ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်တပ်ကို တိုက်ထုတ်ခဲ့ပြီးနောက် အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်အတွင်း ဆင်တစ်ကောင်ပေါ် တက်စီးနေသော ကလေးတစ်ဦးကို တွေ့ရစဉ်။ (ပေးပို့)

အာဏာရှင်တော်လှန်ရေး အကျိုးပြု နူးညံ့သိမ်မွေ့သော သတ္တဝါကြီးများ

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သောဆောင်းပါးဖြစ်ပြီး SOPA က ပေးအပ်သည့် အကောင်းဆုံး အနုပညာနှင့်ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးဆုကို ရရှိခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ့ဝန်ထမ်းများ သပိတ်မှောက်ရာတွင် ဆင်ထိန်းများသည် အလုပ်များက ထွက်ခွာခဲ့ပြီး ၎င်းတို့ ထိန်းကြောင်းပေးနေသော ဆင်အများအပြားကို စွန့်ပစ်ထားခဲ့ရသည်။ သို့သော် မြန်မာနိုင်ငံ၏ အကြီးဆုံး အမျိုးသားဥယျာဉ်တစ်ခုတွင်မူ စစ်အာဏာသိမ်းမှုတော်လှန်ရေးက ဆင်များနှင့် ၎င်းတို့ဆင်ထိန်းများကို ပြန်လည်ပေါင်းစည်းပေးစေခဲ့သည်။

ဖရွန်တီးယား

၂၀၂၁ ခုနှစ် မေလတွင် ကိုချိုသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်နေသည့် စစ်အုပ်စုနှင့် ဆက်နွှယ်လိုစိတ် မရှိတော့သဖြင့် နှစ် ၂၀ ကြာ လုပ်ကိုင်ခဲ့သော သစ်တောဦးစီးဌာန အလုပ်က ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အလုပ်က နုတ်ထွက်ရခြင်းကြောင့် သူ၏ မိသားစုဝင်တစ်ဦးကဲ့သို့ ချစ်ခင်ရသူကိုလည်း ချန်ထားခဲ့ရသည်။ 

အသက် ၄၂ နှစ်အရွယ် ကိုချိုနှင့် ဇနီးသည်တို့သည် အလောင်းတော်ကဿဖအမျိုးသားဥယျာဉ်ရှိ အစိုးရ ဝန်ထမ်း အိမ်ရာက ထွက်ခွာရန် ပစ္စည်းများထုပ်ပိုးနေစဉ် ခွဲခွာရမည့်အတွေးပေါ်ကာ ငိုကြွေးခဲ့ကြသည်။ 

“သူ့ကို ငါတို့နဲ့အတူ ခေါ်သွားလို့မရပါဘူး။ ငါတို့တောင် ဘယ်ကိုသွားရမလဲဆိုတာ မသိသေးဘူး” ဟု မိသားစုဝင် ၅ ဦးရှိသည့် ကိုချိုက သူ၏ မိသားစုဝင်များကို ပြောသည်။

ထွက်ခွာချိန်ရောက်သောအခါ ကိုချိုက သူချစ်မြတ်နိုးရသော နေတိုး၏ လည်ပင်းကို ဂရုတစိုက်ပွတ်သပ်ရင်း “မင်းကို ထားခဲ့ရတာ ငါ့နှလုံးသားကွဲကြေရတယ် သားရယ်” ဟု ငိုယို ပြောခဲ့သည်။ 

နာမည်ကျော် ရုပ်ရှင်မင်းသားအမည်ကို အစွဲပြု၍ နေတိုးဟု နာမည်ပေးထားသော ဆင်ကလေးကို ကိုချိုက မွေးဖွားချိန်မှစ၍ ၁၂ နှစ်လုံးလုံး ပြုစုစောင့်ရှောက်ခဲ့သူဖြစ်သည်။ ထိုအချိန်ကာလအတွင်း သူတို့နှစ်ဦးအကြား ခိုင်မာသော သံယောဇဉ်တစ်ခုရှိသော်လည်း အဝေးက မြို့ပြများတွင်ဆန္ဒပြသူများကို သတ်ဖြတ်နေသော  စစ်တပ်၏လုပ်ရပ်များက ကိုချိုအတွက် ဒီအလုပ်ကို ဆက်လုပ်ရန် မဖြစ်နိုင်တော့အောင် ဖန်တီးခဲ့သည်။ 

ထို့အပြင် နေတိုးသည် သူပိုင်ဆိုင်သော ဆင်မဟုတ်ပါ။ ထို ၃ မီတာ မြင့်သောဆင်ကို မွေးဖွားချိန်မှစ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဦးစီးဌာနက ပိုင်ဆိုင်သည်။ 

