စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန္ဒပြလူထု ချီတက်နေကြစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

တော်လှန်ရေးနယ်မြေကို စီမံခန့်ခွဲခြင်း – ဒေသဆိုင်ရာ ဖက်ဒရယ်ယူနစ်များ၏ ခရီးစဥ် စတင်

(မတ်လ ၃၀ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် “Governing the resistance” သတင်းကို အင်္ဂလိပ်မှ​ မြန်မာသို့ ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသန္တရအုပ်ချုပ်ရေးယန္တရားများကို ဒေသခံတော်လှန်ရေးအဖွဲ့များနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရက ပူးတွဲအကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် အဆိုပါယန္တရားများ၏ ထိရောက်မှုနှင့် မြေပြင်လက်နက်ကိုင်အဖွဲ့များအကြား မည်မျှအထိ ဟန်ချက်ညီညီ ချိတ်ဆက်နိုင်မည်ဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

ထက်အောင် | ဖရွန်တီးယား

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် တရားဝင်ထုတ်ပြန် ကြေညာခဲ့သည်။ ဤသည်မှာ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော စစ်ကိုင်းတိုင်းအတွင်း ဒေသန္တရအုပ်ချုပ်ရေးယန္တရား တည်ဆောက်ရန် ကြိုးပမ်းမှုများအတွက် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်လာသည်။

အစိုးရအဖွဲ့သစ်၏ အဖွဲ့ဝင်များကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ရွေးချယ်ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါလွှတ်တော်ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ လမ်းညွှန်မှုဖြင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းကြားကာလအစိုးရသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအတွင်း ဖယ်ရှားခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းထားသော စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အုပ်ချုပ်မှုယန္တရားနှင့်အတူ လည်ပတ်နေခြင်း ဖြစ်သည်။

“ဒီအပြောင်းအလဲကို ကျနော်တို့ ကြိုဆိုပါတယ်။ အစိုးရသစ်အနေနဲ့ ကျနော်တို့ဒေသကို ထိထိ ရောက်ရောက် အုပ်ချုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု လုံခြုံရေးအရ အမည်ဝှက်အသုံးပြုထားသော စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် ကိုမင်းဌေးက ပြောသည်။

“ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဘယ်လိုလက်တွေ့ကျတဲ့ အပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာကိုတော့ ကျနော်တို့ အသေအချာ မသိရသေးပါဘူး” ဟု သူက ဆိုသည်။ 

စစ်ကိုင်းကြားကာလအစိုးရ၏ပုံစံကို မန္တလေးနှင့် မကွေးတိုင်းဒေသကြီးများတွင်လည်း ပုံစံတူဖော်ဆောင်လျက်ရှိသည်။ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၈ ရက်တွင် ဖက်ဒရယ်ယူနစ်အစိုးရအဖြစ် ဖွဲ့စည်းခဲ့သည်။ 

မကွေးတွင်မူ ဒီဇင်ဘာလနှောင်းပိုင်းက ဝန်ကြီးချုပ်တစ်ဦးကို ခန့်အပ်ခဲ့ပြီးနောက် ဧပြီလတွင် ဝန်ကြီးခုနစ်ဦးနှင့် ရှေ့နေချုပ်တစ်ဦး ပါဝင်သော မကွေးဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ အပြီးသတ် ဖွဲ့စည်းခဲ့သည်။ 

စစ်ကော်မရှင်သည် ၎င်းတို့ကျင်းပမည့် အငြင်းပွားဖွယ်ရွေးကောက်ပွဲကတစ်ဆင့် လာမည့်လများအတွင်း လွှတ်တော်ခေါ်ယူပြီး ပြည်နယ်အစိုးရများ ဖွဲ့စည်းလာနိုင်သဖြင့် NUG အနေဖြင့် ယင်းကို တန်ပြန်နိုင်ရန် ပြည်နယ်အစိုးရများကို ကြိုတင်ဖွဲ့စည်းနေခြင်း ဖြစ်နိုင်ကြောင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်အခြေစိုက် တက်ကြွလှုပ်ရှားသူ မအိန္ဒြာ (အမည်လွှဲ) က သုံးသပ်သည်။

