စစ်တပ်၏ဗုံးကြဲခြင်းခံလိုက်ရသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းအနီး စုဝေးနေသောလူများကို မေ ၁၂ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

စစ်တပ်၏ လေကြောင်းရန်များကြားက မြန်မာ့ပညာရေး

မေလမှစတင်၍ လေကြောင်းတိုက်ခိုက်မှု အန္တရာယ် ကာကွယ်ရေးအစီအမံများ အပြည့်အဝ ဆောင်ရွက်ပြီးသည်အထိ ၎င်းတို့ ထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းများကို ပိတ်ထားရန်  အမျိုးသားညီညွတ်ရေးအစိုးရက အမိန့်ထုတ်ခဲ့သည်။ သို့သော်လည်း ကျေးရွာအများစုမှာ လေကြောင်းကာကွယ်ရေး အစီအမံများ ပြုလုပ်ရန် ငွေကြေးမရှိသဖြင့် ယင်းဒေသရှိ ကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရသည်။

ဖရွန်တီးယား

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် နေထိုင်သော ဒေါ်ဌေးစံသည် အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ မအိန္ဒြေကို ရွာရှိ မူလတန်းကျောင်းတွင် သူငယ်တန်းကျောင်းသားအဖြစ် အပ်နှံရန် ၂၀၂၀ နှစ်ဆန်းပိုင်း တွင် တက်ကြွစွာ ပြင်ဆင်နေခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ကျောင်းများ ပိတ်သွားခဲ့ရပြီး သူ၏သမီးလေးကို ကျောင်းအပ်ခွင့် မရခဲ့ပါ။ ထို့နောက် ကိုဗစ်အလွန်ကာလ  ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ကျောင်းများ  ဆက်လက်ပိတ်ထားခဲ့ရသည်။

အာဏာသိမ်းမှုအပြီး ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်၏ အင်အားသုံး ဖြိုခွင်းမှုကြောင့် နိုင်ငံတစ်ဝန်း တွင် ပြည်တွင်းစစ်မီးများ တောက်လောင်ခဲ့သည်။ ၂၀၂၁ နှောင်းပိုင်းတွင် စစ်ကောင်စီသည် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သည်။ တော်လှန်ရေးအင်အားစုများက စစ်တပ်၏ စာသင်ကျောင်းများကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့ပြီး မြိုင်မြို့နယ် အပါအဝင် စစ်တပ်အာဏာသိမ်းမှု ကို ဆန့်ကျင်သော ဒေသအတော်များများတွင် အာဏာဖီဆန်ခြင်း သရုပ်ပြရန် ကျောင်းများ ဆက်လက် ပိတ်ထားခဲ့သည်။

မြိုင်မြို့နယ် တဝိုက်တွင် စစ်တပ်ဆန့်ကျင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပေါ်ထွက်လာခဲ့ပြီး နောက် ယခုအချိန်တွင် မြိုင်မြို့နယ် တစ်နယ်လုံးနီးပါးသည် စစ်တပ်၏ အာဏာစက်အောက်မှ ကင်းလွတ်သွားခဲ့ပြီ ဖြစ်သည်။

ဒေါ်ဌေးစံတို့ နေထိုင်သည့် ကျေးရွာရှိ စာသင်ကျောင်းကို  ၂၀၂၂ နှောင်းပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ NUG ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုအောက်ရှိ စေတနာ့ဝန်ထမ်းများနှင့် စစ်တပ်၏ မြန်မာ့နိုင်ငံရေးကဏ္ဍတွင် ဗိုလ်ကျစိုးမိုးချယ်လှယ်ခြင်းကို တော်လှန်သည့် အာဏာ ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ဆရာ၊ ဆရာမများက ဦးဆောင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် အသက် ၈ နှစ်ရှိနေပြီ ဖြစ်သော မအိန္ဒြေ၏ ပညာရေးလမ်းကြောင်းသည် ပြန်လည် အသက်ဝင်လာခဲ့သည်။

၂ နှစ်တာကာလအတွင်း အသက် ၁၁ အရွယ် မအိန္ဒြေသည် တန်းကျော်ပညာရေးစနစ်ဖြင့် ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းများကို သင်ယူ ပြီးမြောက်ခဲ့သည်။