ကိုချိုနှင့် နေတိုးတို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီနှင့် မင်းကင်းမြို့နယ်တို့မှ နယ်မြေများအထိ ကျယ်ပြန့်ပြီး ၁,၄၀၂ စတုရန်းကီလိုမီတာရှိသည့် အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်၌ အတူတကွ အလုပ်လုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးအမျိုးသားဥယျာဉ်များထဲက တစ်ခုဖြစ်သည့် ၎င်းသည် နိုင်ငံ၏ အကြီးဆုံး ကျန်ရှိနေသေးသော သဘာဝသစ်တော ထိန်းသိမ်းရေးစီမံကိန်း တစ်ခုဖြစ်သည်။  

ထိုအမျိုးသားဥယျာဉ်နာမည်ကိုလည်း ဒဏ္ဍာရီလာ ရဟန္တာတစ်ပါးကို နာမည်ကိုအစွဲပြု၍ အမည်ပေးထားသည်။ 

ထိုရဟန္တာကို ဥယျာဉ်အတွင်းပိုင်းရှိ ဘုရားကျောင်းဆောင်၌ ဗုဒ္ဓဘာသာဝင်များက ရိုသေကိုးကွယ်ကြပြီး နှစ်စဉ် ဒီဇင်ဘာလမှ မေလအထိ ဘုရားဖူးရာသီအတွင်း ဆင်များနှင့် ဆင်ထိန်းများက ဘုရားဖူးဧည့်သည်များကို ပူဇော်ရာနေရာသို့ ပို့ဆောင်ပေးခဲ့ကြသည်။ 

ဆင်စီးခြင်းကို ဒေသအများအပြားတွင် ကျင့်ဝတ်နှင့် မညီသော ခရီးသွားလုပ်ငန်းပုံစံအဖြစ် မယူဆသော်လည်း ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းနှင့် တိရစ္ဆာန်အတွက် ကောင်းမွန်သော ရှင်သန်နေထိုင်မှုဆိုင်ရာ စိုးရိမ်မှုများကြောင့် အချို့သော ခရီးသွားကုမ္ပဏီများက ထိုဝန်ဆောင်မှုကို လက်ရှောင်ထားကြထားသော်လည်း မြန်မာနိုင်ငံတွင်မူ အလွန်ရေပန်းစားနေဆဲဖြစ်သည်။

ကိုချိုအတွက်မူ နေတိုး၏ သန်မာကြံ့ခိုင်မှုနှင့် ပါးနပ်ဉာဏ်ရည်ကို ဘုရားဖူးရာနေရာသို့ သွားရာလမ်းတစ်လျှောက် ၎င်း၏ကျောပေါ်ရှိ လှုပ်ရမ်းနေသော ထိုင်ခုံပေါ်တွင် လိုက်စီးနေသောဧည့်သည်များက မကြာခဏ အားကျလေ့ရှိခြင်းက သူ့အတွက် အလွန်ဂုဏ်ယူစရာဖြစ်သည်။ သို့သော် အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို သိရှိရပြီးနောက် သူမြတ်နိုးရာ အလုပ်ကို သူစွန့်လွှတ်ရတော့မည်ဟု ခံစားခဲ့ရသည်။ 

“သူတို့တွေ(စစ်တပ်) ဘယ်လောက်တောင် ဆိုးသွမ်းယုတ်မာလဲဆိုတာကို သိရတော့ ကျနော် ရွံမုန်းမိတယ်။ သူတို့အောက်မှာ ကျနော် ဆက်ပြီး အလုပ်မလုပ်နိုင်တော့ဘူး” ဟု သူက ဖရွန်တီးယားကို ပြောပြသည်။ 

အလုပ်က ထွက်ရခြင်း၏ နောက်အကြောင်းရင်းတစ်ခုမှာ လစာ မလုံလောက်မှုကြောင့် ဖြစ်သည်။ နှစ် ၂၀ ကြာ အလုပ်လုပ်ခဲ့သော ကိုချို၏ လစာသည် တစ်လလျှင် ကျပ် ၁၀၀,၀၀၀ ရရှိပြီး နေတိုး၏ အစာအတွက် နောက်ထပ် ကျပ် ၄၀,၀၀၀ သာရရှိသည်။ 

ကိုချိုသည် အစိုးရပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများက ဝန်ထမ်းများ အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့သော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် သူဌာက နုတ်ထွက်သည့်အခါ သူတစ်ယောက်တည်း မဟုတ်ပေ။ 