 “NUG အနေနဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ပိုမိုခိုင်မာတဲ့ အုပ်ချုပ်ရေးယန္တရားတွေ ရှိလာစေချင်တာပါ” ဟု သူက ဖရွန်တီးယားကို ပြောသည်။

စစ်ကိုင်း အုပ်ချုပ်ရေးယန္တရားသစ်

ပြီးခဲ့သည့်နှစ် ဇွန်လ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့သော စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကြားကာလအစိုးရအဖွဲ့ကို ဝန်ကြီးချုပ်တစ်ဦးက ဦးဆောင်ကာ အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းထားသည်။ 

စစ်ကိုင်းတိုင်းက ဝါရင့်လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်သူ ဦးစိုးဦးကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၇ ရက် (အစိုးရအဖွဲ့သစ် ဖွဲ့စည်းကြောင်း တရားဝင်မကြေညာမီ တစ်လအလို) တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ (SFUIG) ၏ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဦးစိုးဦးသည် ၂၀၁၅ ရွေးကောက်ပွဲအပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သလို ၂၀၂၀ ပြည့်နှစ်တွင်လည်း ထပ်မံရွေးကောက်ခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အတွင်း NLD အစိုးရလက်ထက် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသည်။

ကျန်ရှိသော အစိုးရအဖွဲ့ဝင်များသည် ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အဖွဲ့အစည်းများမှ ပါဝင်လာကြခြင်းဖြစ်သည်။ ယင်းမှာ ဒေသခံများနှင့် NUG အကြား ကွာဟချက်ကို ပေါင်းကူးပေးပြီး ဒေသဆိုင်ရာ ပြဿနာများကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့က စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုအပြီး မီးလောင်ပျက်စီးနေသည့် အပျက်အစီးများဘေးတွင် ရပ်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ရဲဘော်များ။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

“အရင်တုန်းကတော့ NUG ကို ‘လေလှိုင်းအစိုးရ’ ဆိုပြီး လူတွေက ဝေဖန်ခဲ့ကြတယ်။ အခုတော့ မြေပြင်မှာ တကယ်လှုပ်ရှားနေတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ရှိလာပါပြီ” ဟု ကိုမင်းဌေးက ပြောသည်။

“ဖက်ဒရယ်ယူနစ်အစိုးရ သုံးခုစလုံးရဲ့ ဝန်ကြီးချုပ်တွေက NLD ပါတီဝင်တွေ ဖြစ်နေတာကို တွေ့ရတယ်။ ပုံစံကတော့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီက တော်လှန်ရေးကို ဦးဆောင်ပြီး မြေပြင်ကလူတွေက ပူးပေါင်းပါဝင်ရမယ်ဆိုတဲ့ အနေအထားမျိုးပါ” ဟု မအိန္ဒြာက ပြောသည်။

စစ်ကိုင်းကြားကာလအစိုးရ ခေါင်းဆောင်များသည် ပြည်ထောင်စုနှင့် ဒေသဆိုင်ရာအကြား အာဏာခွဲဝေမှုအစီအစဉ်များကို သတ်မှတ်နိုင်ရန် မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များနှင့် NUG တို့ကို စတင်တွေ့ဆုံနေပြီဖြစ်သည်။ ဆွေးနွေးမှုများသည် အုပ်ချုပ်ရေးယန္တရားများ၊ စည်ပင်သာယာရေးဥပဒေများနှင့် ဖက်ဒရယ်မူဘောင်များအပေါ် အဓိကထားနေသည်။

အာဏာခွဲဝေမှုနှင့်ပတ်သက်၍ ဆွေးနွေးရန် NUG နှင့် တွေ့ဆုံခဲ့ကြောင်း SFUIG က ဇန်နဝါရီလ ၂၆ ရက် နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“NUG နဲ့ ယူနစ်တွေဟာ အာဏာခွဲဝေမှုနဲ့ အုပ်ချုပ်ရေးယန္တရားဆိုင်ရာ အပိုင်းတွေကို ညှိနှိုင်းနေကြပါတယ်။ မကြာခင်မှာ လုပ်ပိုင်ခွင့်လွှဲပြောင်းမှုတွေနဲ့ သက်ဝင်လည်ပတ်မှုတွေ  ပေါ်လာမှာပါ” ဟု NLD ပါတီ၏ ဗဟိုသုတေသနအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ကိုဇေယျာဦးက Mizzima သို့ ဖေဖော်ဝါရီလတွင် ပြောခဲ့သည်။

“ကျနော်တို့ စိုးမိုးနယ်မြေရှိတဲ့နေရာမှာ ဖက်ဒရယ်စနစ်ကို စတင်ကျင့်သုံးနေပြီ။ ကျနော်တို့ကို စွပ်စွဲနေတဲ့ ဖက်ဒရယ်စနစ်ကို မယုံကြည်ဘူးဆိုတာကို သက်သေပြရာရောက်သွားမယ်” ဟု သူက ပြောသည်။

ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ

စစ်ကော်မရှင်၏ ထိုးစစ်ဆင်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် ဖက်ဒရယ်ယူနစ် အစိုးရသစ်များသည် အခြားသော စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက သတိပေးသည်။

“စိန်ခေါ်မှုတွေက အများကြီးရှိပါတယ်။ သူတို့ဟာ တကယ်ပဲ အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ အစိုးရတွေ ဖြစ်လာမှာလား။ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ ဘယ်လို ဟန်ချက်ညီအောင် ချိတ်ဆက်မလဲ ဆိုတာ မရှင်းလင်းသေးပါဘူး” ဟု မအိန္ဒြာက ဆိုသည်။

အုပ်ချုပ်ရေးအဖွဲ့သစ်များနှင့် အခြားတော်လှန်ရေးအဖွဲ့များအကြား ဆက်ဆံရေးသည် NUG အပေါ် စိတ်ပျက်နေကြသော CDM အဖွဲ့ဝင်များအတွက် အထူးစိုးရိမ်စရာ ဖြစ်နေသည်။

“ကျမတို့က CDM သမားတွေအတွက်‌ရော ပညာရေးအစီအစဉ်တွေအတွက် NUG အစိုးရဆီက ဘာမှ မရခဲ့ပါဘူး။ ကိုယ့်အလှူငွေ ကိုယ်ရှာပြီး လည်ပတ်ခဲ့ရတယ်” ဟု အာဏာသိမ်းပြီးနောက် CDM တွင် ပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ကလေးငယ်များအတွက် ပညာရေးအစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသော တက္ကသိုလ်ကထိကဟောင်း ဒေါ်ခင်သန္တာ (အမည်လွှဲ) က ပြောသည်။ 

အချို့သော ဆရာ၊ ဆရာမများသည် ဒေသခံ ပကဖနှင့် ပအဖ များထံက လစဉ် ကျပ် ၅၀,၀၀၀ ခန့် ရရှိကြသော်လည်း အဆိုပါငွေမှာ အစိုးရထံကမဟုတ်ဘဲ ဒေသခံများ၏အလှူငွေများသာ ဖြစ်သည်။

ဒေါ်ခင်သန္တာနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များသည် SFUIG ပေါ်ပေါက်လာမှုကို ကြိုဆိုသည့် CDM ပညာရေးဝန်ထမ်းများထဲတွင် ပါဝင်ကြသည်။ ဒေသဆိုင်ရာ ကြားကာလအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးမှုများရှိနေပြီး၊ စစ်ကိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ဖွင့်လှစ်ထားသည့် ကျောင်းများ၏ စီမံခန့်ခွဲမှုများကို SFUIG က တာဝန်ယူနိုင်ခြေရှိကြောင်း သူက ပြောသည်။ သို့သော်လည်း သူ၏ ပညာရေးအဖွဲ့အစည်းကိုမူ SFUIG လက်အောက်သို့ သွပ်သွင်းဖွယ်မရှိကြောင်း သူက ဆိုသည်။

“ကျမတို့ဟာ လွတ်လပ်တဲ့ ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းလို ကိစ္စမျိုးတွေမှာ ပူးပေါင်းညှိနှိုင်းနိုင်ပေမဲ့ အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကိုတော့ မရောက်ချင်ပါဘူး။ အကောင်အထည်ဖော်တဲ့ အပိုင်းမှာပဲ ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်” ဟု သူက ပြောသည်။

မြေပြင်ရှိ အချို့သော ပညာရေးဝန်ထမ်းများနှင့် NUG အုပ်ချုပ်ရေးအဖွဲ့တို့အကြား ပွတ်တိုက်မှုများ ရှိနေကြောင်း သူက ညည်းတွားသည်။

“တချို့နေရာတွေမှာ CDM ဆရာ၊ ဆရာမတွေ စာသင်ဖို့ ကြိုးစားတဲ့အခါ ပကဖ တွေ ဒါမှမဟုတ် ပအဖ တွေက ခွင့်မပြုကြပါဘူး။ အဲဒီလို ပြဿနာမျိုးတွေ မဖြစ်စေချင်ပါဘူး” ဟု သူက ပြောသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းမြို့နယ်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တိုက်ခိုက်ရေးသမားများ၏ လုံခြုံရေးပေးမှုဖြင့် ဆန္ဒပြပွဲတွင် ပါဝင်နေသည့် ဆန္ဒပြသူများ။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ကာကွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု

ဒေသဆိုင်ရာ ကြားကာလအစိုးရများအတွက် နောက်ထပ် အဓိကစမ်းသပ်မှုတစ်ခုမှာ ကာကွယ်ရေး
ဝန်ကြီးများ ခန့်အပ်ရေးကိစ္စပင် ဖြစ်သည်။ အဖွဲ့အစည်းများ ကွဲပြားများပြားနေသည့် လက်ရှိအနေအထားမျိုးတွင် တော်လှန်ရေးအင်အားစုများကလည်း ဤကိစ္စကို အနီးကပ် စောင့်ကြည့်နေကြသည်။

“ဒါက ရှင်းလင်းဖို့ လိုပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ အားလုံးကို ဒီဒေသဆိုင်ရာအစိုးရလက်အောက်မှာ ထားရှိမှာလား။ စစ်ဆင်ရေးတွေကို သူတို့ကပဲ ကွပ်ကဲလုပ်ဆောင်ရမှာလား” ဟု စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တွင် NUG လက်အောက်ခံမဟုတ်သည့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (LDF) အဖွဲ့ဝင်တစ်ဦးဖြစ်သူ မဇင်မာထွန်းက ပြောသည်။ 

“အဖွဲ့အစည်းတိုင်းက စောင့်ကြည့်နေကြပါတယ်။ အဖွဲ့တွေအားလုံး အစိုးရလက်အောက်ကို ရောက်သွားမယ်ဆိုရင် သူတို့က ထောက်ပံ့မှုတွေ ပေးနိုင်မှာလား။ ဘယ်လို စီမံခန့်ခွဲကြမလဲ။ ဒီကိစ္စတွေကို သေချာလေး ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။ 

NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမင်းဇေယျာ (အမည်လွှဲ)ကလည်း ယင်းကို သဘောတူသည်။

“စစ်ကိုင်းတစ်တိုင်းလုံးရဲ့ စစ်ရေးကိစ္စတွေကို လူတစ်ဦး ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့က ဦးဆောင်တော့မယ်ဆိုရင် သေချာဂရုတစိုက် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ လူတိုင်း လက်ခံနိုင်တဲ့သူမျိုး ဖြစ်ရပါမယ်။ အဲဒီလိုမဟုတ်ရင်တော့ ကိစ္စတွေ ပိုရှုပ်ထွေးသွားပါလိမ့်မယ်။ စစ်ကိုင်းဟာ အဖွဲ့ပေါင်းများစွာ လှုပ်ရှားနေကြတဲ့ ဧရာမဒေသကြီးတစ်ခု ဖြစ်ပါတယ်” ဟု ၎င်းက ဖရွန်တီးယားကို ပြောသည်။

စစ်ကော်မရှင် သည် ၎င်းတို့အားလုံး၏ ဘုံရန်သူဖြစ်သောကြောင့် တော်လှန်ရေးအဖွဲ့များအနေဖြင့် ကြားကာလအစိုးရ သို့မဟုတ် NUG နှင့် မဟာမိတ်ဖွဲ့သင့်ကြောင်း မဇင်မာထွန်းက ရှင်းပြသည်။ 

“အဖွဲ့တွေအကြား နိုင်ငံရေးသဘောတူညီချက်တွေ လိုအပ်ပါတယ်။ ‘ငါတို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့လို့ အစိုးရဖွဲ့လိုက်ပြီ၊ ငါတို့လက်အောက်ကို ဝင်ကြ’ လို့ ပြောရုံနဲ့ မလုံလောက်ပါဘူး” ဟု သူက ပြောသည်။ 

LDF များ ပူးပေါင်းလာပါက မည်သို့လုပ်ဆောင်မည်၊ လက်နက်များနှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို မည်သို့ စီစဉ်ဖြန့်ဝေမည်ကို သူ သိချင်နေသည်။

“အစိုးရလက်အောက်မှာ တိုက်ပွဲဝင်ပြီး လက်နက်ကိုတော့ ကိုယ့်ဘာသာကိုယ် ရှာနေရတုန်းဆိုရင် မမှန်ကန်ပါဘူး။ ဒီကိစ္စတွေကို ကျမတို့ ရှင်းလင်းစေချင်ပါတယ်။ တိုးတက်ဖြစ်ပေါ်မှုတွေကို သေချာဂရုတစိုက် စောင့်ကြည့်နေပါတယ်” ဟု သူက ဆိုသည်။

ဖြေရှင်းရမည့် နောက်ထပ်ပြဿနာမှာ NUG အဖွဲ့အစည်းများဖြစ်သည့် ပကဖ၊ ပအဖ နှင့် ဒေသခံများအကြား အငြင်းပွားမှုများကို ဒေသဆိုင်ရာ ကြားကာလအစိုးရများက မည်သို့ကိုင်တွယ်မည်ဆိုသည့် အချက်ဖြစ်သည်။ 

ယခင်က NUG သည် ၎င်း၏အဖွဲ့များ ကျူးလွန်သည်ဟု စွပ်စွဲခံရသောမှုခင်းကိစ္စရပ်များတွင် အရေးယူမှုနှေးကွေးခဲ့သဖြင့် အစိုးရသစ်များက ပိုမိုထိရောက်ကြောင်း သက်သေပြနိုင်မလားဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။

“ဒီယန္တရားတွေကို ဒေသဆိုင်ရာယူနစ်အစိုးရတွေက ကိုင်တွယ်မလား၊ ဒါမှမဟုတ် NUG က ကိုင်တွယ်မလား၊ ဒါမှမဟုတ် ပူးပေါင်းပြီး ကိုင်တွယ်ကြမလား။ ဒီပြဿနာတွေကို ပြေပြေလည်လည်နဲ့ ဖြေရှင်းသွားတာကိုပဲ လိုလားပါတယ်” ဟု မဇင်မာထွန်းက ပြောသည်။

အစိုးရသစ်များအနေဖြင့် အခွန်အခကိစ္စရပ်များကိုလည်း စီမံခန့်ခွဲရန် လိုအပ်သည်။ စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအဖွဲ့အများအပြား လှုပ်ရှားနေသဖြင့် ကားများနှင့် ကုန်ကားများထံမှ လမ်းအခွန်ကောက်ခံမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး ခရီးသွားများမှာ ဂိတ်များစွာတွင် ငွေပေးဆောင်နေရလေ့ရှိသည်။ 

“စစ်ဆေးရေးဂိတ် အရေအတွက်တွေကို လျှော့ချပေးနိုင်မယ်ဆိုရင် ပြည်သူတွေအတွက် သက်သာရာရစေမှာပါ။ ဒေသဆိုင်ရာအစိုးရက အဲဒီကိစ္စအတွက် တာဝန်ယူသင့်ပါတယ်” ဟု ကိုမင်းဇေယျာက ပြောသည်။

ထို့အပြင် တရားမဝင် သစ်ခုတ်ခြင်းအပါအဝင် သဘာဝသယံဇာတ ထုတ်ယူခြင်းမှရရှိသော အခွန်ငွေများ ခွဲဝေမှုကိစ္စကို ဒေသဆိုင်ရာ ကြားကာလအစိုးရများက မည်သို့ စီမံခန့်ခွဲပြီး ဖြေရှင်းမည်ဆိုသည်ကိုလည်း စောင့်ကြည့်ရန် လိုအပ်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက ပြောသည်။ 

“အချို့နေရာတွေမှာ အကုန်လုံးက သူတစ်လူ၊ ငါတစ်မင်း ဖြစ်နေတယ်။ သူတို့အနေနဲ့ အဲ့လို ပြဿနာတွေ ဖြေရှင်းပေးဖို့ လိုအပ်တယ်” ဟု မအိန္ဒြာက ပြောသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.