သန်းဇော်အောင် ရေးသားသည်။
အခုတလော ရန်ကုန်က စာအုပ်အရောင်းဆိုင်တွေကို ဝင်ကြည့်လိုက်ရင် အသစ်တွေထက် အရင်ခေတ် အဆက်ဆက်က ထုတ်ဝေပြီးသား အဟောင်းတွေကို ပြန်လည် ရိုက်နှိပ်ထုတ်ဝေတဲ့ စာအုပ် အများစုကပဲ နေရာယူထားတာ တွေ့ရပါလိမ့်မယ်။ အဲဒီထဲမှာ ရသဝတ္ထုရှည်တွေ၊ ဘာသာပြန်ဝတ္ထုတွေ၊ သုတစာအုပ်တွေ၊ ဘာသာရေးစာအုပ်တွေ အများစု တွေ့ရပါတယ်။ အသစ် ထုတ်ဝေတာတွေထဲမှာ ဘာသာပြန်စာအုပ်တွေ အတော်အတန် တွေ့ရပေမဲ့ ရသဝတ္ထုရှည် လုံးချင်းစာအုပ်တွေကိုတော့ အတော်လေး အတွေ့ရနည်းသွားပါပြီ။
တစ်ချိန်က စာအုပ်ဆိုင်တွေမှာ ပန်းခင်းကြီးတစ်ခုလို လှလှပပ အရောင်အသွေး စုံစုံလင်လင် မြင်ခဲ့ကြရတဲ့ ရသဝတ္ထုစာအုပ်တွေ ဘယ်ကိုများ ရောက်သွားတာပါလဲ။ ရေးသူတွေ မရှိကြတော့လို့လား၊ ထုတ်ဝေသူတွေ မရှိကြတော့လို့လား။
ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေလက်ထက်မှာ စာပေကင်ပေတိုင်လို့ ခေါ်ကြတဲ့ ဆိုးရွားတဲ့ စာပေစိစစ်ရေးအဖွဲ့ကြီး ရှိခဲ့တာတောင်မှ မြန်မာဝတ္ထုရှည် လုံးချင်းစာအုပ်တွေ မှန်မှန် ထွက်ခဲ့ပါတယ်။ ဘယ်လိုမှ လွတ်လပ်မှု မရှိခဲ့တဲ့ အခြေအနေမျိုးမှာတောင်မှပေါ့။ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်ရောက်တော့ မြန်မာပုံနှိပ်စာပေနဲ့ မီဒီယာ လောကအတွက် အလွန်ကြီးမားတဲ့ အလှည့်အပြောင်းကြီး ပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ ကြိုတင်စိစစ်၊ ခွင့်ပြုတာကိုမှ ပုံနှိပ်ထုတ်ဝေရတဲ့ စာပေကင်ပေတိုင် လို့ လူသိများတဲ့ စာပေစိစစ်ရေးစနစ်ကို ဖျက်သိမ်းလိုက်မှုပါ။
ဒီလိုနဲ့ မြန်မာပြည်ထဲ စာပေလွတ်လပ်ခွင့်ရခဲ့ပြီး အာဆီယံနိုင်ငံတွေထဲ ဘယ်နိုင်ငံနဲ့မဆို နှိုင်းယှဉ်လို့ ရတဲ့ အနေအထားတစ်ခုကို ရောက်လာခဲ့ပါတယ်။ ဒီလို အနေအထားမျိုး ရောက်လာတဲ့အခါ မြန်မာဝတ္ထုရေးတဲ့ စာရေးဆရာတွေ လွတ်လွတ်လပ်လပ် ရေးဖွဲ့ကြ တော့မယ်၊ အကြောင်းအရာမျိုးစုံ ကိုင်တွယ်ကြတော့မယ်၊ အာဏာရှင်ခေတ်ကနဲ့ မတူ၊ ခြားနားတဲ့လက်ရာတွေ ဖန်တီးနိုင်ကြတော့မယ်လို့ အများက ထင်မြင်ယူဆခဲ့ကြပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာပါပဲ။ အဲဒီအချိန်မတိုင်ခင်က စာပေ အနုပညာလက်ရာတွေ ဖန်တီးခဲ့ကြတဲ့၊ တစ်ချို့ ပြည်သူလူထုကြားမှာ အောင်မြင်မှုရခဲ့ကြတဲ့ စာရေးဆရာ အများစုကြီးဟာ အရင်လက်ရာတွေနဲ့ ခြားနားတဲ့၊ ထူးခြားတဲ့ လက်ရာတွေကို မဖန်တီးနိုင်ခဲ့ကြပါဘူး။