“ကျနော့ ဆုံးဖြတ်ချက် တစ်ခုတည်းဆိုရင် လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ CDM မှာ ပူးပေါင်းဖို့ ဆင်ထိန်းအားလုံး သဘောတူညီခဲ့ကြတယ်” ဟု သူက ပြန်ပြောပြသည်။ ထိုအမျိုးသားဥယျာဉ်တွင် ဆင်ထိန်း ၃၃ ဦးရှိကြောင်း ကိုချိုက ပြောသည်။ 

သူတို့အားလုံးသည် ဆင် ၃၃ ကောင် နှင့် နွားကလေးနှစ်ကောင် ထားခဲ့ရသောကြောင့် ဝမ်းနည်းပူဆွေးခဲ့ကြသည်ဟု ဆိုသည်။ 

ဆင်ထိန်းများနှင့် ၎င်းတို့၏ မိသားစုများသည် CDM တွင် မပါဝင်မီ ဥယျာဉ်အတွင်းရှိ အစိုးရက ပေးထားသော အိမ်ရာများတွင် နေထိုင်ခဲ့ကြသည်။ ဆင်ထိန်းအချို့သည် ၎င်းတို့၏ ဇာတိမြို့များသို့ ပြန်သွားကြပြီး အချို့မှာ ဥယျာဉ်အပြင်ဘက်ရှိ ကျေးရွာများသို့ ပြောင်းရွှေ့ခဲ့ကြသည်။ 

အမေရိကန်အခြေစိုက်အဖွဲ့ Global Conservation ၏ အဆိုအရ ဆင်ထိန်းများ ထွက်ခွာပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် ဇွန်လတွင် အလောင်းတော်ကဿဖ ပိတ်သွားခဲ့ရပြီး အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်း ၆ ဦးခန့်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။  

အမျိုးသားဥယျာဉ်အတွင်းက ကိုချို၏အိမ်။ (ပေးပို့)

လက်နက်ကိုင်တော်လှန်ရေးစတင်ခြင်း

ကိုချိုနှင့် သူ၏ မိသားစုသည် ဥယျာဉ်က ထွက်ခွာပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့စဉ် သူ့၏ဘဝသည် သိသိသာသာ ပြောင်းလဲသွားရသည်။ ထိုမြို့နယ်သည် သူ အလုပ်လုပ်ကိုင်ခဲ့သော အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်ရှိရာ ကနီမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။  

သူသည် သူ၏ ဂုဏ်ထူးဆောင်အမည်ကို စစ်သား သို့မဟုတ် ရဲရင့်သူဟု အဓိပ္ပာယ်ရသည့် ဗိုလ် ဟု ပြောင်းလဲကာ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ထိုလက်နက်ကိုင်အဖွဲ့သည် ဘုန်းကြီးမှ လူထွက်ပြီး ခုခံတော်လှန်ရေးတွင် ပါဝင်လာသော ဆရာတော်ဟောင်း ဗိုလ်သံမဏိက ဦးဆောင်သည်။ ထိုအဖွဲ့သည် ယခုနှစ် မတ်လတွင် ဓားပြတိုက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် လူသတ်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲချက်များကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။ 

ယခုအခါ သူသည် ဗိုလ်ချိုအဖြစ် PDF အမှတ် ၁ တပ်ရင်း၏ တိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်နေသည်။ အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်က ဆင်ထိန်းများစွာသည်လည်း သူ့လိုပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တပ်ဖွဲ့ဝင်များ ဖြစ်လာခဲ့ကြသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ခုခံတော်လှန်ရေးအဖွဲ့များ၏ အင်အားကြီးထွားလာမှုကြောင့် ပြီးခဲ့သည့်နှစ် သြဂုတ်လကတည်းက တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင်များက ရွာသူရွာသားများကို သတ်ဖြတ်ခြင်းနှင့် ၎င်းတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစသည့် ရက်စက်ကြမ်းကြုတ်သော လက်တုံ့ပြန်မှုများ ပြုလုပ်ခဲ့သည်။ 

အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်တွင် ကျန်ရှိနေခဲ့သော ဝန်ထမ်းအနည်းငယ်ကလည်း သြဂုတ်လတွင် အလုပ်က ထွက်ခွာသွားခဲ့ကြ၍ ထိုနေရာကို စစ်တပ်က အခြေစိုက်စခန်းတစ်ခု ပြောင်းလဲလိုက်သည်။

