၂၀၁၃ ခုနှစ် ဇန်နဝါရီလ၊ ရန်ကုန်မြို့လယ် စာအုပ်ဆိုင် တစ်ခုတွင် စာဖတ်သူတစ်ဦးကို တွေ့ရစဥ် (ဓာတ်ပုံ​ - အေအက်ဖ်ပီ)

ပန်းခင်းထဲက ပန်းတစ်ပွင့် သို့မဟုတ် ဆေးဆေရဲ့ “ဖွေရှာမောရသူမယ်”

ဖရွန်တီးယား စာပေ-အနုပညာ ရေစီးကြောင်းကဏ္ဍအပိုင်း ၂
သန်းဇော်အောင် ရေးသားသည်။

၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်ကာလ စာနယ်ဇင်း လွတ်လပ်ခွင့်ရပြီးနောက်ပိုင်း ထွက်ပေါ်လာတဲ့ ငယ်ရွယ်သူ စာရေးဆရာ၊ ဆရာမတွေရဲ့ ထူးခြားချက်တွေထဲမှာ အများစုဟာ နိုင်ငံရပ်ခြား အတွေ့အကြုံ ရှိသူတွေ ဖြစ်နေကြတာပါပဲ။ နိုင်ငံရပ်ခြားမှာ ပညာသင်တာ၊ သင်တန်းတက်တာ၊ အလုပ်လုပ်တာ အစရှိသဖြင့်ပါ။ အဲဒီစာရေးသူတွေထဲမှာ နဂိုက ဝတ္ထုတို အရေးသမား၊ နောက်ပိုင်း လုံးချင်းဝတ္ထု ရေးသားသူဖြစ်လာတဲ့ ဆေးဆေလည်း ပါဝင်ပါတယ်။

ဒီတစ်ပတ် မိတ်ဆက်ပေးမယ့် ဆေးဆေရဲ့ “ဖွေရှာမောရသူမယ်” ဝတ္ထုဟာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လွမ်းမောဘွယ်ရာဘဝနဲ့ အတွေ့အကြုံတွေကို သရုပ်ဖော်ထားတာပါ။

အဓိကဇာတ်ကောင် မွေ့ဆိုတဲ့ မိန်းကလေးဟာ မြန်မာပြည်အထက်ပိုင်း ချင်းတွင်းမြစ်ကမ်းနဘေးက ကလေးဝ၊ မော်လိုက် ဇာတိပါ။ ငယ်ရွယ်စဉ်ဘဝမှာ မိခင်တစ်ယောက်တည်းရဲ့ အုပ်ထိန်းမှုအောက်မှာပဲ လူလားမြောက်လာခဲ့ရတာမို့ အမေကို အလွန်အမင်း ခင်မင်တွယ်တာ အားကိုးသူအဖြစ် ကြီးပြင်းခဲ့ရသူပါ။ မျက်စိအောက်က အပျောက်မခံနိုင်၊ မိခင်သွားရာနောက် တကောက်ကောက်လိုက်နဲ့ ဝမ်းနည်းလွယ်တတ်လွန်းသူ ဖြစ်ခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ စိတ်ထားပျော့လွန်းလှတဲ့ သူ့ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာအောင်၊ စိတ်ဓာတ် ခိုင်မာသူဖြစ်အောင်၊ လောကကို ပျော်ရွှင်စွာ ရင်ဆိုင်ရဲသူဖြစ်အောင် သူ့မိခင်ရဲ့ ပြုစုပျိုးထောင်တာကိုလည်း ခံခဲ့ရပါတယ်။ 

