AA ၏ တိုက်ခိုက်မှုက ရခိုင်ပြည်နယ်၌ အန္တရာယ်ရှိသော အလှည့်အပြောင်းဖြစ်ဟု ICG က သတိပေး

မူလကတည်းက ရှုတ်ထွေးလှသော ရခိုင်ပြည်နယ်၏ အခြေအနေသည် ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်သည့် AA တို့၏ တိုက်ခိုက်မှုကြောင့် ပိုမိုဆိုးရွားသွားစေခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ရိုဟင်ဂျာများ ပြန်လာရေးအစီအစဉ်ကို ခြိမ်းချောက်နေသည်ဟု နိုင်ငံတကာ အကြပ်အတည်းအဖွဲ့ ICG က သတိပေးလိုက်သည်။

“ဤတိုက်ခိုက်မှုသည် ရခိုင်တိုင်းရင်းသားတို့၏ မကျေနပ်ချက်၊ နစ်နာချက်များကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် နိုင်ငံရေးနည်းလမ်းမှ လက်နက်ကိုင်တော်လှန်သော နည်းလမ်းအဖြစ် အန္တရာယ်ကြီးမားသော အလှည့်အပြောင်း ဖြစ်လာသည်ကို ဖော်ညွှန်းနေသည်” ဟု ဘရပ်ဆယ်အခြေစိုက် ဉာဏ်ကြီးရှင်အဖွဲ့၏ ဇန်နဝါရီ ၂၄ ရက်နေ့ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

စာမျက်နှာ ၁၂ မျက်နှာပါသော “A new dimension of violence in Myanmar’s Rakhine State” ခေါင်းစဉ်ပါ အစီရင်ခံစာသည် ဇန်နဝါရီ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ရဲတပ်ဖွဲ့စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည့် အဖြစ်အပျက်နောက်ပိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

AA အဖွဲ့၏ တိုက်ခိုက်မှုနှင့် AA ကို အကြမ်းဖက်အုပ်စုတစ်ခုအဖြစ် အစိုးရက ကြေညာခဲ့မှုတို့ကြောင့် ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခ၏ အရွေ့စွမ်းအင်သည် ပြောင်းလဲသွားခဲ့သည်။ AA အပေါ် ထောက်ခံမှုသည် ယခင်က မီးခဲပြာဖုံးဖြစ်နေခဲ့ရာမှ ပို၍ထင်ထင်ပေါ်ပေါ်ဖြစ်လာသည်။

“အရွေ့စွမ်းအင်ဟာ အရှိန်မြင့်တက်လာပြီး ရခိုင်ပြည်နယ်တစ်ခုလုံး လက်နက်ကိုင် ပဋိပက္ခချောက်ကြီးထဲ ထိုးကျသွားမယ့် အန္တရာယ် ဖြစ်ပေါ်နေပါတယ်” ဟု ၎င်းတို့က သတိပေးလိုက်သည်။

တပ်မတော်၊ အစိုးရနှင့် AA တို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပြီး အကြမ်းဖက်မှုကို ဆွေးနွေးစေ့စပ်သောနည်းဖြင့် ဖြေရှင်းကြရန် အကြံပြုထားကာ ဆွေးနွေးညှိနှိုင်းရေးစားပွဲသို့ အားလုံး ရောက်လာကြစေရန်အတွက် တရုတ်နိုင်ငံက လုပ်ဆောင်ပေးရန်လည်း တိုက်တွန်းလိုက်သည်။

ရခိုင်နိုင်ငံရေးပါတီများ၊ အခြားလူမျိုးစုကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး ၎င်းတို့၏ အနာဂတ်နိုင်ငံရေး မျှော်မှန်းချက်များနှင့် လက်ရှိတင်းမာမှုများကို မည်သို့မည်ပုံ အကောင်းဆုံး ဖြေရှင်းနိုင်မည်ကို ဆွေးနွေးညှိနှိုင်းရန် အစိုးရကို တိုက်တွန်းထားသည်။

