‘ရွာဓလေ့’ ခေါင်းစဥ်အောက်က ခွဲခြားခံ အမျိုးသမီးများ

မြန်မာပြည် အညာမြေမှ အမျိုးသမီးတွေဟာ မငြိမ်သက်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် တစ်နယ်တစ်ကျေးကို ကူးလူးသွားလာဖို့ မတတ်နိုင်ဘဲ ကိုယ့်ရပ်ရွာက လုပ်ငန်းခွင်တွေမှာပဲ ရရာအလုပ်ကို လုပ်ကိုင်နေကြရပါတယ်။​ဒီလို အခြေအနေတွေမှာ အမျိုးသားတွေထက် နည်းပါးတဲ့ လုပ်ခလစာကိုသာ ရရှိပြီး သူတို့အနေနဲ့ မိသားစုကို ပံ့ပိုးနိုင်ဖို့ ရုန်းကန်နေကြရပါတယ်။

ဖရွန်တီးယား

ဇူလိုင်လ ရက်တစ်ရက်ရဲ့ မနက်ဝေလီဝေလင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ချောင်းဦးရွာမှာ အမျိုးသမီးတစ်အုပ် စုဝေးနေကြပါတယ်။ အချို့က အရုဏ်မတက်မီ မှောင်မှောင်မည်းမည်းထဲ သွားလာရတာမို့ လက်နှိပ်ဓာတ်မီးတွေ ကိုင်ရင်း၊ အချို့ကတော့ မျိုးစပါးပျိုးစည်းတွေ တစ်ပွေ့တစ်ပိုက် သယ်ဆောင်ရင်း လယ်ကွင်းတွေ ရှိရာဆီ သူတို့ ဦးတည်သွားနေကြပါတယ်။

ရွံ့နွံထူတဲ့ လယ်ကွင်းအစပ် တစ်နည်း သူတို့ရဲ့ လုပ်ငန်းခွင်နေရာကို အရောက်မှာတော့ သူတို့ ထမီကို ဒူးထိအောင် ခပ်တိုတို ပြင်ဝတ်ကြတာ တွေ့ရပါတယ်။ ဒီလိုနဲ့ တစ်နေ့တာ လုပ်ငန်းခွင်ကို  စကားတွေ ဖောင်ဖောင်ပြောရင်း စကြပါတယ်။ ရယ်ကြမောကြ ဟာသတွေ အပြန်အလှန်ပြောကြနဲ့ သူတို့ရဲ့ ကောက်စိုက်အလုပ်ကို လုပ်ကိုင်နေပါတယ်။

ဒီမြင်ကွင်းက ကျေးလက်ဒေသရဲ့ အေးချမ်းတဲ့ သဘောကို ပေးစွမ်းပါတယ်။ သို့သော်လည်း သူတို့ရဲ့ စကားလုံးတွေ ရယ်သံတွေ နေ့တဓူဝ ရှင်သန်မှုတွေကြားမှာ သူတို့ရဲ့ စိုးရိမ်စိတ်တွေ၊ ကြောက်စိတ်တွေက ဘာတွေပါလဲ။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာမသိမ်းခင်အချိန်အထိ မြန်မာပြည်အလယ်ပိုင်းဆိုတာ ပြည်တွင်းစစ်ကို ကြီးကြီးမားမား ကြုံတွေ့ဖူးတဲ့ ဒေသ တစ်ခု မဟုတ်ခဲ့ပါဘူး။ စစ်ဆိုတာ နယ်စပ်ဒေသ တွေမှာပဲ ဆယ်စုနှစ်များစွာ ကြာအောင် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေလို့သာ သူတို့ သိထားခဲ့ကြတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့ပါတယ်။

ဒီလို အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသူ လူငယ်များနဲ့ ပြည်သူများဟာ လက်နက်ကိုင်တော်လှန်ရေးတပ်သားတွေ အဖြစ်တစ်မျိုး၊ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ခံသူများအဖြစ် တစ်ဖုံ အသွင်ကူးပြောင်း သွားခဲ့ပါတယ်။ အဲဒီအခါ ပြည်သူ အာဏာကို လက်နက်အင်အားသုံး ရယူထားသူတွေဟာ အရပ်သားတွေကို မြေလှန် မီးရှို့ ၊ ဖြတ်လေးဖြတ် စနစ်တွေကို ကျင့်သုံးပြီး နှိမ်နှင်းဖို့ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ပြည်တွင်းစစ်မီးဟာ တိုင်းပြည်ရဲ့ပြည်တွင်းစစ်များ ကာလရှည်ကြာကင်းဝေးခဲ့ရာဒေသ ဆိုရမယ့် “အညာ”ဒေသ (သို့မဟုတ်) အလယ်ပိုင်း မိုးခေါင်ဒေသဆီ ကူးစက်ရောက်ရှိလာခဲ့ပါပြီ။ အမျိုးသား ဝါဒီတွေ ကြီးစိုးနေတဲ့ မြန်မာလူမှုအဖွဲ့အစည်းထဲက အမျိုးသမီးတွေအဖို့ ပြည်တွင်းစစ်တွင်း နေထိုင်ရခြင်းဆိုတာ သူတို့အတွက် နောက်ထပ် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။

