၂၀၁၉ ခုနှစ်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးကန်အနီးတွင် အလုပ်လုပ်ကိုင်နေကြသည့် ရွှေတူးဖော်ရေးလုပ်သားများ။ (ငြိမ်းဆုဝေကျော်စိုး| ဖရွန်တီးယား)

သေနတ်သံများကြားက အလုအယက် ရွှေတူးဖော်မှုများ 

စစ်ကိုင်းတိုင်းအတွင်း ရွှေတူးဖော်ရေးလုပ်ငန်းတွေကို NUG လက်အောက်ခံတပ်ဖွဲ့တွေက ခွင့်ပြုလိုက်တဲ့အတွက် မြစ်ကမ်းနားတဝိုက်ဒေသခံတွေက စိုက်ပျိုးမြေပျက်စီးမှု၊ ရေထုအဆိပ်သင့်မှု စတာတွေ ကြုံတွေ့ရမှာ စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တာမို့ အသက်ဘေးအန္တရာယ်အတွက်လည်း ရတတ်မအေး ဖြစ်နေကြပါတယ်။

ဖရွန်တီးယား 

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ပိုင်းက  စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်က လောင်းပြည့်ကျေးရွာကို ရွှေမျောဖောင်တွေ အစုလိုက်အပြုံလိုက် ရောက်ရှိလာတော့မယ် ဆိုတဲ့သတင်းတွေ ပျံ့နှံ့လာခဲ့ပါတယ်။ 

ရွှေမျောတူးတဲ့ဖောင်တွေဆိုတာ မြစ်ကြမ်းပြင်က ရွှေပါတဲ့သဲနဲ့ သဲလွှာတွေကို စုပ်တင်မယ့် မော်တာတွေကို မီးပေးဖို့ မီးစက်တွေပါတဲ့ ဖောင်မျိုးတွေပါ။ ဒေသခံတွေရဲ့ စိုက်ပျိုးရေးနဲ့  စီးပွားရေးအတွက် အရေးပါတဲ့ ချင်းတွင်းမြစ်ပေါ်က လောင်းပြည့်ကျွန်းနားမှာ အဲဒီဖောင်တွေ ကျောက်ချ ရပ်နားထားလိုက်ကြပါတယ်။ 

တော်လှန်ရေးအားကောင်းတဲ့ ဒီဒေသက ဒေသခံတွေကတော့ ရွှေတူးဖော်ရေးလုပ်ငန်းတွေကြောင့် သူတို့ရဲ့ လယ်ယာမြေတွေ ပျက်စီးသွားမှာကို  စိုးရိမ်နေပါတယ်။ မြစ်အောက်ခံ သဲထဲကနေ ရွှေကို ခွဲထုတ်ဖို့အတွက် သုံးတဲ့ပြဒါး အပါအဝင်  ရွှေတူးဖော်ရေးက ထွက်လာမယ့် အဆိပ်အတောက်ဖြစ်စေမယ့် အမှိုက်တွေကို ရေထဲ တိုက်ရိုက်စွန့်ပစ်တာမျိုးတွေ ပြုလုပ်ကြမှာကိုလည်း ပူပန်နေကြပါတယ်။ 

“ဒီဒေသက ရွာအားလုံးက ဒီကျွန်းကြီးပေါ်မှာပဲ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေကြတာပါ” လို့ ဒေသခံကိုဇော်ဦးက ဖရွန်တီးယားကို ပြောပါတယ်။ “လောင်းပြည့်ကျွန်းပေါ်မှာ ဒေသခံများက လယ်ယာလုပ်ငန်းအများအပြား လုပ်ကိုင်နေတယ်”လို့ သူက ပြောပါတယ်။ 

“ဒီကျွန်းကို အားထားပြီး အသက်မွေးဝမ်းကျောင်းနေကြတဲ့ ကျနော်တို့အတွက် ဒီရွှေတူးဖော်ရေးလုပ်ငန်းကို မကြိုဆိုနိုင်ပါဘူး။ ဒီလိုလုပ်ငန်းတွေ ဝင်လာရင် ကျနော်တို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေ ပျက်စီးသွားမယ်” လို့ ကိုဇော်ဦးက ပြောပါတယ်။ 

လက်ရှိ ရွှေတူးဖော်ရေးတွေကို ခွင့်ပြုပေးလိုက်တဲ့ မင်းကင်းနဲ့ အနီးအနားမြို့က ပြည်သူတွေဟာ  ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်ကစပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြရာမှာ တတပ်တအား ပါဝင်ခဲ့ကြပါတယ်။ အဲဒီနောက် လက်နက်ကိုင်တော်လှန်ရေးကို ပြောင်းလဲသွားချိန်မှာတော့ ဒီဒေသတွေဟာ တော်လှန်ရေးအင်အားစုတွေရဲ့ အခိုင်အမာဒေသ ဖြစ်လာခဲ့ပါတယ်။ 

