ဖရွန်တီးယား စာပေ-အနုပညာ ရေစီးကြောင်းကဏ္ဍ – အပိုင်း ၄
သန်းဇော်အောင် ရေးသားသည်။
၁၉ ရာစုမှာ ပြင်သစ်စာပေနဲ့ အနုပညာနယ်ပယ်ဟာ အကြောင်းအရာ၊ ပုံစံ၊ ရေးသားဟန်တွေ ပိုမိုရဲရင့်ပြီး စမ်းသပ်မှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ဆင်ဆာနဲ့ ကျင့်ဝတ်စောင့်ကြည့်မှုတွေအောက်မှာပဲ ရှိနေတုန်းဆိုတာ ဖလောဘဲလ် (Gustave Flaubert) ရဲ့ “မဒမ်ဗိုဘာရီ” အမှု (၁၈၅၇)က သက်သေထူပါတယ်။
“မဒမ်ဗိုဘာရီ” ဝတ္ထုကို ရေးတဲ့ ဖလောဘဲလ်နဲ့အတူ ထုတ်ဝေသူကိုပါ ဒုတိယ ပြင်သစ်ကိုလိုနီအင်ပါယာက တရားစွဲခဲ့ပါတယ်။ မဒမ်ဗိုဘာရီ ဇာတ်လမ်းက အိမ်ထောင်သည်အမျိုးသမီး အဲမာဗိုဘာရီ (Emma Bovary) ဟာ သူ့ဘဝကို မကျေနပ်ဘဲ အိမ်ထောင်ပြင်ပ အချစ်ရေးတွေ ရှာဖွေတဲ့အကြောင်း ဖြစ်ပါတယ်။
အင်ပါယာအစိုးရကတော့ အဲဒီဝတ္ထုဟာ အိမ်ထောင််ရေးဖောက်ပြန်မှုကို ဖော်ပြထားတယ်။ အကျင့်ပျက်မှုကို အားပေးသလို ဖြစ်နေတယ်။ လူ့ကျင့်ဝတ်ကို ထိခိုက်စေတယ် ဆိုပြီး စွပ်စွဲခဲ့ကြတာပါ။ စာရေးဆရာနဲ့ သူ့ရှေ့နေတွေဘက်ကတော့ သူဟာ အကျင့်ပျက်မှုကို အားပေးတာ မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ဘဝကို အမှန်အတိုင်း ရေးပြတာပါပဲ ဆိုပြီး ထုချေပါတယ်။
တကယ်လည်း ဝတ္ထုရဲ့ အဆုံးသတ်မှာ သူ့လုပ်ရပ်တွေကြောင့် ဆင်းရဲဒုက္ခရောက်ပြီး နောက်ဆုံး သူ့ကိုယ်သူ အဆိပ်သောက် သတ်သေ၊ ကြေကွဲဖွယ်နဲ့ အဆုံးသတ်သွားတာပါ။ နောက်တော့ ဖလောဘဲလ်ဟာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခံရပြီး အမှုကို အနိုင်ရခဲ့ပါတယ်။ နောင် ခေတ်အဆက်ဆက် မဒမ်ဗိုဘာရီ ဝတ္ထုဟာလည်း စာပေသြဇာကြီးတဲ့ ဝတ္ထုတစ်ပုဒ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။
ဒီနေရာမှာ ပြောချင်တာက မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် မတိုင်ခင်အထိ ပြင်သစ်ရဲ့ ၁၉ ရာစု အလယ်တုန်းကလောက်တောင် စာပေအနုပညာလွတ်လပ်ခွင့် ရှိခဲ့သလား ဆိုတာပါ။