အာဏာမသိမ်းခင်က မြန်မာပြည်အလယ်ပိုင်းမှာနေတဲ့ အမျိုးသမီးတွေဟာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိခဲ့သလို အလုပ်အကိုင်အခွင့်အလမ်းများ ရှိခဲ့ကြပါတယ်။ အခုအခါမှာတော့ သူတို့အတွက် အခွင့်အလမ်းတွေ ရှားပါးလာသလို လုံခြုံရေးအခြေအနေကြောင့် သွားခွင့်လာခွင့်တွေ ကျဉ်းကြပ်လာပြီး သူတို့ ရွာတွေကနေ မထွက်ခွာနိုင်တဲ့ ဘဝကို ရောက်လာကြတယ်။

“အခုကျတော့ ဘယ်မှလည်း မထွက်ရဘူး” လို့ အသက် ၄၉ နှစ်အရွယ် ဒီပဲယင်းနယ်အတွင်း နေထိုင်သူ လယ်အလုပ်သမ ဒေါ်မရွှေက ပြောတယ်။ သူ့အမျိုးသားဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ကွယ်လွန်သွားခဲ့ပြီးနောက်မှာ သမီး၂ ယောက်အနက် သမီးအငယ်နဲ့ အတူတူ နေထိုင်နေတာပါ။

“ကိုယ့်ရှိတဲ့ ရွာထဲရှိတဲ့ အလုပ်လေးတင် ရှိတဲ့အခါ လုပ်လိုက် မရှိတဲ့အခါ ငုတ်တုတ်ထိုင်နေလိုက် အဲဒီလို နေရတာ။ အပြင်ထွက်လုပ်မို့ ဆိုတာလဲ လွယ်မှမလွယ်တာ လမ်းခရီးသွားတာကြောက်တာနဲ့” လို့ ဒေါ်မရွှေက ပြောပါတယ်။

ဒီလို ဒုက္ခတွေရှိနေပေမဲ့ ဇူလိုင်လ ကောက်စိုက်ရာသီတို့၊ စက်တင်ဘာလ ပဲနုတ်ရာသီတို့ ရောက်လာရင် အလုပ်လုပ်ခွင့်ရသမို့ ဒေါ်မရွေတစ်ယောက် ပျော်နေတာပါပဲ။

အညာဒေသရဲ့ အခြားနယ်မြေတွေလိုပဲ ဒီပဲယင်းဆိုတာ တိုက်ပွဲဖြစ်နေတဲ့ နယ်မြေတစ်ခုပါ။ ဒီပဲယင်းမြို့နယ်အတွင်း ဒေသအများစုကို တော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားပြီး မြို့ပေါ်နေရာများကိုတော့ စစ်ကော်မရှင်ဘက်က ထိန်းချုပ်ထားပါတယ်။ ဒီအခြေအနေတွေအောက်မှာ ယောကျ်ားတွေက တခြားဒေသတွေဆီ အလုပ်ထွက်လုပ်ဖို့ ပြင်နေချိန်မှာပဲ ပဋိပက္ခအချိန်ကြာလာတာနဲ့အမျှ အမျိုးသမီးတွေအဖို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမယ့် အန္တရာယ်တွေနဲ့အတူ မလုံခြုံမှုတွေက တစ်စထက်တစ်စ ကြီးထွားလာနေခဲ့တယ်။

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံက အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေဟာ ခွဲခြားဆက်ဆံခံရခြင်း၊ အကြမ်း ဖက်ခံရခြင်း၊ အမြတ်ထုတ်ခံရခြင်း စတဲ့ အန္တရာယ်တွေ ကြုံတွေ့နိုင်ခြေ မြင့်မားနေပြီး အခြေအနေတွေ ပိုမို ဆိုးဝါးလာခဲ့တယ် လို့ မြန်မာ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ၂၀၂၄ ခုနှစ်အတွင်းမှာ ဆိုခဲ့ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာအမျိုးသမီးအဖွဲ့ချုပ်ကလည်း လိင်ပိုင်းအကြမ်းဖက်မှုဖြစ်စဥ်တွေ ပိုမို များပြားလာကြောင်း ဇွန်လအတွင်းက အစီရင်ခံစာ ရေးသားထားပါတယ်။ 

“စစ်တပ်ဟာ အဓိက အပြစ်ကျူးလွန်တဲ့သူ ဖြစ်ပြီး အတော်ကြီးကို ယိုယွင်းလာတဲ့ လူ့အခွင့်အရေးအခြေအနေတွေကြောင့် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အတွက် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်ဟာ တဖြည်း ဖြည်း နည်းပါးလာနေပါတယ်” လို့ ၎င်းအဖွဲ့က ဆိုပါတယ်။