ဆင်ထိန်းများ CDM တွင် ပါဝင်သွားပြီးနောက် ၎င်းတို့၏ ဆင် ၃၅ ကောင်ကို ဥယျာဉ်အတွင်း လှည့်လည် သွားလာ ခွင့်ပြုထားခဲ့သည်။ အချို့မှာ ဥယျာဉ်၏ ထူထပ်သော သစ်တောအတွင်းပိုင်းရှိ  တောဆင်ရိုင်းအုပ်များနှင့် ပူးပေါင်းခဲ့ကြသော်လည်း အချို့မှာမူ ဆင်ထိန်းများနေထိုင်ခဲ့စဉ်က နေရာများနှင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြပြီး ၎င်းတို့ဆီ လျှို့ဝှက်လာရောက်လည်ပတ်သော ၎င်းတို့၏ ထိန်းကျောင်းသူများက အစာများကျွေးမွေးကြသည်။ 

အချိန်အခါရတိုင်း ဗိုလ်ချိုသည် နေတိုးနှင့် ပြန်လည်ဆုံစည်းရန်နှင့် ၎င်း၏ ကျန်းမာရေးကို စစ်ဆေးပေးရန် အစားများယူဆောင်ကာ ဥယျာဉ်အတွင်းသို့ အသက်စွန့်၍ ပြန်လာလေ့ရှိသည်။ ဆင်များကို ကူးစက်မြန်ပြီး အသက်သေဆုံးနိုင်သည့် ရောဂါဖြစ်သည့် သန်းရောဂါ အပါအဝင် ရောဂါမှန်သမျှကို ပုံမှန်ကာကွယ် ဆေးထိုးပေးရန် လိုအပ်သည်။ 

“အာဏာသိမ်းစစ်သားတွေ ကင်းလှည့်နေတုန်း ကျနော့ကို မြင်ရင် ပစ်သတ်ခံရနိုင်တယ်ဆိုတာ သိပေမဲ့ နေတိုးရဲ့ ကျန်းမာရေးနဲ့ နေထိုင်ကောင်းမွန်မှုရှိမရှိကို စစ်ဆေးဖို့ ဥယျာဉ်ထဲကို ကျနော် ပုံမှန်ခိုးဝင်ခဲ့ရတယ်” ဟု သူက ပြောသည်။  

စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ အင်အားကြီးလာသည်နှင့်အမျှ မကြာမီတွင် ၎င်းတို့သည် ပူးပေါင်းတိုက်ခိုက်မှုများကို စတင်ခဲ့သည်။ ထိုတိုက်ခိုက်မှုများက စစ်တပ်ကို အမျိုးသားဥယျာဉ်အတွင်းရှိ တောင်ကုန်းစခန်းတစ်ခု အပါအဝင် နယ်မြေအများအပြားမှ ဆုတ်ခွာရန် တွန်းအားပေးနိုင်ခဲ့သည်။ 

ယခုအခါ အလောင်းတော်ကဿဖသည် တော်လှန်ရေးအဖွဲ့ ၏ အပြည့်အ၀ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားသည်။ 

“ကျနော်တို့ PDF ခေါင်းဆောင်က ဆင်တွေကို စောင့်ရှောက်ဖို့ ခွင့်ပြုချက်ပေးခဲ့တယ်” ဟု ဗိုလ်ချိုက ပြောပြသည်။ 

ဥယျာဉ်အတွင်း  PDF တပ်ဖွဲ့များက အခြေစိုက်စခန်းများ တည်ဆောက်လိုက်သည့်အချိန်မှစပြီး ဆင် ၃၅ ကောင်လုံးကို လုံခြုံရေးစိတ်ချရသော ဥယျာဉ်၏ အတွင်းပိုင်းနေရာများသို့ စုစည်း၍ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် တောဆင်ရိုင်းအုပ်များနှင့် ပူးပေါင်းခဲ့သော ဆင်အချို့ကိုလည်း ပြန်ဖမ်းမိပြီး ခေါ်လာနိုင်ခဲ့သည်။  

အမျိုးသားဥယျာဉ်အတွင်းက ဆင်ပေါက်လေးတစ်ကောင်။ (ပေးပို့)

ခေတ်သစ်လုပ်ငန်းများရှိ ရှေးဟောင်းသတ္တဝါများ

ရာစုနှစ်များစွာကြာအောင် ဆင်များကို မြန်မာ့လူမှုပတ်ဝန်းကျင်တွင် အဓိကအားဖြင့် သစ်ထုတ်လုပ်ရေးလုပ်ငန်းတွင်သာမက ဘာသာရေးနှင့် ပွဲအခမ်းအနားများ၊ ခရီးသွားလုပ်ငန်းများတွင်လည်း အသုံးပြုခဲ့ကြသည်။  