တကယ်လည်း စစ်အာဏာရှင် ခေတ်အဆက်ဆက် ထုတ်ဝေခဲ့တဲ့ဝတ္ထုတွေကို ကြည့်မယ်ဆိုရင် အဲဒီလို အရေးအသားအရရော၊ အကြောင်းအရာအားဖြင့်ပါ သမရိုးကျကနေ ခွဲမထွက်နိုင်တဲ့ ဝတ္ထုတွေ၊ ဖြစ်နိုင်တာတွေရော မဖြစ်နိုင်တာတွေပါ ပါဝင်တဲ့ ဝတ္ထုဆန်ဆန် ဝတ္ထုတွေကို အသာထားလို့၊ သာမန် တကယ့်လက်တွေ့ထဲ ဖြစ်ပျက်နေတဲ့ သရုပ်မှန် အကြောင်းအရာတွေကိုတောင် အပြည့်အဝ ထင်ဟပ်ရေးမပြနိုင်တဲ့ အခြေအနေအောက်မှာပဲ ဖြတ်သန်းခဲ့ရတာပါ။
၂၀၁၂ နောက်ပိုင်းရောက်မှသာ ပိုပြီး လွတ်လွတ်လပ်လပ်ရေးတဲ့၊ လွတ်လပ်ခွင့်ကို ကျင့်သုံးတဲ့ ဝတ္ထုမျိုးတွေ တစ်အုပ်စ နှစ်အုပ်စ စပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အခုနောက်ပိုင်း စာပေဖတ်ရှုသူနဲ့ စာပေလေ့လာသူ အသိုင်းအဝိုင်းမှာ ထူးခြားတယ် ဆိုပြီး မှတ်ချက် ပေးနေကြတဲ့ ဝတ္ထုတစ်ပုဒ် ရှိပါတယ်။ အဲဒါကတော့ ချိုပိန်းနောင် ရဲ့ “ကျွန်တော့်နာမည် မောင်မောင်ကြီး” ဆိုတဲ့ ဝတ္ထုပါ။
ဝတ္ထုထဲမှာပါတဲ့ မောင်မောင်ကြီးဆိုတာ American Exotic Bully အမျိုးအစား ခွေးလေးတစ်ကောင်ရဲ့ နာမည်ပါ။ ဝတ္ထုတစ်အုပ်လုံးကို အဲဒီခွေးလေးရဲ့ မြင်ကွင်း၊ နေပုံထိုင်ပုံ၊ စဉ်းစားပုံတွေကနေ တဆင့် သရုပ်ဖော်ထားပါတယ်။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်ဟာ ခွေးလေးမောင်မောင်ကြီးက အန်တီလို့ ခေါ်တဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ပါ။
သူဟာ အလုပ်အကိုင် စီးပွားရှာကောင်းတဲ့ ခင်ပွန်း၊ သမီးလေးတစ်ယောက်၊ အိမ်ကြီးအတွက် ဝေယျာဝစ္စတွေ နှစ်ရှည်လများ လုပ်ကိုင်ပေးတဲ့ ခြံစောင့်အဘိုးတစ်ယောက်နဲ့ အတူနေထိုင်ပါတယ်။
မောင်မောင်ကြီးရဲ့အမြင်အရ ဇာတ်ဆောင်အမျိုးသမီးကို စာရေးသူ ပုံဖော်ထားတာကတော့ “အန်တီ”ဟာ မအောင်မြင်သေးတဲ့ စာရေးဆရာမ၊ ပန်းချီဆွဲနေတတ်တဲ့သူ ဖြစ်ပြီး သူ အဲဒီလို အေးအေးလူလူ နေနိုင်အောင် သူ့ခင်ပွန်းရဲ့ အလိုလိုက်စောင့်ရှောက်မှုကို ရရှိထားသူပါ။