အုပ်စုဖွဲ့ မုဒိန်းကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ ညှင်းဆဲမှု၊ အတင်းအကြပ် ဝတ်လစ်စလစ် ချွတ်စေမှု အပါအဝင် အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ မတရားမှုတွေကို ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တို့က မှတ်တမ်းတင်ထားကြပြီး ဖြစ်ပါတယ်။ ဘီလူးစစ်ကြောင်းလို့ စစ်ကိုင်းမှာ လူသိများတဲ့ အမှတ် ၉၉ ခြေမြန်တပ်မ က ပြန်ပေးဆွဲမှု၊ ခေါင်းဖြတ်သတ်မှု၊ ဒဏ်ရာအနာတရ ဖြစ်စေမှု၊ အမျိုးသမီးတွေကို မုဒိန်းကျင့်မှုတွေအတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒီအကြမ်းဖက်မှုတွေကို ရွာနဲ့ နေအိမ်တွေ ဝင်ရောက်စီးနင်းတဲ့အခါတွေမှာ ကျူးလွန်လေ့ ရှိကြပြီး စစ်ဆေးရေးဂိတ်တွေမှာလည်း ကြုံတွေ့ရလေ့ ရှိပါတယ်။ 

ဒီလို မတရားမှုတွေကို စစ်ကော်မရှင်ဘက်ကပဲ ကျူးလွန်နေတာဖြင့် မဟုတ်ဘူး။ စစ်ကိုင်းတိုင်း ယင်းမာပင်ဒေသမှာ အာဏာသိမ်းမှုနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်မှူး တစ်ဦးက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ဇွန်လတုန်းက မုဒိန်းကျင့်ခဲ့တဲ့ ဖြစ်ရပ်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့လကလည်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က မုဒိန်းကျင့် ကျူးလွန်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်တွေကြောင့် အညာဒေသအမျိုးသမီးတွေရဲ့ ရင်ထဲမှာ ကြောက်စိတ်အဖြစ် နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေရာယူလာပြီး မလုံခြုံမှုတွေ ခံစားနေကြရပါတယ်။ အကျိုးဆက်အနေနဲ့ အညာသူတို့ရဲ့ ကမ္ဘာကြီးဆိုတာ ကိုယ့်ရွာကလွဲ ဘယ်မှ မသွားရဲလောက်တဲ့ အခြေအနေအထိ ကျဉ်းမြောင်းလာရတော့တာပါပဲ။

မြန်မာပြည်ရဲ့ အခြားဒေသတွေလိုပဲ အညာအရပ်မှာ ယောကျ်ားနဲ့ မိန်းမတွေရဲ့ မိရိုးဖလာ အစဉ်အလာအရ၊ ဘာသာရေးအရ စတဲ့ အခန်းကဏ္ဍမျိုးစုံမှာ ဒုတိယတန်းစား နိုင်ငံသားသဖွယ် ခွဲခြား ဆက်ဆံခြင်း ခံရပါတယ်။ ဥပမာ ဆိုရရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍအနေနဲ့ အိမ်မှုကိစ္စတွေကိုသာ တာဝန်ယူကြရပြီး အမျိုးသားတွေက မိသားစုရဲ့အကြီးအကဲအဖြစ် စီမံကွပ်ကဲလေ့ ရှိပါတယ်။ နိုင်ငံတစ်ဝှမ်းက အမျိုးသမီးတွေဟာ တချို့ ဘာသာရေးနေရာတွေကို ဝင်ခွင့်မပေးတာ အပါအဝင် လူမှုရေးကန့်သတ်ချုပ်ချယ်မှု အများအပြားကိုလည်း ရင်ဆိုင်နေကြရဆဲပါ။ ဒါတွေအပြင် ဆိုးဝါးလွန်းတဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုတောင် အားပေးတဲ့ ဗမာစကားပုံတစ်ခု ရှိပါတယ်။ အဲဒါက “အရိုးကွဲအောင် ရိုက်မှ အသည်းစွဲအောင် ချစ်တယ်” လို့ ဖြစ်ပါတယ်။ 

ဒီလို အမျိုးမျိုး နှိမ့်ချခွဲခြားမှုတွေအပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လုပ်ခလစာ တန်းတူမရရှိမှုတွေကို ကြုံတွေ့နေရပါတယ်။ လယ်ထဲ စပါး၊ ပဲ၊ ကြက်သွန်၊ မြေပဲစိုက်တဲ့အခါ ပေါင်းသင်ပျိုးနုတ်၊ ပျိုးကြဲ၊ ကောက်ရိတ် စတဲ့ အလုပ်ကြမ်းတွေကို လုပ်ကြရပါတယ်။ ဒီလို အလားတူ အလုပ်ကြမ်းအတွက် ယောကျ်ားတစ်ယောက်ဟာ တစ်နေ့ ၁၀,၀၀၀ ကျပ် ရနေစဉ်မှာ အမျိုးသမီးတွေဟာ တစ်နေ့ ၄၅၀၀ ကျပ်ပဲ ရပါတယ်။ 