စီးပွားဖြစ်နှင့် လူထုလှုပ်ရှားမှုများတွင် ထိုတိရစ္ဆာန်များကို အသုံးပြုခြင်းကို ရပ်တန့်ကြရန် နိုင်ငံတကာတွင် ဖိအားပေးမှုများရှိသော်လည်း မြန်မာနိုင်ငံတွင်မူ ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။ 

သစ်တောဦးစီးဌာန၏ ၂၀၁၈ ခုနှစ် ခန့်မှန်းထားချက်အရ မြန်မာနိုင်ငံတွင် အလုပ်လုပ်နေဆဲ ဆင် ၄,၅၀၀ ခန့်ရှိသည်။  တောဆင်ရိုင်းအကောင်ရေသည် ပြီးခဲ့သည့်နှစ် ၅၀ အတွင်းကထက် တစ်ဝက်ကျော် လျော့နည်းသွားပြီး ၁၉၇၀ ခုနှစ်တွင် ဆင် ၆,၀၀၀ ခန့်ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၃,၀၀၀ အောက်သာ ကျန်ရှိတော့သည်ဟုဆိုသည်။ 

အချို့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ဆင်များကို တစ်ကောင်ချင်းစီ လှောင်အိမ်ဖြင့် ထားခြင်း သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များအဖြစ် ထားရှိကြခြင်းမှ  သဘာ၀အတိုင်း တောထဲသို့ ပြန်လည်ရောက်ရှိ စေရန် ကြိုးပမ်းခဲ့ကြသည်။ ၂၀၁၉ ခုနှစ်တွင် လာအိုနိုင်ငံတွင် အကြီးမားဆုံး ကြိုးပမ်းအားထုတ်မှုတစ်ခုအဖြစ်မှ Elephant Conservation Center က ဆင် ၅ ကောင်ကို Nam Pouy National Protected Area သို့  ပြန်လည် တောဝင်စေခဲ့သည်။

ပြန်လည်တောဝင်စေခြင်းသည် လေ့ကျင့်ထားသော ကျွမ်းကျင်သူများ၏ ကြီးကြပ်မှုအောက်တွင် တိရစ္ဆာန်များကို အချိန်ကြာမြင့်စွာ တဖြည်းဖြည်း အခြေအနေ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ခြင်းဖြစ်ပြီး အချိန်ကြာ စောင့်ကြည့်လေ့လာရန် လိုအပ်သည့် ကြာရှည်သော လုပ်ငန်းစဉ်ဖြစ်သည်။ 

အိမ်မွေးဆင်များသည် တောအတွင်း သဘာ၀အတိုင်း ရှင်သန်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် အကာအကွယ်ပေးမည့် လမ်းညွှန်ပေးချက်များ ပံ့ပိုးမှုမရှိပါက တောထဲတွင် ရှင်သန်နိုင်ချေ အကန့်အသတ်ရှိသည်။

အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်ရှိ ဆင် ၃၅ ကောင်သည် ယခုအခါ ၎င်းတို့၏ ယခင်ထိန်းကျောင်းသူများနှင့် ပြန်လည်ပေါင်းစည်းကြပြီဖြစ်သည်။ လူနှင့်ဆင်တို့၏ ဆက်ဆံရေးကို ဆင်များကို ပြုစုပျိုးထောင်ပြီး အလုပ်လုပ်သည့် ဆင်ထိန်းများက ပိုင်ဆိုင်မှုအဖြစ် မဟုတ်ဘဲ မိတ်ဖက်အဖြစ် ရှုမြင်ကြပြီး ဗိုလ်ချိုသည် ၎င်း၏ထိန်းချုပ်မှုအောက်တွင် ဆင်များသည် ကောင်းမွန်သော နေထိုင်မှုရှိနေကြောင်း ခံစားရသည်။ 

အာဏာမသိမ်းမီက အလောင်းတော်ကဿဖတွင် ဆင်များနှင့် ၎င်းတို့၏ ဆင်ထိန်းများသည် ၅ လကြာသော ခရီးသွားရာသီအတွက် တစ်ပတ်လျှင် ၅ ရက် အလုပ်လုပ်ခဲ့ရသည်။ အချို့အချိန်များတွင် ဧည့်သည်အရေအတွက် အလွန်များပြားသဖြင့် ဥယျာဉ်သည် မြန်မာ့သစ်လုပ်ငန်းမှ သစ်ဆွဲဆင်များကို ငှားရမ်းခဲ့ရပြီး အလုပ်အများဆုံးလများတွင် ဆင် ၇၀ အထိ နှစ်ဆ တိုးလာခဲ့သည်။ 