ဒါပေမဲ့ ငယ်စဉ် မိဘတွေနဲ့အတူနေထိုင်စဉ် ၁၇-၁၈ နှစ် အရွယ်လောက်မှာ ဘကြီးလို့ ခေါ်ရမယ့် ကြီးဒေါ်ယောက်ျားရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားမှု ခံခဲ့ရဖူးသလို နောက်ပိုင်း စိတ်ဒဏ်ရာတွေ စိတ်ရောဂါတွေနဲ့အတူ နေထိုင်လာခဲ့ရတာ အသက် ၃၇ နှစ်အရွယ် သမီးတစ်ယောက်အမေ အိမ်ထောင်သည်ဘဝအထိ တိုင်အောင်ပါပဲ။ပြင်းထန်တဲ့စိတ်ကျရောဂါကို ခုခံဖို့ ငယ်စဉ်ကနေ အခုထိတိုင် ဆေးတွေ အဆက်မပြတ် သောက်ခဲ့ရပါတယ်။
အဲဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားမှုကို တုန့်ပြန် ကာကွယ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ကို နာမည် ပြန်ဖျက်ခံခဲ့ရတဲ့ကိစ္စတွေ၊ အဲဒါကို မကာကွယ်ပေးတဲ့အပြင် သူ့ကိုပဲ အပြစ်ပုံချခဲ့တဲ့ သူ့မိဘတွေကိုပါ စိတ်နာနေရပုံတွေ ဝတ္ထုထဲမှာ ဖော်ပြပါတယ်။
တစ်ကြိမ်မှာတော့ အဲဒီမြို့က ပန်းချီပြခန်း တာဝန်ရှိသူက သူ့ရဲ့ပန်းချီကား ပြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ပြပွဲမှာ ပါဝင်တဲ့ ဝါရင့်ပန်းချီဆရာတွေရဲ့ ခါးခါးသီးသီး ငြင်းပယ်တာကို ခံရပြီးနောက် စိတ်ဓါတ်တွေ ပိုကျခဲ့ရပါတော့တယ်။ နဂိုကတည်းကမှ သာယာမှု မရှိတဲ့ အိမ်ထောင်ရေးကိုလည်း ခက်ခဲစေခဲ့ပြီး မကြာခဏ ကတောက်ကဆ အချင်းများ၊ ရန်ဖြစ်ကြရတဲ့ အခြေအနေကို ရောက်ခဲ့ရပါတယ်။
တစ်နေ့ ခင်ပွန်းဖြစ်သူက သူ့ကို ဆေးကုပေးနေတဲ့ စိတ်ရောဂါ အထူးကုဆရာဝန်နဲ့ စွပ်စွဲမှုတွေ လုပ်လာတဲ့အခါ ခင်ပွန်းရဲ့ခေါင်းကို ဆေးလိပ်ပြာခွက်နဲ့ ရိုက်မိတဲ့အထိ လက်လွန်ခဲ့ပါတယ်။ သွေးထွက်သံယိုဖြစ်ခဲ့ရတဲ့ ခင်ပွန်းက “ဂေါက်ကြောင်” “အရူးမ” စတဲ့ စကားလုံးပြင်းပြင်းတွေနဲ့ ထိုးနှက်ပြီး သမီးလေးကို အတင်းလက်ဆွဲ၊ အိမ်ကနေ ထွက်ခွာသွားပါတော့တယ်။
အဲဒါကပဲ နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ ထိခိုက်စရာတွေနဲ့ ဇာတ်ကောင်ကို ဝေဒနာ ပိုဖြစ်စေပါတော့တယ်။ နောက်ပိုင်း ဇာတ်ကောင်ရဲ့ ပုံမှန်မဟုတ်တော့တဲ့ အခြေအနေတွေကို စာရေးသူက ခွေးလေး မောင်မောင်ကြီးကနေ တဆင့် ခုလို ပုံဖော်ပါတယ်။