အစပိုင်းမှာ လက်လုပ်သေနတ်တွေကို ကိုင်ဆောင်ကာ ဒေသခံတွေ စုပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး  စစ်တပ်ကို စတင်တော်လှန်တိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အဖွဲ့တော်တော်များများဟာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။  စစ်တပ်လက်အောက် မြို့နယ် တော်တော်များများကို  သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

ဒေသအုပ်ချုပ်ရေးနဲ့ လုံခြုံရေးတာဝန်တွေ ဆောင်ရွက်ဖို့ ရည်ရွယ်ချက်နဲ့ နောက်ပိုင်းမှာ NUG က  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လို့ ခေါ်တဲ့ အဖွဲ့တွေကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအဖွဲ့တွေက လောင်းပြည့်ဒေသအပါအဝင် မင်းကင်းမြို့နယ်အတွင်း အုပ်ချုပ်ရေး တာဝန်ယူလာပါတယ်။ လောင်းပြည့်ဒေသခံတွေက တော်လှန်ရေးလှုပ်ရှားမှုကို ယခုထိ ထောက်ခံနေဆဲ ဖြစ်ပါတယ်။ 

ဒါပေမဲ့ စိုက်ပျိုးရေး အရေးပါတဲ့ ဒီလိုနေရာမျိုးမှာ ပအဖနဲ့ ပကဖတို့က ရွှေတူးဖော်ရေးလုပ်ငန်း လိုင်စင်ထုတ်ပေးခဲ့လို့ အံ့အားသင့်ခဲ့ကြပါတယ်။ ဒါကြောင့် ဒေသခံတွေက  မနှစ်က အောက်တိုဘာလဆန်းမှာ ရွှေမျောလုပ်ငန်းတွေ ခွင့်ပြုတဲ့အပေါ် ဆန္ဒပြတာတွေလုပ်ခဲ့ပါတယ်။ 

မင်းကင်းဒေသခံတွေဟာ  “ပြည်သူ့အာဏာ ပြည်သူ့ ပြန်ပေး” လို့ ကြွေးကြော်ရင်း  NUG အစိုးရထံ ဦးတည်တဲ့ “ပြည်သူလူထု အသက်အိုးအိမ် စွန့်လွှတ်ပေးဆပ်ခဲ့ရတာ တော်လှန်စီးပွားရေးသမားတွေ ချမ်းသာဖို့အတွက် အန်ယူဂျီအစိုးရ လုပ်နေတာလား” “ရွှေမျောတိုက်ပြီး ချမ်းသာနေတာ ပြည်သူတွေ သိတယ်နော် မြေပြင်ကိုဆင်းကြည့်ပါ အန်ယူဂျီ” စတဲ့ ဆိုင်းပုဒ်တွေကို  ကိုင်ဆောင် ဆန္ဒပြခဲ့ကြတာကို ဆန္ဒပြပွဲဓာတ်ပုံတွေနဲ့ သတင်းဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။  

အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ်ဆန္ဒပြပွဲမှာ  ဒေသခံထောင်ပေါင်းများစွာ ပါဝင်ခဲ့တယ်လို့ ပြည်တွင်းသတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဒေသခံ ပကဖနဲ့ ပအဖ အဖွဲ့တွေက ဒေသခံတွေရဲ့ သဘောဆန္ဒကို အလေးမထားခဲ့ကြပါသလား။ ရွှေတူးဖော်ရေးအတွက်  NUG ဆီက ခွင့်ပြုချက်ရထားပြီး ဖြစ်သလို တော်လှန်ရေးအတွက်လည်း ရန်ပုံငွေက လိုအပ်နေတဲ့အတွက် ရွေမျောလုပ်ငန်းတွေကို ခွင့်ပြုပေးတာပါလို့ မြို့နယ် ပကဖ၊ ပအဖ တာဝန်ရှိသူတွေက ဆိုပါတယ်။  

NUG ရဲ့ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တာဝန်ရှိသူအပါအဝင် NUG ပြောရေးဆိုခွင့်ရှိသူတွေဆီ ဖရွန်တီးယားက  ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်ဆိုခြင်း မရှိခဲ့ပါဘူး။ 

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ ချင်းတွင်းမြစ်အတွင်း ရွှေကျင်ရာတွင် အသုံးပြုသည့် ရွှေကျင်စင်များ။ (Myanmar Resource Watch)

ရွှေမျော ရာချီ

မြန်မာနိုင်ငံမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေဟာ လက်နက်ကိုင်အဖွဲ့တွေအတွက် အမြတ်အစွန်းရစရာ အရင်းအမြစ်တစ်ခု ဖြစ်နေခဲ့တာ ကြာမြင့်ခဲ့ပါပြီ။ ရွေတူးဖော်ရေးလုပ်ငန်းတွေဟာ စစ်တပ်ကို ဆန့်ကျင်တဲ့ အဖွဲ့တွေသာမက စစ်တပ်နဲ့ သူ့အပေါင်းအပါတွေအတွက်လည်း  အကျိုးအမြတ်တွေ ဖြစ်စေခဲ့ပါတယ်။ 

အထူးသဖြင့် မြစ်ကြောင်းမှာ ရွှေတူးဖော်တာဟာ အခြားသတ္တုတူးဖော်ရေးလုပ်ငန်းတွေလို နည်းပညာနဲ့ အရင်းအနှီး ကြီးကြီးမားမားမလိုအပ်တာမို့ လုပ်ကိုင်လိုသူတွေအတွက် ပိုလို့ မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။ ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားကနေ စီးဆင်းလာပြီး ဧရာဝတီမြစ်ထဲ ပေါင်းဆုံသွားတဲ့ ချင်းတွင်းမြစ်ကြောမှာ ရာနဲ့ချီတဲ့ အသေးစား ရွှေတူးတဲ့လုပ်ငန်း‌တွေ ရှိနေတာ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်ကတည်းကပါ။ 

စစ်အာဏာသိမ်းပြီးတဲ့နောက် ပဋိပက္ခတွေ ပြင်းထန်လာတဲ့နောက်ပိုင်းမှာ တရားဥပဒေ စိုးမိုးမှု မရှိတော့သလို ရွှေအပါအဝင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး လိုက်နာမှု အားနည်းလာပါတယ်။ 

ဒီလိုနဲ့ ငါးနှစ်လောက်အတွင်း စစ်ကိုင်းနဲ့ ကချင်မှာ ရွှေတူးတဲ့လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ နယ်မြေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ကိုယ်တိုင်ရွှေတူးဖော်ရေး လုပ်ကိုင်တာထက် လုပ်ငန်းလိုင်စင်ထုတ်ပေးပြီး အခွန်ဝင်ငွေရရှိရေး ဆောင်ရွက်ကြတာပါ။ 

စစ်အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကိုင်းနဲ့ကချင်က ရွှေတူးဖော်ရေးလုပ်ငန်းတွေကို  သုတေသနလုပ်နေတဲ့ ပြည်တွင်းအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ Citizen Action for Transparency- CAFT က  ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ချင်းတွင်းမြစ်နဲ့ မြစ်လက်တက်ဖြစ်တဲ့ ဥရုမြစ်မှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာပါ။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြစ်တွင်းရွှေတူးဖော်ရေးလုပ်ငန်းတွေ အပြိုင်အဆိုင် ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။ ချင်းတွင်းမြစ်ရဲ့ မြောက်ဘက်လှမ်းလှမ်းမှာရှိတဲ့ ဟုမ္မလင်းမြို့ကို ရွှေတူးဖော်ရေးလုပ်ငန်းတွေရဲ့ အများအပြားရှိရာ နေရာတစ်ခုဖြစ်တယ်လို့  CAFT က ဖော်ပြထားပါတယ်။

ဟုမ္မလင်းရဲ့ ဒေသအများစုကို စစ်တပ်နဲ့ဆက်နွှယ်တဲ့ ရှမ်းနီအမျိုးသားတပ်က ထိန်းချုပ်ထားခဲ့ပါတယ်။ ရှမ်းနီတပ်နဲ့ စစ်တပ်နှစ်ဖက်လုံးက ရွှေတူးဖော်ရေးကနေ ဝင်ငွေတွေ ရခဲ့ပါတယ်။ ရှမ်းနီတပ်က တရားမဝင်လုပ်ကွက်တွေအတွက် ဒေါ်လာထောင်ပေါင်များစွာကို ရယူခဲ့ပါတယ်လို့ CAFT အစီရင်ခံစာအရ​ သိရပါတယ်။ 

