၂၀၁၃ ခုနှစ် ဇန်နဝါရီလ၊ ရန်ကုန်မြို့လယ် စာအုပ်ဆိုင် တစ်ခုတွင် စာဖတ်သူတစ်ဦးကို တွေ့ရစဥ် (ဓာတ်ပုံ​ - အေအက်ဖ်ပီ)

ဘာသာပြန် ရသစာပေခရီး – အာဏာသိမ်းပြီးနောက် ဘယ်အခြေ ဆိုက်သွားသလဲ။

ဖရွန်တီးယား စာပေ-အနုပညာ ရေစီးကြောင်းကဏ္ဍ – အပိုင်း ၅
သန်းဇော်အောင် ရေးသားသည်။ 

မြန်မာနိုင်ငံရဲ့ ဘာသာပြန်ရသစာပေခရီးဟာ အခြားနိုင်ငံတွေနဲ့ မတူတဲ့ ပုံစံနဲ့ သမိုင်းကြောင်းကို ဖြတ်သန်းခဲ့ရပါတယ်။

မြန်မာစာပေ ဘဏ္ဍာတိုက်ထဲမှာ နိုင်ငံတကာက လူအများကြိုက် ဘာသာပြန် ဝတ္ထုတွေ၊ ရောင်းအကောင်းဆုံး ဘက်ဆဲလား ဘာသာပြန်ဝတ္ထုတွေရှိပါတယ်။ ဒါ့အပြင် အဆင့်အတန်းရှိတဲ့ ဂန္တဝင် ဘာသာပြန်ဝတ္ထုတွေ၊  နိုဘယ်လ်ဆုရသူတွေရဲ့ ဘာသာပြန်ဝတ္ထုတွေ၊ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆင့်အတန်းရှိတယ် လို့ အကဲဖြတ်ခံထားရတဲ့ ဘာသာပြန်ဝတ္ထုတွေ စသဖြင့် စုံလင်အောင် ရှိပါတယ်။ 

အဲဒီလို နိုင်ငံတကာက စာကောင်းပေမွန်တွေကို မြန်မာဘာသာနဲ့ ဖတ်ရှုနိုင်လာတာကလည်း မြန်မာစာရေးဆရာကြီးတွေ၊ ဘာသာပြန် စာရေးဆရာကြီးတွေက စနစ်တကျ အကောင်အထည် ဖော်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဆိုလိုတာက မြန်မာဘာသာပြန် စာပေလောကဟာ ခေတ်အဆက်ဆက် စျေးကွက်အလိုကျ လိုက်ပါခဲ့တဲ့ ရေစီးကြောင်း သက်သက် မဟုတ်ခဲ့လို့ပါပဲ။ 

တကယ့်ကို ပြည်သူလူထု အကျိုးစီးပွားအတွက်၊ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားလာစေရေးကို အထောက်အကူ ဖြစ်စေဖို့အရေးအတွက် စနစ်တကျ ကြိုးပမ်းမှုတွေ အများကြီး ရှိခဲ့တဲ့ ရေစီးကြောင်းကြီး ဖြစ်ခဲ့ပါတယ်။ 

နှစ်ပေါင်းများစွာကြာလာတဲ့အခါ မြန်မာနိုင်ငံမှာ ဘာသာပြန် စာပေ ဖတ်ရှုသူ အလွှာထဲ​ လူကြိုက်များတဲ့ ဘက်ဆဲလာ ဝတ္ထုတွေကိုသာမက နိုင်ငံတကာရဲ့ ဂန္တဝင်လက်ရာတွေနဲ့ ဘာသာပြန်ဝတ္ထုတွေကိုပါ ရွေးချယ်ဖတ်ရှုလေ့ ရှိတဲ့ အသိုင်းအဝိုင်းတစ်ခုလည်း အခိုင်အမာ ရှိလာခဲ့ပါတယ်။