“အန်တီဟာ ဘယ်တော့မှ ခေါင်းမဖြီးတော့တာမျိုး၊ တခါတလေ ရေမချိုးပဲ မှန်တင်ခုံရှေ့မှာ ထိုင်ပြီး မှန်အရိပ်ထဲမှာ ပြန်မြင်နေရတဲ့ ကျွန်တော့်ကို တခါမှ မမြင်ဘူးသလို ကြည့်နေတာမျိုး၊ မတော်တော့တဲ့ အင်္ကျီကြီးတွေ ဝတ်ပြီး မီးဖိုချောင်ထဲမှာ ပန်းချီဆွဲနေတာမျိုးတွေ လုပ်လာပါတယ်။ ဒါမှမဟုတ် တစ်ယောက်တည်း စာအုပ်ဖတ်ပြီး စကားပြောနေတာမျိုး၊ ဘယ်ဖုန်းမှ မလာပဲ ဖုန်းခွက်ကြီးကိုင်ပြီး စကားပြောနေတာမျိုးတွေ လုပ်လာပါတယ်။”
ထူးခြားတာ တစ်ခုကတော့ ခြံစောင့်အဘိုးက ဇာတ်ကောင်ကို အရိပ်တကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးလေ့ရှိတာပါပဲ။
ဒီလို စိတ်ပိုင်းဆိုင်ရာပြသနာတွေ ကြုံတွေ့နေရတဲ့ကြားမှာပဲ သူ မဖိတ်ခေါ်တဲ့ သူ့မိဘနှစ်ယောက် သူ့အိမ်မှာ ရက်ရှည်နေဖို့ ဧည့်သည်တွေအဖြစ် ရောက်လာပါတယ်။ သူ့မိဘနဲ့အတူ သူ့ကို လိင်ပိုင်းဆိုင်ရာ စော်ကားကျင့်ကြံခဲ့တဲ့ သူ့ဘကြီးပါ ပါလာတာပါပဲ။ နှစ်ပေါင်းများစွာ သူခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေရဲ့ အဓိကလက်သည် သူ့ဘကြီးကို ဆေးခန်းပြမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့သုံးဦး ရောက်လာကြတာပါ။ ဒါပေမဲ့ သူ့အဖေနဲ့ သူ့ဘကြီးတို့ သူ့အိမ်မှာ အရက်တွေသောက်ပြီး မူးကြတာ၊ အပြာကားတွေကြည့်ပြီး ဟီးဟီးဟားဟားလုပ်ကြတာ အပြင် သူ့ဘကြီးက သူ့ကို ရိသဲ့သဲ့စကားမျိုး၊ ထီမထင် စကားမျိုးပြောတာကိုလည်း ကြုံရတာကြောင့် နဂိုရှိနှင့်နေပြီးသား ဝေဒနာဟာ ပိုဆိုးစေခဲ့ပါတယ်။
ဒီလိုနဲ့ ဘကြီးဖြစ်သူကို ဓားနဲ့ တုန့်ပြန်ဖို့ ရန်တစောင်စောင် အခြေအနေမျိုးအထိ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာပဲ အိမ်ကထွက်သွားတဲ့ သူ့ခင်ပွန်းဖြစ်သူဟာလည်း နောက်ထပ် ရည်ရွယ်သူအမျိုးသမီးတစ်ယောက် ရှိနေပြီ ဆိုတဲ့ သတင်းစကားကိုလည်း ကြားလာရပါတယ်။
ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းကတော့ သူ အိုးဖုတ်တဲ့တဲလေးထဲမှာ အိုးဖုတ်နေတုန်း သူ့ကို ရိသဲ့သဲ့လုပ်ဖို့ ရောက်လာတဲ့ ဘကြီးကို မီးဒုတ်နဲ့ လိုက်လံ တိုက်ခိုက်ရင်း အိမ်အောက်ထပ် ပန်းချီဆွဲတဲ့ စတူဒီယိုခန်း အရောက်မှာ မီလာပြီး မီးဖိုချောင်က ဆွဲလာတဲ့ ဓားနဲ့ အကြိမ်ကြိမ် ထိုးစိုက်သတ်ဖြတ်လိုက်ပါတယ်။
