မန္တလေးတိုင်းအတွင်း စစ်ကော်မရှင်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများကြောင့် အရပ်သားထောင်ပေါင်းများစွာ နေအိမ်စွန့်ခွာတိမ်းရှောင်နေရပြီး စစ်ကိုင်းတိုင်းအတွင်းရှိ တောတောင်များတွင် ခိုလှုံနေကြရကာ နေရပ်ပြန်နိုင်မည့် အလားအလာ မရှိသေးပေ။
ဖရွန်တီးယား
အသက် ၄၃ နှစ်အရွယ်ရှိ ကိုကျော်မျိုးသည် သူမွေးကတည်းက နေထိုင်လာသည့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ထဲက ကျေးရွာလေးကို စွန့်ခွါလာခဲ့သည်မှာ သုံးလကျော်ခဲ့ပြီ ဖြစ်သည်။ မြွေတလိုင်းဟု အမည်ရသော ကျေးရွာကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) က ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သိမ်းပိုက်ခဲ့ကာ ထိုသို့သိမ်းပိုက်ပြီးချိန်မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိခဲ့ပြီး တစ်နှစ်ကျော်ကြာ အုပ်စိုးထားခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလအစောပိုင်းတွင် စစ်တပ်က ထိုဒေသများကို ပြန်လည်ရရှိရေး ထိုးစစ်များ ဆင်နွဲခဲ့သည်။ ထိုအချိန်ကစ၍ ကိုကျော်မျိုးတို့ မိသားစုမှာ မတ္တရာမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းရှိ တောတွင်းတစ်နေရာသို့ တိမ်းရှောင်လာခဲ့ရသည်။
“ဒီမှာက တောထဲရှောင်တဲ့ စစ်ဘေးရှောင်တွေက ယာယီတဲထိုးပြီး နေကြရတယ်” ဟု သူက ဆိုသည်။
အိမ်ခြေ ၇၀၀ ခန့်ရှိသည့် သူ၏ကျေးရွာကို စွန့်ခွာ၍ စစ်ဘေးရှောင်နေရသည်မှာ သုံးလကျော်လာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ အိမ်ပြန်နိုင်မည့်အချိန်ကို မမှန်းဆနိုင်သေးကြောင်း သူက ညည်းညူသည်။ ကိုကျော်မျိုးအတွက် စစ်ဘေးရှောင်ရသည်မှာ ယခုအချိန်က ပထမဦးဆုံးအကြိမ် မဟုတ်ပေ။
၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်က ၎င်းတို့ကျေးရွာအား စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ဖူးပြီး အိမ်ခြေ ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီးနောက် ကိုကျော်မျိုးနှင့် သူ၏မိသားစုဝင်များဖြစ်သည့် ဇနီးသည်၊ သားသမီး နှစ်ဦးတို့ ပျော်ပျော်ရွင်ရွှင် နေထိုင်ခဲ့ဖူးသည့် နေအိမ်လည်း မီးရှို့ခံရသည့်အထဲတွင် ပါဝင်သွားခဲ့သည်။
“အိမ်မီးရှို့ခံရပြီးကတည်းက ကိုယ့်ရွာကိုယ် နေရတဲ့အချိန်သိပ်မရှိပါဘူး။ ယာယီတဲလေးတွေ ထိုးပြီး ကိုယ့်မြို့နယ်ထဲမှာပဲ ဟိုရွှေ့ဒီရွှေ့ နေခဲ့ရတာ။ အခုကတော့ ကိုယ့်မြို့နယ်မှာ နေလို့မရတော့တဲ့အခြေအနေဖြစ်လာတော့ နီးစပ်ရာ (ဧရာဝတီ)မြစ်တစ်ဖက်ကမ်းက ဝက်လက်မြို့နယ်ဘက် ရောက်လာတာ” ဟု ကိုကျော်မျိုး (အမည်လွဲ) က ပြောသည်။