အကြောင်းကတော့ မလွတ်လပ်တဲ့ အခြေအနေအောက်မှာ ပညာသင်ယူခဲ့၊ အဲဒီ စနစ်ဆိုးအောက်မှာပဲ ကြီးပြင်းခဲ့၊ အဲဒီ ကျပ်တည်းမှုကြားမှာပဲ ရုန််းကန်အားထုတ် ရေးသားခဲ့ကြရတာဖြစ်လေတော့ အသားကျသလို ဖြစ်သွားခဲ့ပြီး အရင်နဲ့ ကွဲပြားခြားနားတဲ့၊ လွတ်လပ်မှုကို အမိအရ ဆုပ်ကိုင် ဖန်တီးထားတဲ့ လက်ရာသစ်မျိုးတွေ ချက်ချင်း ထွက်ပေါ်မလာနိုင်တာပါ။
ဒါပေမဲ့လည်း မကြာခင်မှာပဲ နောက်မျိုးဆက်အနုပညာဖန်တီးသူ စာရေးဆရာတွေ တဖြည်းဖြည်း စပြီး မွေးဖွားပေါ်ပေါက်ခဲ့ပါတယ်။ လွတ်လပ်မှုနဲ့အတူ ပေါက်ဖွားလာတဲ့ အဲဒီ ရသဝတ္ထုရေးဆရာ အသစ်တွေဟာ အများစုက ငယ်ရွယ်ကြပြီး အကြောင်းအရာမျိုးစုံကို ကိုင်တွယ်ကြပါတယ်။ ပုံသဏ္ဍန်မျိုးစုံကိုလည်း စမ်းသပ်ကြပါတယ်။ အစဉ်အလာကိုလည်း ဖောက်ထွက်ဖို့ ကြိုးစားကြည့်ကြပါတယ်။ ရဲရဲတင်းတင်း တင်ပြဖို့ အားထုတ်ကြပါတယ်။ ဒီလိုနည်းနဲ့ ရသပန်းခင်းထဲမှာ စပယ်ဖြူနု၊ ဆေးဆေ၊ ခက်ဇော်၊ ပါပီယွန်၊ လင်းခါး၊ မြစ်ကျိုးအင်း၊ သော်တာအေးလဲ့၊ ယုယ၊ မြကျေး၊ ချိုပိန်းနောင်၊ ခင်သန္တာ၊ ကိုစိုးထိုက်(ဖဒို)၊ မင်းဝေဟင်၊ ရီနေးဆန်း၊ ထွန်းတောက်ထွဋ် (သင်္ချာ)၊ မိိုးကျော်ဇင် စသဖြင့်… စသဖြင့် ဖူးငုံ၊ ပွင့်လန်းလာကြပါတယ်။
အခြားသော စာရေးဆရာတွေ၊ ဝတ္ထုတိုရေးဆရာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီထဲက လူငယ်စာရေးဆရာ အများစုဟာ နိုင်ငံတကာ အတွေ့အကြုံတွေလည်း ရှိကြပြီး ရေးသားတဲ့ အကြောင်းအရာတွေကလည်း အရင်မျိုးဆက်ဟောင်း စာရေးဆရာတွေနဲ့မတူ နယ်ပယ်စုံကို ရေးသားကြပါတယ်။
အရင်စာရေးဆရာတွေ တို့၊ ထိ လို့မရခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုဆိုင်ရာတွေ၊ အကျဉ်းထောင်ထဲက အကြောင်းတွေ၊ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ဇာတ်ကောင် အကြောင်းတွေ၊၊ သမိုင်းဆိုင်ရာ အဖြစ်အပျက်တွေ၊ နိုင်ငံတကာမှာ ဇာတ်အိမ်တည်တာတွေကိုလည်း သူတို့ ဝတ္ထုတွေထဲမှာ တွေ့ရပါတယ်။ စိတ္ထဇဆန်တဲ့ ရေးဖွဲ့မှုတွေ၊ ပိုင်နိုင်တဲ့ နည်းပညာဆိုင်ရာ ဇာတ်ဝင်ခန်း ဖွဲ့စည်းမှုတွေကိုလည်း ဖတ်ရှုကြရပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းလိုမျိုးကို သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ရှုထောင့်ကနေ ချဉ်းကပ်ထားတာ၊ လူကုန်ကူးမှုလို ပြဿနာမျိုးထဲ ဇာတ်အိမ်တည်တာ၊ မြေရှားသတ္ထုတူးဖော်မှုတွေကို ဖော်ထုတ်တာမျိုးတွေကိုလည်း သူတို့ဝတ္ထုတွေထဲမှာ မြင်တွေ့နိုင်ပါတယ်။ ခံစားမှုတွေ ပေါ်ပေါက်အောင်၊ ကျေနပ်နှစ်သိမ့်မှုပေးနိုင်တဲ့၊ ရင်သပ်ရှုမောရတဲ့ ဝတ္ထုရှည်တွေလည်း အများကြီး ထွက်ပေါ်ခဲ့ပါတယ်။
ဝမ်းနည်းစရာကောင်းစွာပဲ အဲဒီရင်သပ်ရှုမောစရာ ရောင်စုံပန်းခင်းကြီးဟာ ၂၀၂၁ ခုနှစ်မှာတော့ ပြင်းထန်တဲ့ လေမုန်တိုင်း တိုက်ခတ် ထပ်မံ ဖျက်ဆီးခံရပြန်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် တည်ဆဲအစိုးရခေါင်းဆောင်တွေနဲ့ ရွေးကောက်ခံကိုယ်စားလှယ်တွေကို ဖမ်း၊ စစ်အာဏာသိမ်းပွဲ ဆင်နွှဲလိုက်တဲ့ ကိစ္စဟာ မြန်မာပြည်သူတွေ ကြုံတွေ့ရတဲ့ ကြီးမားတဲ့ဒုက္ခဘေးတွေထဲက တစ်ခုပါပဲ။ မင်းအောင်လှိုင်ဟာ လက်နက်ကိုင် ခြိမ်းခြောက်ပြီး တိုင်းပြည်အာဏာကို သိမ်းပိုက်လိုက်ရုံမက ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်များစွာကိုလည်း ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
ဒီလေပြင်းမုန်တိုင်းနဲ့အတူ တိုင်းပြည်ရဲ့ တိုးတက်ခဲ့မှုတွေနဲ့ လွတ်လပ်စွာရေးသား၊ ထုတ်ဝေခွင့်ဆိုတာ ပါသွားတာကြောင့်ပါပဲ။ ဒီမုန်တိုင်းကြီးရဲ့ဒဏ်ကို စစ်အာဏာရှင်ကို ခုခံ ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးကြီးထဲမှာ ရသဝတ္ထုရေးတဲ့ စာရေးဆရာတချို့လည်း ခံစားခဲ့ရပါတယ်။ ဒီအတွက်လည်း စစ်အာဏာရှင်ရဲ့ အာဏာစက်အောက်ကနေ တိမ်းရှောင်ရင်း တချို့ကတော့ နိုင်ငံပြင်ပ ရောက်သွားကြပါတယ်။ နိုင်ငံတွင်းမှာ ရှိသည်ဖြစ်စေ၊ နိုင်ငံပြင်ပရောက်သည်ဖြစ်စေ အဲဒီစာရေးဆရာအများစုရဲ့ ဖန်တီးမှု အသစ်တွေ၊ ဝတ္ထုစာအုပ် အသစ်တွေကို သိပ်ပြီး မမြင်တွေ့ရတော့ပါဘူး။