အဲဒီနောက် အော်ဟစ်ပြီး အိမ်ပေါ်က ဆင်းလာတဲ့ မိခင်ကိုလည်း လှေခါးမှာ လှမ်းဆွဲပြီး ဓားနဲ့ ထိုးသတ်ခဲ့ပြန်ပါတယ်။ နောက်ဆုံး အိမ်အပေါ်ထပ်မှာ ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းနေတဲ့ သူ့ဖခင်ဖြစ်သူကို သူ့ကို ကာကွယ်ဖို့ ရောက်လာတဲ့ အဘိုးက ကိုင်လာတဲ့ တုတ်နဲ့ ရိုက်နှက် သတ်ဖြတ်ပစ်လိုက်ပါတော့တယ်။
အဲ့ဒီလို မထင်မှတ်ဘဲ သုံးလောက်ပြိုင် လူသတ်မှုဖြစ်ပြီးတဲ့နောက်မှာ ခြံစောင့်အဘိုးက ကိစ္စအားလုံးကို သူတာဝန်ယူပြီး ရဲဆီ သွားအဖမ်းခံမယ်လို့ ပြောပေမဲ့ ဇာတ်ကောင်ကတော့ လက်မခံပါဘူး။
နဂို ကြိုတင်စဉ်းစားထားတဲ့အတိုင်း အလောင်းတွေကို ဖျောက်ဖျက်ဖို့ စနစ်တကျ ကြိုးစားသလို သူ့ကို အဘိုးက အကူအညီပေးပါတယ်။ မောင်မောင်ကြီးရဲ့ မြင်ကွင်းကနေ တဆင့် အိုးဖိုထဲ ယူသွားတဲ့ အလောင်းသုံးထုပ်ဟာ တဖြေးဖြေးနဲ့ အထုတ်အရွယ်အစားတွေ သေးသေးသွားတယ် ဆိုပြီး အလောင်းဖျောက်ဖျက်မှုကို စာရေးသူက ပုံဖော်ပြခဲ့ပါတယ်။
အိုးဖုတ်တဲ့ မီးဖိုနဲ့ ပုံဖျက်ထားတဲ့ အသားတွေဟာ လူနဲ့ DNA ခြင်း အများကြီးနီးစပ်တဲ့ ဝက်တွေရဲ့ အစာအဖြစ်၊ မီးကျွမ်းနေတဲ့ အရိုးတွေကို တူနဲ့ ထုပြီး ပြာမှုန်တွေအဖြစ် လုံးဝ လက်စလက်န မကျန်ရစ်အောင် ပြောင်းလိုက်တယ်လို့ ဖော်ပြပါတယ်။
လူပျောက်မှုနဲ့ ပတ်သက်ပြီး ဆွေမျိုးရဲအရာရှိတစ်ယောက် အိမ်ကိုလာပြီး စုံစမ်းမေးမြန်းခဲ့ပေမဲ့ ဘာသဲလွန်စမှ မပေါ်ပေါက်ခဲ့ပါဘူး။ အဲဒီအဖြစ်အပျက်တွေနောက်မှာတော့ မောင်မောင်ကြီးရဲ့ အန်တီဟာ ကျန်းမာရေး ပိုကောင်းလာသလို၊ သူ့ပန်းချီကားတွေလည်း ရောင်းလာရ၊ သူ့ ဝတ္ထုစာအုပ်တွေကို ထုတ်ဝေပေးမယ့်သူနဲ့လည်း တွေ့သွားခဲ့ပါတယ်။
နိဂုံးမှာတော့ ဘဝသစ်မှာ သူ့ခင်ပွန်းဟောင်းနဲ့ ဇနီးသစ်လည်း သူ့အိမ်ကို လာလည်၊ ဆက်ဆံရေးတွေ အဆင်ပြေခဲ့ပြီး သမီးလေးကလည်း သူ့အဖေဆီ တလှည့် အမေဆီ တလှည့်နေရင်း အဆင်ပြေသွားကြပုံကို မောင်မောင်ကြီးရဲ့မြင်ကွင်းတွေကနေတဆင့် ရေးဖွဲ့ထားပါတယ်။
