၂၀၁၃ ခုနှစ် ဇန်နဝါရီလ၊ ရန်ကုန်မြို့လယ် စာအုပ်ဆိုင် တစ်ခုတွင် စာဖတ်သူတစ်ဦးကို တွေ့ရစဥ် (ဓာတ်ပုံ​ - အေအက်ဖ်ပီ)

စကြာဝဠာထဲက ဝတ္ထုတစ်ပုဒ် (သို့) ရီနေဆန်းရဲ့“ရေချယ်ဦး”

ဖရွန်တီးယား စာပေ-အနုပညာ ရေစီးကြောင်းကဏ္ဍအပိုင်း ၃
သန်းဇော်အောင် ရေးသားသည်။ 

မြန်မာဘာသာပြန်စာပေလောကမှာ နိုင်ငံတကာက ထင်ရှားတဲ့ သိပ္ပံဝတ္ထုစာရေးဆရာတွေ ဖြစ်ကြတဲ့ Jules Verne, H.G. Wells, Arthur C. Clarke, Isaac Asimov, Stephen King နဲ့ အခြား စာရေးဆရာတွေရဲ့ ဝတ္ထုတွေကို ဒဂုန်ရွှေမျှား၊ မြသန်းတင့်၊ မြဇင်၊ သင့်လူ၊ မောင်ထွန်းသူ၊ ဂျာနယ်ကျော်တင့်ဆွေ စတဲ့ စာရေးဆရာတွေ ပြန်တဲ့ လုံးချင်းဝတ္ထုတွေ ထိုက်သင့်သလောက် ထွက်ပေါ်ခဲ့ပါတယ်။ 

မဂ္ဂဇင်းခေတ်မှာ သိပ္ပံဝတ္ထုတိုတွေကို ပိုတွေ့လာရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံ၊ ခေတ်နောက်ကျတဲ့နိုင်ငံ ဖြစ်လို့များလား မသိပါဘူး။ ကိုယ်ပိုင် သိပ္ပံဝတ္ထုတို၊ ဝတ္ထုရှည်ကတော့ အတော်လေး နည်းပါးပါတယ်။ မဂ္ဂဇင်းခေတ်မှာ ကျော်စိန်မင်းရေးတဲ့ သိပ္ပံ ဝတ္ထုတိုတွေ အတွေ့ရများပြီး လုံးချင်း သိပ္ပံဝတ္ထုရှည် တစိုက်မတ်မတ် ရေးသူရယ်လို့ သိပ်မတွေ့ရပါဘူး။ 

စာပေအနုပညာရှင်အသစ်တွေ ဝေဝေဆာဆာ ဖူးပွင့်ခဲ့ကြတဲ့ ၂၀၁၂ ကနေ၂၀၂၁ ခုနှစ်အတွင်း ကာလမှာတော့ အဆင့်အတန်းရှိတဲ့ ပေမီဒေါက်မီ Sci-fi လို့ လူသိများတဲ့ စိတ်ကူးယဥ်သိပ္ပံ လုံးချင်း ဝတ္ထုရှည်တစ်အုပ် ထွက်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ စာရေးဆရာ ရီနေဆန်းရဲ့  ‘ရေချယ်ဦး’ဆိုတဲ့ လုံးချင်းသိပ္ပံဝတ္ထုပါ။

ငယ်ရွယ်ချောမောလှပပြီး ဉာဏ်ရည်အလွန်မြင့်တဲ့သဘာဝနဲ့ မျိုးဗီဇ ပြုပြင်မှု နှစ်ခုပေါင်းထားတဲ့ ရေချယ်ဦး ဆိုတဲ့ အိုင်ကျူမြင့် မိန်းကလေးဇာတ်ကောင်ကို စာရေးဆရာ ရီနေဆန်းက ဖန်တီးထားပြီး ဗြိတိန်က အောက်စဖို့စ် ပတ်ဝန်းကျင်မှာ ဇာတ်အိမ်တည်ပါတယ်။ 