“ဒီနှစ်တော့ ကျမသမီးက မူလတန်းနောက်ဆုံးနှစ်ဖြစ်တဲ့ စတုတ္ထတန်း ရောက်သွားပြီပေါ့။ မကြာခင် သမီးလေး က အလယ်တန်းကျောင်းသူ ဖြစ်တော့မယ်ဆိုတော့ အမေတစ်ယောက်အနေနဲ့ ပျော်တာပေါ့” ဟု ဒေါ်ဌေးစံ က ဖရွန်တီးယားကို ပြောသည်။

တောင်သူများဖြစ်ကြသော ဒေါ်ဌေးစံနှင့် သူ၏ခင်ပွန်းသည် မအိန္ဒြေ၏ ပညာရေးအတွက် မျော်လင့်ချက် များစွာ ထားရှိသည်။ 

“ကျမအမျိုးသားနဲ့ ကျမက ငယ်ငယ်လေးကတည်းက လယ်ထဲမှာ အလုပ်လုပ်လာရတာလေ။ ကျမတို့ အိပ်မက်ကတော့ သမီးလေး ကျမတို့လိုမျိုး နေပူကြီးထဲ အလုပ်မလုပ်စေချင်ဘူး။ သူ့ပညာကို အသုံးချပြီး အသက်မွေးဝမ်းကျောင်းပြုနိုင်တဲ့ လူတစ်ယောက် ဖြစ်စေချင်တာ” ဟု သူက ဆိုသည်။ 

NUG စာသင်ကျောင်းများ ပိတ်ရပြန်ပြီ

သို့သော် ဒေါ်ဌေးစံ၏ အိပ်မက်များမှာ တဖန်ပြန်၍ ဝေးကွာ သွားခဲ့ပြန်ပြီ ဖြစ်သည်။ စစ်တပ်၏ စာသင်ကျောင်းများကို ပစ်မှတ်ထားသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျောင်းသား၊ ကျောင်းသူများစွာ သေဆုံးရခြင်းကြောင့် ယခုနှစ် မေလတွင်  NUG က ၎င်းတို့ ထိန်းချုပ်နယ်မြေများရှိ စာသင်ကျောင်းများ အားလုံးကို ယာယီ ပိတ်ထားရန် ညွန်ကြားခဲ့သည်။ ထိုစာသင်ကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်က သိန်းနှင့်ချီသည်ဟု သိရသည်။​

မေ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ စာသင်ကျောင်းအပေါ် စစ်တပ် ၏ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အပြီးတွင် NUG က ကျောင်းများကို ပိတ်ထားရန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်၌ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၂ ဦးနှင့် ကျောင်းသား ၂၂ ဦး သေဆုံးခဲ့ပြီး ၄၀ ထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

အသေအပျောက်များခဲ့သော အိုးထိန်းတွင်းရွာ လေကြောင်းတိုက်ခိုက်မှုသည် ဤ ၅ နှစ်အတွင်း စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများထဲက တစ်ခုသာ ဖြစ်သည်။ NUG လူ့အခွင့်အရေးဝန်ကြီးဌာန၏ အချက်အလက်များအရ မေလမတိုင်ခင် ၂၈ လအတွင်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဒေသများတွင် လေကြောင်း တိုက်ခိုက်မှုပေါင်း ၂,၇၀၀ ခန့်ကျူးလွန်ခဲ့သည့်အတွက် ကျောင်းပေါင်း ၂၄၀ ကျော်ပျက်စီးခဲ့ရပြီး ကလေးငယ် ၄၄၁ ဦး အပါအဝင် အရပ်သား ၃,၀၀၀ ခန့်သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့်နှစ် ဩဂုတ်လအထိ NUG ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်း၊ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်အပါအဝင် NUG ထိန်းချုပ်နယ်မြေများတွင် ကြားကာလ ယာယီကျောင်းပေါင်း ၆,၀၀၀ ကျော်ကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည်။ သို့သော် မေလတွင် လေကြောင်းရန်ကြောင့် ကလေးများ ထိခိုက်သေဆုံးရမှုများကို ကာကွယ်ရန် လုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်မည်ဟု ဆိုကာ NUG က ကျောင်းများကို ပိတ်ခဲ့သည်။