ဗိုလ်ချိုကဲ့သို့သော ဆင်ထိန်းများသည် ထိုကဲ့သို့ ဆင်များကို အတင်းအကျပ် အလုပ်စေခိုင်းနေမှုကို မကျေနပ်ကြပေ။ 

“အရင်က သစ်တောဦးစီးဌာနက ကျနော်တို့ကို သူတို့ပိုင်တဲ့ ကျွန်တွေလို သဘောထားဆက်ဆံခဲ့တာ။ အခုဆို ကျနော်နဲ့ နေတိုးက ကောင်းမွန်တဲ့လွတ်လပ်မှုကြီးရတယ်လို့ ခံစားရတယ်” ဟု သူက အခိုင်အမာ ပြောကြားပြီးနောက် “ဆင်တွေကို ဘယ်သူမှ မပိုင်ဘူး။ ဘယ်သူမှ မပိုင်ဘူးကွ” ဟု ထပ်လောင်းပြောသည်။ 

ဒေသခံရွာတစ်ရွာမှ ဒေသခံများသည် ဆင်များကို ကျွေးမွေးစောင့်ရှောက်ရန်အတွက် ရန်ပုံငွေများ ပံ့ပိုးပေးလျက်ရှိသလို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကတစ်ဆင့်လည်း အလှူရှင်များလည်းရှိသည်။ ဗိုလ်ချိုက “ဆင်တွေက အခုဆိုရင် PDF နဲ့ ဒေသခံရွာသားတွေကို ကူညီပေးနေပြီ” ဟု ဆိုသည်။ 

မြန်မာစစ်တပ်၏ စစ်သားများက မီးရှို့ဖျက်ဆီးခဲ့သော ဒေသခံများ၏ အိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် နေတိုးနှင့် အခြားဆင်များကို လိုအပ်သောသစ်များ သယ်ယူခြင်း အပါအဝင် သယ်ယူပို့ဆောင်ရေးအတွက်ပါ အသုံးပြုနေကြသည်။ 

PDF ခေါင်းဆောင် ဗိုလ်သံမဏိက အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်ရှိ တိရစ္ဆာန်များနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ဦးစားပေးလုပ်ငန်းအဖြစ် ကြေညာထားပြီး ၎င်းဦးဆောင်သော PDF တပ်ဖွဲ့များက တရားမဝင် သစ်ထုတ်ယူခြင်းနှင့် အမဲလိုက်ခြင်းများလုပ်ဆောင်သော လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းကာ ထိုသူတို့၏ စက်ပစ္စည်းများကို ဖျက်ဆီးခဲ့သည်။ 

မွန်ပြည်နယ် တစ်နေရာတွင် ဆင်စွယ်နှင့် အရေခွံကဲ့သို့သော တောရိုင်းတိရစ္ဆာန်များ၏ အစိတ်အပိုင်းများ ရောင်းနေသည်ကို ၂၀၁၇ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

အာဏာသိမ်းပြီးနောက်ပိုင်း အကာအကွယ်မဲ့လာခြင်း

အမျိုးသားဥယျာဉ်ရှိ ဆင်များသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ အခြားဆင်များထက် ကွဲပြားနေသည့် ကံကြမ္မာတစ်ခု ရှိနေသည်။ ဆင် ၃၅ ကောင်သည် ၎င်းတို့၏ ဆင်ထိန်းများနှင့် ပြန်လည်ဆုံစည်းခြင်းက ၎င်းတို့ကို ပြုစုစောင့်ရှောက်မှု ရရှိစေသော်လည်း နိုင်ငံ၏ အခြားဒေသများတွင်မူ ထိုသို့မပြောနိုင်ပေ။

အိမ်မွေးဆင်ယဉ်များကို နိုင်ငံပိုင် သစ်တောဦးစီးဌာန သို့မဟုတ် မြန်မာ့သစ်လုပ်ငန်း သို့မဟုတ် ပုဂ္ဂလိက ကုမ္ပဏီများက ပိုင်ဆိုင်ကြသည်။ အာဏာသိမ်းပြီးနောက် အချို့သော ပိုင်ရှင်များသည် အလုပ်မလုပ်နိုင်တော့သဖြင့် ဆင်များ အတွက် အစာဝယ်ရန်ပင် ငွေကြေးမရှိကြတော့ပေ။ အချို့မှာလည်း ထိုကြီးမားသော သတ္တဝါများအတွက် သက်သောင့်သက်သာ လှုပ်ရှားသွားလာရန် လိုအပ်သော နေရာလွတ် မဖန်တီးနိုင်တော့ပေ။  

ထို့နောက် အိမ်မွေးဆင်များစွာကို အစာကျွေးရန်အတွက် တောများအတွင်းသို့ လှည့်လည်သွားလာခွင့် ပေးထားခြင်းကလည်း ဆင်မုဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံရနိုင်ခြေရှိခဲ့သည်။ 

အထူးသဖြင့် ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးများရှိ ဆင်များသည် ပိုင်ရှင်များက လွတ်လပ်စွာ လှည့်လည် သွားလာခွင့် ပြုထားသောကြောင့် အမြဲတစေ ဆင်မုဆိုးများ၏ အန္တရာယ်ရှိနေကြောင်း CDM တွင် ပါဝင်ခဲ့သူ သစ်တောဦးစီးဌာနမှ အကြီးတန်းအရာရှိဟောင်းတစ်ဦးက ဖရွန်တီးယားကို ပြောသည်။ သူသည် လက်ရှိအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနတွင် လုပ်ကိုင်နေလျက်ရှိသည်။ 

အာဏာသိမ်းပြီးနောက်ပိုင်း ဆင်များအတွက် အန္တရာယ်က ပိုမိုကြီးမားလာသည်ဟု သူက ဆက်ပြောသည်။  

“အုပ်ချုပ်ရေးစနစ် ပြိုလဲမှုက တိရစ္ဆာန်တွေအတွက် အန္တရာယ်ကို ပိုဆိုးစေတယ်” ဟု သူက ဖရွန်တီးယားကို အီးမေးလ်ဖြင့် ပြန်ဖြေကြားရာတွင် ပြောသည်။ 

အစိုးရ၏ ကြီးကြပ်မှု ပြိုလဲသွားခြင်းကြောင့် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်ရှိ သစ်တောဦးစီးဌာနတွင် ဝန်ထမ်း အလုံအလောက် မရှိတော့ဘဲ ကျန်ရှိနေသူများကလည်း ဆင်နှင့် အခြားတိရစ္ဆာန်များကို အကာအကွယ်ပေးရန် အမျိုးသားဥယျာဉ်နှင့် သားငှက်ထိန်းသိမ်းရေး နယ်မြေများတွင် မနေရဲကြပေ။ 

“သူတို့ရဲ့ လုံခြုံရေးကို အာမခံနိုင်စွမ်းမရှိတဲ့အတွက် ဘယ်သူမှ တောထဲကို မသွားချင်ကြတော့ဘူး။ ဒီလိုဖြစ်နေတာ ၂ နှစ်နီးပါးရှိပြီ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလေးက ပြောသည်။ 

ဦးထွန်းလေးသည် တောဆင်ရိုင်းများကို ကာကွယ်ရန် သူ၏ ကြိုးပမ်းမှုများအတွက် နိုင်ငံတကာနှင့် ပြည်တွင်းမှ အသိအမှတ်ပြုမှုများနှင့် ဆုတံဆိပ်များ ရရှိထားသူဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးတွင် အောင်မြင်မှုရခဲ့သော ခက်ခက်ခဲခဲကြိုးပမ်းခဲ့သည့်အရာများသည် ယခုအခါ ပျက်စီးသွားမည် ကို သူက စိုးရိမ်သည်။

မြန်မာနိုင်ငံရှိ တိရစ္ဆာန်ထိန်းသိမ်းရေးလှုပ်ရှားမှုများသည် လုံးဝရပ်တန့်သွားနိုင်ပြီး တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို ရယူရန် ပိုမိုခက်ခဲလာမည်ဟု ဦးထွန်းလေးက ဆက်ပြောသည်။ 

သြဂုတ်လတွင် Ayeyarwaddy Times သတင်းဌာနက ပုဂ္ဂလိကဆင်ပိုင်ရှင်များအသင်းက အဖွဲ့ဝင်များ၏ ပြောဆိုချက်ကို ကိုးကား၍ တရုတ်ပွဲစားများက ၎င်းတို့ထံမှ ဆင်များဝယ်ယူရန် ချဉ်းကပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ NUG ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကလည်း အလားတူအချက်အလက်များကို လက်ခံရရှိထားကြောင်း ဖရွန်တီးယားသို့ ပြောသည်။  

ကချင်ပြည်နယ်က ပုဂ္ဂလိကဆင်ပိုင်ရှင်တစ်ဦးကလည်း တရုတ်ပွဲစားများက ၎င်း၏ဆင်အချို့ကို ဝယ်ယူရန် ကျပ်သိန်း ၁၄၀ အထိ ကမ်းလှမ်းခဲ့ကြောင်း ဖရွန်တီးယားကို ပြောသည်။ အဆိုပါ ပွဲစားက ပိုင်ရှင်က အရောင်းအဝယ်ကို သဘောတူပါက နယ်စပ်ဖြတ်ကျော်မှုကို စီစဉ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ တရုတ်ပွဲစားက ဆင်ငယ်များ သို့မဟုတ် တိရစ္ဆာန်အစိတ်အပိုင်းများထက် အသက်ရှင်နေသော ဆင်အိုများကို အထူးဝယ်လိုသည်ဟု ဆိုသည်။ 

“သူတို့က အရေခွံနဲ့ တခြားထွက်ကုန်တွေအတွက် ဆင်တွေကို သတ်ပစ်လိမ့်မယ်။ ဒါကြောင့် သူတို့က ဆင်အိုတွေကို ပိုကြိုက်ကြတာလို့ ကျနော် ထင်တယ်။..ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဆင်တွေကို တရုတ်ကို ရောင်းလိုက်ရင် အဲဒီဆင်တွေ အသက်ရှည်ရှည်နေရမယ်လို့ မမျှော်လင့်ထားဘူး” ဟု သူက ဆက်ပြောသည်။ 

အဆိုပါပိုင်ရှင်က သူ၏ ဆင်များကို ရောင်းချရန် ငြင်းဆိုခဲ့သည်။  

ပဲခူးတိုင်းဒေသကြီးက ဆင်ပိုင်ရှင် မနော်ဘွေးက အခြားပိုင်ရှင်အချို့မှာ စိတ်ဓာတ်ကျနေကြပြီး တရုတ်ပွဲစားများထံ ဆင်များရောင်းချလိုကြသည်ဟု ပြောသည်။ 

“အခုချိန်မှာ ဆင်တစ်ကောင်ကို ထိန်းသိမ်းစရိတ်ကို ပိုင်ရှင်တစ်ယောက်ပဲ နားလည်တယ်။ အလုပ်မရှိတာ ၂ နှစ်နီးပါးရှိပြီ။ ကျမတို့ ဆင်တွေကို အစာမကျွေးနိုင်တဲ့အခါ တောထဲမှာ လှည့်လည်ခွင့်ပေးလိုက်ရတယ်။ အဲဒီအခါမှာ မုဆိုးတွေရဲ့ အန္တရာယ်က ရှိတယ်။ ဒါကြောင့် ကျမတို့ မကြည့်ရှုနိုင်တော့ရင် ရောင်းချင်ကြတာ” လို့ သူက ဆိုသည်။

အသက်ရှင်နေသော ဆင်များကို တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်ဖောက်ကားခြင်းသည် တရားမဝင်သလို တိရစ္ဆာန်များအတွက်လည်း ကြီးမားသော ခြိမ်းခြောက်မှုဖြစ်စေသည်။ အာရှဆင်များသည် တရုတ်နှင့် မြန်မာနိုင်ငံရှိ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးဥပဒေများအရ ကာကွယ်ထားသော မျိုးစိတ်များ ဖြစ်သည်။ 

သို့သော်လည်း တရုတ်နိုင်ငံတွင် ဆင်များ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အလွန်ဝယ်လိုအားရှိနေပြီး  တရားဥပဒေစိုးမိုးမှု လုံးဝနီးပါး မရှိခြင်းကြောင့် နယ်စပ်တလျှောက် တောရိုင်းတိရစ္ဆာန်နှင့် တိရစ္ဆာန်အစိတ်အပိုင်းများ တရားမဝင် လျှို့ဝှက်ကုန်သွယ်မှုသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။ 

တစ်ချိန်တည်းမှာပင် ဗိုလ်ချိုနှင့် သူ၏ မိသားစုသည် ဥယျာဉ်သို့ ပြန်လည်ရောက်ရှိပြီး နေတိုးနှင့် ပြန်လည် ဆုံစည်းရသည့်အတွက် ပျော်ရွှင်နေကြသည်။ ဗိုလ်ချိုသည် ဆင်များကို ထပ်မံမဆုံးရှုံးစေရန် စိတ်ပိုင်းဖြတ်ထားသည်။ 

“မြန်မာပြည်မှာ စကားပုံတစ်ခုရှိတယ်။ ဆင်တစ်ကောင်သေရင် ရှင်ဘုရင် ၃ ပါး သေတာနဲ့ ညီတယ်။.. ရှင်ဘုရင် ၃ ပါးသေတာ ဒါမှမဟုတ် မင်းအောင်လှိုင် သုံးခါသေတာကိုပဲ ပိုလိုချင်တယ်။ ဒါပေမဲ့ ဆင်တစ်ကောင်မှကို မသေစေချင်ဘူး” ဟု သူက ပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.