အဲဒီလို ဖြစ်လာခဲ့တာဟာ မြန်မာစာပေပညာရှင်တွေနဲ့ စာရေးဆရာကြီးတွေဘဝကို နှစ်မြှုပ် ကြိုးစားခဲ့တဲ့ အားစိုက်ကြိုးပမ်းမှုရဲ့ အသီးအပွင့်တခုဆိုလည်း မမှားပါဘူး။ မြန်မာစာပေပညာရှင်ကြီးတွေ စာရေးဆရာကြီးတွေဟာ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသန လုပ်တာ၊ သင်ကြားပို့ချတာ၊ ရသစာပေ ရေးသား ပြုစုထုတ်ဝေတာတင်မက ဘာသာပြန်တာကိုလည်း တကယ့် လိုအပ်ချက်တစ်ခုအနေနဲ့ လုပ်ကိုင်ခဲ့ကြတာ တွေ့ရပါတယ်။

 ၁၉၇၀-၈၀ ကျော်နှစ်များကတည်းက မြန်မာဘာသာပြန် ရသစာပေ ဘဏ္ဍာတိုက်ထဲမှာ ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေး၊ အမေရိကန်စာရေးဆရာ မာဂရက်မစ်ချယ်ရဲ့ လေရူးသုန်သုန်၊ အင်္ဂလိပ် ပြဇာတ်ဆရာ ရှိတ်စပီးယားရဲ့ လီယာမင်းကြီး၊ တရုတ််စာရေးဆရာ ဆောင်ဇူချင်းရဲ့ ခန်းဆောင်နီ အိပ်မက် အစရှိတဲ့ ဂန္တဝင်ဘာသာပြန် ဝတ္ထုတွေကို ထုတ်ဝေပြီးနှင့်နေပါပြီ။ 

အဲဒီလို မြန်မာ ဘာသာပြန် ရသစာပေ ဘဏ္ဍာတိုက်ထဲကို စာပေအားနဲ့ ဖြည့်တင်းသူတွေထဲမှာ စာပေပညာရှင် ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီးဇော်ဂျီနဲ့ စာရေးဆရာကြီး မြသန်းတင့်တို့ဟာ ထင်ရှားသူတွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် စာရေးဆရာကြီး မြသန်းတင့်ဟာ နိုင်ငံတကာက ဂန္တဝင်ဝတ္ထုကြီးတွေ၊ သူကိုယ်တိုင်လည်း ကြိုက်နှစ်သက်ပြီး မြန်မာဘာသာပြန် စာပေဘဏ္ဍာတိုက်ထဲမှာ ရှိသင့်ရှိထိုက်တဲ့ စာအုပ်ပေါင်းမြောက်များစွာကို လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုလို မှတ်ယူပြီး စနစ်တကျ ကြိုးစားအားထုတ် ဘာသာပြန်ခဲ့သူလည်း ဖြစ်ပါတယ်။ 

ရာစုနှစ်တစ်ဝက်ကျော် ကြာမြင့်ခဲ့ပြီး ယနေ့ထက်တိုင်လဲ တည်မြဲနေသေးတဲ့ စစ်အာဏာရှင်အဆက်ဆက် လက်အောက်မှာ အခြားသော မြန်မာဝတ္ထု၊ ကဗျာနဲ့ အခြားဖန်တီးရေးသားမှုတွေနဲ့ နှိုင်းယှဉ်ရင် ဘာသာပြန်စာပေနယ်ပယ်ဟာ ဖိနှိပ်ခံရမှုကနေ အနည်းငယ် သက်သာခွင့် ရခဲ့တာမို့ ကံကောင်းတယ် ဆိုနိုင်တဲ့ အချက်ပါပဲ။ ဒါကြောင့်လဲ မြန်မာ ဘာသာပြန် ရသစာပေ အဆင့်အတန်းဟာ ဘဏ္ဍာတိုက်ထဲမှာ အိမ်နီးချင်း နိုင်ငံတစ်ချို့နဲ့ နှိုင်းယှဉ်နိုင်တဲ့အထိ စာကောင်းပေမွန် အရေအတွက် အတော်များများ ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒါဟာ ဘာသာပြန်စာပေက စာပေဖိနှိပ်မှုကနေ ကင်းလွတ်ခဲ့တယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