NUG ၏ စစ်ကိုင်းတိုင်းပညာရေးဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လေကြောင်းတိုက်ခိုက်မှုမှ ကာကွယ်ရန် လုံခြုံရေးအစီအမံများ အကောင်အထည်ဖော်ပြီးသော ကျောင်းများကိုသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုရန် မြို့နယ်ပညာရေးအဖွဲ့များအား ညွှန်ကြားထားကြောင်း ဖရွန်တီးယားသို့ ပြောသည်။

“ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ ရှိရမယ်။ ကလေးတွေကိုလည်း လေယာဉ်လာရင် ဘယ်လို ရှောင်တိမ်းရမလဲ ဆိုတာ လေ့ကျင့်သင်ကြားထားပေးရမယ်။ ပြီးတော့ စစ်တပ်လေယာဉ်က ကျောင်းတွေဆီ ဦးတည်လာပြီ ဆိုတာနဲ့ မြန်မြန် သတင်းပေးတဲ့ သတိပေးစနစ်ကိုလည်း အဆင့်မြှင့်တင်ထားရမယ်။ ကျောင်းတွေကို အခုမှ ပြန်ပြီး မွမ်းမံနေဆဲ ဖြစ်တာကြောင့် ပြောခဲ့တဲ့ အစီအစဉ်တွေအတိုင်း စနစ်တကျ ပြင်ဆင်ပြီးမှသာ မြို့နယ်ဘုတ်အဖွဲ့က စစ်ဆေးပြီး ပြန်ဖွင့်ဖို့ အတည်ပြုပေးပါလိမ့်မယ်” ဟု သူက ဆိုသည်။ 

 NUG က ကျောင်းများပိတ်ထားရန် အမိန့်ထုတ်ပြန်ခဲ့သည်မှာ ၄ လကြာခဲ့ပြီ ဖြစ်သည်။ သို့သော် စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက ကျောင်းများကို လုံခြုံရေးဆိုင်ရာ မွမ်းမံပြုပြင်နေသည့် မည်သည့် လှုပ်ရှားမှုမှ မတွေ့ရသေးကြောင်း ဆိုသည်။ ထိုသို့ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ကြန့်ကြာနေပါက မိမိတို့၏ သားသမီးများ ပညာရေး ထပ်မံ နှောင့်နှေးရမည် စိုးရိမ်မိကြောင်း ဖရွန်တီးယားသို့ ပြောသည်။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှ ကျေးရွာတစ်ရွာရှိ ကျောင်းသားနှစ်ဦး၏ မိခင်ဖြစ်သူက ကျောင်းလုံခြုံရေး အတွက် ပြင်ဆင်မှုများကို NUG က လုပ်ဆောင်နေခြင်း မတွေ့ရှိရကြောင်း ဆိုသည်။​ 

“ကျောင်းပိတ်ထားတာ ၄ လတောင် ရှိနေပြီ။ ဘယ်သူကမှ ဗုံးခိုကျင်း တူးဖို့ မစကြသေးဘူး” ဟု သူက ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းရှိ ကုန်းတာကျေးရွာတွင် စာသင်နေသော ကျောင်းသားများကို ၂၀၂၃ မတ်လ ၉ တွင် တွေ့ရစဉ်။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ရန်ပုံငွေမရှိပါ

အမျိုးသားညီညွတ်ရေးအစိုးရ​(​NUG) ထိန်းချုပ်နယ်မြေများရှိ ကျောင်းများသည် ယခင် အာဏာမသိမ်းခင် ကာလများကပင် အသုံးပြုခဲ့သော စာသင်ကျောင်းများ ဖြစ်သည်။ သို့သော် ထိုစာသင်ကျောင်းများကို စစ်တပ်က လေကြောင်းမှ အဓိက ပစ်မှတ် ထားတိုက်ခိုက်ခြင်းကြောင့် NUG က အဆိုပါကျောင်းများအား အသုံးမပြုရန် ကျောင်းတာဝန်ရှိသူများအား ညွှန်ကြားခဲ့ပြီး ကောင်းကင်မှ ကြည့်လျှင် သိသာ ထင်ရှားမှု မရှိသော လုံခြုံနိုင်သော နေရာများတွင်သာ ကျောင်းများကို ဖွင့်လှစ်ခိုင်းခဲ့သည်။