၂ဝ၁၆-၁၇ တွင် ရခိုင်ရိုဟင်ဂျာ လွတ်မြောက်ရေးတပ် (ARSA) အဖွဲ့ ပေါ်ထွက်လာပြီးနောက် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့ခြင်း၊ မူဆလင် ၈ဝဝ,ဝဝဝ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ခွာသွားခဲ့ကြခြင်း စသည့်ဖြစ်ရပ်များအပေါ် အာရုံရောက်နေခဲ့ကြသဖြင့် ရခိုင်ပြည်နယ်၏ ပြဿနာမှာ သုံးပွင့်ဆိုင်ပြဿနာဖြစ်သည် ဆိုသည့်အချက်ကို သတိမမူမိခဲ့ကြချေ။

“ရိုဟင်ဂျာတွေအပေါ် ကျူးကျော်သူဟု မကြာခဏဖော်ပြခြင်းခံရသော ရခိုင်တိုင်းရင်းသားတွေ ကိုယ်တိုင်ကလည်း ဗမာတွေကြီးစိုးသော ဗဟိုအစိုးရအဆက်ဆက်၏ ဖိနှိပ်ခြင်း၊ လစ်လျူရှုခြင်းကို ခံနေကြရသူများဖြစ်သည်” ဟု အစီရင်ခံစာက ဆိုထားသည်။

ဗမာလူများစုများအပေါ် ရခိုင်တို့၏ မကျေနပ်မှု၊ နာကြည်းမှုများသည် ၁၇၈၄ ခုတွင် ကုန်းဘောင်မင်းဆက်ဘုရင်က ရခိုင်ဘုရင်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့စဉ်ကတည်းက အစပြုခဲ့ခြင်းဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်မှ ပဋိပက္ခများကို အကဲဖြတ်သုံးသပ်ရာတွင် ဤအချက်ကို အသိအမှတ်မပြုဘဲ မကြာခဏ ချန်လှပ်ထားခဲ့ကြသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ထို့ပြင် မကြာမီကမှ ဖြစ်ပေါ်ခဲ့သော မကျေနပ်မှုများလည်း ရှိနေသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ ANP သည် ပြည်နယ်လွှတ်တော်တွင် နေရာအများစု ရခဲ့ပါသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်းတို့ ပါတီဝင်တစ်ဦးကိုသာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သောနှစ် ဇန်နဝါရီလအတွင်းက ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးတွင် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်းနှစ်ပတ်လည် အခမ်းအနားကျင်းပမှုကို ဖျက်သိမ်းရန် အာဏာပိုင်တို့က ဆုံးဖြတ်ခြင်းကို မကျေနပ်၍ ဆန္ဒပြနေသည့် လူအုပ်ကို လူစုခွဲရန် ကြိုးပမ်းစဉ် ရဲကပစ်ခတ်သဖြင့် ဆန္ဒပြနေသူ ၇ ဦး သေဆုံးခဲ့သည်။ နောက် နှစ်ရက်အကြာတွင် ရခိုင်ထိပ်တန်း နိုင်ငံရေးသမားနှင့် ယခင် ANP ပါတီခေါင်းဆောင်ဟောင်းဖြစ်သူ ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက်မှုနှင့် သွေးထိုးလျှို့ဆော်မှုတို့ဖြင့် ဖမ်းဆီးလိုက်သည်။ နှစ်ပတ်လည်အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ဒေါက်တာအေးမောင်က ဗမာတွေက ရခိုင်တွေကို ကျွန်လိုသာ သဘောထားကြောင်း၊ ရခိုင်လူထုအတွက် အချုပ်အခြာအာဏာပိုင်ခွင့်ရရန်အတွက် လက်နက်ကိုင်လမ်းစဉ်ကို ထောက်ခံကြောင်း ဖော်ပြခဲ့သည်ဟု စွတ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဒေါက်တာအေးမောင် အဖမ်းခံရခြင်း၊ ပြစ်မှုထင်ရှားက သေဒဏ်အထိ ကျခံရနိုင်ခြင်း၊ ANP ပါတီတွင်း ပဋိပက္ခများရှိနေခြင်းတို့ကြောင့် ရခိုင်များအတွက် ခေါင်းဆောင်မှု ကင်းမဲ့နေချိန်တွင် AA က အလျင်အမြန် နေရာဝင်ယူလိုက်ခြင်းဖြစ်သည်ဟု အစီရင်ခံစာက ဆိုထားသည်။