မွေ့ အလယ်တန်းအောင်တော့ ကိုးတန်း၊ ဆယ်တန်းတက်ဖို့ သူ့မိခင်က ရန်ကုန် အင်းစိန် ဘက်က အမျိုးသမီး ဘော်ဒါဆောင်ကို ပို့ခဲ့ပါတယ်။ ကိုယ့်အားကိုယ်ကိုးတတ်အောင်ရယ်၊ မှော်ဘီဘက်မှာ နေတဲ့ သူ့ဖခင်နဲ့လည်း အနေနီးအောင်ရယ်ပါ။ နောက်တော့ ၁၀ တန်းအောင်ပြီး ရန်ကုန် တက္ကသိုလ်မှာ ကျောင်းဆက်တက်ပါတယ်။ ၅ နှစ်တာ ကာလအတွင်း သူ့မိခင်ဟာ သူ့ကို ၁၀ တန်းဖြေပြီး တစ်ကြိမ်ပဲ ဇာတိမြေကို အလည် ပြန်လာခွင့်ပြုခဲ့ပါတယ်။နောက်ဆုံးနှစ် စာမေးပွဲဖြေပြီးချိန် ရောက်မှ သူ့ဖခင်က သူ့ကို ခေါ်ပြီး ဇာတိမြို့ကို ပြန််ရောက်ခဲ့ပါတော့တယ်။ အဲဒီအချိန်မှပဲ သူ့မိခင်ဟာ မြစ်ပွားနာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပြီဆိုတာ ဝမ်းနည်းစရာ သိလိုက်ရပါတယ်။

အသက် ၄၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ သူ့မိခင်ဟာ လည်ပင်း အကျိတ်ခွဲရပြီးနောက်ပိုင်း မြစ်ပွားနာကင်ဆာရောဂါဝေဒနာကို ကြာမြင့်စွာခံစားသွားခဲ့ပေမယ့် သူ့သမီးဖြစ်သူ မွေ့ကိုတော့ တစ်လုံးတစ်ပါဒမှ ဖွင့်ပြောသွားခြင်း မရှိခဲ့ပါဘူး။ ချစ်ခင်ကြပါရဲ့နဲ့ အတူတူ ပေါင်းသင်းနေထိုင်ခြင်း မပြုနိုင်ခဲ့တဲ့ သူ့ခင်ပွန်းကို “သူ့သမီးလေးကို သာမန် မိန်းကလေးဘဝနဲ့ ပျော်တတ်အောင် သေခြာ ထိန်းကျောင်းပေးပါ” ဆိုတဲ့ အမှာစကား တစ်ခွန်းပဲ မှာထားရစ်နိုင်ခဲ့တာပါ။

တစ်ဦးတည်းသော မှီခိုအားထားရာ၊ ချစ်မေတ္ထာတွေ ပုံအပ်ရာ မိခင်ကွယ်လွန်ပြီးတဲ့နောက် ဝမ်းနည်းပူဆွေးမှုများစွာနဲ့ မွေ့ဟာ ရွက်ကြွေ သစ်ရွက်လေး တစ်ရွက်လို လွင့်မြောပါတော့တယ်။ ဒီလိုနဲ့ UAE နိုင်ငံ အယ်လင်းမြို့မှာ အလုပ်လုပ်ဖို့ သွားရောက်ခဲ့ပါတယ်။ “ဖွေရှာမောရသူမယ်” ဝတ္ထုထဲမှာတော့ စာရေးသူ ဆေးဆေဟာ ဇာတ်ကောင်ကို UAE နိုင်ငံမှာ အလုပ်လုပ်တာကို အဓိကထား ရေးဖွဲ့ပြီး သူ့ရဲ့ ငယ်ဘဝ မြန်မာနိုင်ငံက အကြောင်းကိုတော့ ဇာတ်ကြောင်း ပြန် သဘောမျိုးနဲ့ တစ်ခန်းပြီး တစ်ခန်း လွန်းထိုးသလို ရေးဖွဲ့ထားပါတယ်။

UAE နိုင်ငံ အယ်လင်းမြို့၊ Western Star ကုန်တိုက်က Customer Service ဌာနမှာ အလုပ်လုပ်တဲ့ ဇာတ်ဝင်ခန်းတွေတင်မက အဲဒီမှာ သူကြုံရတဲ့ ချိုလဲ့၊ ချိုနှင်း၊ ဘရဏီနဲ့ နိုင်ငံခြားသူ သူငယ်ချင်း ဇာတ်ကောင်တွေရဲ့ ဘဝတွေကလည်း စိတ်ဝင်စားစရာ၊ တစ်ချို့ စိတ်မောစရာ၊ လွမ်းမောစရာတွေပါပဲ။ တစ်ယောက်ချင်းစီရဲ့ ဘဝတွေကို အကျယ်ချဲ့ရေးရင်လည်း စိတ်ဝင်စားစရာ ကောင်းနိုင်ပေမယ့် ဝတ္ထုတိုသမား တစ်ယောက်အဖြစ် ဖြတ်သန်းခဲ့သူ ဖြစ်လေတော့ ဆေးဆေဟာ အဲဒီ ဇာတ်ကောင်တွေ၊ ဇာတ်လမ်းတွေကို ခပ်ပါးပါးစီပဲ ရေးဖွဲ့တာ တွေ့ရပါတယ်။

ဒီထဲက စိတ်ဝင်စားစရာကောင်းတာက ဘရဏီ ဆိုတဲ့ အမျိုးသမီးလေး တစ်ယောက်ရဲ့ ဘဝပါ။ UAE မှာ သင့်တင့်တဲ့ ဝင််ငွေရတဲ့ အလုပ်လုပ်နေရပေမယ့် ဘရဏီရဲ့ မြန်မာပြည်က မိသားစုဟာ သိပ် အဆင်ပြေတာတော့ မဟုတ်ပါဘူး။ ဘရဏီတစ်ယောက် ရပ်ဝေးမှာ အလုပ်လုပ်ကိုင်နေရင်း ယူကရိန်း နိုင်ငံသား တစ်ယောက်နဲ့ ချစ်ကြိုက်မိပါတယ်။ ဒီလိုနဲ့ ဘရဏီ ကိုယ်ဝန်ရလာပြီးနောက် ယူကရိန်းသားဟာ သူ့နိုင်ငံ သူ ပြန်သွားခဲ့ပြီး အဆက်အသွယ် ဖြတ်တောက်သွားခဲ့ပါတယ်။ ဘရဏီတယောက် ကလေးမွေးဖွားဖို့ရာ  UAE အစိုးရ အသိအမှတ်ပြု လက်ထပ်ရေးထိုးတာမျိုးမရှိခဲ့တော့ ဒုက္ခကြုံရရှာပါတယ်။ တရားဝင် လက်ထပ်ထားတာ မဟုတ်ပဲ ကလေးရရင် ပြစ်မှုကြောင်းအရ မွေးဖွားပြီးနောက်မှာပဲ ချက်ချင်း ဖမ်းဆီးအရေးယူခံရနိုင်တဲ့ နိုင်ငံမှာ ဘရဏီ ဒုက္ခ ရောက်ရပါတော့တယ်။ 

ကလေးကို လျှိို့ဝှက်မွေးဖွားရပုံနဲ့အတူ  ခက်ခက်ခဲခဲ မွေးဖွားခဲ့ရတဲ့ကလေးကို အနီးအနားက လူတွေ မရိပ်မိအောင်လည်း အခန်းထဲမှာပဲ ကြည့်ရှုစောင့်ရှောက် ကြီးပြင်းစေပြီး အလုပ်လုပ်ရတဲ့  ဘရဏီရဲ့ တစ်ကိုယ်တော် မိခင်ဘဝ အကြောင်းကို စာရေးသူ ဆေးဆေက စာသားများနဲ့ ပုံဖော်ပါတယ်။ ဘရဏီသူငယ်ချင်းဖြစ်တဲ့ မွေ့  ဘရဏီ့ကလေးကို ဝိုင်းဝန်း စောင့်ရှောက်ရင်း သယောဇဉ် တွယ်မိပြန်ပါသေးတယ်။ မွေးစာရင်းကို ရဖို့ ခက်ခက်ခဲခဲ​ ကြိုးစားကြရပြီးနောက်မှာ ဘရဏီက ကလေးကို မြန်မာပြည် ပြန်ပို့ခဲ့ပါတယ်။ 

မွေ့ကလည်း တဘက်တလမ်းက မြန်မာပြည်က ကလေးဂေဟာ တစ်ခုခုမှာ နေနိုင်ဖို့ စီစဉ်ပေးဖို့ ကိစ္စတွေ အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဆယ်စုနှစ်တစ်ခုစာ အသက်ကွာတဲ့ ဂျာမေကာ နိုင်ငံသားနဲ့ ဘရဏီ လက်ထပ်ပြီးနောက် နောင် သူ့ကလေးကို ပြန်ခေါ်ဖို့ စဉ်းစားတဲ့အကြောင်းတွေကို ရင်မောဖွယ်ရာ ရေးဖွဲ့ပြပါတယ်။ နောက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက် က မြန်မာနိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်မှုချင်း သိပ်မကွာခဲ့တဲ့ UAE လို နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်နေမှုတွေ၊ လူနေမှုဘဝ မြင့်မားနေပုံတွေကို နှိုင်းယှဉ်ဝေဖန် သုံးသပ်ပြတာမျိုးကိုလည်း ဇာတ်လမ်းထဲမှာ တွေ့ရပါတယ်။ 

ဆေးဆေရဲ့ ဇာတ်ကွက်ချရာ သုံးပုံ နှစ်ပုံလောက်မှာ မွေ့ရဲ့ ဖခင် ဦးသက်ထင်မောင်ရဲ့ ဘဝ ဇာတ်ကြောင်း ပေါ်ပေါက်လာပါတယ်။ မွေ့သိထားခဲ့သလို မဟုတ်ဘဲ သူ့ဖခင်ဟာ ရန်ကုန် ဆေးတက္ကသိုလ်က ဆေးကျောင်းသားတစ်ယောက်ဖြစ်ပြီး တတိယနှစ်အရောက်မှာ ၈၈ အရေးအခင်းဖြစ်၊ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ရှောင်ရင်း တိမ်းရင်း၊ သူ့ဖခင် ကျောင်းအုပ်ကြီး တာဝန်ကျရာ မော်လိုက်ဘက် ရောက်လာရသူပါ။ နောင် အဲဒီဒေသမှာပဲ မွေ့မိခင်နဲ့ အိမ်ထောင်ကျပြီး သမီးကလေးဖြစ်တဲ့ မွေ့ကို ရခဲ့ပါတယ်။ တစ်ဖက်က ကျူရှင်ဆရာအနေနဲ့ အသက်မွေးရင်း အခြားတစ်ဖက်ကတော့ သစ်တော ကာကွယ်ထိမ်းသိမ်းရေး အလုပ်တွေကိုလည်း စွမ်းစွမ်းတမံ လုပ်ပါတယ်။ 

သစ်တော ထိမ်းသိမ်းရေးလုပ်ရင်း၊ တရားမဝင် သစ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေအကြောင်း စုံစမ်း၊ ရင်ဆိုင် ဖော်ထုတ်ခဲ့ပါတယ်။ ဒီအကြောင်းတွေကို အခြားသူ တစ်ယောက်က နိုင်ငံခြား သတင်းဌာနကို သတင်းပို့တဲ့အခါ အာဏာပိုင်တွေ သတိပြုမိသွားပြီး သူ့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ မတရား စွပ်စွဲ၊ ရုံးတင်ပြီး ထောင်(၇) နှစ် ချခံလိုက်ပါတယ်။ လွတ်ငြိမ်းနဲ့ မလွတ်မြောက်ခင် ထောင်ထဲမှာ ၄ နှစ်ကျော် နေခဲ့ရပြီး အဲဒီကာလတစ်လျောက်လုံး သူ့ဇနီး မွေ့ရဲ့ မေမေက ထောင်ဝင်စာတွေ့၊ စောင့်ရှောက်ခဲ့ရပါတယ်။ သူ့ရဲ့လုပ်ရပ်အတွက် ဦးသက်ထင်မောင်ဟာ နော်ဝေနိုင်ငံ သစ်တောအဖွဲ့တစ်ခုက ပေးတဲ့ဆုကိုလည်း ရခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေဟာ Man of the Greenland (Myanmar) ဆိုတဲ့ မှတ်တမ်းရုပ်ရှင်အဖြစ် ထွက်ပေါ်လာခဲ့တာကို မွေ့ ကြည့်ပြီးတော့မှ သိလိုက်ရတာတွေပါ။ ဇာတ်လမ်းထဲမှာပါတဲ့ ဦးသက်ထင်မောင်ရဲ့ မှတ်ချက်တစ်ခုဟာ မြန်မာနိုင်ငံထဲက လူအတော်များများကို ကိုယ်စားပြုလို့ နေပါတယ်။ သူက “ကျွန်တော်တို့ တိုင်းပြည် ဆိုတာကလည်း အမှန်တရားတစ်ခုအတွက် ရင်ဆိုင်ချင်စိတ်နဲ့ မတရားမှုကို ငုံ့မခံချင်စိတ် ရှိသွားရင် သာတောင့်သာယာ ဘဝကို ရဖို့ ခက်ခဲတဲ့ အရပ်ပေကိုး”  လို့ ဆိုထားပါတယ်။ 

အဲဒီ မှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီးတဲ့နောက် မွေ့ဟာ သူမသိခဲ့တဲ့ သူ့မိခင်နဲ့ ဖခင်တို့ရဲ့ ချစ်ခြင်း မေတ္တာ၊ သူ့ဖခင် ကြုံခဲ့ရတဲ့ သူ့နိုင်ငံရဲ့ အခြေအနေ စတာတွေ နားလည်လာပြီး သူ နားလည်မှုလွဲခဲ့တဲ့ ဖခင်ဖြစ်သူနဲ့ ပြန်လည် ဆုံစည်းဖို့ မြန်မာပြည် ပြန်လာတာနဲ့ နိဂုံးချုပ်ထားပါတယ်။ 

တကယ်တော့ ဆေးဆေက သူ့ဝတ္တုကနေတဆင့် လူနှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ၊ မိခင်နဲ့ သမီးအကြား၊ ဖခင်နဲ့ သမီးအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို စာဖတ်သူတွေ ခံစားလာအောင် ရသမြောက် ရေးဖွဲ့ထားပါတယ်။ဒါတင်မက ခေတ်ပြိုင် မြန်မာနိုင်ငံက နိုင်ငံရပ်ခြား ထွက်အလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေနဲ့ သူတို့ မိသားစုတွေရဲ့ ဘဝတွေ၊ အာဏာရှင်စနစ်ဆိုးအောက်မှာ ရုန်းကန်လှုပ်ရှားကြရတဲ့၊ တွန်းလှန်ဖို့ ကြိုးစားသူတွေရဲ့ ဘဝတွေ အားလုံးကို ထင်ဟပ်နေတဲ့ ဝတ္ထုလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။

စာရေးသူမှတ်စု – ဆေးဆေဟာ ၂၀၀၉ ခုနှစ် ဇူလိုင်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းက စပြီး ဝတ္ထုတိုတွေ ရေးသား ပုံနှိပ်ဖော်ပြခံရပါတယ်။ ဝတ္ထုတိုတွေ အရေးများခဲ့ပြီး လုံးချင်း ဝတ္ထုတွေ အနေနဲ့ “ဖွေရှာမောရသူမယ်” အပါအဝင် “တစ်ဘဝ ဒဏ်ရာ”နဲ့ “ခိုတွယ်ရာ” လုံးချင်းဝတ္ထုတွေ ဟာလည်း ရသမြောက် ကောင်းမွန်တဲ့ ဝတ္ထုတွေ ဖြစ်ပြီး လူသိများပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.