မြိုင်မြို့နယ်၊ ကျေးရွာတစ်ရွာမှ ကျောင်းအုပ်တစ်ဦးဖြစ်သူ ဦးအောင်လွင်(အမည်လွှဲ)ကမူ ကျောင်းများကို တဲပုံစံအဆောက်အအုံများ တည်ဆောက်ရန် စီစဉ်နေသော်လည်း ညွှန်ကြားထားသည့်  လုံခြုံရေးအစီအမံ အသစ်များ ထည့်သွင်းရန် လိုအပ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးနေကြောင်း ပြော ပြသည်။

“ကျနော်တို့မှာ ငွေမရှိဘူး။ ရွာသူရွာသားတွေက ကျောင်းအတွက် လှူကြပါတယ်။ ဒါပေမဲ့ တစ်ရက်စာ တစ်ရက်တောင် မနည်းရှာနေရတဲ့ လက်လုပ်လက်စားတွေ ဆိုတော့ ငွေက အများကြီးမရပါဘူး။ ဒါကြောင့် စာသင်ကျောင်းအသစ်ဆောက်ဖို့နဲ့ နေရာပြောင်းရွှေ့ဖို့က အချိန်ကြာ​နေတာပေါ့။ ပွင့်ပွင့် လင်းလင်းပြောရရင် ဒီနှစ် ကျောင်းပြန်ဖွင့်ဖို့တောင် မသေချာပါဘူး” ဟု သူက ရှင်းပြသည်။

အဆိုပါ စာသင်ကျောင်းတွင် ဆရာ၊ ဆရာမ ၃၀ ဦး ရှိပြီး သူငယ်တန်းမှ ၁၂ တန်းအထိ ကျောင်းသား ၅၀၀ ကျော် ပညာသင်ကြားလျှက်ရှိသည်။  

“ကျောင်းဖွင့်တုန်းကတော့ ဆရာ၊ ဆရာမတွေကို လစာပေးဖို့နဲ့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေဆီကနေ ကျောင်းလခ ကောက်ခဲ့ပါတယ်၊ မူလတန်းဆိုရင် ၃,၀၀၀ ကျပ်၊ အလယ်တန်းဆိုရင် ၅,၀၀၀ ကျပ်နဲ့ အထက်တန်းဆိုရင် ၁၀,၀၀၀ ကျပ် စီ ကောက်ခဲ့တယ်။… ဒါပေမဲ့ အခု ကျောင်းတွေ ပိတ်လိုက်တော့ ကျောင်းလခက ကောက်လို့ မရတော့ဘူး။ ဒီတော့ ကျောင်းအတွက် ရန်ပုံငွေ ရှာဖို့ ခက်ခဲနေတာပေါ့” ဟု သူက ဆိုသည်။  

ဇူလိုင် ၁၅ ရက်တွင် NUG ၏ ပညာရေးဝန်ကြီးဌာနက ကျောင်းများတွင် လုံခြုံရေးအစီအမံများ တိုးမြှင့် ရန်အတွက် “လုံခြုံသော စာသင်ခန်း၊ လုံခြုံသော ပညာရေး” ဟု အမည်ရသည့် ရန်ပုံငွေရှာဖွေမှုကို စတင် ခဲ့သည်။ ဩဂုတ်လ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်းနှင့် နိုင်ငံတကာ အလှူရှင်များဆီမှ အလှူငွေ စုစုပေါင်း ဒေါ်လာ ၉၂,၀၀၀ ခန့် ရရှိထားသည်။ 

သို့သော် ကျောင်းအများစုမှ ကျောင်းတာဝန်ရှိသူများက ပညာရေးဝန်ကြီးဌာန၏ ငွေကြေးအထောက်အပံ့ တစ်စုံတစ်ရာ မရရှိသေးကြောင်း ဖရွန်တီးယားသို့ ပြောသည်။ ဦးအောင်လွင်ကမူ NUG သည် ရန်ပုံငွေ ရှာဖွေမှုကို ဩဂုတ်လ ၃၁ ရက် အထိသာ သတ်မှတ်ထားရာမှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ အချိန်ကာလ တိုးမြှင့်လိုက်သောကြောင့် ရန်ပုံငွေများ ဖြန့်ဝေမပေးသေးခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆို သည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်ကတော့ ဘာမှ အများကြီးမမျှော်လင့်ထားပါဘူး။ ဘာလို့လဲဆိုတော့ တစ်ခုခုဆိုရင် ပညာရေးဝန်ကြီးဌာနကနေ ရန်ပုံငွေမရဘဲ ကိုယ်ထူကိုယ်ထပဲ ဖြေရှင်းခဲ့ရတာ များပါတယ်” ဟု ၎င်းက ပြောသည်။

မြိုင်မြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ဝင် ကိုအေးမင်းဝင်းကလည်း မြိုင်မြို့နယ်အတွင်း၌ ကျောင်းပေါင်း ၂၀၀ ကျော် ရှိသည့်အတွက် မြို့နယ်ပညာရေးမှူးရုံးအနေဖြင့် ငွေကြေးအထောက်အပံ့များ အလုံအလောက် ပေးနိုင်စွမ်းမရှိကြောင်း ဝန်ခံပြောကြားသည်။

“ကျနော်တို့ မြို့နယ်ပညာရေးအဖွဲ့အနေနဲ့ ကျောင်းတွေကို ငွေကြေးအကူအညီ ပေးနိုင်တဲ့အခြေအနေမှာ မရှိပါဘူး။ သူတို့ရွာကနေ ရတဲ့ အလှူငွေနဲ့ပဲ ဖြစ်အောင် လုပ်နေကြရတာပေါ့။ တချို့ရွာတွေက လုံခြုံရေး အစီအမံတွေ လုပ်နိုင်ပေမဲ့ ကျန်တဲ့ ရွာအများစုကတော့ ခက်ခဲနေပါတယ်” ဟု သူက ဆိုသည်။

တမူးမြို့နယ် ပညာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း NUG ၏  ပညာရေးဝန်ကြီးဌာနထံမှ ငွေကြေး အထောက်အပံ့မရရှိသောကြောင့် ပညာရေးအဖွဲ့ဝင်များက အွန်လိုင်းမှတဆင့် အလှူငွေ ကောက်ခံမှုများ ပြုလုပ်နေရကြောင်း ပြောသည်။

“တစ်ခုခုလိုအပ်လာပြီဆိုတာနဲ့ အွန်လိုင်းကနေ တဆင့် အလှူခံရတယ်။ အခုဆိုရင် လေယာဉ်ပျံလာတာနဲ့ ကျောင်းတွေကို အချိန်မီ သတိပေးဖို့အတွက် စကားပြောစက်တွေ ရဖို့ အလှူခံနေရတယ်” ဟု သူက ပြောသည်။

ရန်ပုံငွေရှာဖွေမှုများနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးရန် ပညာရေးဝန်ကြီးဌာနသို့ ဖရွန်တီးယား က ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။

NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကမူ ရန်ပုံငွေရှာဖွေမှုမှ ရရှိသော အလှူငွေများကို ကျောင်း များဆီသို့ စတင် ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း လွန်ခဲ့သည့်လက ဘီဘီစီမြန်မာပိုင်းသို့ ပြောခဲ့သည်။ မြေပြင်မှ ကျောင်းအချို့၏ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့​သော်လည်း မည်သည့်မြို့နယ်များတွင် ဖွင့်လှစ်ခဲ့ကြောင်း ကိုမူ ပြောကြား မသွားခဲ့ပေ။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးလုပ်ငန်းစဉ်များ နှေးကွေးလျှက် ရှိသောကြောင့် ပညာရေးဆိုင်ရာ ပညာရှင်များက ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူအများအပြားသည် ပညာရေးအား လွယ်လွယ်ကူကူ လက်လျှော့လိုက်မည်ကို စိုးရိမ်နေကြသည်။

အာဏာသိမ်းစစ်တပ်၏ စာသင်ကျောင်းများတွင် လည်းကောင်း၊ NUG ၏ စာသင်ကျောင်းများတွင် လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဖွင့်လှစ်သည့် ကျောင်းများတွင် လည်း ကောင်း မည့်သည့်ကျောင်းများတွင်မှ ကျောင်းအပ်နှံထားခြင်း မရှိသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ ၁ သန်းကျော် ရှိနေကြောင်း ကြားကာလ ဖယ်ဒရယ်ပညာရေးကောင်စီ၏ပြောရေးဆိုခွင့် ရှိသူ ကိုမိုးခါးက ပြောသည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီသည် ဖက်ဒရယ် ဒီမိုကရေစီပညာရေးမူဝါဒကို  အကောင် အထည်ဖော်ရန်အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကြားကာလ ဖယ်ဒရယ် ပညာရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ထိုကောင်စီတွင် NUG ပညာရေးဝန်ကြီးဌာန၏  ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေး ဌာနများ၊ တိုင်းရင်းသားဒေသများမှ ပညာရေးဌာနများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများနှင့် ပညာရေးကျွမ်းကျင်သူများ ပါဝင်သည်။

“အကြမ်းဖျင်းပြောရရင်တော့ ကျနော်တို့နိုင်ငံမှာ တစ်နှစ်ကို ကျောင်းသား ၉ သန်းလောက်က အခြေခံ ပညာရေးအတွက် ကျောင်းအပ်ကြတယ်” ဟု ကိုမိုးခါးက ပြောသည်။ 

“ကျနော်တို့ ရရှိထားတဲ့ စာရင်းတွေအရတော့ စစ်ကောင်စီရဲ့ ကျောင်းတွေမှာ ၆ သန်း၊ NUG နဲ့ EAO နယ်မြေတွေမှာ ဖွင့်ထားတဲ့ကျောင်းတွေမှာ ၁ သန်းကျော်လောက် ကျောင်းအပ်ထားကြပါတယ်။ ဒီလို ဆိုတော့ NUG ကျောင်းတွေ ပိတ်လိုက်ရတဲ့အခါ ကျောင်းသား ၁ သန်းကျော်ဟာ ပညာသင်ကြားခွင့် မရတော့ဘူးလို့ ဆိုလိုတာပါ။ ဒါဟာ များလွန်းတဲ့အရေအတွက် ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် NUG နှင့် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများမှ ကျောင်းသားကျောင်းသူများ ပညာသင်ခွင့် ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

မြိုင်မြို့နယ် ပညာရေးအဖွဲ့ဝင် ကိုအေးမင်းဝင်းကလည်း  ကျောင်းများပိတ်ထားချိန်တွင် ၁၀ တန်း၊ ၁၁ တန်းနှင့် ၁၂ တန်းအရွယ် ကျောင်းသား၊ ကျောင်းသူအများစုသည် လုပ်ငန်းခွင်များသို့ ဝင်ရောက်နေကြပြီ ဖြစ်ကြောင်း ဆိုသည်။ အချို့မှာ မိဘလက်ငုပ် ဖြစ်သော လယ်ယာလုပ်ငန်းကို လုပ်ကိုင်နေရပြီး အချို့မှာ လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရှိနိုင်သည့် မြို့ကြီးများသို့ ကြုံရာ ကျပန်း သွားရောက် အလုပ် လုပ်ကိုင်နေကြရကြောင်း သိရသည်။

“ကလေးတွေကို စာသင်ခန်းထဲ ပြန်ရောက်ဖို့ ကြိုးစားနေပေမဲ့လည်း အရင်ဆုံး ကျောင်းတွေကို လေကြောင်း ရန်ကနေ ဘေးကင်းအောင် လုပ်ရမယ်။ ကလေးတွေ အခုလို စာမသင်ရတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတာကို ကျနော်ကတော့ ဝမ်းနည်း စိတ်ပျက်မိပြီး ရင်ကွဲရပါတယ်” ဟု ကိုအေးမင်းဝင်းက ဆိုသည်။

မေ ၁၂ အိုးထိန်းတွင်းကျေးရွာလေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသော ကလေးငယ်များဘေးတွင် ငိုကြွေးနေသော မိသားစုဝင်များ။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