၎င်းတို့၏ မကျေနပ်ချက်များကို ဖော်ပြရန် နိုင်ငံရေးလမ်းကြောင်း မပြတ်မသားဖြစ်နေရာ လက်နက်ကိုင်လမ်းစဉ်သည်သာ ဗမာများ၏ ဖိနှိပ်မှုအပေါ် ပိုမိုထိရောက်သော တုံ့ပြန်မှုအဖြစ် ရခိုင်တို့က တိုး၍တိုး၍ ယူဆလာကြသည်။ ဖွံ့ဖြိုးရေးလုပ်ငန်းများ မရှိတော့သည့်အတွက် အဆင်းရဲဆုံးပြည်နယ်များတွင် တစ်ခုအပါအဝင်ဖြစ်နေရခြင်းအပေါ် ကာလရှည်ကြာ မကျေနပ်မှုများရှိနေခဲ့သည် မှန်သော်ငြားလည်း လွတ်လပ်ရေးနေ့က တိုက်ခိုက်မှုဖြစ်ပေါ်လာအောင် ရုတ်တရက် လှုံ့ဆော်ပေးလိုက်သောအကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်းမသိရချေ။

အကြောင်းရင်းတစ်ခုမှာ တပ်မတော်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ စစ်တိုင်းကြီး ၅ ခုတွင် ဧပြီ ၃ဝ ရက်နေ့အထိ အပစ်အခတ်ရပ်ဆိုင်းထားမည်ဟု ဒီဇင်ဘာ ၂၁ ရက်နေ့တွင် တစ်ဖက်သတ်ကြေငြာခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု အစီရင်ခံစာကဆိုသည်။

ရခိုင်ပြည်နယ်တွင် ARSA အကြမ်းဖက်သမားများကို နှိမ်နင်းရေး ဆက်လက်ဆောင်ရွက်ရန် ရှိနေသေးသောကြောင့် ရခိုင်ပြည်နယ် မပါဝင်ခြင်းဖြစ်သည်ဟု တပ်မတော်က ပြောကြားသော်ငြားလည်း ကချင်နှင့် ရှမ်းပြည်နယ်များမှ တပ်မတော် တပ်ဖွဲ့များကို ရခိုင်သို့ပို့ပြီး ၎င်းတို့အား တိုက်ရန်ရည်ရွယ်ရင်း ဖြစ်သည်ဟု AA တို့က ယုံကြည်နေကြပုံရသည်။

AA အဖွဲ့၏ ရည်ရွယ်ချက်မှာ ရခိုင်မြောက်ပိုင်းတွင် ခြေကုပ်နယ်မြေထူထောင်ရန်နှင့် ရခိုင်လူထုအကြား ထောက်ခံမှု စုစည်းနိုင်ရန် တိုက်ခိုက်ခြင်းဖြစ်နိုင်သည်။ ဤနည်းဖြင့် အနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးရာတွင် AA ၏ အနေအထားကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ICG က သုံးသပ်ထားသည်။ AA အဖွဲ့သည် ကချင်လွတ်မြောက်ရေးတပ် KIA အပါအဝင် NCA ကို လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ပါဝင်သောကြောင့် ငြိမ်းချမ်ရေးလုပ်ငန်းစဉ်မှ ဘေးဖယ်ခံထားရသော လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ AA ခေါင်းဆောင်များနှင့် ရင်းနှီးမှုရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း ပါဝင်သောအဖွဲ့တစ်ဖွဲ့၏ အဆိုအရ “ယခုအချိန်ဟာ သူတို့ တွန်းအားပေးရမယ့်အချိန်လို့ ယုံကြည်နေကြတယ်” ဟု ပြောကြားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar