၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် မူဆယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ရှေ့ ကလေးတစ်ဦးနှင့်အတူ အမျိုးသမီးတစ်ဦး စကူတာစီး၍ ဖြတ်သန်းသွားစဥ် (ဓာတ်ပုံ-အေအက်ဖ်ပီ)

နယ်စပ်ဖြတ်ကျော် သတို့သမီးများ – မြန်မာအမျိုးသမီးများ တရုတ်သို့ ဇနီးမယားအဖြစ် လူကုန်ကူးခံနေသည်။

မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသို့ သတို့သမီးအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အနည်းငယ်လျော့ကျသွားခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးကျဆင်းနေမှုများက ဤလူကုန်ကူးမှုပြဿနာကို တဖန် ပိုမိုဆိုးရွားလာစေသည်။

ဖရွန်တီးယား

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ကြီးပြင်းလာခဲ့သူ မမေဦး(အမည်လွှဲ) အတွက်တော့ တစ်နေ့တွင် လူကုန်ကူးသူများလက်မှ လွတ်မြောက်ရန် တရုတ်နိုင်ငံတောင်ပိုင်းရှိ ရဲစခန်းတစ်ခုထဲသို့ ကြောက်လန့်တကြား ပြေးဝင်ခိုလှုံရလိမ့်မည်ဟု တခါမျှ တွေးမထားခဲ့ဖူးပေ။

အသက် ၁၆ နှစ်အရွယ် မမေဦးသည် တရုတ်နိုင်ငံသို့ အလုပ်သွားရှာရာမှ လူကုန်ကူးသူများလက်သို့ ကျရောက်သွားခဲ့ပြီး ဇနီးသည်အလိုရှိနေသည့် တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခံလိုက်ရသည်။

မမေဦးက ခင်ပွန်းအသစ်ဆိုသူနှင့် လိင်ဆက်ဆံရန် ငြင်းဆန်ခဲ့သဖြင့် လူကုန်ကူးသူများက တရုတ်နိုင်ငံအတွင်းပိုင်းရှိ ကျန်းရှီပြည်နယ်၊ ရှင်းယွီမြို့သို့ ထပ်မံခေါ်ဆောင်သွားခဲ့ကြောင်း ပြောပြသည်။ ထိုမြို့ရှိ တရုတ်ပွဲစားတစ်ဦး၏အိမ်တွင် သူမကို ဖမ်းဆီးထားကာ နောက်တစ်ကြိမ် ထပ်မံရောင်းစားရန် စီစဉ်ခဲ့ကြသည်။

“သူတို့က ကျွန်မကို ခင်ပွန်းအသစ်ဆီ ပြဖို့ မြို့ထဲခေါ်သွားတယ်။ အဲဒီမှာ ရဲစခန်းတစ်ခုကို မြင်လိုက်ရတော့ အခွင့်အရေးရတာနဲ့ ထွက်ပြေးမယ်လို့ ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်” ဟု မမေဦးက  WeChat အက်ပ်မှတဆင့် ပြောပြသည်။

ရောင်းစားမည့်အချိန် မတိုင်မီလေးတွင် တရုတ်ပွဲစားနှင့် အစောင့်ဖြစ်သူတို့ အိပ်ပျော်နေချိန်၌ မမေဦး လစ်ထွက်လာနိုင်ခဲ့ပြီး ရဲစခန်းသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။

“ရဲစခန်းထဲ မဝင်ခင်မှာ အထဲဝင်သွားရင် ဘာတွေဖြစ်လာမလဲဆိုတာ ခဏလောက် စဉ်းစားပြီး တုံ့ဆိုင်းနေခဲ့သေးတယ်” ဟု မမေဦးက ပြောပြသည်။ သို့သော် ထိုစိုးရိမ်မှုများကို ထိန်းချုပ်ကာ သတ္တိမွေးပြီး ရဲစခန်းထဲသို့ သူ အတင်း ပြေးဝင်သွားခဲ့သည်။

ရဲများက လူကုန်ကူးသူများ၏ရန်မှ ကာကွယ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံသို့ ပြန်မပို့ဘဲ တရုတ်အာဏာပိုင်များထံသို့ လွှဲပြောင်းပေးခဲ့သည်။ ထိုမှတဆင့် ရှင်းယွီမြို့ရှိ အစိုးရလူမှုဖူလုံရေးဂေဟာသို့ ပို့ဆောင်ခံခဲ့ရပြီး လက်ရှိအချိန်အထိ ယင်းဂေဟာတွင်သာ နေထိုင်နေရသည်။

“ပွဲစားအိမ်မှာ တွေ့ခဲ့တဲ့ အစ်မကြီးတစ်ယောက်ကို ရဲစခန်းသွားပြီး အဖမ်းခံမယ့်အကြောင်း ကျွန်မ ပြောပြခဲ့သေးတယ်။ ဒါပေမဲ့ သူကတော့ ထွက်မပြေးဘဲ ရှင်းယွီမှာပဲ အိမ်ထောင်ပြုသွားခဲ့တယ်” ဟု မမေဦးက ပြောသည်။

တစ်နိုင်ငံလုံး ရင်ဆိုင်နေရသည့် ပြဿနာ

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံတွင် အတင်းအကျပ် အိမ်ထောင်ပြုရန် ရောင်းစားခံရသည့် (သို့မဟုတ်) တရုတ်အမျိုးသားများနှင့် အိမ်ထောင်ပြုရန် အွန်လိုင်းဗီဒီယိုများမှတဆင့် မိမိသဘောဆန္ဒအလျောက် သွားရောက်ခဲ့ကြသည့် မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ်ပေါင်း သောင်းနှင့်ချီ ရှိခဲ့သည်။ မမေဦးသည်လည်း အတင်းအကျပ် ရောင်းစားခံခဲ့ရသူများထဲမှတစ်ဦးအပါအဝင်ဖြစ်သည်။

ဤကဲ့သို့ အရောင်းအဝယ်လုပ်မှုများတွင် ပါဝင်ပတ်သက်သည့် လူကုန်ကူးသူများကို စစ်ကောင်စီရဲတပ်ဖွဲ့က ရံဖန်ရံခါ ဖမ်းဆီးလေ့ရှိသည်။ သို့သော် အရှေ့တောင်အာရှအတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို တိုက်ဖျက်ရာ၌ အဓိက အာရုံစိုက်ခံရသည်မှာ ဆိုက်ဘာလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများအတွက် လူကုန်ကူးခံရမှုများသာ ဖြစ်နေသည်။

ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် “Sold to China (တရုတ်ပြည်သို့ ရောင်းစားခံရခြင်း)” အစီရင်ခံစာအရ တရုတ်နိုင်ငံသို့ သတို့သမီးအဖြစ် လူကုန်ကူးမှုများမှာ ယခုနှစ်ပိုင်းများအတွင်း  ပြန်လည်မြင့်တက်လာခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ဂိတ်များ ပိတ်ထားရခြင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ် ဖြစ်ပွားလာခြင်းတို့ကြောင့် နှစ်အတော်ကြာ လျော့ကျနေခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း KWAT က ကူညီပေးခဲ့သည့် အမျိုးသမီး ၁၈၇ ဦးနှင့် တွေ့ဆုံမေးမြန်းချက်များကို ကိုးကားထားသည့် အဆိုပါအစီရင်ခံစာအရ လူကုန်ကူးခံရသူများ၏ ထက်ဝက်ခန့်မှာ ရန်ကုန်နှင့် မန္တလေးကဲ့သို့သော မြို့ကြီးများမှ ဖြစ်နေသည်။ ယခင်က အိမ်ထောင်ပြုရန် လူကုန်ကူးခံရသူ အများစုမှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့မှသာ ဖြစ်လေ့ရှိရာ ယခုအခြေအနေမှာ အတိတ်ကနှင့် လုံးဝကွာခြားလာခြင်းဖြစ်သည်။

“တရုတ်အမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ပြုဖို့၊ ဒါမှမဟုတ် ကလေးမွေးပေးဖို့ ရောင်းစားခံရတာဟာ နယ်စပ်ဒေသတွေမှာသာ ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။ ဒီခြိမ်းခြောက်မှုကို မြန်မာတစ်နိုင်ငံလုံး ရင်ဆိုင်နေရတာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေးပြဿနာတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တစ်နိုင်ငံလုံးအပေါ် သက်ရောက်မှုရှိနေတာကို ကျွန်မတို့ တွေ့မြင်နေရပါတယ်” ဟု KWAT ၏ ပြောရေးဆိုခွင့်ရှိသူ ဆိုင်းထွယ်က ပြောသည်။

“စီးပွားရေးကျပ်တည်းလာတဲ့အခါ မိသားစုကို ထောက်ပံ့ဖို့ အလုပ်ရှာရမယ့် တာဝန်က ပိုကြီးလာတယ်။ အမျိုးသားတွေ စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ယူခံရတဲ့အခါ ကျန်ခဲ့တဲ့ မိသားစုကို ကျွေးမွေးဖို့ အမျိုးသမီးတွေမှာ ပိုကြီးမားတဲ့ တာဝန်တွေ ရှိလာတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းမျိုးစုံ ရှာဖွေကြရင်းကနေ ရောင်းစားခံရတဲ့ အခြေအနေတွေဆီ ရောက်သွားကြတာပါ” ဟု ၎င်းက ထပ်လောင်းပြောသည်။

Migration Policy Institute (MPI) ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် တရုတ်နိုင်ငံ၏ ကျား၊ မ ဦးရေ မညီမျှမှုနှင့် ခိုင်မာသောစီးပွားရေးအင်အားတို့ကြောင့် အရှေ့တောင်အာရှနိုင်ငံများမှ အမျိုးသမီးများ တရုတ်နိုင်ငံသို့ သတို့သမီးအဖြစ် ရွှေ့ပြောင်းဝင်ရောက်မှုများ မြင့်တက်လာကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် တစ်အိမ်ထောင်လျှင် ကလေးတစ်ဦးသာ ယူခွင့်ပြုသည့် မူဝါဒကို ၂၀၁၆ ခုနှစ်တွင် တရားဝင် ရုပ်သိမ်းခဲ့သော်လည်း သားယောက်ျားလေး မွေးဖွားခြင်းကို ဦးစားပေးသည့် အမြစ်တွယ်နေသော ရိုးရာဓလေ့များ ဆက်လက်တည်ရှိနေသဖြင့် ကျား၊ မ ဦးရေ အချိုးအစား သိသိသာသာ မမျှတသည့် ပြဿနာကို ဖြစ်ပေါ်စေသည်။ ၂၀၂၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ တရုတ်နိုင်ငံတွင် အမျိုးသားဦးရေသည် အမျိုးသမီးဦးရေထက် ၃၅ သန်းအထိ ပိုမိုများပြားနေသည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ် ၂၁,၀၀၀ ခန့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရကြောင်း MPI က ခန့်မှန်းထားပြီး “မိမိသဘောဆန္ဒအလျောက် သွားရောက်ခြင်းနှင့် အတင်းအကျပ် လူကုန်ကူးခံရခြင်းတို့ကို ခွဲခြားရန် ခက်ခဲကြောင်း” လည်း ထပ်လောင်းဖော်ပြထားသည်။

“အချို့သောအမျိုးသမီးများမှာ ၎င်းတို့၏ အိမ်ထောင်ရေးတွင် ပျော်ရွှင်ကြသော်လည်း ကျန်ရှိသူများမှာမူ အကြမ်းဖက်ခံရမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုနှင့် အဓမ္မအလုပ်ခိုင်းစေခံရမှုတို့ကို ရင်ဆိုင်နေကြရသည်” ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

Tik Tok ပေါ်က အွန်လိုင်းကြော်ငြာများ

ပြီးခဲ့သည့် မေလက Tik Tok တွင် တင်ထားသော ဗီဒီယိုတစ်ခု၌ ပြုံးရွှင်နေသော အမျိုးသမီးတစ်ဦး အနက်ရောင် ဆလွန်းကားပေါ်မှ ဆင်းလာသည်ကို တွေ့ရသည်။ အနီရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသားတစ်ဦးက ထိုအမျိုးသမီးကို ပခုံးပေါ်ထမ်းကာ ကော်ဇောနီပေါ်တွင် လျှောက်လှမ်းသွားစဉ် အနီးအနားရှိသူများက ပန်းစက္ကူများကို လေထဲသို့ ပစ်ဖောက်ကြဲပက်နေကြသည်။

မြန်မာဘာသာဖြင့် ရေးသားထားသော စာတန်းတွင် “အိမ်ထောင်ပြုဖို့ ရှာပေးလိုက်တဲ့ ညီမလေး မြတ်နိုးခံရလို့ အရမ်းဝမ်းသာပါတယ်။ တကယ်ကို လိုက်ဖက်တဲ့ စုံတွဲလေးပါ” ဟု ဖော်ပြထားသည်။ “အိမ်ထောင်ဖက် ရှာဖွေပေးခြင်း” ဟု ခေါင်းစဉ်တပ်ထားသည့် ထိုဗီဒီယိုသည် ကြည့်ရှုမှု ၁.၅ သန်းကျော် ရရှိထားသည်။

အဆိုပါဗီဒီယိုအောက်တွင် “တရုတ်တွေက မိန်းမတွေကို နတ်သမီးလေးတွေလို ကိုးကွယ်ကြတယ်၊ မြန်မာယောကျ်ားတွေနဲ့ တခြားစီပဲ” နှင့် “တရုတ်မယား ဖြစ်ချင်လိုက်တာ” အစရှိသည့် ထောက်ခံအားပေးသော မှတ်ချက်များစွာကိုလည်း တွေ့ရသည်။

ယင်းကဲ့သို့ ဆင်တူသော Tik Tok အကောင့်များစွာကို Frontier က တွေ့ရှိခဲ့ရာ၊ ထိုအထဲတွင် တရုတ်နယ်စပ်မြို့ ရွှေလီ၌ အလုပ်အကိုင် ကမ်းလှမ်းသည့် အကောင့်များနှင့် တရုတ်အမျိုးသားများအတွက် သတို့သမီး ရှာဖွေပေးသည့် အကောင့်များလည်း ပါဝင်သည်။

ထိုသို့ အလုပ်အကိုင် ကြော်ငြာထားသည့် Tik Tok ဗီဒီယို၏ ထောင်ချောက်ထဲ ကျရောက်ခဲ့သူများထဲတွင် မမေဦးလည်း ပါဝင်သည်။

မမေဦး လူကုန်ကူးခံရသည့်ဖြစ်စဉ်မှာ ယမန်နှစ် အောက်တိုဘာလတွင် စတင်ခဲ့ကြောင်း ၎င်းက ဖရွန်တီးယားကို ပြောသည်။ ထိုအချိန်က အထက်တန်းကျောင်းတက်စဉ် တလျှောက်လုံး ရိုက်နှက်လေ့ရှိသည့် မိဘများရန်မှ လွတ်မြောက်ရန် နေအိမ်မှ ထွက်ခွာလာခဲ့ပြီး ရန်ကုန်ရှိ သူငယ်ချင်းတစ်ဦးနှင့်အတူ လာရောက်နေထိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်မမိသားစုက ရန်ကုန်အထိ လိုက်ရှာမှာကို ကြောက်နေခဲ့တာ။ သူတို့လာပြီး ကျွန်မကို အိမ်ပြန်ခေါ်သွားရင် အရိုက်ခံရလွန်းလို့ သေသွားနိုင်တယ်လို့တောင် ခံစားခဲ့ရတယ်” ဟု မမေဦးက ဆိုသည်။

သူငယ်ချင်းအိမ်တွင် တစ်ပတ်ခန့် နေထိုင်ပြီးနောက် တရုတ်နိုင်ငံရှိ သစ်သီးခြံတစ်ခုတွင် အလုပ်ရမည်ဟု ကြော်ငြာထားသည့် Tik Tok ဗီဒီယိုတစ်ခုကို တွေ့ရှိခဲ့သည်။ ဗီဒီယိုထဲမှ မြန်မာအမျိုးသမီးတစ်ဦးက အလုပ်သမားများသည် တစ်ရက်လျှင် တရုတ်ယွမ် ၁၀၀ ရရှိမည်ဟု ပြောထားသဖြင့် မမေဦးက ထိုအမျိုးသမီးကို ဆက်သွယ်ခဲ့သည်။