အမျိုးသားတွေအနေနဲ့ ရွှေတူးခြင်း၊ ရေနံတူးခြင်းတို့လို အညာဒေသမှာ ဟိုတစ်ကွက် ဒီတစ်ကွက် ပြန့်ကြဲနေတဲ့ ရွာအပြင်က အလုပ်တွေကိုလည်း လုပ်ခွင့်သာကြပါတယ်။ ဒီလို အလုပ်တွေဆို အမျိုးသားတွေဟာ တစ်လကို ကျပ် ၁၀ သိန်း အထိ ဝင်ငွေ အလွန်ကောင်းလေ့ ရှိကြတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် အမျိုးသမီးတစ်ဦးနဲ့ သူ့မြေးမတို့ ဩဂုတ်လ ၃၀ က မြေပဲစိုက်ခင်းအတွင်း အလုပ်လုပ်နေကြစဉ် (ဓာတ်ပုံ- မျိုးဆက်လှသော်၊ ဖရွန်တီးယား)

အဆင်ပြေခဲ့သော ယခင် အချိန်များ 

အာဏာသိမ်းပြီးကတည်းက အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာမှုဟာ မိသားစုတွေအပေါ် ဆိုးဆိုးဝါးဝါး ထိခိုက်နေပါတယ်။ ယခင်ကလို လုံခြုံရေးအတွက် ပူပင်စရာ မရှိဘဲ နိုင်ငံအနှံ့ စိတ်ကြိုက် လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင်နိုင်တဲ့ဘဝကို ဒေါ်မရွှေ ပြန်ပြောင်း အောင့်မေ့ သတိရနေမိတယ်။

“အဲဒီလိုကတော့ အာဏာသိမ်းပြီးတော့ အဆင်မပြေဘူးပ။ အဲဒီလိုတွေ မထွက်ရတော့လည်း ကိုယ်စားရုံ သောက်ရုံသာ ရတာပ။ ကိုယ်က လက်လုပ်လက်စားဆိုတော့ ဖောဖောသီသီ မဖြစ်တော့ဘူး” လို့ သူက ပြောပါတယ်။

ဒီပဲယင်းဒေသမှာ အမျိုးသမီးများအတွက် ရာသီအလိုက် လုပ်ရတဲ့ အလုပ်မျိုးသာ ရှိပါတယ်။ မေလက အောက်တိုဘာလအထိ ကြာမြင့်တဲ့ မုတ်သုန်ရာသီဆိုရင် အမျိုးသမီးတွေ မြေပဲစိုက်ကြတယ်။ ဇူလိုင်လ ဆို စပါးပျိုးပင်တွေ စိုက်ပျိုးတယ်။ ဩဂုတ်လနှောင်းပိုင်းနဲ့ စက်တင်ဘာလဆန်းဆို သူတို့ မြေပဲတောင့် တွေ တူးပြီး မြေပဲကို ဆွတ်ခူးကြတယ်။ နိုဝင်ဘာဝန်းကျင် ဆောင်းရာသီရောက်ပြီဆို စပါးနဲ့ ပဲစင်းငုံတို့ ရိတ်သိမ်းချိန်ပါ။ မြေပဲပင် အမြစ်နုတ်တဲ့ အလုပ်ကလွဲလို့ ဒီအလုပ်အားလုံးကို မိန်းမတွေချည်း လုပ်ကြရ တာပါပဲ။

ရာသီအလိုက် ကျဘမ်းအလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဒေါ်မရွှေတစ်ယောက် အလှည့်ကျ စိုက်တဲ့ ရာသီ သီးနှံခင်းတွေမှာ ကံကောင်းထောက်မစွာနဲ့ပဲ အလုပ်တွေ ရနေတယ်။ ဇူလိုင်လတုန်းက စပါးစိုက်တာကနေ တစ်နေ့ကို ၇,၀၀၀ ကျပ်နှုန်းအထိ သူ ဝင်ငွေရှိခဲ့တယ်။ မနှစ်က ကောက်ရိတ်ရာသီမှာ စပါးရိတ်သိမ်းဖို့ အတွက် အမျိုးသမီးတွေအနေနဲ့ တစ်နေ့ကို ကျပ် ၆,၀၀၀ နဲ့ ပဲစင်းငုံ ခူးဖို့ တစ်နေ့ ကျပ် ၅,၀၀၀ အထိ  လုပ်ခအသီးသီး ရရှိခဲ့ကြပါတယ်။

ဒီနှစ် ဒေါ်မရွှေနဲ့ သမီးဖြစ်သူ ၁၇ နှစ်အရွယ် မအိစိုးတို့နှစ်ဦးသား ရက် ၂၀ ကြာအောင် မြေပဲနုတ်ခဲ့ကြပြီး အလုပ်ရှင်က လုပ်ခအဖြစ် သူတို့ ခူးဆွတ်ခဲ့သမျှ မြေပဲစုစုပေါင်းရဲ့၈ ပုံ ၁ ပုံနဲ့ ပေးချေခဲ့တယ်။ မြေပဲ ၄ အိတ် ရခဲ့တဲ့အတွက် ဆီကြိတ်မယ်ဆို ပဲဆီ ၁၈ လီတာအထိ ရမယ့် ပမာဏပါပဲ။ ဒီပဲဆီတွေ ရောင်းလိုက်ရင် ငွေ ၁၈၀,၀၀၀ ကျပ် ရမှာဖြစ်တဲ့အတွက် ဒေါ်မရွှေတို့ သားအမိတစ်ယောက်စီကို အလုပ်လုပ်ရက် ၂၀ အတွက် တစ်ရက်ပျှမ်းမျှ ငွေ ၄,၅၀၀ ကျပ်နဲ့ ရှင်းပေးလိုက်တဲ့ သဘောပါ။ 

မြန်မာနိုင်ငံရဲ့ တစ်နေ့ အလုပ်ချိန် ၈ နာရီအတွက် အနိမ့်ဆုံး လုပ်ခလစာသတ်မှတ်ချက်ဟာ ၆,၈၀၀ ကျပ်ဖြစ်တာကြောင့် သူတို့သားအမိရခဲ့တဲ့ လုပ်ခဟာ အနိမ့်ဆုံး လုပ်ခလစာထက် နည်းနေခဲ့ပါတယ်။ 

“ပိုက်ဆံနဲ့တွက်ရင်က ဘာမှမရဘူး။ မြေပဲဆွတ်တဲ့အခိုက်ကျတော့ ပိုက်ဆံရရ မရရ အိမ်ဝယ်မခတ် (သုံး) ရအောင် လို့ လုပ်တာလေ။ တစ်နှစ်တစ်နှစ် ဒီလို လိုက်ဆွတ်ထားရင်တော့ တစ်နှစ်ပတ်လည်ကတော့ ဆီကတော့ ဝယ်မစားရဘူးပေါ့” လို့ ဒေါ်မရွှေက ပြောပါတယ်။

လယ်အလုပ်အပြင် အမျိုးသမီးတွေဟာ ရက်ကန်းရက်တဲ့ အလုပ်ကနေလည်း ဝင်ငွေရရှိနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာက အရင်ဆုံး ရက်ကန်းစင်ဝယ်ရမှာနဲ့ သင်တန်းတွေ တက်ရမှာဖြစ်တဲ့အတွက် ကနဦးကုန်ကျစရိတ် ရှိနေတာပါပဲ။

သမီးဖြစ်သူ မအိစိုးဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကျောင်းထွက်ပြီး အိမ်ကို ထောက်ပံ့ဖို့ ရက်ကန်းရက်ပါတယ်။ ဝါချည်တွေသုံးလို့ အရောင်စိုစိုနဲ့ ရိုးရာကချင်ထည်တွေကို တစ်နှစ်လုံး ရက်လုပ်တယ်။ ဝယ်သူတွေဟာ သူ့လို ရက်ကန်းသမတွေဆီက အထည်တွေဝယ်ပြီး ရိုးရာအထည်တွေ အဓိကရောင်းတဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက ဆိပ်ခွန်ရွာမှာ ပြန်ရောင်းကြတယ်။

တစ်ထည်ကို မအိစိုး ရက်လုပ်တာ ၇ ရက် ကြာပါတယ်။ ချည်ထည်တွေ ဈေးကျတဲ့ မိုးတွင်းဆို သူ့ လုပ်ခက တစ်နေ့ကို ၅,၇၀၀ ကျပ်လောက် ရပြီး ဈေးကောင်းရတဲ့အချိန်ဆို တစ်ရက်ကို လုပ်ခ ၇,၈၀၀ ကျပ်လောက် ရပါတယ်။ သူတို့ရက်တဲ့ ချည်ထည်တွေဟာ ရန်ကုန်က ဆိုင်တွေပေါ်မှာ တစ်ထည်ကို ၁၄၀,၀၀၀ ကျပ်အထိ ရောင်းချလေ့ ရှိပါတယ်။

မအိစိုးရဲ့ ရရှိတဲ့ငွေဟာ သူ့မိသားစုရှင်သန်ရေးအတွက် အဓိကဝင်ငွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘော်ဒီလိုးရှင်း (အသား အရေခြောက်မှုအတွက် အလှဆီ)လို အသေးအဖွဲလေးတွေအတွက်တောင် သူ့မှာ မတတ်နိုင်တော့ဘူးလို့ မအိစိုးက ဆိုပါတယ်။ သူတို့ရွာဘက်မှာ စစ်အစိုးရက အင်တာနက်တွေ ဖြတ်တောက်လိုက်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက စတားလင့်ခ်ဂြိုဟ်တုနဲ့ ချိတ်ဆက်ပြီး ဖွင့်ထားတဲ့ အင်တာနက်ဆိုင်မှာ တစ်လကို တစ်နာရီလောက်ပဲ သူ အင်တာနက်သုံးနိုင်တယ်လို့ မအိစိုးက ဆက်ပြောပါတယ်။

ရှင်သန်ဖို့ နေ့စဉ်ရုန်းကန်နေရတဲ့ကြားထဲ မအိစိုးတစ်ယောက် အူအတက်ပေါက်လို့ ဆေးရုံတက်ရတုန်းက ဒေါ်မရွှေတို့ မိသားစုမှာ အကြွေး ၉ သိန်း တင်ခဲ့ရပြန်ပါတယ်။ အဲဒီအကြွေးအတွက် တစ်လကို ၅ ကျပ် အတိုးနှုန်းနဲ့ အတိုးဆပ်နေရင်း အကြွေးဝန်ထုပ် ပိနေဆဲပါ။ မကြေနိုင်သော အကြွေးများနဲ့ ဝန်ထုတ် ဝန်ပိုးများကြောင့် မအိစိုးတစ်ယောက်လည်း အာဏာသိမ်းပြီးကတည်းက တခြား မြန်မာလူငယ်တွေနည်းတူ ပြည်ပထွက်ပြီး အလုပ်လုပ်ရင် ကောင်းမလားလို့ စပြီး စဉ်းစားလာရတော့တယ်။

ဒီပဲယင်းမြို့ရှိ မြေပဲစိုက်ခင်းတွင် အလုပ်လုပ်နေသော မအိစိုးကို ဩဂုတ်လ ၃၀ ရက်က တွေ့ရစဉ်
(ဓာတ်ပုံ- မျိုးဆက်လှသော်၊ ဖရွန်တီးယား)

သာတူညီမျှမှုကို တောင်းဆိုရာတွင် 

ဒီပဲယင်းက လယ်ကွင်းတွေမှာ အမျိုးသားတွေဟာ မြေပဲပင် အမြစ်နုတ်ရင် တစ်နေ့ကို ကျပ် ၂၀,၀၀၀ ရပါတယ်။ ဒီအလုပ်ကို အမျိုးသမီးတွေ လုပ်လေ့မရှိပါဘူး။ ယောကျ်ားတွေအနေနဲ့ လက်သမား၊ အုတ်စီ၊ ကားပြင်၊ ဆိုင်ကယ်ပြင် အကူအလုပ်သမား စတဲ့ အလုပ်တွေလည်း လုပ်ကိုင်နိုင်ပြီး အမျိုးသမီး လယ်သမတွေထက် အလုပ်အကိုင် အခွင့်အလမ်း ပိုရလေ့ ရှိပါတယ်။

ဒီလို လုပ်ခ တန်းတူ မမျှတမှုတွေ ရှိနေတဲ့အတွက် စစ်ကိုင်းက အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်ချောစု ဟန်ဟာ အမျိုးသားများနဲ့ အမျိုးသမီးများ တန်းတူ လုပ်ခရရှိရေးအတွက် စည်းရုံး လှုပ်ရှားနေပါတယ်။

“ယောကျ်ားတွေက ခွန်အားသာတယ်၊ ယောကျ်ားတွေ ပိုလုပ်ရတယ်၊ ယောကျ်ားတွေလုပ်တဲ့အလုပ် မိန်းမတွေ လုပ်ရတာရှိလား စသဖြင့် စကား အချေအတင်တွေ ပြောကြတာပေါ့။ ဒါပေမဲ့ ကိုယ်က ပြောဖြစ်တာက ငါတို့သွားနေတာ တန်းတူညီမျှတဲ့ နိုင်ငံတစ်ခု တန်းတူညီမျှတဲ့ အခွင့်အရေးဆိုတာ အားလုံးမှာ ရှိရမယ်။ ကျားမ တန်းတူညီမျှမှုရှိရမယ် အကုန်လုံးက တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရှိကိုရှိရမယ်ဆိုပြီး ပြောဖြစ်တာရှိတယ်ပေါ့နော်” လို့ သူက ဆိုပါတယ်။

လမ်းပြင်လုပ်သားလုပ်နေတဲ့ နေရပ်စွန့်ခွာလာကြသူတွေ အချင်းချင်းမှာပင် ယောကျ်ားတွေက တစ်နေ့ ကျပ် ၈,၀၀၀ ရပြီး အမျိုးသမီးတွေကတော့ ကျပ် ၅.၀၀၀ သာ ရရှိကြောင်း သူက ပြောပါတယ်။ ယောကျ်ားတွေ လုပ်ရမယ့် အလုပ်က ပိုပင်ပန်းသမို့ သူတို့ကို လုပ်ခ ပိုပေးတာပါလို့ အလုပ်ရှင်တွေဆီက သူ တုံ့ပြန်ခံခဲ့ရပါတယ်။

“အမျိုးသားတွေ ခွန်အားနဲ့ အလုပ်လုပ်ရတယ်။ ပေါက်ပြားကိုင်ရတယ် သံတူရွင်းကိုင်ရတယ်ပေါ့နော်၊ အမျိုးသမီးတွေက တောင်းနဲ့ မြေသယ်ရုံလေးပဲပေါ့။ ခွန်အားဆိုတဲ့အရာနောက်မှာ လုပ်အားခက အမျိုးသားတွေက ပိုရပြီးတော့ အမျိုးသမီးတွေက ပိုနည်းရတယ်” လို့ ဒေါ်ချောစုဟန်က ပြောပါတယ်။

ပိုပြီး ခက်ခဲပင်ပန်းတဲ့ အလုပ်တွေကို လုပ်ရတာကြောင့် အမျိုးသားတွေ လုပ်ခ ပိုရနေတာက သင့်တော်ကြောင်း ဖရွန်တီးယားက တွေ့ဆုံမေးမြန်းခဲ့တဲ့ တချို့အမျိုးသမီးတွေက ဆိုပါတယ်။

“သူတို့ (ယောက်ျားတွေ) ကျတော့ အင်အားက ပိုစိုက်ထုတ်ရတယ်လေ။ ပင်ပန်းတာပေါ့” လို့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကွမ်းစိုက်ခင်းက အသက် ၄၀ အရွယ် မုဆိုးမဖြစ်သူ ကွမ်းရွက်ခူးအလုပ်သမ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

“ကျမတို့က ကွမ်းခူးရုံ ကြိုးချည်ရုံဆိုတော့ သူတို့လို မပင်ပန်းတော့ အဲလိုမျိုးပဲ ထင်တာပဲ။ သူတို့က ကျတော့ ကွမ်းခြံတွေ နုန်းထည့်ရတယ်။ ခြံဆောက်ရတယ်။ ကွမ်းစိုက်ရတယ်။ တိုင်တွေတို့ ဝါးတွေတို့ အဲဒါတွေလည်း သယ်ရတယ်။ နုန်းတွေလည်း ဂေါ်နဲ့ထိုးပြီးတော့ တောင်းကြီးတွေနဲ့ မြောင်းအတိုင်းကို လိုက်ပြီးဖို့ရတယ်” လို့ သူက ရှင်းပြတယ်။

အလုပ်လိုအပ်နေတဲ့ အမျိုးသမီးဦးရေကများပြီး အလုပ်အရေအတွက် အကန့်အသတ်ရှိတာကြောင့် အမျိုးသမီးတွေ လုပ်ခနည်းရတာဖြစ်ပြီး ပုံမှန်အားဖြင့် အမျိုးသားတွေ လုပ်တဲ့ အလုပ်မျိုးမှာတော့ အလုပ်သမား ရှားပါးနေတယ်လို့ သူက ဆိုတယ်။

ဒီပဲယင်းမြို့ မြေပဲခင်းတစ်ခုတွင် အလုပ်လုပ်နေသော အမျိုးသမီးတစ်ဦးကို ဩဂုတ်လ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – မျိုးဆက်လှသော်၊ ဖရွန်တီးယား)

ဓလေ့ဟု ဆိုသော ခေါင်းစဥ်အောက်မှ 

အညာဒေသက အမျိုးသားအများအပြားဟာ စစ်ကော်မရှင်ကို လက်နက်စွဲကိုင် တိုက်ခိုက်တဲ့အခါ အိမ်ထောင်ဦးစီးတာဝန်ကို မိန်းမတွေကို လွှဲအပ်ခဲ့ကြတယ်။ တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်ပေမဲ့ အများစုဟာ ထောက်ပံ့ရေးတာဝန်ပဲ ယူကြပြီး အနည်းစုကသာ ဆုံးဖြတ်ချက်ချမှတ်တဲ့ ရာထူးတွေကို ရယူကြပါတယ်။

ဒေါ်ဖြူဖြူဝင်းရဲ့ အမျိုးသားဟာ ၂၀၂၁ ခုနှစ်နှောင်းပိုင်း ရွာကို စစ်တပ်က ဝင်စီးချိန်မှာ သေဆုံးသွား ခဲ့ပါတယ်။ မုဆိုးမဘဝနဲ့ ၇ နှစ်အရွယ် သားလေးကို ပြုစုထိန်းကျောင်းရတော့ သူ့ခမျာ ဝင်ငွေထွက်ငွေ မျှတအောင် ခက်ခက်ခဲခဲ ရုန်းကန်နေရရှာတယ်။

“ဟိုတုန်းကကျတော့ ကျမတို့ အာဏာမသိမ်းခင်ကဆိုရင် ဆန်ဆိုရင် တစ်နှစ်စာ ဝယ်စားရတယ်။ ဆီဆိုရင် တစ်လစာ ဝယ်စားရတယ်။ အခုဆိုလို့ရှိရင် ဆန်တစ်အိတ် မဝယ်နိုင်ဘူး တစ်ပိုင်းပဲ ဝယ်ရတယ်။ ဆီဆိုရင် ငါးဆယ်သား ဝယ်ရတယ်။ စားတာသောက်တာကအစ ဟိုတုန်းက ကြက်ဥဆို ပိဿာလိုက် ဝယ်ထားတယ်။ အခုဆိုရင် တစ်လုံးနှစ်လုံး ဝယ်ဖို့ရာကို မနည်းစဉ်းစားနေရတယ်” လို့ စကားဆက်တယ်။

သူ့သားလေး ကျောင်းတက်ဖို့ ကျောပိုးအိတ် ဝယ်မပေးနိုင်သလို နေ့စဉ်စားစရိတ်နဲ့ အသုံးစရိတ်တွေအတွက် မိတ်ဆွေတစ်ယောက်ဆီမှာ အကြွေး ၃ သိန်း တင်နေတယ်လို့ သူက ဆိုပါတယ်။

မနှစ်က ကွမ်းခူးချိန်က သူ တစ်နေ့ကို ၃,၅၀၀ ကျပ် ရပါတယ်။ အခု မတ်လမှာတော့ ၅,၀၀၀ ကျပ်အထိ တိုးပြီး ရလာပါတယ်။ အကြောင်းရင်းက လက်ပန်းတောင်းတောင် ကြေးနီသတ္တုတွင်းအနီးက ရွာတွေကို စစ်တပ်က ဝင်တိုက်တော့ လူတွေ ထွက်ပြေးရတာနဲ့ ကွမ်းရွက်ခင်းတွေအတွက် အလုပ်သမား ရှားပါးနေလို့ ဖြစ်တယ်လို့ သူက ပြောပြတယ်။

ဒါပေမဲ့ အမျိုးသမီးအလုပ်လက်မဲ့ဦးရေက အမျိုးသား အလုပ်လက်မဲ့ဦးရေထက်ပိုများနေတာကြောင့် အမျိုးသမီးတွေ လုပ်ခတိုးတောင်းဖို့ရာ ခက်ခဲတယ်လို့ သူက ဆိုပါတယ်။

“အဲဒါကျတော့ ရွာဓလေ့လို ပုံစံမျိုးပေါ့။ အလုပ်သမားနဲ့ လုပ်ငန်းနဲ့ အမျိုးသမီးနဲ့ မမျှဖြစ်နေတော့ သူတို့တောင်းသလို ကျမတို့ တောင်းလို့မရဘူး။ ကျမတို့ကျတော့ လူကများပြီး အလုပ်က နည်းနေတာ အဲလိုဖြစ်သွားတာ” လို့ ဒေါ်ဖြူဖြူဝင်းက ပြောပါတယ်။

အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ချောစုဟန်ကတော့ မိမိလို တက်ကြွလှုပ်ရှားသူ လက်တစ်ဆုပ်စာလောက်နဲ့ အပြောင်းအလဲကို မဖြစ်ပေါ်နိုင်ကြောင်း၊ အမျိုးသမီးထုကြီးက မတ်မတ်ရပ်ပြီး သာတူညီမျှမှုကို တောင်းဆိုရမှာ ဖြစ်ကြောင်း ထောက်ပြပါတယ်။

“ကျနော်တို့ အမျိုးသမီးတွေကိုယ်တိုင်ကပဲ အမျိုးသမီး အခွင့်အရေးတွေ တိုက်ဖို့လိုတယ် အမျိုးသမီး ကိုယ်တိုင်ကပဲ ပြုပြင်ပြောင်းလဲဖို့လိုတယ်” လို့ သူက ဆိုပါတယ်။

ကုန်ဈေးနှုန်းတွေ တက်နေတဲ့ အခုလိုအချိန်မျိုးမှာ လုပ်ခတွေ ပိုရမှာကို ဒေါ်မရွှေ လိုလားပေမဲ့ လုပ်ခလစာ တိုးတောင်းဖို့အတွက် လောလောဆယ် သူ့မှာ အစီအစဉ်မရှိသေးကြောင်း သူက ဆိုပါတယ်။ ခွဲခြားတယ် ဆိုတာထက် ဒါက ထုံးတမ်းစဉ်လာပဲ”လို့သာ သူက မြင်ပါတယ်။

 “အဓိကပြဿနာက ပြည်တွင်းစစ်ကြောင့် အလုပ်တွေ ရှားပါးနေတဲ့ အချက်ပဲ” လို့ ဒေါ်မရွှေက ဆိုပါတယ်။  “ကျမကတော့ ပိုကောင်းတဲ့နေ့တွေ အမြန်ဆုံးရောက်လာဖို့ မျှော်လင့်တာပါပဲ။ (ပြည်တွင်းစစ်ရဲ့) ရက်စက်ကြမ်းကြုတ်မှုတွေ အားလုံး ပြီးဆုံးသွားပါစေပေါ့။ ဒါပဲ ကျွန်မ အမြဲ ဆုတောင်းနေဖြစ်တယ်” လို့ သူက ဆိုပါတယ်။

အက်စတာဂျေ ရေးသားသည်။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.