၂၀၁၂ ခုနှစ်နောက်ပိုင်း စာပေလွတ်လပ်ခွင့် ရလာပြီးနောက်ပိုင်း အခြားသော သတင်းမီဒီယာနယ်ပယ်၊ ရသစာပေ ဖန်တီးမှုနယ်ပယ်တွေနည်းတူ ဘာသာပြန် ရသစာပေ နယ်ပယ်ဟာလည်း ပိုပြီး ဖွံ့ဖြိုးတိုးတက်လာတာ တွေ့ရပါတယ်။ အရင်က စိုက်ခွင့်၊ ပျိုးခွင့်၊ ဖူးခွင့်၊ ပွင့်ခွင့် မရခဲ့တဲ့ ဘာသာပြန် ရသစာပေ ပေါင်းစုံ ဖူးပွင့်လာနိုင်ခဲ့ပါတယ်။

ဥပမာအားဖြင့် စာရေးဆရာကြီး မြသန်းတင့်ဟာ စာပေ နိုဘယ်လ်ဆုရ ကိုလံဘီယာနိုင်ငံသား စာရေးဆရာ ဂါဘရီယယ် ဂါစီယာ မားကက်ဇ်ရဲ့ ပဥ္စလက် သရုပ်မှန် (Magical Realism) ဝတ္ထုတွေကို ကြိုက်နှစ်သက်ပြီး မြန်မာစာဖတ်ပရိသတ်အတွက် ဘာသာပြန်ဆိုဖို့ ကြိုးစားခဲ့ဖူးပါတယ်။ 

ဒါပေမယ့် စာပေစိစစ်ရေးအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် Chronicle of a death foretold ကို “မရဏအိပ်မက်တစ်ခု၏ မှတ်တမ်း” ဆိုတဲ့ စာအုပ်အပါးလေး တစ်အုပ်ပဲ ပြန်ဆိုခဲ့တာ တွေ့ရပြီး ကျန် One Hundred Years of Solitude နဲ့ Love in the Time of Cholera လို  ထင်ရှားတဲ့ လုံးချင်းဝတ္ထုရှည်ကြီးတွေကိုတော့ ပြန်ဆိုခဲ့တာ မတွေ့ရပါဘူး။ 

အကြောင်းရင်းကတော့ ဂါဘရီယယ် ဂါစီယာ မားကက်ဇ်ရဲ့ ဝတ္ထုတွေမှာ နိုင်ငံရေး၊ တော်လှန်ရေး၊ magical realism (ပဉ္စလက်သရုပ်မှန်) နည်းလမ်းနဲ့ ရေးဖွဲ့ထားတဲ့ အကြောင်းအရာတွေအပြင် လိင်ပိုင်းဆိုင်ရာ ဖော်ပြချက်တွေ  ပါဝင်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းအရာတွေ ဟာ အာဏာရှင်အဆက်ဆက်  စာပေစိစစ်ရေးစနစ်အောက်မှာ ဘယ်လိုမှ ပြန်ဆို ထုတ်ဝေခွင့် ရမှာ မဟုတ်တာကြောင့်လို့ ယူဆရပါတယ်။ 

၂၀၁၂ နောက်ပိုင်းကျမှ ဂါစီယာမားကတ်ဇ်ရဲ့ ဘာသာပြန် ဝတ္ထုရှည်ကြီးတွေ အများအပြား ထုတ်ဝေလာနိုင်တာ တွေ့ရပါတယ်။ အလားတူ အာဏာရှင်ခေတ်တွေတုန်းက ဘာသာပြန် ထုတ်ဝေဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ဂျပန်စာရေးဆရာ ရူးမူရာကာမိ (Ryu Murakami)၊ အင်ဒိုနီးရှား စာရေးဆရာ (Eka Kurniawan) အပါအဝင် နိုဘယ်လ်ဆုရ တရုတ်စာရေးဆရာ မော့ယန် (Mo Yan) နဲ့ ကိုရီးယား စာရေးဆရာမ ဟန်ကန်း (Han Kang) တို့ရဲ့ လက်ရာတွေနဲ့ တရုတ်-ဗြိတိသျှ စာရေးဆရာမ ဂျုံချန်း (Jung Chang) ရဲ့ ငန်းရိိုင်းများ (Wild Swans) စာအုပ်ကိုလည်း ထုတ်ဝေလာနိုင်ကြပါတယ်။ 