ယခင်က စစ်ဘေးရှောင်ရခြင်းသည် ရွာသို့ ပြန်၍ နေထိုင်လိုက်၊ တိုက်ပွဲများရှိပါက ဘေးဝန်းကျင်သို့ ခေတ္တတိမ်းရှောင်လိုက်ဖြင့် ရှိခဲ့ခြင်းကြောင့် လယ်လုပ်ငန်းကို လုပ်ကိုင်နိုင်ခဲ့သေးသည်။ ယခုအချိန်တွင်တော့ စစ်ကော်မရှင်၏ ထိန်းချုပ်မှုအောက် ရောက်သွားသောရွာသို့ ပြန်ရန်မဖြစ်နိုင်တော့ခြင်းကြောင့် လယ်ယာအလုပ်ကိုပါ လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။
“ကျနော်တို့ ဝက်လက်ဘက်ကို ပြေးလာရတဲ့အချိန်က မြေပဲ၊စပါး သီးနှံတွေ သိမ်းကာနီးဆဲဆဲ အချိန်ကြီး။ ဒါတွေ ဒီတိုင်း မရိတ်သိမ်းနိုင်ဘဲ ဒီတိုင်းပစ်ထားခဲ့ရတာ။ ဥယျာဉ်ခြံလုပ်ငန်းလုပ်တဲ့သူတွေလည်း သူတို့ခြံတွေကို ဒီတိုင်းပစ်ထားခဲ့ရတာပဲ” ဟု သူက ပြောသည်။
ကိုကျော်မျိုးသည် ယာမြေ လေးဧက ပိုင်ဆိုင်ကာ တစ်နှစ်လျှင် တောင်သူလုပ်ငန်းမှ ကျပ်သိန်း ၄၀ ဝန်းကျင် ဝင်ငွေရှိခဲ့သည်။
ကိုကျော်မျိုးတို့ မိသားစု လက်ရှိတိမ်းရှောင်နေရာသည်လည်း NUG ထိန်းချုပ်ထားရာ ဒေသဖြစ်ပြီး မြွေတလိုင်းရွာကို စစ်ကော်မရှင်တပ်များက ထိန်းချုပ်ထားသရွှေ့ ပြန်ရန် ဆန္ဒမရှိကြောင်း သူက ဆိုသည်။
“အခုချိန်ထိတော့ အိမ်ပြန်နိုင်ဖို့က မလွယ်သေးဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ ကျနော်တို့ရွာကို ပြန်ထိန်းချုပ်နိုင်ရင်တော့ ပြန်ရမှာပေါ့” ဟု ၎င်းက ပြောသည်။
ကိုကျော်မျိုးသည် ၂၀၂၁ စစ်အာဏာသိမ်းဖြစ်စဉ်ကတည်းက မြန်မာစစ်တပ်ကို လက်ခံရန် ငြင်းပယ်ခဲ့သူ တစ်ဦးဖြစ်သည်။ အာဏာမသိမ်းခင်က ၎င်း၏သမီးက ရှစ်တန်း၊ သားက သုံးတန်း တက်ရောက်နေခဲ့သည်။ အာဏာသိမ်းပြီးနောက်တွင် သားသမီးများကို စစ်ကော်မရှင်လက်အောက်တွင် ကျောင်းမထားတော့ခြင်းဖြင့် ကိုကျော်မျိုးက စစ်တပ်ကို ဆန့်ကျင်ကြောင်း ပြသခဲ့သည်။

စစ်တပ်၏ တန်ပြန်ထိုးစစ်များကြောင့် နေရပ်စွန့်ခွာကြရသူများ
စစ်တပ်သည် တော်လှန်ရေးတပ်များ သိမ်းယူထားသည့် မန္တလေးတိုင်းရှိ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့က နေရာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လ နောက်ပိုင်းကစ၍ မြေပြင်၊ ဝေဟင်၊ ရေပြင်တွင် နည်းလမ်းမျိုးစုံသုံးကာ တန်ပြန်ထိုးစစ်များ ပြန်လည်ဖော်ဆောင်ခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် မတ္တရာမြို့နယ်က