ဇာတ်ကောင် ရေချယ်ဦးတစ်ယောက် အသက် နှစ်နှစ်အရွယ်မှာ စာဖတ်တတ်နေပါပြီ။ ဗမာ၊ အင်္ဂလိပ်နဲ့ ဟီဗရူး ဘာသာစကား သုံးမျိုးကို သုံးနှစ်အရွယ်မှာ တတ်မြောက်နေပါပြီ။ အသက် သုံးနှစ်နဲ့သုံးလ အရွယ်မှာ ကမ္ဘာ့ဉာဏ်ရည် အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ Mensa မှာ အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။​ အဖွဲ့အစည်းတချို့ရဲ့ လိုလေသေးမရှိ စောင့်ရှောက်မှုခံရပြီး ပညာသင်ကြားရေးအတွက် ဘာတစ်ခုမှ ပူပင်စရာ မလိုအောင် ပြည့်စုံခဲ့ပါတယ်။ 

အမေရိကန် Stanford တက္ကသိုလ် မှာ ကျောင်းပြီးခဲ့ပြီးနောက်ပိုင်း ဗြိတိန် အောက်စဖို့စ်ကို ပြောင်းရွှေ့၊ သုတေသနတွေ လုပ်ပါတယ်။ သူ လက်ထပ်လိုက်တဲ့ မောင် ဆိုတဲ့ အောက်စဖို့စ်က ဆရာဝန်၊ အီဂျစ်သူ မာယာ၊ ဒန်နီယယ်၊ ဂျူးလေး နာဒါ့ဗ် လက်ဂျာ၊ ရပ်ဆဲလ်အန်ဒါဆင်၊ နစ်ခ်၊ ပရော်ဖက်ဆာ မက်သရူးဟန်တင်တန် စတဲ့သူတွေနဲ့ ရေချယ်ဦးရဲ့ ဆက်ဆံရေးတွေကို တစ်ခန်းစီ ရေးဖွဲ့ထားပါတယ်။

ဇာတ်လမ်း တည်ထားတာကတော့ ဗြိတိန် အောက်စဖို့စ်တက္ကသိုလ်မှာ ရေချယ်ဦး Artificial Intelligence ပညာရပ်နဲ့ ပတ်သက်ပြီး ပါရဂူဘွဲ့အတွက် အထူးပြုလေ့လာနေချိန်ပါ။ ရေချယ်ဦးရဲ့ မိခင် “မြူနှင်းဝေဦး” ဆိုတဲ့ အမျိုးသမီးရဲ့ ဘဝအကြောင်း နောက်ကြောင်းပြန်  ဇာတ်ကွက်တွေကတဆင့် မြန်မာနိုင်ငံ ပုဂံဒေသကို အနည်းငယ် ပုံဖော်ပါတယ်။

ရေချယ်ဦးရဲ့ စရိုက်တွေနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ရေးဖွဲ့ပါတယ်။ 

“ရေချယ်ဦးသည် သင်နားလည်လက်ခံထားသော လူ့လောကနှင့် ဘယ်တုန်းကမှ အကျုံးမဝင်ခဲ့ပါ။ ကျွန်မသည် စည်းအပြင်က လူဖြစ်သည်၊ ကျွန်မကိုယ်ကျွန်မလည်း ဘယ်တုန်းကမှ လူ့စည်းမျဉ်း လူ့စည်းကမ်းများအတိုင်း အတိအကျ ကောင်းမွန်စွာ နေထိုင်ပါမည်ဟု တာဝန်ယူထားဖူးသူ မဟုတ်ပါ။” 

“ကျွန်မသည် ဆဲတတ်သည်၊ အရက်ကြိုက်သည်၊ အကြောင်းမဲ့ ငိုသည်၊ သုံးကြိမ် သေကြောင်း ကြံဖူးသည်၊ ကျွန်မ သေကြောင်းကြံရသည့် အကြောင်းရင်းမှာ ဆက်လက်ရှင်သန်ရန် မလိုလားသဖြင့် ဖြစ်သည်။ အခြား အကြောင်းထူး မရှိပါ။”

“အပြင်ပန်း စိတ်ညစ်နေချိန်များမှ အပ ကျန်အချိန်များတွင် ကျွန်မသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလုပ်ကြိုးစားသူဖြစ်သည်။ ပြေးသည်။ အလေးမသည်။ စာဖတ်သည်။ ထို့ကြောင့် ကျွန်မ ခန္ဓာကိုယ်ရှိ ကြွက်သားများ၊ ဆဲလ်များသည် ယိုယွင်းပျက်စီးခြင်း သိပ်မရှိလှ။” 

“ကျွန်မဆိုလျှင်လည်း အရက်ဘားများမှာ ကျွန်မ နှစ်သက်သော ယောက်ျားကို တွေ့လျှင် လိုက်အိပ်လေ့ရှိသည်။” 

စည်းကမ်းစံနှုန်းတွေကို စိန်ခေါ်သူ မိမိစိတ် မိမိကိုယ် နေထိုင်တတ်တဲ့ စရိုက်နဲ့ ရေချယ်ဦးတစ်ယောက် တစ်နေ့ လှေအိမ်လေးထဲမှာ ရပ်ဆဲလ် အန်ဒါဆင်နဲ့ လိင်မှုကိစ္စတွေ အကြိမ်ကြိမ်လုပ်ကြတဲ့အခါ ပြင်းထန်စွာ နာကျင်စေခဲ့ပြီးနောက်မှာ ရပ်ဆဲလ် သေဆုံးသွားပါတယ်။ ဒီလိုနဲ့ ရေချယ်ဦးတစ်ယောက် ရဲတွေရဲ့ ထိမ်းသိမ်းခံရပြီး စစ်ဆေးမှုတွေနဲ့ ကြုံတွေ့ရပါတော့တယ်။ 

သူဟာ လန်ဒန်မြို့က ဝန်ကြီးချုပ်အဆက်ဆက် နေထိုင်တဲ့ အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ် မြေအောက်အနက်ကြီးက စခန်းတစ်ခုထဲကို ခေါ်သွားခြင်း ခံရပါတယ်။ စစ်ဆေးတဲ့အခါကျမှ သူသိလိုက်ရတာက ဒီဖမ်းဆီးခံရမှုဟာ ရပ်ဆဲလ် သေဆုံးမှုနဲ့ မဆိုင်ဘဲ သူနဲ့ ဂျူးလေးနာဒါ့ဗ်တို့ တီထွင်ထားတဲ့ ‘ရာဒါ့ဗ်’ အေအိုင်စနစ် လည်ပတ်နေတဲ့ ကွန်ပျူတာကြီး ထားရာအခန်းမှာ သိပ္ပံပညာရှင် အယောက် ၂၀ လောက် တစ်ပြိုင်တည်း သတ်ဖြတ်ခံလိုက်ရတဲ့ ကိစ္စဖြစ်နေတာပါပဲ။ 

ရေချယ်ဦးကိုယ်တိုင် ဒီလူ ၂၀ လောက်ကို သတ်လိုက်တဲ့ အဖြစ်အပျက်ကို စီစီတီဗွီ မှတ်တမ်းကတဆင့် ပြန်မြင်လိုက်ရတဲ့အခါ သူကိုယ်တိုင် ဇဝေဇဝါ ဖြစ်သွားခဲ့ရပါတော့တယ်။ သူတောင် မသိလိုက်ဘဲ အဲဒီ သတ်ဖြတ်မှု ဘယ်လို ဖြစ်သွားတာလဲ။ 

တစ်ပြိုင်နက်တည်းမှာပဲ သူ့ကို လာစစ်ဆေးတဲ့ အီးယူနိုင်ငံတွေက မျိုးဗီဇဆိုင်ရာ ထောက်လှမ်းရေးအကြီးအကဲတွေထဲက တစ်ယောက်က သူ့ကို အသေခံ ဗုံးခွဲလုပ်ကြံမယ့် အကြံအစည်ကို ‘ရာဒါ့ဗ်’ အေအိုင်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာကတဆင့် သိရှိသွားခဲ့ပါတယ်။ အဲဒါကြောင့် လုပ်ကြံသူတွေကို တိုက်ခိုက်ခဲ့ပြီး အဲဒီအဆောက်အဦကနေ ထွက်ပြေးခဲ့ရပါတယ်။

ဒေါင်းနင်းလမ်း ဧရိယာကနေ ထွက်ပြေးလာတဲ့လမ်းမှာ ရေချယ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီတော့ ရေချယ်ဦးဟာ သူ့အခြေအနေကို သူနားလည်အောင် ကြိုးစားဖို့အတွက် သူနဲ့ (သေဆုံးသွားပြီဖြစ်တဲ့) နာဒါ့ဖ်တို့ ဖန်တီးထားတဲ့ ကမ္ဘာ့အကောင်းဆုံး အေအိုင်စနစ် လည်ပတ်ရာ စူပါကွန်ပျူတာကြီးရှိရာ ခန်းမထဲ သွားပါတယ်။ ခန်းမကြီးထဲရောက်တဲ့အထိတိုင် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တွေ အခန်းထဲ ရောက်လာပြီး တိုက်ခိုက်တာ ခံရပါသေးတယ်။

နောက်တော့ ရေချယ်ဦးရဲ့ အေအိုင်စနစ် တပ်ဆင်ထားတဲ့ လက်ဖ်တော့ကနေ ဆက်သွယ်မှုအရ အဖွဲ့တစ်ဖွဲ့က သူ့ကို သီးသန့်တစ်နေရာဆီ ကယ်ဆယ် ခေါ်ထုတ်သွားပါတော့တယ်။ ရေချယ်ဦးကို ခေါ်ထုတ်သွားတဲ့သူတွေကတော့ တခြားသူတွေ မဟုတ်ပါဘူး။ သူ့လိုပဲ ငယ်စဉ်ကတည်းက ဒေါက်တာဒီက ပြုစုပျိုးထောင်ထားခဲ့တဲ့ ငယ်သူငယ်ချင်း သိပ္ပံပညာရှင်အုပ်စု ဖြစ်နေလို့ပါပဲ။ အဲဒီက သူငယ်ချင်းတွေ ရှင်းပြတော့မှ သူ့ဖြစ်ရပ်ကို သူ ဇာတ်ရည်လည်ပါတော့တယ်။

အဲဒီအချိန်က ကမ္ဘာကြီးမှာ အင်ပီရီယမ်နဲ့ ပက်ဇမ် ဆိုပြီး အုပ်စုကြီးနှစ်ခု အကြီးအကျယ် အားပြိုင်နေတဲ့ အချိန်ပါ။ 

အင်ပီရီယမ်တွေ ဆိုတာက AI လို ဉာဏ်ရည်မြင့်မားလာတဲ့ စက်တွေကို အပြီးတိုင် ထိန်းချုပ်လိုပြီး စက်တွေရဲ့ ဖြစ်တည်မှုကို လူသားတွေထက် မကျော်လွန်စေချင်ရုံသာမက အိပ်၊ စား၊ ကာမ ကလွဲပြီး ဘာကိုမှ တွေးတောဆင်ခြင်နိုင်စွမ်းမရှိတဲ့ ဘီလျံနဲ့ချီတဲ့ သာမန်လူသားတွေကိုပါ စိတ်တိုင်းကျ ထိန်းချုပ်စိုးမိုးလိုသူတွေ ဖြစ်ပါတယ်။ 

သူတို့ကိုယ်သူတို့ လူတကာထက် တစ်ဆင့်မြင့်တဲ့ လူတွေလို့ ထင်မြင်ယူဆပြီး အနာဂတ်မှာ မျိုးဗီဇသန့်စင်ပြီး အထူးထက်မြက်တဲ့ စူပါလူသားတွေကိုသာ မွေးထုတ်လိုသူတွေ ဖြစ်ပါတယ်။ သာမန်လူသားတွေကို တဖြည်းဖြည်းချင်း မျိုးတုန်းပျောက်ကွယ်စေပြီး နတ်ဘုရားတမျှ ထက်မြက်တဲ့ လူသားတွေကိုပဲ ကျန်ရစ်ရှင်သန်စေလိုတဲ့ မဟာလူသားဝါဒီတွေဖြစ်ပြီး သူတို့ရဲ့ မျှော်မှန်းချက်ကတော့ စကြာဝဠာကို ခရီးနှင်ဖို့ ဖြစ်ပါတယ်။ အင်ပီရီယမ်တွေထဲမှာ အမေရိကန် သမ္မတလိုမျိုးတောင် ပါဝင်နေနိုင်ပြီး အခြား မျိုးဗီဇသိပ္ပံပညာရှင်တွေနဲ့  ရုရှားလိုနိုင်ငံတွေ ပါဝင်ပါတယ်။

ပက်ဇမ်ကတော့ အဲဒါနဲ့ ဆန့်ကျင်ပါတယ်။ အေအိုင်လို ဉာဏ်ရည်မြင့်စက်တွေကို ဖြစ်နိုင်သမျှ အစွမ်းထက်အောင် တီထွင်ပြီး လူ့အဖွဲ့အစည်းအကျိုးရှိအောင် အသုံးချပြီး လူတန်းစား ညီမျှစေဖို့၊ ပျက်စီးနေတဲ့ သဘာ၀ပတ်ဝန်းကျင်ကို နည်းပညာသုံးပြီး ပြုပြင်ဖို့၊ အခြားသော မျိုးတုန်းလုဆဲဆဲ သက်ရှိတွေကို ကာကွယ်ပြီး သဘာဝနဲ့ သဟဇာတ မျှမျှ ရှင်သန်ဖို့ ကြိုးစားလိုကြသူတွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဗြိတိန်၊ ဥရောပ သမဂ္ဂနိုင်ငံ ခေါင်းဆောင်တွေလိုမျိုး ပါဝင်ပါတယ်။

ရေချယ်ဦးရဲ့ သူငယ်ချင်းတွေရဲ့ ရှင်းပြချက်အရ အင်ပီရီယမ်တွေရဲ့ တကယ့် ထိပ်တန်းခေါင်းဆောင်တစ်ယောက်ကတော့ သူနဲ့ သူ့သူငယ်ချင်း ပါရမီရှင်တွေကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဒေါက်တာဒီ ခေါ် ရုရှားသိပ္ပံပညာရှင် ဒေါက်တာဒီမီထရီ ဖြစ်နေတာပါပဲ။ 

ဒေါက်တာဒီဟာ ဘဝတလျှောက်လုံး ရေချယ်ဦး သိချင်နေခဲ့တဲ့ သူ့မိခင် မြူနှင်းဝေဦးရဲ့ ခင်ပွန်းဖြစ်နေပါတယ်။ သူ့မျိုးဗီဇထဲမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတဲ့ သူ့ဖခင်ဖြစ်နေတဲ့အပြင် နိုင်ငံတကာက သိပ္ပံပညာရှင်တွေကို ဗိုင်းရပ်စ်အသုံးပြုပြီး တောက်လျှောက် လိုက်လံ သတ်ဖြတ်ခဲ့တဲ့ ရုပ်ပွား (Clone) ရေချယ်ဦး လေးယောက်ကို ဖန်တီးခဲ့သူ ဖြစ်နေပါတယ်။  

ဒေါက်တာဒီရဲ့ အကြံအစည်ကတော့ အဆင့်မြင့်လာတဲ့ အေအိုင်နည်းပညာ ကွန်ပျူတာ စက်ကြီးတွေကို ဖျက်ဆီးမယ်။ အဲဒါတွေကို ဖန်တီးတဲ့ သိပ္ပံပညာရှင်တွေကို သတ်ဖြတ်ပစ်မယ်။ ပြီးရင် အဆင့်အတန်းရှိတဲ့ လူသား သန်း ၁၀၀၀ လောက်ကို ဗိုင်းရပ်စ်ကာကွယ်ဆေး defensins တွေ စနစ်တကျထိုးပေးပြီး ကျန်လူသား သန်း ၆၀၀၀ လောက်ကို သူတီထွင်ထားတဲ့ Marburg Virus အသုံးပြုပြီး သုတ်သင် ရှင်းလင်းပစ်လိုက်ဖို့ပါပဲ။ 

နောင်ကမ္ဘာကြီးရဲ့ အနာဂတ်ကို မျိုးဗီဇ ပြုပြင်ထားတဲ့ အဆင့်အတန်းအလွန်မြင့်တဲ့ နတ်ဘုရားလို လူသားတွေကပဲ စိုးမိုးနေထိုင်သွားကြဖို့ ဖြစ်ပါတယ်။ 

ဒီအခြေအနေတွေကို ဒေါက်တာဒီကိုယ်တိုင် သူ့မျိုးဗီဇပါတဲ့ သူ့သမီးလို့လည်း ပြောနိုင်တဲ့ ထူးချွန်ထက်မြက်လှတဲ့ ‘ရာဒါ့ဗ်’ အေအိုင်နည်းပညာကို ပိုင်ဆိုင်တဲ့ ရေချယ်ဦးကို ရှင်းပြပြီး သူနဲ့ပူးပေါင်းဖို့ စည်းရုံးပါတယ်။ ဒါပေမဲ့ ရေချယ်ဦးက လက်မခံတဲ့အခါ သူ့သမီးကို သူကိုယ်တိုင် သတ်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။ အဲဒီအချိန် ရေချယ်ရဲ့ နေရာအတိအကျ (ဂျီပီအက်စ်) ပို့ပေးလို့ နေရာတိတိကျကျ သိသွားပြီး လာရောက်ကယ်ဆယ်တဲ့ အထူးလက်နက်ကိုင် တပ်ဖွဲ့တွေကနေ ဒေါက်တာဒီရဲ့ အင်ပီရီယမ်စခန်းကို စီးနင်းတိုက်ခိုက်ရင်း ဒေါက်တာဒီ သေဆုံးသွားခဲ့တာနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ်။

ရီနေဆန်းဟာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆေးပညာဘွဲ့ရခဲ့ပြီး၊ ထိုင်းနိုင်ငံမှာ Epidemiology ဘာသာရပ်နဲ့ ပါရဂူဘွဲ့ရခဲ့ကာ အောက်စဖို့စ်တက္ကသိုလ်ကနေ Master of Public Policy ရရှိခဲ့သူပါ။ ဒီစာအုပ်ရဲ့ကျောရိုးဖြစ်တဲ့ မျိုးဗီဇနည်းပညာဘာသာရပ်၊ အေအိုင်နည်းပညာတွေနဲ့ ပတ်သက်ရင်လည်း စိတ်ဝင်စားနှံ့စပ်သူလို့ ယူဆနိုင်ပါတယ်။ 

ဝတ္ထုထုတ်ဝေချိန် ၂၀၂၀ ခုနှစ်တုန်းက အေအိုင်စနစ််တွေကလည်း အခုအချိန်လို ကောင်းကောင်း ထွန်းကား ပြည်သူလူထုလက်ဝယ်ရောက်တဲ့ အခြေအနေ မရောက််သေးပါဘူး။ ဒါပေမဲ့ Yuval Noah Harari ရဲ့ Sapiens: A Brief History of Humankind လို စာအုပ်မျိုးက ထွက်ပြီးနေပါပြီ။ သူ့ရဲ့ အနာဂတ်ကို မျှော်မှန်းရေးထားတဲ့ Homo Deus: A Brief History of Tomorrow စာအုပ်ကတော့ ‘ရေချယ်ဦး’ ဝတ္ထုကို အတော်လေး လွှမ်းမိုးနေလိမ့်မယ်လို့တော့ ထင်မှတ်ရပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာရသစာပေဘဏ္ဍာတိုက်မှာ ‘ရေချယ်ဦး’လို့ နာမည်ပေးထားတဲ့ ရီနေဆန်းရဲ့ဝတ္ထုရှည်ကတော့ ထိုက်တန်တဲ့ နေရာတစ်နေရာ ရသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.