တကယ်တော့ ဒါဟာ မြန်မာနိုင်ငံရဲ့ ဘာသာပြန်စာပေရေစီးကြောင်းဟာ တိုင်းပြည်ရဲ့  စာဖတ်ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားနေတာကို ထင်ဟပ်စေတဲ့ အနေအထားတစ်ခုလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။

ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ အခြားသော စာပေအနုပညာ နဲ့ သတင်းမီဒီယာ နယ်ပယ်တွေလိုပါပဲ။ ၂၀၂၁ ခုနှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းပွဲနောက်ပိုင်း ရသစာပေ ဘာသာပြန်ရသစာပေ ထုတ်ဝေရေး လောကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။

အဲဒီလို ကျဆင်းသွားရတဲ့ အကြောင်းအချက်တွေ အများကြီးရှိတဲ့အထဲ အဓိက အချက် ၃ ချက်ကိုတော့ ဘာသာပြန်သူ၊ ထုတ်ဝေသူအများစုက သဘောတူညီကြတာ တွေ့ရပါတယ်။ 

ပထမအချက်ကတော့ အာဏာသိမ်းမှုနဲ့အတူ စာပေနဲ့ သတင်း၊မီဒီယာ လွတ်လပ်ခွင့် ဆိတ်သုဉ်းသွားရတာ၊ ဒုတိယအချက်ကတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပြည်သူ့တော်လှန်ရေးကြောင့် ဘာသာပြန်သူအချို့ဟာ ဖမ်းဆီးခံရမယ့် အန္တရာယ်ကနေ ရှောင်ရှားဖို့ ပြည်ပကို ထွက်ခွာရတာတွေကြောင့် ဘာသာပြန်သူ အရေအတွက် လျော့ပါးသွားတာပဲ ဖြစ်ပါတယ်။

နောက်ဆုံး တတိယ တစ်ချက်ကတော့ အာဏာရှင်မင်းအောင်လှိုင်လက်ထက် ကျပ်ငွေတန်ဘိုး ကျဆင်းသွားမှုနဲ့အတူ၊ ပြည်ပကနေ စက္ကူတင်သွင်းခွင့် ပိတ်ပင်ထားတာကြောင့် စာအုပ် ထုတ်လုပ်မှုစရိတ်တွေ ကြီးမြင့်လို့ ဘာသာပြန်စာအုပ် စျေးနှုန်းတွေ တက်သွားသလို၊ ပြည်သူတွေရဲ့ ဝယ်ယူဖတ်ရှုနိုင်စွမ်းလည်း လျော့ကျသွားတာ ဖြစ်ပါတယ်။

အာဏာရှင် မင်းအောင်လှိုင်ဟာ အရင် စစ်အာဏာရှင်တွေ ခေတ်တုန်းကလို တင်ပြပြီး၊ ခွင့်ပြုတာကိုပဲ ဖြတ်တောက် ထုတ်ဝေရတဲ့ “တင်-ထုတ်” စာပေစိစစ်ရေး စနစ် ပြန်မသုံးခဲ့ပါဘူး။ 