နေရာအချို့နှင့် စဉ့်ကူးမြို့နယ် တစ်ခုလုံးကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သိမ်းပိုက်နိုင်ခဲ့ပြီး သပိတ်ကျင်းမြို့ကို ၂၀၂၄ ခုနှစ် သြဂုတ်လတွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင်မူ ထိုဒေသများ၌ စစ်ရေးပြင်းထန်လာခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် MDY-PDF က ၎င်းတို့အနေဖြင့် ထိုဒေသများမှ ဆုတ်ခွာပေးလိုက်ရကြောင်း အသိပေးချက် ထုတ်ပြန်ခဲ့သည်။
စစ်တပ်၏ ပြင်းထန်သောထိုးစစ်များကြောင့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များက စစ်ဘေးရှောင်အများစုသည် ဧရာဝတီမြစ်ကြောင်း တစ်ဖက်ကမ်းတွင်ရှိသော စစ်ကိုင်းတိုင်းအတွင်းရှိ ဝက်လက်မြို့နယ်၊ ခင်ဦးမြို့နယ် နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်ဘေးရှောင်ကြကြောင်း ဝက်လက်မြို့နယ်ရှိ မြေပြင်သတင်းများကို ထုတ်ပြန်ပေးနေသည့် Wetlet Information Network က တာဝန်ရှိသူက ပြောသည်။
“သပိတ်ကျင်းက စစ်ဘေးရှောင်အများစုက ခင်ဦးဘက်ကို ရှောင်ကြတယ်။ စဉ့်ကူးနဲ့ မတ္တရာက စစ်ဘေးရှောင်တွေကတော့ ဝက်လက်မြို့နယ်ကို အားထားပြီးရှောင်ကြတယ်” ဟု ၎င်းက ပြောသည်။
NUG အောက်ရှိ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်း စာနာထောက်ထားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး ငိုင်းတမ်မောင်းကတော့ လက်ရှိတွင် မတ္တရာ၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်တို့တွင် စစ်ဘေးရှောင်နေကြရသည့် ဒေသခံပြည်သူပေါင်း ၄၈,၀၀၀ နီးပါး ရှိနေကြောင်း ပြောသည်။
မတ္တရာ၊ စဉ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်များက စစ်ဘေးရှောင်များအတွက် ယခုနှစ် သုံးလတာကာလအတွင်း ကျပ်သိန်း ၇၀၀ ကျော်ဖိုး ကူညီရန် လျာထားပြီး ထောက်ပံ့မှုများ မြေပြင်တွင် စတင်နေပြီဟု ဒုဝန်ကြီးက ဆိုသည်။ စားနပ်ရိက္ခာနှင့်အမိုးအကာများကို အများဆုံးကူညီထောက်ပံ့မည် ဟုလည်း ပြောသည်။
“မန္တလေးတိုင်းအတွင်းကနေ စစ်ကိုင်းတိုင်းအတွင်းကို ရောက်ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေအတွက် ဒီဒေသတွေဆီမှာရောက်ရှိနေတဲ့ တာဝန်ရှိသူတွေကနေ ကူညီထောက်ပံ့မှုတွေပေးနိုင်ဖို့၊ အကူအညီလိုအပ်တဲ့သူတွေဆီ အကူအညီတွေ ရောက်ရှိစေဖို့၊ မန္တလေးတိုင်းဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ အချိတ်အဆက်မိမိ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းမှုတွေ ရှိပါတယ်” ဟု ငိုင်းတမ်မောင်းက ဆိုသည်။