စစ်တပ်ကလည်း တရားဝင်လုပ်ကွက်တွေအတွက် အခွန်ကောက်ခံသလို တရားမဝင်လုပ်ကွက်တွေဆီကလည်း ငွေကြေးတောင်းခံခဲ့တာ ရှိပါတယ်။ ဒီငွေအများစုကတော့ နိုင်ငံဘဏ္ဍာငွေအဖြစ် သို့ ဌာနဆိုင်ရာ အဖွဲ့အစည်းဆီကို ရောက်ရှိသွားတာမျိုး မဟုတ်ဘဲ စစ်တပ်က အရာရှိတွေရဲ့အိတ်ထဲပဲ ရောက်ကုန်ကြတာပါ။  

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကိုင်းနဲ့ ကချင်ဒေသအများစုက တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပါတယ်။ အဲဒီနောက် ရန်ပုံငွေလိုအပ်ချက်ကြောင့် ရွှေတူးဖော်ခွင့်လိုင်စင် ထုတ်ပေးခဲ့ကြပါတယ်။ 

ဒါကြောင့် ဟုမ္မလင်းကနေ အနီးအနားက ဖောင်းပြင်နဲ့မော်လိုက်တင်မကဘဲ မြစ်ကြောင်းတလျှောက် စုန်ဆင်းလာရင် မင်းကင်းနဲ့ဆားလင်းကြီးအထိပါ ရွှေမျောတွေကို များများစားစား တွေ့လာရတာပဲ ဖြစ်ပါတယ်။  

ဆားလင်းကြီးတစ်မြို့ထဲမှာကို ရွှေမျောဖောင် အစီးရေ ၅၀ ကနေ ၇၀ အထိ ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်း Myanmar Resource Watch အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ “မင်းကင်းနှင့် ဆားလင်းကြီးမြို့နယ်များရှိ ရွှေတူးဖော်ရေးလုပ်ငန်းများ၏ စိန်ခေါ်မှုများနှင့် သဘာဝပတ်ဝန်းကျင်သက်ရောက်မှု အစီရင်ခံစာ” မှာ ဖော်ပြထားပါတယ်။ 

မင်းကင်းနဲ့ကနီမှာ အခြေစိုက်တဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မင်း (အမည်လွှဲ)က လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းစဉ်က ဒေသအလိုက် ကွဲပြားမှုရှိတယ်လို့ ဖရွန်တီးယားကို ပြောပါတယ်။ 

“အချို့ဒေသတွေမှာ NUG လက်အောက်က အထူးတပ်ဖွဲ့ (Special Task Force) က လိုင်စင်ထုတ်ပေးတာနဲ့ အခွန်ကောက်တာကို လုပ်တယ်။ အချို့နေရာမှာတော့ ပကဖနဲ့ ပအဖကလုပ်တယ်။… ဥပမာ မင်းကင်းဆိုရင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဈေးပြိုင်စနစ်နဲ့ လေလံခေါ်တယ်။ လေလံအောင်တဲ့သူက ကိုယ်တိုင်လုပ်လို့လည်း ရသလို လုပ်ကိုင်ခွင့်ကို နှစ်စဉ်ကြေးကောက်ပြီး တဆင့်ပြန်လုပ်သူကို ပေးလို့လည်း ရတယ်”လို့ သူက ရှင်းပြပါတယ်။

မင်းကင်းမှာ ဒီဈေးပြိုင်လေလံစနစ်ကနေ နှစ်စဉ် ကျပ်ငွေ သန်းနဲ့ချီ ရနေပြီး လုပ်ငန်းရှင်တွေက လေလံအောင်တဲ့သူကို သိန်း ၇၅၀ လောက် ပေးရတယ်လို့ Myanmar Resource Watch အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

စစ်ကိုင်းအခြေစိုက် တက်ကြွလှုပ်ရှားသူ မမေလင်း(အမည်လွှဲ)ကလည်း မင်းကင်းမှာ ရွှေမျော ရာချီရှိတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ပဋိက္ခတွေ အမြဲဖြစ်နေတာမို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေ ရွှေတူးဖော်ရေး လှုပ်ရှားမှုအပြည့်အစုံကို သဘာဝပတ်ဝန်းကျင် စည်းမျဥ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု ရှိမရှိ ထိန်းကျောင်းစောင့်ကြည့်ဖို့ အခက်အခဲ ရှိနေပါတယ်။

“ရွှေမျောအရေအတွက်က တဖြည်းဖြည်း များလာတယ်” လို့ သူက ဆိုပါတယ်။ 

၂၀၂၃ ခုနှစ်က စပြီး ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့ အစပ်မှာ ရွှေတူးဖော်ရေးတွေလုပ်ဖို့ တော်လှန်ရေးအဖွဲ့တွေက လိုင်စင်ထုတ်ပေးနေတယ်လို့ ဒေသခံကိုဝင်းဦးက ပြောပါတယ်။ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရတဲ့ ပြည်သူတွေအပါအဝင် ဒေသခံတွေအတွက် ရွှေတူးဖော်ရေးလုပ်ငန်းတွေက အရေးပါတဲ့ ဝင်ငွေရင်းမြစ်ဖြစ်တယ် ဆိုတာကို ကိုဝင်းဦးက လက်ခံပါတယ်။ 