 ဒါပေမယ့် ဘယ်လို မူရင်းစာအုပ်၊ ဘယ်လို ဘာသာပြန်ချက်မျိုးကိုဆို အရေးယူမယ်၊ အရေးယူရင်လည်း ဘယ်လို ဥပဒေ ပုဒ်မမျိုး အသုံးပြုမယ်ဆိုတဲ့ အာဏာရှင်ရဲ့ဖိနှိပ်မှုကို စတာတွေ မှန်းဆလို့ မရနိုင်တာကြောင့် ကိုယ့်ဘာသာကိုယ် ဆင်ဆာလုပ်လာကြရင်း အရင်လို လွတ်လွတ်လပ်လပ် စာအုပ် ရွေးချယ်၊ ဘာသာပြန် ထုတ်ဝေတာမျိုး မလုပ်ရဲကြတော့တာမျိုး ဖြစ်ပါတယ်။ 

အကြောင်းပြချက် တိတိကျကျ မရှိဘဲ ဘာသာပြန်စာအုပ်ကောင်းတွေ ထုတ်ဝေနေတဲ့ စာအုပ်တိုက်တစ်ချို့ကို ပိတ်သိမ်းပစ်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်။ စစ်အာဏာမသိမ်းမီက ထုတ်ဝေထားတဲ့ ဝယ်လိုအားရှိနေဆဲ ဘာသာပြန်စာအုပ်တွေ ဆိုရင်လည်း စည်းမျဉ်းစည်းကမ်းအရ ပြန်လည် ထုတ်ဝေကြောင်း တရားဝင်တင်ပြပြီးမှ ထုတ်ဝေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်တွေ အလိုမကျရင် အရေးယူခံရမှာ စိုးရိမ်တာကြောင့် ခိုးရိုက်စနစ်နဲ့ပဲ ပြန်လည် ရိုက်နှိပ်ပြီး ဖြန့်ချိထုတ်ဝေနေကြရပါတယ်။

 ဒါကြောင့်လည်း ဒီနေ့ စာအုပ်အရောင်းဆိုင်တွေမှာ အသစ်ထွက်တဲ့ ဘာသာပြန်စာအုပ်တွေကို အနည်းငယ်သာ တွေ့ရပြီး၊  အများစုကတော့ အကြိမ်ကြိမ် ရိုက်နှက် ထုတ်ဝေနေကြရတဲ့ ဆရာမြသန်းတင့်၊ မောင်ထွန်းသူ အပါအဝင် အရင်ခေတ် စာရေးဆရာကြီးတွေရဲ့ ဘာသာပြန်စာအုပ်တွေကိုပဲ တွေ့နေကြရပါတယ်။

စာအုပ်စျေးနှုန်းတွေ အလွန်အမင်း ကြီးမြင့်လာတာကလည်း ဘာသာပြန် ရသ စာအုပ် ထုတ်ဝေရေးနဲ့ ဝယ်လိုအားကို ကျဆင်းစေပြန်ပါတယ်။ စစ်အာဏာမသိမ်းမီက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁,၃၅၀ ကျပ်ဝန်းကျင် ရှိခဲ့ရာက ၂၀၂၆ ခုနှစ်တွင် ၄,၃၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်လာခဲ့ပါတယ်။ ကျပ်ငွေတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်လိုက်ရင် သုံးဆကျော် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနှုန်းအတိုင်း တွက်ရင်တောင် အာဏာမသိမ်းခင်က ကျပ်ငွေ ၃၀၀၀ တန်ဘိုးသတ်မှတ်ထားတဲ့ စာတစ်အုပ်ဟာ ၃ ဆ ဖြစ်တဲ့ ကျပ် ၉၀၀၀ ဝန်းကျင်ဖြစ်သင့်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ စာအုပ်ဈေးနှုန်း ဟာ ဒီထက်ပိုပြီး မြင့်တက်ခဲ့ပါတယ်။

ဒါတင်မက စစ်ကောင်စီက သွင်းကုန်ခွင့်ပြုချက်မပေးတဲ့ ကန့်သတ်ကုန်ပစ္စည်းစာရင်းမှာ  နိုင်ငံခြားစက္ကူပါ ထည့်သွင်းခဲ့တာကြောင့် ကုန်ကြမ်းဈေးနှုန်း အဆမတန်မြင့်တက်ခဲ့ပြီး စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးဟာ ဖြစ်သင့်တဲ့ဈေးထက် အများကြီးပိုမြင့်တက်ခဲ့ရပါတယ်။