MDY-PDF ကလည်း ထိုမြို့နယ်သုံးခုက ဒေသခံပြည်သူများအား တိုက်ပွဲများ ပြင်းထန်နေစဉ်အတွင်း ဘေးလွတ်ရာသို့ ရွေ့ပြောင်းတိမ်းရှောင်နိုင်ရေးအတွက် ၎င်းတို့အနေဖြင့် တတ်စွမ်းသမျှ ပံ့ပိုးကူညီခဲ့သလို ဆက်လက်၍လည်း ထိုဒေသခံပြည်သူများအား ပံ့ပိုးကူညီမှုများ ဆောင်ရွက်သွားမည်ဟု ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG နှင့် MDY-PDF က စစ်ဘေးရှောင်များကို ကူညီနေသည်ဟု ဆိုသော်လည်း ဖရွန်တီးယားက ဆက်သွယ်မေးမြန်းခဲ့သော စစ်ဘေးရှောင်များက လက်ရှိအချိန်ထိ ၎င်းတို့ဆီသို့ NUG နှင့် MDY-PDF အပါအဝင် မည်သည့်အရပ်ဖက်အဖွဲ့အစည်းမျှ လာရောက်ကူညီထောက်ပံ့ခြင်း မရှိသေးကြောင်း ပြောဆိုသည်။
“နယ်မြေခံအကူအညီပေးရေး အဖွဲ့အစည်းတွေအပါအဝင် သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေ၊ ဝန်ကြီးဌာနတွေက ကျနော်တို့ စစ်ဘေးရှောင်တွေကို အလုပ်အကိုင်လေးတွေ ရအောင် ကူညီပေးတာ ဖြစ်ဖြစ်၊ စားစရာ ဆန်၊ဆီလေးတွေ ကူညီထောက်ပံ့ပေးတာဖြစ်ဖြစ် လုပ်ပေးရင် ကောင်းတာပေါ့” ဟု ကိုကျော်မျိုးက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းကစ၍ ဝက်လက်မြို့နယ်တွင် စစ်ဘေးရှောင်နေသည့် စဉ့်ကူးမြို့နယ်သူ အသက် ၃၂ အရွယ် မစိုးစိုးကလည်း ၎င်းတို့အတွက် စားဝတ်နေရေးအခက်အခဲအပြင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်နေကြောင်း ပြောသည်။
“အခုက ကျမတို့မှာ ဖျားရင် နာရင် ကိုယ့်ဘာသာ အဆင်ပြေသလို လုပ်နေကြရတာ။ တော်လှန်ရေးဘက်က တာဝန်ရှိသူတွေက ကျန်းမာရေးစောင့်ရှောက်မှုလေးတွေ လုပ်ပေးရင်တော့ ကောင်းတာပေါ့။ ဆောင်ထားသင့်တဲ့ ဆေးဝါးလေးတွေ ထောက်ပံ့ပေးတာဖြစ်ဖြစ်ပေါ့။ ကျန်းမာရေးက အရေးကြီးတယ်။ စားစရာမရှိတာက အချင်းချင်း မျှစားလို့ရသေးတယ်” ဟု မစိုးစိုး (အမည်လွဲ) က ပြောသည်။
ဒုဝန်ကြီးကတော့ ယင်းသို့ အထောက်အပံ့များ မြေပြင်သို့ မရောက်ရခြင်းမှာ တချို့စစ်ဘေးရှောင်များနှင့် ဝန်ကြီးဌာန၏အကူအညီပေးရေးတာဝန်ခံများ အချိတ်အဆက်မမိခြင်းကြောင့်သာ ဖြစ်သည်ဟု ခုခံပြောဆိုသည်။