“ဒီဒေသတွေမှာ လူများစုက နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူတွေဖြစ်ပြီး ဒေသခံတွေရော နေရပ်စွန့်ခွာသူတွေပါ ရွှေကျင်တဲ့ အလုပ်လုပ်ကြပါတယ်” လို့ သူက ဆိုပါတယ်။

နေရာအများစုက ဒေသခံတွေက ရွှေတူးဖော်မှုတွေမှာ ပါဝင်ကြပေမဲ့ လောင်းပြည့်ဒေသခံတွေကတော့ ရွှေတူးဖော်မှုတွေကို လက်မခံနိုင်ကြပါဘူး။

အာဏာနောက်က လိုက်ပါလာတဲ့ ‘အဂတိလိုက်စားမှုများ’

ရွှေတူးဖော်ရေးကဏ္ဍမှာ လည်ပတ်နေတဲ့ ငွေပမာဏက များပြားလွန်းတဲ့အတွက် အဂတိလိုက်စားမှု ဆိုင်ရာ စွပ်စွဲချက်အချို့ ပေါ်ပေါက်လာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တချို့ကလည်း ဒါကို ပွင့်ပွင့်လင်းလင်း  အသိအမှတ်ပြုထားကြပါတယ်။

“အဂတိလိုက်စားမှုတွေကတော့ ဖြစ်တာပဲ။ အောက်ခြေအဆင့်အထိ စောင့်ကြည့်ထိန်းချုပ်တာမျိုးက လုပ်ဖို့ မလွယ်ပါဘူး။ အဲတော့ အောက်ခြေအဆင့်ကလူတွေ ကိုယ်ကျိုးရှာလုပ်ရပ်တွေ လုပ်ကြတဲ့အခါ ဒေသခံတွေ မကျေမနပ်ဖြစ်ကြရတယ်”လို့ ပကဖအဖွဲ့ဝင် ကိုအောင်မင်းက ပြောပါတယ်။ 

ရွှေတူးဖော်တဲ့လုပ်ငန်းတွေမှာ ဒေသခံလက်နက်ကိုင်ဆောင်ထားတဲ့ တော်လှန်ရေးအဖွဲ့အချို့လည်း ပါဝင်ပတ်သက်တာကြောင့် ဒီကိစ္စတွေဟာ ကိုင်တွယ်ရခက်တဲ့ အနေအထားတစ်ခုဖြစ်နေတယ်လို့ သူက ရှင်းပြပါတယ်။ 

“အချို့ကိစ္စတွေက မြေပြင်မှာလုပ်ရတာ အကန့်အသတ်ရှိတယ်။ အကုန်လုံးက လက်ထဲမှာ သေနတ်တွေ ကိုင်ထားကြတယ်။ အဲဒီတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား နားလည်မှုလွဲရင် အလျော်အစားကြီးတယ်။ အဲလို အကန့်အသတ်တွေ ရှိတယ်” လို့ သူက ရှင်းပြပါတယ်။

ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရက အရေးယူထားတဲ့အမှုတွေလည်း ရှိပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်က ပြည်ထောင်စုအထူးသယံဇာတအဖွဲ့ကို အဂတိလိုက်စားမှုနဲ့ မနှစ်က ဖမ်းဆီးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်လက ဖမ်းဆီးစဉ်မှာ ရွှေချောင်းတွေနဲ့ သိန်းပေါင်းသောင်းချီတဲ့ ငွေသားတွေ သိမ်းဆည်းရမိတယ်လို့ People Spring မီဒီယာက ဖော်ပြခဲ့ပါတယ်။ 

“အဲဒါက လူသိများတဲ့ အမှုတစ်ခုပါ။ စစ်ကိုင်းမှာ နောက်ထပ် လူမသိတဲ့ကိစ္စတွေ အများကြီး ရှိသေးတယ်။ အခြားမြို့တွေမှာလည်း ဖြစ်နေပါတယ်”လို့ မမေလင်းက ပြောပါတယ်။