အသက်နှင့်ရင်း၍ သင်ယူရသော ပညာရေး

ထိုသို့ မြန်မာကလေးငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးနေသည်ကို ပညာရေးဆိုင်ရာပညာရှင်များက စိုးရိမ်နေချိန်တွင် စစ်ကော်မရှင်၏ လေကြောင်းပစ်ခတ်မှုအန္တရာယ် အချိန်မရွေး ကျရောက်နိုင်သည့်  NUG ၏ ကျောင်းများတွင် ပညာသင်ရန် စေလွှတ်ခြင်းမှာ ‘ထိုက်တန်ရဲ့လား’ ဆိုသည်ကို မိဘအများစုမှာလည်း မေးခွန်းထုတ်နေကြသည်။

“ကလေးတွေက ပညာသင်ရဖို့ အသက်တွေနဲ့ရင်းထားရတာ မဖြစ်သင့်ဘူး” ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ တတိယတန်း ကျောင်းသူတစ်ဦး၏ မိခင် ဖြစ်သူ ဒေါ်ချောစုက ပြောသည်။ 

သူ့အနေဖြင့် ၂၀၂၃ ခုနှစ်ကတည်းက ရွာထဲရှိ စာသင်ကျောင်းအဟောင်းကို အသုံးမပြုတော့ဘဲ ကလေးများအား ဘေးကင်းသော နေရာများတွင် ပညာသင်ကြားပေးနေခြင်းကြောင့်သာ  သူ့သမီးကို ကျောင်းပို့ခဲ့သည်ဟု ပြောသည်။

“ကျောင်းက ဆရာ ဆရာမတွေက ရွာထဲမှာရှိတဲ့ တခြားအဆောက်အအုံတွေမှာ စာသင်ဖို့ စီစဉ်ပေး ပါတယ်။ သူတို့သာ အဲဒီလို နေရာမပြောင်းပေးဘူးဆိုရင် ကျမ ကလေးကို ကျောင်းအဟောင်းမှာ သွားမတက်ခိုင်းပါဘူး။ … စာမသင်ရလည်း ကိစ္စမရှိဘူး။ ကလေးသာ တစ်ခုခုဖြစ်သွားရင် ကျမပါ သေသွားလောက်တယ်” ဟုလည်း သူက ဆိုသည်။

ထို့အပြင် NUG ကျောင်းများ၏ အခြေခံပညာရေးကို အောင်မြင်ပြီးသော ကျောင်းသားများကလည်း အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ယူရန် အခက်အခဲများ ကြုံတွေ့နေရသည်။  ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်အဆင့် အွန်လိုင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေသော်လည်း နိုင်ငံတကာမှ  ယင်း ပညာရေးကို အသိအမှတ်ပြုပေးထားခြင်း မရှိသေးပေ။

ပြည်ပ၌ တက္ကသိုလ် ဆက်လက်တက်ရောက်လိုသော ကျောင်းသားများသည် General Education Development (GED) စာမေးပွဲနှင့် International General Certificate of Secondary Education (IGCSE) စာမေးပွဲများကဲ့သို့ နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများကို ဖြေဆိုရန် ကြိုးပမ်းကြရသည်။ သို့သော် ထိုစာမေးပွဲများအတွက် ပြင်ဆင်ရသည့် ကျူရှင်စရိတ်နှင့် စာမေးပွဲကြေးမှာ မြင့်မားလှသော ကြောင့် စစ်ဘေးသင့်ဒေသများမှ ကျောင်းသားများအတွက် အဆင့်မြင့်ပညာရေးဆိုသည်မှာ လွန်စွာ အလှမ်းဝေးကွာလျှက် ရှိသည်။ 

“GED အတွက် အခမဲ့ သင်ပေးတဲ့ သင်တန်းကျောင်းတွေ ရှိပေမဲ့ တက္ကသိုလ်တက်ဖို့ နိုင်ငံခြားကို လူတိုင်း သွားနိုင်တာ မဟုတ်ဘူး” ဟု မိုးခါးက ပြောသည်။

ယခုလို အခြေအနေတွင် စစ်ဘေးသင့်ဒေသမှ ငွေကြေးမတတ်နိုင်သော ကလေးများသည် ပိုမိုကောင်းမွန် သော ရှေ့ရေးအတွက် စာသင်ကျောင်းကို စွန့်ခွါသွားကြသည်။ ထိုသို့ စွန်ခွါသူများထဲတွင် မြိုင်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ အသက် ၁၈ နှစ်အရွယ် မနေခြည်လည်း ပါဝင်သည်။