“အားလုံးသိတဲ့အတိုင်းပါပဲ ဒီချိန်မှာ ပြည်သူတွေရော အကူအညီပေးနေတဲ့ ဝန်ကြီးဌာနတွေရဲ့ မြို့နယ်တာဝန်ခံတွေရော အားလုံးက လုံခြုံရေးကို ဂရုစိုက်ရတဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ စစ်ဘေးရှောင်တွေနဲ့ အချိတ်အဆက်မမိနိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေအနေနဲ့ ကျနော်တို့ရဲ့ မြို့နယ်တာဝန်ခံ၊ ခရိုင်တာဝန်ခံတွေနဲ့ အချိတ်အဆက်လုပ်ကာ အချက်အလက်တွေပေးပြီး အကူအညီရယူဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ကျန်းမာရေးကိစ္စရပ်များကိုလည်း ၎င်း၏ဝန်ကြီးဌာနထက် ကျန်မာရေးဝန်ကြီးဌာနက ပိုမိုလုပ်ဆောင်နေကြောင်း သူက ဆိုသည်။ သို့သော် ဝန်ကြီးဌာနများအနေဖြင့် ဆေးဝါးပစ္စည်းများ ဝယ်ယူရန် ဘဏ္ဍာရေးအခက်အခဲများနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲများစွာကို ရင်ဆိုင်နေရကြောင်း သူက ဆိုသည်။
ဒုဝန်ကြီးက ပြည်တွင်းရှိ ပြည်သူများသည် လက်ရှိကာလတွင် ကိုယ်စီဘေးဒုက္ခပေါင်းစုံကို ရင်ဆိုင်ဖြတ်သန်းနေရသည့်အတွက် မိမိဒေသများသို့ ရောက်ရှိလာတဲ့ စစ်ဘေးရှောင်များအတွက် ကူညီပံ့ပိုးပေးနိုင်ရန် အခက်အခဲနှင့်စိန်ခေါ်မှုများ ရှိနေကြောင်း၊ ၎င်းတို့မှာလည်း တော်လှန်ရေးအစိုးရဖြစ်သည့်အတွက် ပြည်သူများအတွက် ထောက်ပံ့ကူညီမှုအပြင် အခြားကဏ္ဍများအတွက်ပါ ငွေကြေးသုံးစွဲနေရသည့်အတွက် ဘတ်ဂျတ်လိုအပ်ချက်စိန်ခေါ်မှုမှာ မြင့်မားနေဆဲဖြစ်ကြောင်း၊ ပြည်သူများအတွက် ၎င်းတို့ ထောက်ပံ့ပေးနိုင်သည့်ပမာဏမှာ လိုအပ်ချက်ထက် များစွာကွာခြားနေဆဲဖြစ်ကြောင်း ပြောသည်။
“ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ကူညီမှုတွေကလည်း တစ်စထက်တစ်စ လျော့နည်းလာတယ်။ သို့သော်လည်း စဉ်ဆက်မပြတ် ကူညီပေးတဲ့သူတွေရှိပါတယ်။ စဉ်ဆက်မပြတ်ကူညီနိုင်အောင်လည်း ကျနော်တို့ ကြိုးစားနေကြပါတယ်” ဟု သူက ပြောသည်။
တစ်ချိန်တည်းတွင် စစ်ကိုင်းတိုင်းဘက်တွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် အလုပ်အကိုင်နှင့်ဝင်ငွေမရှိဘဲ စစ်တပ်၏စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ် ကင်းလွတ်သည့် နေရာများတွင် ရှောင်တိမ်းနေရသည်မှာ အချိန်အားဖြင့် ကြာမြင့်လာသောကြောင့် စားဝတ်နေရေးအတွက် အခက်အခဲများစွာ ရှိကြောင်း ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်များက ဖရွန်တီးယားကို ပြောသည်။
“ဝက်လက်မြို့နယ်ဘက်မှာ ကျနော်တို့အတွက် အလုပ်အကိုင်ရဖို့ကလည်း ခက်ခဲတယ်။ နယ်ခံတွေတောင် အလုပ်သိပ်မရှိကြတော့ ကျနော်တို့အတွက် အလုပ်ရှိဖို့က ပိုခက်တာပေါ့။ အခုက ကျနော်တို့ နိုင်သလောက် သယ်လာတဲ့ပစ္စည်းလေးတွေ၊ ငွေလေးတွေနဲ့ပဲ အဆင်ပြေမျှတအောင်စားနေကြရတာ” ဟု ကိုကျော်မျိုးက ပြောသည်။
