles Yangon Stadium တွင် အခန်းပေါင်း ၁၆၀ ပါဝင်မည်ဖြစ်ပြီး လာမည့်နှစ်တွင် ဖွင့်လှစ်မည့် အခန်း ၁၀၀ ရှိ MGallery Inle Lake Myat Minနှင့် ၃၅၆ ခန်းရှိ Pullman Mandalay Mingalar ဟိုတယ်၊ ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ၂၆၈ ခန်းရှိ ibis Styles Mandalay Center နှင့် ၂၀၁၉ ခုနှစ်တွင် အခန်းပေါင်း ၃၀၀ ရှိ Pullman Yangon Myat Min တို့အား ဖွင့်လှစ်ရန် စီစဉ်ထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်သုံးနှစ်အတွင်း ဟိုတယ်ခန်းအရေအတွက် သုံးဆတိုးလာသော်လည်း ပြီးခဲ့သည့်နှစ်က ဟိုတယ်ခန်းများ၏ ဝင်ငွေမှာ ၂၀ ရာခိုင်နှုန်းကျဆင်းသွားသော်လည်း မြန်မာနိုင်ငံ ဟိုတယ်ဈေးကွက်မှာ ခိုင်မာလာနိုင်ခြေရှိသည်ဟု ရိုက်တာက Basset ၏ ပြောကြားချက်ကို ကိုးကားရေးသားထားသည်။
Accor အနေဖြင့် ၂၀၂၀ ခုနှစ် ဈေးကွက်ချဲ့ထွင်ရေး အစီအစဉ်အရ ထိုင်းနိုင်ငံတွင် ဟိုတယ် ၁၇ ခုဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားသည်။ ထိုအထဲတွင် ဘန်ကောက်တွင် ဖွင့်လှစ်မည့် ဟိုတယ် ရှစ်ခုလည်း ပါဝင်သည်။
သတင်း- Frontier