စာရေးသူ ချိုပိန်းနောင်ဟာ အခြားသော ကဗျာ၊ အနုပညာ ဖန်တီးသူ၊ ဘာသာပြန်သူ၊ ပင်ကိုယ်ရေးဝတ္ထုရေးသူ တစ်ယောက်ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာခံစားမှု၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုအကြောင်းတွေ အပါအဝင် စိတ္ထဇဆန်မှုတွေကို ဘာသာပြန်သူ၊ ရေးဖွဲ့သူလည်း ဖြစ်ပါတယ်။
တကယ်တော့ ဒီဝတ္ထုဟာ နိုင်ငံတကာမှာ ထုတ််ဝေနေကြတဲ့ စိတ္တဇ၊ လူသတ်၊ သည်းထိတ်ရင်ဖိုဝတ္ထုအမျိုးအစား မဟုတ်ပါဘူး။ ဝတ္ထုကို ဝတ္ထုလို ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
အရေးအသားပိုင်းမှာ ဝတ္ထုဇာတ်ကြောင်းကို ခွေးလေးတစ်ကောင်ရဲ့ မြင်ကွင်း၊ ခံစားမှုကနေ ပုံဖော်သွားတာကလည်း မထူးခြားပါဘူး။ အလားတူ ကလေးလေးတစ်ယောက်ရဲ့ မြင်ကွင်းကနေ ပုံဖော်တာ၊ စကားမပြောတတ်၊ မတုန့်ပြန်တတ်သူတစ်ယောက်ရဲ့ မြင်ကွင်း၊ ခံစားမှုတွေကနေ ပုံဖော်တာ၊ ကြောင်လို လူမဟုတ်တဲ့ သတ္ထဝါ တစ်ကောင်ကောင်ရဲ့ မြင်ကွင်းကနေ ပုံဖော်တာမျိုး အများကြီးရှိနေနှင့်ခဲ့ပါပြီ။
ဇာတ်ကြောင်းကို ပုံပြောသလို ရိုးရိုးပုံဖော်တာကလည်း သမရိုးကျပါပဲ။ အဲဒီ မထူးခြားတဲ့ အရေးအသား ပုံစံနှစ်မျိုးကနေ ဇာတ်ကောင်ရဲ့အဇ္ဇျတ္ထကို ပုံပေါ်အောင် သရုပ််ဖော်တာမျိုးပါ။ ဘာသာရေး၊ ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာ ပုံစံမျိုးမဟုတ်သလို၊ ခေတ်အဆက်ဆက် အာဏာပိုင်တွေ မဖြစ်မနေ ဖြစ်ရမယ်လို့ ချမှတ်ထားတဲ့ “ရာဇဝတ်ဘေး ပြေးမလွတ်” ဆိုတဲ့ ဘောင်ထဲ မထည့်ထားပါဘူး။
အပျိုဖော်ဝင်စမှာ မိသားစုဝင် ဘကြီးရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားကျုးလွန်မှုကို ခံခဲ့ရပြီး ဘဝတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အရင်းနှီးဆုံးမိဘရဲ့ ဖေးကူမှုမရတဲ့အပြင် အပြစ်ပုံချခံခဲ့ရလို့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကို တစ်ဘဝလုံး သယ်ပိုးထားရသူတစ်ယောက်ရဲ့ ဘဝကို ရသမြောက်အောင် ရေးဖွဲ့ထားတဲ့ ဝတ္ထုတစ်ပုဒ်ပါ။
ဒီဝတ္ထုဟာ အစဉ်အလာ မြန်မာဝတ္ထုတွေ ရေးဖွဲ့လေ့ရှိတဲ့ အကြောင်းအရာပိုင်းကနေ ကျော်လွန် ခွဲထွက်ခဲ့ပြီဖြစ်တယ်ဆိုပြီး မှတ်တမ်းလို့ရနိုင်မယ့် ဝတ္ထုတစ်ပုဒ်လည်း ဖြစ်ပါတယ်။