တစ်ဖက်တွင်လည်း စစ်တပ်သည် စစ်ဘေးရှောင်များနေထိုင်သည့် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများကို အဓိကပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိကြောင်း Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။
“စစ်တပ်က စစ်ဘေးရှောင်တွေရှိတဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်တော့ စစ်ဘေးရှောင်တွေလည်း အဲဒီနေရာတွေကို မနေရဲတော့ဘူး။ တောတွေထဲပဲ နေကြတာများတယ်။ အခု နွေပေါက်လာပြီဖြစ်တဲ့အတွက် ရေရှားတဲ့ပြဿနာတော့ ဖြစ်လာနိုင်တယ်” ဟု သူက ပြောသည်။
Wetlet Information Network ၏ သတင်းထုတ်ပြန်ချက်များကို အခြေခံ၍ ဖရွန်တီးယား၏ တွက်ချက်မှုအရ ယခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ဝက်လက်မြို့နယ်တွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၅ ကြိမ်ထက် မနည်း ရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းများအရ ယခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၄ ဦးနှင့် အမျိုးသား ၆၀ ဦး၊ စုစုပေါင်း ၁၁၄ ဦး သေဆုံးခဲ့ပြီး အဆိုပါ သေဆုံးသူများအနက် စစ်ကိုင်းတိုင်းတွင် သေဆုံးသူ ၃၅ ဦးရှိခဲ့ကာ သေဆုံးဦးရေ အများဆုံးဖြစ်သည်။

ဝေးနေဆဲဖြစ်သည့် အိမ်ပြန်ခရီး
စစ်ကော်မရှင်၏ ပြန်လည်ထိန်ချုပ်မှုအောက် ရောက်ရှိသွားသည့် မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့နယ်များတွင် အချို့စစ်ဘေးရှောင်များက ပြန်လည်နေထိုင်မှုများ ရှိသော်လည်း တော်လှန်ရေးတွင် တက်ကြွစွာပါဝင်သူများ၊ လူငယ်များနှင့် စစ်ကော်မရှင် လက်အောက်တွင် မနေထိုင်လိုသူများကတော့ လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိပေ။
“ကျနော်က တော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်တဲ့သူ၊ အမှန်တရားဘက်ကို ရပ်တည်တဲ့လူဖြစ်တဲ့အတွက် ပြန်လို့မရဘူး။ စစ်ကောင်စီ ကျနော်တို့ရွာမှာ ရှိနေသရွေ့ ပြန်လို့မရဘူး။ ကျနော်ပြန်ရင်လည်း အသက်ခံရမှာ သေချာတယ်” ဟု ကိုကျော်မျိုးက ပြောသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင်သည် စစ်ကူးနှင့်မတ္တရာမြို့နယ်ရှိ ဒေသခံများအား ၎င်းတို့၏ထိန်းချုပ်မှုအောက်သို့ ပြန်လည်ဝင်ရောက်လိုပါက ငွေကြေးကောက်ခံခြင်းများ ပြုလုပ်သလို ပြန်ဝင်လာသည့် အရွယ်ကောင်းအမျိုးသားများကိုလည်း ပေါ်တာဆွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။