အဲဒီစာရေးဆရာတွေရဲ့ အောင်မြင်မှုရတဲ့ ဝတ္ထုရှည်တွေကို အကြိမ်ကြိမ် ပြန်ရိုက်နှိပ် ထုတ်ဝေနေကြတဲ့တိုင် အသစ်ထုတ်ဝေဖို့ကိုတော့ ထုတ်ဝေသူတွေကိုယ်တိုင် သိပ်ပြီး မစွန့်စားရဲကြပါဘူး။ အကြောင်းကတော့ အဲဒီ ဝတ္ထုစာအုပ်သစ်တွေဟာ ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူး ဆိုပေမဲ့ စစ်အာဏာရှင်တွေရဲ့အမြင်မှာ တစ်ခုခု ဖြစ်တယ် ဆိုရင်တော့ အရင်ခေတ်ကလို သက်သာမှာ မဟုတ်ပါဘူး။ ဘဝပျက်လောက်အောင် အရေးယူခံရမယ့် အန္တရာယ်ရှိနေလို့ပါပဲ။ လွတ်လပ်စွာ ရေးသားထုတ်ဝေမယ့် ဝတ္ထုတွေအတွက် ပုဒ်မ ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ အခြားပုဒ်မမျိုးစုံက ခြိမ်းခြောက်နေပါတယ်။ ဒီကာလထဲ စာအုပ်ကောင်းတွေ ထုတ်ဝေတဲ့ စာအုပ်တိုက်တချို့ အရေးယူခံရတာမျိုးလည်း ရှိခဲ့ပါတယ်။
စစ်အာဏာရှင်လက်အောက် ငါးနှစ်တာ ဖြစ်သန်းပြီးဖြစ်ပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ ရသစာပေ နိဂုံးချုပ်သွားတာမျိုးတော့ မဟုတ်သေးပါဘူး။ နိုင်ငံတကာ ရောက်သွားတဲ့ ရသစာရေးဆရာတွေထဲက အနည်းငယ်ဟာ နိုင်ငံ့ပြင်ပမှာ စာအုပ်ရိုက်နှိပ် ထုတ်ဝေဖြန့်ချိတာမျိုးတွေ ပြုလုပ်လာကြပြီး ပြည်တွင်းနဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေဆီကို ဖြန့်ချိရောင်းချနေကြပါတယ်။
ဒါတင်မက ဒီပြင်းထန်တဲ့ ဖိနှိပ်မှုအောက်မှာပဲ နောက်ထပ် မျိုးဆက်သစ်ဝတ္ထုရှည်ရေးသူ အသစ်အသစ်တွေ ဟိုတစ်ယောက်၊ ဒီတစ်ယောက် ထပ်ပြီး ပေါ်ပေါက်လာသလို၊ သူတို့ စာအုပ်တွေကိုလည်း ထုတ်ဝေတာတွေ မြင်တွေ့လာရပါပြီ။ အလှအပအသွင်အပြင် မတူပေမဲ့လည်း နောက်ထပ်ပန်းခင်းကြီးတစ်ခု ပြန်လည်ပေါ်ပေါက်စပြုနေပါပြီ။
အသစ်တဖန် အစပြုနေတဲ့ စာပေပန်းခင်းထဲက စာရေးဆရာ၊ ဆရာမတွေနဲ့ သူတို့ရေးသားတဲ့ စာအုပ်စာပေတွေအကြောင်း၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေအပြင် အခြား ရုပ်ရှင်၊ ပန်းချီ၊ တေးဂီတ စတဲ့ အကြောင်းအရာတွေကိုလည်း ဖရွန်တီးယား စာပေ-အနုပညာ ရေစီးကြောင်းကဏ္ဍကတဆင့် တင်ဆက်သွားပေးသွားမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။