နမူနာအားဖြင့် ဆရာမြသန်းတင့်ရဲ့ ဝတ္ထုတိုပေါင်းချုပ် (ပထမတွဲ) ဟာ ပထမအကြိမ်ထုတ်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ တန်ဘိုး ကျပ် ၃၀၀၀ ဖြစ်ပါတယ်။ အဲဒီနောက် ထပ်မံရိုက်နှိပ်ခဲ့တဲ့ ၂၀၂၂ မှာ ကျပ် ၄၀၀၀၊ ၂၀၂၃ ခုနှစ်မှာ ကျပ် ၆၀၀၀၊ အခု ၂၀၂၆ ခုနှစ်မှာတော့ ကျပ် ၁၅၀၀၀ နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။ အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်း စာအုပ်စျေးနှုန်းတွေ ၅ ဆနီးပါး မြင့်တက်လာခဲ့တာ ဖြစ်ပြီး ဘာသာပြန် စာအုပ်ထုတ်ဝေရေး လောကတစ်ခုလုံးအပေါ်လည်း တိုက်ရိုက် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။

ခုဆိုရင် စာမျက်နှာ ၃၀၀-၄၀၀ ကျော် ဘာသာပြန်ဝတ္ထုတစ်အုပ်ရဲ့တန်ဘိုးဟာ ကျပ် ၃၀,၀၀၀ ကနေ ၄၀,၀၀၀ ဝန်းကျင်အထိ ရောက်နေပါပြီ။ အရင်က မကြားဘူးခဲ့တဲ့ စျေးတခုဖြစ်တဲ့ ကျပ် ၆၀,၀၀၀၊ ၇၀,၀၀၀ ကျော်တာမျိုးထိတောင် ရှိလာပါတယ်။ ဘာသာပြန်စာအုပ်တွေ၊ ဝတ္ထုရှည် တစ်တွဲကို ကျပ် တစ်သိန်းဝန်းကျင်နဲ့ ရောင်းချတာမျိုးလည်း စျေးကွက်ထဲမှာ ရှိနေပါပြီ။

စာအုပ်စျေးနှုန်းတွေ မတန်တဆ မြင့်တက်နေတာာဟာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတဲ့၊ တိုင်းပြည်စီးပွားရေး မကောင်းလှတဲ့ အာဏာရှင်အောက်က ခေတ်အခြေအနေမှာ စာဖတ်သူတွေရဲ့ ဝယ်ယူဖတ်ရှုနိုင်စွမ်းကို သိသိသာသာ လျော့ကျစေခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ဘာသာပြန်စာပေ ထုတ်ဝေရေးလုပ်ငန်းဟာ ထုတ်လုပ်မှု၊ ရောင်းချမှုနဲ့ ဖတ်ရှုသူဈေးကွက် အားလုံးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။)

တစ်ချိန်က နိုင်ငံတကာစာပေ လက်ရာမျိုးစုံကို မြန်မာစာဖတ်ပရိသတ်လက်ထဲ အဆက်မပြတ် ရောက်ရှိစေခဲ့တဲ့ ဘာသာပြန်စာပေလောကဟာ ယနေ့မှာတော့ စာပေလွတ်လပ်ခွင့် ဆုတ်ယုတ်မှု၊ စီးပွားရေးကျဆင်းမှုနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်မှုတို့ရဲ့ ဖိအားအောက်မှာ မှေးမှိန်လာနေပါတယ်။ ပန်းပေါင်းစုံ ဖူးပွင့်ခဲ့တဲ့ ၂၀၁၂-၂၀၂၀ ခေတ်ကာလ အခြေအနေမျိုးဆီ ပြန်ရောက်နိုင်ဖို့က မျှော်လင့်လို့ ရနိုင်ဖွယ် မရှိသေးကြောင်းပါ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.