အထူးသဖြင့် နောက်ဆက်တွဲဆိုးကျိုးကို ခံစားရတဲ့ဒေသတွေမှာ ရွှေတူးဖော်ရေးနှင့် ဆက်နွှယ်တဲ့ အဂတိလိုက်စားမှုတွေက တော်လှန်ရေးအစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်လို့ ဆက်ပြောပါ တယ်။ 

လောင်းပြည့်ကျွန်းမှာ ရွှေတူးဖော်တာတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ရတာက အဂတိလိုက်စားမှုတွေ ဖြစ်လာမှာ စိုးရိမ်တာကြောင့်လည်းပါတယ်လို့ ကိုဇော်ဦးက ပြောပါတယ်။ ရလာမယ့်  အခွန်ဝင်ငွေပမာဏနဲ့ အဲဒါကို ဘယ်လို အသုံးချမလဲဆိုတာကို ရှင်းပြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဒေသခံတွေက ၂၀၂၅ ခုနှစ် အောက်တိုဘာလက စလို့ တောင်းဆိုခဲ့ပေမဲ့ ယနေ့ထိ မသိရသေးပါဘူး။ 

“အခြား ရွှေတူးဖော်ရေးဒေသတွေက ရတဲ့အခွန်ဝင်ငွေတွေကို တော်လှန်ရေးအတွက် ထိထိရောက်ရောက် မသုံးခဲ့ကြပါဘူး။ လူအချို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် သုံးခဲ့တာပါ။ ဒါကြောင့် ဒေသခံတွေက ရွှေတူးဖော်ရေးကို လက်မခံကြတာပါ” လို့ သူက ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ရှိ ချင်းတွင်းမြစ်အတွင်း ရွှေပါဝင်သော သဲနှင့် နုန်းများကို စုပ်ယူနေသည့် ရွှေမျောဖောင်များ။ (Myanmar Resource Watch)

ပြည်သူ့မြေနှင့် ရေထုကို အဆိပ်ခတ်နေခြင်း

အသေးစားနဲ့အလတ်စား ရွှေတူးဖော်ရေးလုပ်ငန်းတွေဟာ စစ်ပွဲကြောင့် စီးပွားရေးတွေ ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသခံတချို့နဲ့ နေရပ်စွန့်ခွာရသူတွေအတွက်  အသက်မွေးဝမ်းကျောင်းဖို့  အကူညီပေးပေမဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးကလည်း သိသာထင်ရှားပါတယ်။    

ရွှေတူးတဲ့လုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင်အတွက် အကျိုးသက်ရောက်မှု များစွာရှိပါတယ်။ မြစ်ထဲကနေ သဲမြေတွေကို စုပ်ထုတ်မှုတွေ များပြားလာတဲ့အခါ ရေထုက မကြည်လင်တော့ဘဲ မြစ်ကမ်းနား တိုက်စားမှုလည်း ပိုများလာတယ်။ တစ်ခါတစ်လေမှာ မြစ်လမ်းကြောင်း ပြောင်းတာ၊ ပုံသဏ္ဍာန် ပြောင်းတာတွေ ဖြစ်စေပါတယ်။ အချို့ဒေသတွေမှာ ရွှေတူးတဲ့သူတွေက မြစ်လမ်းကြောင်းကို  လယ်မြေဘက်ကို လွှဲလိုက်တာမျိုး လုပ်လိုက်တာမို့လို့ အဲဒီလယ်တွေက စိုက်ပျိုးလို့ မရတော့တာမျိုး ဖြစ်သွားစေနိုင်ပါတယ်။ 

စစ်ပွဲတွေကြောင့် စီးပွားရေးထိခိုက်မှုတွေ များတာမို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းနဲ့  ဝင်ငွေဖန်တီးပေးတဲ့ ရွှေတူးဖော်ရေးလုပ်ငန်းကို လူအများစုက နှစ်သက်ပေမဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကိုင်တာ မဟုတ်လို့ သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိစေနိုင်တယ်လို့ ဟုမ္မလင်းဒေသခံ ကိုဝင်းဦးက ပြောပါတယ်။ 

“ဒီရွှေတွင်းတွေက ကျနော်တို့ရဲ့ မြစ်တွေ၊ လယ်မြေတွေ၊ ပတ်ဝန်းကျင်တွေကို ဖျက်ဆီးနေပါတယ်။… ပြဿနာက ဘယ်သူကမှလည်း ဒါကို စနစ်တကျ မစီမံ မခန့်ခွဲနိုင်ဘူး။ ဒါကို မြင်နေရတာ စိတ်မကောင်းပါဘူး”လို့ သူက ပြောပါတယ်။