သူသည် NUG ကျောင်းမှ ၁၁ တန်းကို  ဇန်နဝါရီလက အောင်မြင်ခဲ့သည်။ ထို့နောက် ဧပြီလ သင်္ကြန်အပြီးတွင် ဆက်လက်ဖွင့်လှစ်မည့် ၁၂ တန်းသို့ တက်ရောက်ရန် ရည်ရွယ်ထားခဲ့သည်။

“မေလမှာ ကျောင်းပြန်တက်ရမှာ။ ဒါပေမဲ့ ကျောင်းတွေအားလုံး ပိတ်လိုက်ရတယ်။ မိဘတွေက ကျမကို အထက်တန်းပြီးအောင် တက်စေချင်တာမို့ ကျောင်းပြန်ဖွင့်ဖို့ကို စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ ၁၂ တန်း ပြီးသွားလည်း အဲဒီပညာက မြို့ကြီးတွေမှာ အလုပ်ရဖို့ ဘာမှ အထောက်အကူ မဖြစ်နိုင်ဘူးဆိုတာကို သိနေတော့ ကျမလည်း ပညာဆက်သင်ဖို့ကို စိတ်မပါတော့ဘူး။ အချိန်ဖြုန်းနေသလို ခံစားရတယ်” ဟု မနေခြည်က ပြောသည်။

သူတို့ရွာက စာသင်ကျောင်း ပြန်မဖွင့်သည့်အခါ မနေခြည်သည် သူမအား ရန်ကုန်ရှိဆွေမျိုးများနှင့် အတူ နေထိုင်ခွင့်ပြုရန် မိဘများကို နားချနိုင်ခဲ့သည်။ ယခုအချိန်တွင် သူသည် ရန်ကုန်မြို့တွင် နေထိုင်ပြီး ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ဂျပန်ဘာသာကို သင်ယူနေသည်။

“အဖေနဲ့ အမေက ကျမ ၁၂ တန်းပြီးသွားရင်လည်း တက္ကသိုလ်အတွက် ဆက်ပြီး ထောက်ပံ့ဖို့ ပိုက်ဆံ မရှိဘူးလေ။ ဒါကြောင့် NUG ကျောင်းမှာ အထက်တန်း ပြီးအောင် ဆက်တက်နေတာက ကျမအတွက် ဘာမှ အဓိပ္ပါယ်မရှိဘူး” ဟု သူမက ပြောသည်။

မနေခြည်ကမူ ကျောင်းထွက်လိုက်သည်မှာ မှန်ကန်သည့် ရွေးချယ်မှုဖြစ်ကြောင်း ဆိုသည်။ သူသာ ဂျပန်၌ အလုပ်လုပ်ခွင့်ရလျှင် မိဘများနှင့် မူလတန်းကျောင်းသားဖြစ်သူ မောင်လေးအား ငွေကြေး ထောက်ပံ့နိုင်မည်ဟု ဂုဏ်ယူစွာ ပြောသည်။ သို့သော်လည်း ပြည်ပသို့ မထွက်ခင် သူသည် ရန်ကုန်မြို့၌ ဂျပန် ဘာသာစကားတတ်မြောက်ရန် တစ်နှစ်ခွဲခန့် အပြင်းအထန်ကြိုးစားရဦးမည် ဖြစ်သည်။

“ဂျပန်ကို မြန်မြန်ထွက်နိုင်လေ၊ မြန်မြန် မိသားစုကို ထောက်ပံ့နိုင်လေပဲ။ ဂျပန်မှာ အလုပ်လုပ်ပြီး မောင်လေး ကို ပြည်ပနိုင်ငံတခုခုမှာ ကျောင်းဆက်တက်ဖို့ ထောက်ပံ့ပေးမယ်။ ဒီလိုဆိုရင် ကျမကိုယ်တိုင် တက္ကသိုလ် မတက်ခဲ့ရတာကို နောင်တရမိတော့မှာ မဟုတ်ဘူး” ဟု မနေခြည်က ဆိုသည်။ 

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.