“ခရီးစရိတ်ကို သူက အရင်စိုက်ပေးမယ်၊ အလုပ်ရပြီးရင် အရစ်ကျ ပြန်ဆပ်လို့ရတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောပြသည်။

မိဘများထံ ပြန်မသွားလိုသည့် စိတ်က အလုပ်နှင့်ပတ်သက်သည့် စိုးရိမ်မှုများထက် ပိုများနေသဖြင့် မမေဦးတစ်ယောက် ထိုအလုပ်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။

ဗီဒီယိုထဲက အမျိုးသမီးက စီစဉ်ပေးသည့်အတိုင်း မမေဦးသည် ရန်ကုန်မှ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်မြို့ မူဆယ်သို့ ဘတ်စ်ကားဖြင့် ကီလိုမီတာ ၁,၀၀၀ ကျော် ခရီးနှင်ခဲ့သည်။

ထိုမှတဆင့် ညအချိန် တောလမ်းအတိုင်း ခြေလျင်လျှောက်၍ နယ်စပ်ဖြတ်ကျော်ကာ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ရောက်ရှိချိန်တွင် ထိုအမျိုးသမီးနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံပြီး မကြာမီမှာပင် မိမိ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်းနှင့် ထိုအမျိုးသမီးမှာ လူကုန်ကူးသူဖြစ်ကြောင်း မမေဦး သိလိုက်ရတော့သည်။

“ကျွန်မရောက်ရောက်ချင်းပဲ မှတ်ပုံတင်ကို သူတို့ သိမ်းလိုက်တယ်။ ပြီးတော့ သွေးစစ်ဖို့ ဆေးခန်းတစ်ခုကို ခေါ်သွားပြီး ‘နင် ဒီမှာ အိမ်ထောင်ပြုရမယ်’ လို့ တန်းပြောတယ်။ ကျွန်မ အရမ်းအံ့ဩသွားတယ်။ ငိုချင်လာတယ်။ ချက်ချင်းပဲ ငြင်းလိုက်တယ်” ဟု မမေဦးက ပြောပြသည်။

မန္တလေးတိုင်းဒေသကြီးရှိ ဝင်ငွေနည်းမိသားစုတစ်စုမှ အသက် ၂၃ နှစ်အရွယ် မသီတာသည်လည်း ၂၀၂၃ ခုနှစ် ဧပြီလတွင် ရွှေလီ၌ စက်ရုံအလုပ်ရမည်ဟု ကြော်ငြာထားသည့် အွန်လိုင်းပို့စ်တစ်ခုမှတဆင့် ဆက်သွယ်ခဲ့သည်။

“ရွှေလီကို ရောက်တော့ တရုတ်အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ပြုရမယ်ဆိုတာ သိလိုက်ရတယ်” ဟု လုံခြုံရေးအရ အမည်လွှဲအသုံးပြုထားသည့် မသီတာက Frontier ကို ဖုန်းမှတဆင့် ပြောပြသည်။ မသီတာမှာ ဝေးလံခေါင်သီသော ကျေးရွာတစ်ရွာရှိ လယ်သမားမိသားစုတစ်စုထံသို့ ရောင်းစားခံခဲ့ရပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အတင်းအကျပ် လက်ထပ်ခဲ့ရသည်။ ထို့နောက် မသီတာသည် ကိုယ်ဝန်ဆောင်ရန် ဖိအားပေးခံခဲ့ရသည်။

“ကလေးကို ဘယ်လိုလုပ် လိုချင်ပါ့မလဲ။ ဒါပေမဲ့ လက်ထပ်ပွဲကလည်း ပြီးသွားပြီဆိုတော့ ရွာမှာပဲ ယောကျ်ားဖြစ်သူနဲ့ နေခဲ့ရတာပေါ့။ ကလေးမွေးပေးလိုက်ရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ပဲ ထင်ခဲ့တာပါ” ဟု မသီတာက ပြောသည်။

လက်ထပ်ပြီး ခြောက်လခန့်အကြာတွင် ကိုယ်ဝန်ရှိလာခဲ့သည်။ အာထရာဆောင်း သွားမရိုက်ခင်အချိန်အထိ ထိုမိသားစုက မသီတာကို ကောင်းမွန်စွာ စောင့်ရှောက်ခဲ့ကြသည်။

“အာထရာဆောင်းရိုက်ကြည့်တော့ မိန်းကလေးဖြစ်နေတယ်။ သူတို့မိသားစုက ယောကျ်ားလေးပဲ လိုချင်တာ။ အဲဒီတော့ ကျွန်မကို ကိုယ်ဝန်ဖျက်ချဖို့ အတင်းလုပ်တော့တာပဲ။ ကျွန်မက မဖျက်ချချင်ဘူး၊ ဒါပေမဲ့ သူတို့က ဆေးတွေကို အတင်းတိုက်တယ်။ နောက်ဆုံးတော့ ကလေးပျက်ကျသွားခဲ့ရတယ်” ဟု ၎င်းက ရင်ဖွင့်သည်။

ထိုဖြစ်ရပ်ပြီးနောက် မသီတာသည် ထွက်ပြေးရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ “ကျွန်မ နောက်ထပ် ကလေးလည်း မလိုချင်တော့ဘူး၊ နောက်ထပ် ကိုယ်ဝန်ဖျက်ချရတဲ့ဒဏ်ကိုလည်း မခံနိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။

ယမန်နှစ်အစောပိုင်းတွင် ခင်ပွန်းဖြစ်သူ၏အိမ်မှ ထွက်ပြေးခဲ့ပြီး လမ်းတွင်တွေ့ခဲ့သည့် တရုတ်ယာဉ်မောင်းတစ်ဦး၏ အကူအညီဖြင့် ရွှေလီသို့ ပြန်ရောက်လာနိုင်ခဲ့သည်။ ထိုမှတဆင့် နယ်စပ်ဖြတ်ကျော်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့သည်။

“အဲဒီဖြစ်ရပ်တွေကို ပြန်တွေးကြည့်ရင် အခုထိ နာကျင်ရတုန်းပါပဲ” ဟု မသီတာက ဖွင့်ဟသည်။

အိမ်ပြန်ခွင့် ဝေးဆဲ

မမေဦးနှင့် မသီတာတို့ နှစ်ဦးစလုံးက ၎င်းတို့အစပိုင်းတွင် ဆက်သွယ်ခဲ့သည့် ပွဲစားများမှာ ရွှေလီတွင် နေထိုင်ကာ တရုတ်အမျိုးသားများနှင့် အိမ်ထောင်ပြုထားသော မြန်မာအမျိုးသမီးများ ဖြစ်ကြကြောင်း ပြောပြကြသည်။

မူဆယ်မြို့ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ စေတနာ့ဝန်ထမ်း ကိုဝင်းမင်း (အမည်လွှဲ) က ပွဲစားများသည် အမျိုးသမီးများကို မူဆယ်အထိ လာရန်ပြောပြီး ထိုမှတဆင့် ရွှေလီသို့ သွားလာစရိတ်ကို ကျခံပေးမည်ဟု ပြောဆိုလေ့ရှိကြောင်း Frontier ကို ပြောသည်။

“ရွှေလီကို ရောက်တာနဲ့ တရုတ်နိုင်ငံအတွင်းပိုင်းကို ထပ်မံပို့ဆောင်ခံရတာပဲ” ဟု ၎င်းက ပြောသည်။

မူဆယ်သည် လူသွားလာဖြတ်ကျော်မှုများသည့် နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်သော်လည်း အချို့မှာ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မိုင်းပေါက်မှတဆင့် (သို့မဟုတ်) အခြားနေရာများမှတဆင့် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ကြကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