ချင်းတွင်းမြစ်ရဲ့ အဓိက မြစ်လက်တက်ဖြစ်တဲ့ ဥရုမြစ်က ရေကြောင်းပြောင်းလဲတာနဲ့ သဲသောင်ဖြစ်လာတာတွေ ရှိလာပြီး ဒါက ရွှေတူးဖော်ရေးရဲ့အကျိုးဆက် ဖြစ်နိုင်တယ်လို့ ၂၀၂၂ ခုနှစ်က ထုတ်တဲ့ CAFT ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

“အခုဆို ဥရုမြစ်ကို မိုးတွင်းပဲ သုံးလို့ရတော့တယ်။ ရေကလည်း အမြဲနောက်ကျိနေတယ်”လို့ ကိုဝင်းဦးက ပြောပါတယ်။ 

ပြဒါးအသုံးပြုမှုကလည်း အရေးကြီးတဲ့ စိုးရိမ်စရာတစ်ခုဖြစ်ပါတယ်။ ပြဒါးကို စနစ်တကျ လုံလုံခြုံခြုံ ကိုင်တွယ် သုံးစွဲ စွန့်ပစ်တာမဟုတ်ဘဲ စွန့်ပစ်သဲမြေတွေနဲ့အတူ မြစ်ထဲ တိုက်ရိုက်စွန့်ပစ်လိုက်ကြပါတယ်။  

TikTok မှာ ရွှေမျော၊ ရွှေမှော် သို့ ဟုမ္မလင်းရွှေမှော် လို့ ဖရွန်တီးယားသတင်းထောက်က ရိုက်နှိပ် ရှာဖွေရာမှာ စစ်ကိုင်းနှင့် ကချင်က ရွှေလုပ်ငန်းလုပ်တဲ့သူတွေက လက်အိတ် ဒါမှမဟုတ် တခြား အကာအကွယ်ပစ္စည်းတွေ မပါဘဲ ပြဒါးကို သုံးနေတဲ့ ဗီဒီယိုတွေကို တွေ့ရှိရပါတယ်။ 

၂၀၂၂ ခုနစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံအချို့နဲ့ မြန်မာမှာ ရှိတဲ့ အသေးစားရွှေတူးဖော်ရေးလုပ်ငန်းများကို လေ့လာထားတဲ့ အစီရင်ခံစာတစ်ခုမှာ ရွှေတူးဖော်ရေးလုပ်ငန်းခွင်တွေရဲ့အနီးဝန်းကျင်မှာ ဘေးထွက်ဆိုးကျိုး အန္တရာယ်အများဆုံး ပေးနိုင်တဲ့ သတ္တု ၁၀ မျိုးထဲက တစ်မျိုးဖြစ်တဲ့  ပြဒါးပါဝင်မှု အလွန်မြင့်မားနေတယ်လို့ ဆိုပါတယ်။ 

လက်ယက်တွင်းငယ်တွေနဲ့ အလယ်အလတ်စားအရွယ် ရွှေတူးဖော်ရေးလုပ်ငန်းခွင်တွေရဲ့ အနီးဝန်းကျင်က မြေပြင်၊ လေထုအပါအဝင် သစ်ပင်တွေ၊ ငါးတွေနဲ့ လူ့ဆံပင်နမူနာတွေမှာတောင် ပြဒါးဓာတ်တွေကို တွေ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

“သူတို့က ပြဒါးကို ဒီတိုင်း ပစ်တာ။ လုပ်ငန်းတွေကရော အလုပ်သမားတွေကပါ ဆိုးကျိုးသက်ရောက်မှုကို မသိကြဘူး ဂရုမစိုက်ကြဘူး။ ရွှေကို စစ်ထုတ်ပြီး ကျန်တဲ့ မြေတွေနဲ့ပြဒါးကို မြစ်ထဲကို ပြန်စွန့်ပစ်တဲ့အခါ (စည်းကမ်းလိုက်နာမှုရှိမရှိ) ဘယ်သူမှ စောင့်ကြည့်နေတာ မဟုတ်ဘူး”လို့ မမေလင်းက ပြောပါတယ်။

NUG လက်အောက် သို့ အဆက်အနွှယ်အဖွဲ့တွေက ရွှေတူးဖော်ရေးလိုင်စင်ထုတ်ပေးမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်အပေါ်  သက်ရောက်မှုကိုပါ စဉ်းစားပြီး ကန့်သတ်ထိန်းချုပ်တဲ့စည်းမျဉ်းတွေ သတ်မှတ်သင့်တယ်လို့ ဆက်ပြောပါတယ်။  