နေရပ် ပြန်လာသည့် ဒေသခံများအပေါ် ငွေကြေးကောက်ခံသည့် ပမာဏမှာ တစ်ရွာနှင့်တစ်ရွာ မတူညီသော်လည်း အိမ်ထောင်စုတစ်ခုလျှင် ကျပ် ၅၀,၀၀၀ ဝန်းကျင်၊ နွားရှိပါက နွားတစ်ကောင်လျှင် ကျပ် ၃၀,၀၀၀ ဝန်းကျင်၊ ကားရှိပါက တစ်စီးလျှင် ကျပ် ၁၀၀,၀၀၀ စသည်ဖြင့် ကောက်ခံကြောင်း ၎င်းက ပြောသည်။
“ဒီလို ငွေကြေးကောက်ခံပြီး ဝင်ခွင့်ပြုတာက ဒီနှစ် ၁ လပိုင်းလောက်ကတည်းကပါ။ စဉ့်ကူးမြို့နယ်မှာဆိုရင် သဲအင်းကျေးရွာ၊ ကျွန်းကြီးကျေးရွာ၊ ဇီးကုန်းကျေးရွာတို့မှာ ပြန်ဝင်ချင်ရင် တစ်အိမ်ထောင်ကို ၃၀,၀၀၀ နှုန်းနဲ့ ကောက်ခံတယ်”ဟု သူက ပြောသည်။
“ကျနော်တို့ဒေသမှာတော့ ပြန်ဝင်တဲ့သူတွေလည်း မလုံခြုံကြပါဘူး။ သူတို့(စစ်ကောင်စီ) လိုအပ်တာမှန်သမျှ လာတောင်းတိုင်း ဒေသခံတွက ပေးနေရတာ။ မတ္တရာနယ်မှာဆိုရင် ကိုယ့်အိမ်ကိုယ်နေတာတောင် အိမ်ငှားခပေးနေရသလိုမျိုး ဖြစ်နေတယ်။ ပြန်ဝင်ချင်ရင် တစ်အိမ်ကို ကျပ် ၂၀,၀၀၀၊ ၃၀,၀၀၀ ကောက်တာမျိုးတွေလည်း ရှိတယ်” ဟု ကိုကျော်မျိုးက ပြောသည်။
ထို့ပြင် ၎င်းတို့ကျေးရွာအား တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နိုင်ခဲ့သည့် တစ်နှစ်ကျော်ကာလတွင် ဒေသခံများအနေဖြင့် စစ်ကော်မရှင်၏ လေကြောင်းရန်နှင့်လက်နက်ကြီးရန်ကို စိုးရိမ်ခဲ့ကြရသည်မှလွဲ၍ ဒေသခံများအနေဖြင့် အဆင်ပြေစွာ နေထိုင်နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
“တချို့ကျတော့ စားဝတ်နေရေးခက်ခဲလာတဲ့အခါ အရာအားလုံးကို မျက်စိစုံမှိတ်ပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်ကို ပြန်ဝင်ကြတဲ့သူတွေလည်း ရှိတယ်။ စစ်ဘေးရှောင်ရတာက ရေရှည်အတွက်ဆို အဆင်မပြေဘူးလေ။ စာနပ်ရိက္ခာပြတ်လပ်မှုတွေ ရှိလာမယ်။ ကျန်းမာရေးအအတွက် ဆေးဝါးတွေ လိုအပ်လာမယ်။ အခုအချိန်မှာ ဆေးတစ်လုံးလောက်ထိုးရင် အနည်းဆုံး ၂၀,၀၀၀ လောက် ကုန်နေတာကိုး” ဟု Wetlet Information Network က တာဝန်ရှိသူက ပြောသည်။
ကိုကျော်မျိုးကတော့ ၎င်းတို့ဒေသကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ထိန်းချုပ်နိုင်မှသာ နေရပ်ပြန်နိုင်မည်ဖြစ်သည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အင်အားများစုစည်းကာ ပြန်လည်ထိန်းချုပ်နိုင်မည့်အချိန်ကို စောင့်စားလျက်ရှိသည်။
“အဓိကပြောချင်တာကတော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အမြန်ဆုံး တပ်ပေါင်းစုတွေ ဖွဲ့ပြီးတော့ နယ်မြေတွေ ပြန်လည်စိုးမိုးနိုင်ပါစေလို့ပဲ ပြောချင်တယ်။ စုပေါင်းအင်အားနဲ့ ပြန်လည်ထိန်းချုပ် သိမ်းပိုက်နိုင်မယ်ဆိုရင်တော့ ကျနော်တို့အိမ်ပြန်ရလိမ့်မယ်လို့ ထင်ပါတယ်” ဟု ကိုကျော်မျိုးက ပြောသည်။