“ဒီလမ်းကြောင်းတွေ အားလုံးက တရားမဝင်တာချည်းပဲ” ဟု ကိုဝင်းမင်းက ဆက်ပြောသည်။

မမေဦး ရွှေလီသို့ ရောက်ရှိပြီးနောက် တရုတ်ယာဉ်မောင်းတစ်ဦးက ၎င်းအား လူကုန်ကူးခံရသည့် အခြားအမျိုးသမီးတစ်ဦးနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။ ပထမဆုံးခင်ပွန်းအဖြစ် ဝယ်ယူမည့်သူရှိရာ မြို့သို့ ရောက်ရန် တစ်ရက်နှင့်တစ်ညကြာ ကားဖြင့် ခရီးဆက်ခဲ့ရသည်။

ထိုခရီးစဉ်အတွင်း ကားသုံးကြိမ် ပြောင်းစီးခဲ့ရသည်။ ခရီးဆုံးသို့ ရောက်သည့်အချိန်တွင် ကားပေါ်၌ လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီး စုစုပေါင်း ခြောက်ဦးအထိ ရှိနေခဲ့သည်။

“သုံးယောက်က ကျွန်မလိုပဲ လှည့်စားပြီး ရောင်းစားခံရတာ၊ ကျန်တဲ့သုံးယောက်ကတော့ ကိုယ့်သဘောနဲ့ကိုယ် လာကြတာပါ” ဟု မမေဦးက ပြောသည်။

ခရီးဆုံးမြို့သို့ရောက်သောအခါ မမေဦးကို အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။ အဆိုပါအိမ်တွင် မြန်မာပွဲစားနှင့် တရုတ်ဝယ်သူများက ဘာသာပြန်အက်ပ်အသုံးပြု၍ ဆက်သွယ်ပြောဆိုခဲ့ကြသည်။ ထိုနေရာတွင် အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သူမကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ခဲ့သည်။

ထိုအမျိုးသားသည် ငွေကြေးတတ်နိုင်သူပုံပေါ်ပြီး အစပိုင်းတွင် ကောင်းမွန်စွာ စောင့်ရှောက်ခဲ့သော်လည်း သုံးရက်အကြာတွင် လိင်ဆက်ဆံရန် ကြိုးစားလာခဲ့သည်။

“ကျွန်မ ငြင်းလိုက်တယ်။ အဲဒီတော့ သူက ရွှေလီမှာရှိတဲ့ ပွဲစားတွေဆီ ဖုန်းဆက်ပြီး ကျွန်မ ငြင်းတဲ့အကြောင်း ပြောတယ်။ ပွဲစားကလည်း ဒီအတိုင်း လိုက်လျောလိုက်ဖို့ ပြောတယ်။ ကျွန်မက ‘မလုပ်နိုင်ဘူး၊ မလုပ်ဘူး’ လို့ ပြောပြီး ငြင်းလိုက်တယ်” ဟု မမေဦးက ပြောသည်။

ထို့နောက် ပွဲစားများက မမေဦးကို ရှင်းယွီမြို့သို့ ထပ်မံခေါ်ဆောင်သွားခဲ့ပြီး ထိုနေရာရောက်မှ ရဲစခန်းသို့ ပြေးဝင်ကာ ဒုတိယအကြိမ် ရောင်းစားခံရမည့်အရေးမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် လူကုန်ကူးခံရသူများသည် နယ်စပ်ဖြတ်ကျော်ပြီး မူဆယ်ဘက်သို့ ပြန်လည်ရောက်ရှိလာမှသာ အကူအညီပေးနိုင်ကြောင်း ကိုဝင်းမင်းက ရှင်းပြသည်။

“တချို့က တရုတ်နိုင်ငံအတွင်းပိုင်းကနေ လှမ်းပြီး ဆက်သွယ်လာတာတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီဘက်ကနေ ဘာမှလုပ်ပေးလို့ မရဘူး။ လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေထဲမှာ အောင်မြင်စွာ ကယ်တင်နိုင်တာ အရမ်းနည်းပါတယ်” ဟု ၎င်းက ပြောသည်။