“ဒီတူးဖော်မှုတွေက နိုင်ငံအခြေအနေ တည်ငြိမ်စဉ်ကာလ အာဏာမသိမ်းမီကတည်းက ရှိနေခဲ့တာပါ။ ယခု အခြေအနေက ပိုဆိုးနေပြီ။ ထိပ်ပိုင်းအာဏာရှိသူတွေက သေသေချာချာ စောင့်ကြပ်မထားဘူးဆိုရင် အခြေအနေ ပိုဆိုးသွားမယ်”လို့ မမေလင်းက ပြောပါတယ်။ 

နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနဲ့ အဂတိလိုက်စားမှုတွေအပြင် စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာမှာကိုလည်း စိုးရိမ်ကြတာမို့ လောင်းပြည့်ဒေသခံတွေက  ရွှေတူးဖော်ရေးကို ဆန့်ကျင်ရတာလို့ ဆိုပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေ သဘာဝသယံဇာတရင်းမြစ်တွေကနေ ဝင်ငွေ မရနိုင်အောင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လေ့ရှိပါတယ်။ မကွေးတိုင်းက လက်ယက်ရေနံတွင်းတွေ ဆိုရင်လည်း လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ကြုံရပါတယ်။ စစ်တပ်ထိန်းချုပ်မှုမရှိတဲ့ ဒေသတွေက  ရွှေတူးဖော်ရေးလုပ်ငန်းတွေ၊ အခွန်မပေးတဲ့နေရာတွေကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ မမေလင်းက ပြောပါတယ်။ 

စစ်တပ်ရော တော်လှန်ရေးအဖွဲ့ တွေရော နှစ်ဘက်လုံးက ဒီလိုလုပ်ငန်းတွေကနေ ကိုယ်တိုင် အကျိုးအမြတ်တွေ ခံစားချင်သလို အခြားတဖက် ဝင်ငွေရမှာကိုလည်း စိုးရိမ်ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဒီလို ရွှေတူးဖော်ရေးလုပ်ငန်းတွေရှိနေတာက ဒေသမှာ တိုက်ပွဲတွေကို ပိုပြင်းထန်စေတယ်လို့ ဒေသခံတွေက ရှုမြင်ကြပါတယ်။ 

လူမူကွန်ရက်မှာ စစ်တပ်ထောက်ခံသူတွေက ရွေတူးဖော်တဲ့နေရာကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ တင်ပြီး အရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာ ၂၂ ရက်နေ့မှာ လောင်းပြည့်ကျွန်းနားက ရွှေမျောတွေကို စစ်တပ်က  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနည်းဆုံး အလုပ်သမား လေးဦး သေဆုံးခဲ့ပါတယ်။ 

ဒီဖြစ်ရပ်က ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုကို သက်သေထူလိုက်သလိုပါပဲ။ ဒေသခံမီဒီယာတွေနဲ့  ရွှေတူးဖော်ရေးသမားတွေ ရိုက်ထားတဲ့  ဗီဒီယိုတွေအရ ဖောင်တစ်စင်း မီးလောင်ပြီး အခြားတစ်စင်း နစ်မြုပ်သွားတာကို တွေ့ရပါတယ်။ အချို့ဒေသခံတွေကတော့ နောက်ထပ် တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်တာကြောင့် နေရပ်က တိမ်းရှောင် ထွက်ပြေးနေကြပါတယ်။ 

“ကျနော်တို့ စိုးရိမ်ထားသလို ဖြစ်သွားတာပါပဲ။ ဒါကြောင့် ရွှေတူးတာတွေ မရှိစေချင်ခဲ့တာပါ။ ဒီရွှေတွင်းတွေဆိုတာ သတင်းဆိုးတွေပါပဲ။ ပကဖနဲ့ ပအဖ တွေ ငွေရှာနိုင်ပေမဲ့ တော်လှန်ရေး လှုပ်ရှားမှုအတွက် ဒါမှမဟုတ် ကျနော်တို့ရဲ့ ဒေသဖွံ့ဖြိုးတိုးတက်မှု အတွက်တော့ အကျိုးရှိမယ် မထင်ပါဘူး” လို့ လောင်းပြည့်ဒေသခံ ကိုဇော်ဦးက ပြောပါတယ်။ 

ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး သိပ်မကြာခင်မှာပဲ ရွှေတူးဖော်တာတွေ ပြန်လည် စတင်နေပါပြီ။ ဆူညံတဲ့ မီးစက်သံတွေက တဖြည်းဖြည်း ကျဉ်းမြောင်းလာတဲ့ လောင်းပြည့်ဒေသရဲ့ မြစ်လယ်သဲသောင်တွေပေါ်မှာ လွင့်ပျံ့နေဆဲပါ။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.