“ကိုယ့်ဒေသကို တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လက်လွှတ်လိုက်ရတဲ့အပေါ်လည်း ဒေသခံတစ်ယောက်အနေနဲ့ ပြောရရင် ရင်ထဲတော့ ခံစားရတယ်။ ဒီနယ်မြေရဖို့အရေး အသက်တွေ ချွေးတွေ အများကြီးရင်းပြီး တိုက်ကြရတာ” ဟုလည်း ၎င်းက ဆိုသည်။
ဖရွန်တီးယားအနေဖြင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ သိရှိရန် MDY-PDF မှ ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက အကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။
NUG ၏ ထုတ်ပြန်ချက်အရ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအကုန်အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝသိမ်းပိုက်ထားသည်။
သို့သော် ခဲယမ်းမီးကျောက် ရှာဖွေရရှိမှု လျော့ကျခြင်း၊ ခဲယမ်းအကန့်အသတ်များကြောင့် အချို့စစ်ဆင်ရေးစီမံချက်များကို အစီအစဉ်အတိုင်း အကောင် အထည်မဖော်နိုင်ခြင်း၊ အချို့မြို့များတွင် ခွာစစ်ဆင်ရခြင်း၊ ထိန်းချုပ်နယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ အဆိုပါနယ်မြေများကို ဆက်လက် ထိန်းသိမ်းနိုင်ရန် မိမိတပ်ကို ပို၍ ဆန့်ထုတ်တပ်ဖြန့်ထားရခြင်း စသည့် စိန်ခေါ်မှုများ ကြုံတွေ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝက်လက်မြို့နယ်ဘက်သို့ စစ်ဘေးရှောင်နေသည့် မတ္တရာမြို့နယ်က အမျိုးသမီးတစ်ဦးကတော့ တော်လှန်ရေးကို အမြန်ဆုံး ပြီးဆုံးစေလိုကြောင်း ညည်းညူပြောဆိုသည်။
“အခုလို စစ်ဘေးရှောင်နေရတာမျိုးကြီး မဖြစ်ချင်တော့ဘူး။ ကိုယ့်အိမ်ကို ပြန်ပြီး ကိုယ့်စီးပွားရေးပဲ ကိုယ်လုပ်ချင်တော့တယ်။ အခု ဘယ်လိုအခြေအနေရောက်ရောက် ကျမတို့က ကိုယ့်ဒေသမှာပဲ အေးအေးချမ်းချမ်းနေရရင် ကိုယ်မိသားစုစားဝတ်နေရေးအတွက်တော့ လုံလောက်အောင် လုပ်ကိုင်စားသောက်နိုင်ပါတယ်၊ လုပ်ကိုင်စားသောက်တတ်တယ်” ဟု ၎င်းက ပြောသည်။
ကိုကျော်မျိုးကလည်း ၎င်းတို့ဒေသကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ထိန်းချုပ်မှု မလုပ်နိုင်သေးသရွေ့ စစ်ဘေးရှောင်ဘဝဖြင့် ဖြတ်သန်းနေရမည်ဖြစ်သည့်အတွက် ရေရှည်တွင် ၎င်းတို့၏ စားဝတ်နေရေး ခက်ခဲလာမည်မှာ သေချာကြောင်းလည်း ပြောသည်။
“မိသားစု ရှေ့ရေးဆိုတာထက် ဒီတိုင်းသာ အချိန်အကြာကြီး စစ်ဘေးရှောင်နေရရင် စားဝတ်နေရေး ပိုခက်ခဲလာမှာကတော့ သေချာတယ်” ဟု ၎င်းက ပြောသည်။