အခြားတဖက်တွင်မှု တရုတ်အာဏာပိုင်များထံ ထွက်ပြေးခိုလှုံခြင်းကလည်း တရုတ်နိုင်ငံအတွင်း ကာလရှည်ကြာ ထိန်းသိမ်းခံရမည့် အခြေအနေသို့ ရောက်သွားစေနိုင်သည်။ အကြောင်းမှာ လူကုန်ကူးသူများက အဆိုပါအမျိုးသမီးများ၏ သက်သေခံစာရွက်စာတမ်းများကို သိမ်းဆည်းထားလေ့ရှိသောကြောင့် ဖြစ်သည်။

မမေဦး၏ လက်ရှိအခြေအနေမှာလည်း ထိုအတိုင်းပင် ဖြစ်နေသည်။ ယမန်နှစ်ကုန်ပိုင်းကတည်းက လူမှုဝန်ထမ်းစောင့်ရှောက်ရေးဂေဟာသို့ ပို့ဆောင်ခံထားရပြီး မြန်မာနိုင်ငံသို့ မည်သည့်အချိန်တွင် ပြန်နိုင်မည်ကို ကာယကံရှင်ကိုယ်တိုင်ပင် မသိနိုင်သေးပေ။

“ကျွန်မ ဒီမှာ မနေချင်ဘူး။ အခုချက်ချင်း အိမ်ပြန်ချင်တယ်။ ဒီကိုလာမိတာ နောင်တရတယ်။ ညတိုင်း အမြန်ဆုံး အိမ်ပြန်ခွင့်ရပါစေလို့ ဆုတောင်းတယ်” ဟု မမေဦးက ဆိုသည်။

မသီတာမှာမူ ထွက်ပြေးလွတ်မြောက်လာပြီးနောက် မူဆယ်မှတဆင့် မန္တလေးရှိ ဇာတိရွာသို့ ပြန်လည်ရောက်ရှိခဲ့သည်။ သို့သော် အိမ်ပြန်ရောက်သောအခါ ရွာသူရွာသားများ၏ အထင်အမြင်သေး ကဲ့ရဲ့မှုများနှင့် ရင်ဆိုင်ခဲ့ရပြန်သည်။

“တရုတ်ပြည်မှာ အိမ်ထောင်ပြုဖို့ လူကုန်ကူးခံရပြီး ရောင်းစားခံခဲ့ရတယ်ဆိုတာကို ကျွန်မတို့ရွာကလူတွေက မယုံချင်ကြဘူး။ တချို့ကလည်း ‘သူက တရုတ်ယောကျ်ားရဲ့ မယားငယ်လုပ်ပြီး ပိုက်ဆံတွေ အများကြီးနဲ့ ပြန်လာတာ။ သူက အပျိုမှမဟုတ်တော့တာ’ လို့ သရော်ကြတယ်။ အဲဒီလိုပြောကြတဲ့အခါ ကျွန်မဘက်က ဘယ်လိုပြန်ရှင်းပြရမှန်းတောင် မသိတော့ဘူး။ ငိုပဲငိုနေခဲ့ရတယ်” ဟု မသီတာက ပြောသည်။

မိမိ လူကုန်ကူးခံခဲ့ရသည့်အဖြစ်ကြောင့် မိဘများကပါ ရှက်ရွံ့နေခဲ့ကြကြောင်းလည်း မသီတာက ပြောပြသည်။

“ကျွန်မ အိမ်အပြင်ကိုတောင် မထွက်ချင်တော့ဘူး။ အပြင်ထွက်တိုင်း လူတွေက ကျွန်မကို ကြည့်တဲ့အကြည့်တွေကို မခံနိုင်ဘူး” ဟု ၎င်းက ရင်ဖွင့်သည်။

ထို့နောက် ခြောက်လခန့်အကြာတွင် မန္တလေးမြို့၌ အလုပ်လုပ်ရန် မသီတာ ရွာမှ ထွက်ခွာခဲ့သည်။

“ကျွန်မမိသားစုကတော့ မသွားစေချင်ကြဘူး။ ဒါပေမဲ့ ကျွန်မ ရွာမှာ ဆက်နေလို့ မရတော့ဘူး” ဟု မသီတာက ဆိုသည်။

ထက်အောင်ရေးသားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.