ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့လယ်ရှိ အဝိုင်းတွင် လွှင့်တင်ထားသော မြောက်ပိုင်းညီနောင် ၃ ဖွဲ့၏ အလံများကို ၂၀၂၄ ဩဂုတ် ၁၀ ရက်နေ့က တွေ့ရှိရစဉ်။(ဓာတ်ပုံ - အေအက်ဖ်ပီ)

တရုတ်ရင်းနှီးမြုပ်နှံသူတွေကြောင့် အခက်တွေ့နေတဲ့ ရှမ်းမြောက်ပြည်သူများ

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့  ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာတဲ့ တရုတ်လုပ်ငန်းရှင်တွေကြောင့် ဒေသခံပြည်သူတွေ စီးပွားလုပ်ကိုင်ဖို့ ခက်ခဲလာပြီး နယ်မြေမတည်ငြိမ်မှုတွေကြား စားဝတ်နေရေးအတွက် ရုန်းကန်နေကြရပါတယ်။ 

ဖရွန်တီးယား 

ပြည်တွင်းစစ်မီးအောက် ဒုက္ခတွေကြားထဲက ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာနေထိုင်နေတဲ့ ကိုစိုင်းအောင်တစ်ယောက် မိသားစုစားဝတ်နေရေးအတွက် လျှပ်စစ်ပစ္စည်းဆိုင်အသေးစားလေးတစ်ခုကို ဒီနှစ်ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဆိုင်ဟာ ဖွင့်ပြီးစကာလမှာပဲ တရုတ်နိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ လျှပ်စစ်ပစ္စည်းဆိုင်ကြီးတွေကို ဘယ်လိုမှ မယှဉ်နိုင်ကြောင်း သိခဲ့ရပါတယ်။ 

၂၀၂၃ ဒီဇင်ဘာမှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သိန္နီမြို့ကို  စတင်ထိန်းချုပ်ခဲ့ပါတယ်။​ အဲဒီနောက်ပိုင်း မြို့ကို ပြန်လည် လည်ပတ်ချိန်မှာတော့ တရုတ်နိုင်ငံသားပိုင် ဈေးဆိုင်တွေကို စတင်ဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်။ ကိုစိုင်းအောင်အပါအဝင် မြို့ဒေသခံတွေကတော့ MNDAA အနေနဲ့ ဒေသခံ ရှမ်းလူမျိုးတွေထက် တရုတ်လူမျိုးလုပ်ငန်းရှင်တွေကို မျက်နှာသာပေးနေတယ် လို့ ဆိုပါတယ်။

“တရုတ်နိုင်ငံသားတွေက ငွေများများသုံးပြီး ကျနော်တို့မြို့ထဲကို စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်တော့ ဒေသခံတွေက သူတို့နဲ့ယှဉ်ပြီး လိုက်မလုပ်နိုင်ကြဘူး” လို့ ကိုစိုင်းအောင် (အမည်လွှဲ) က ဖရွန်တီးယားကို ပြောပါတယ်။ 

လျှပ်စစ်ပစ္စည်းအရောင်းဆိုင် မဖွင့်ခင်က ကိုစိုင်းအောင်ဟာ လားရှိုး၊ မူဆယ်အပါအဝင် တရုတ်ပြည် နယ်စပ်တစ်လျှောက် မြို့တွေဆီကို ကိုယ်ပိုင်ကားနဲ့ ခရီးသည်ပို့ဆောင်ပေးတဲ့ အလုပ်ကို ဆယ်နှစ်ကျော်ခန့် လုပ်ကိုင်ခဲ့သူပါ။ ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်မီး အခြေအနေကြောင့် လမ်းခရီးမှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက စစ်ဆေးတာတွေ၊ လမ်းကြေးတိုး ကောက်ခံတာတွေအပြင် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ စတာတွေကြောင့် သူရဲ့ ခရီးသည်တင်ကားမောင်းတဲ့လုပ်ငန်းဟာ တဖြည်းဖြည်း အလုပ်မဖြစ်တော့ပါဘူး။

“တချို့နေ့တွေဆိုရင် ခရီးသည်တစ်ယောက်မှ မရတဲ့နေ့တွေတောင် ရှိတယ်။ လူတွေက ရှမ်းမြောက်ဘက် ကို ခရီးသွားလာရမှာ စိုးရိမ်ကြတာကိုး။ မဖြစ်မနေ အခြေအနေလောက်ပဲ သွားလာ ကြတာ” လို့ သူက ပြောပါတယ်။

MNDAA ပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာမှာ စတင်ပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးမတိုင်ခင်က လားရှိုး-မူဆယ်ခရီးစဉ်ဟာ ခရီးသည်တစ်ဦးကို မြန်မာငွေကျပ် ၃၅,၀၀၀ သာ ကျသင့်ပါတယ်။ ဒါပေမဲ့ အခုလို နယ်မြေမငြိမ်သက်မှု ဖြစ်ပေါ် လာပြီးတဲ့နောက်မှာတော့ ကားခက ကျပ် ၁၅၀,၀၀၀ ထိ ထိုးတက်သွားခဲ့ပါတယ်။

သိန္နီဟာ မြန်မာ၊ တရုတ်နှစ်နိုင်ငံကြား အဓိကကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ အမှတ် ၃ ပြည်ထောင်စုလမ်းပေါ်က အဓိကကျတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။  MNDAA က သိန္နီကို သိမ်းပိုက်နိုင်ရေး စစ်ရေးအရ စတင်ချိန်မှာ ကိုစိုင်းအောင်ဟာ မိသားစုနဲ့အတူ သိန္နီကနေ ၄၄၀ ကီလိုမီတာကွာဝေးတဲ့ ရှမ်းပြည်မြို့တော် တောင်ကြီးထိ စစ်ရှောင်ခဲ့ရပါတယ်။ တောင်ကြီးမှာ နှစ်လကြာ စစ်ရှောင်ခဲ့ရပြီး သိန္နီမြို့ကို MNDAA က အပြည့်အဝ ထိန်းချုပ်နိုင်တဲ့အချိန်မှာတော့ သူဟာ သိန္နီမြို့ကို ပြန်လာခဲ့ပါတယ်။ 

ကိုစိုင်းအောင်နဲ့ မိသားစုတွေ မြို့တွင်းကို ပြန်လည်အခြေချချိန်မှာ သိန္နီမြို့ထဲက ပြည်သူအချို့ရဲ့နေအိမ်တွေဟာ စစ်ဘေးဒဏ်ကြောင့် ပျက်စီးခဲ့ပြီး စုစုပေါင်း အဆောက်အဦ ၄၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ 

 “စစ်ဘေးရှောင်တုန်းကလည်း အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေ သူခိုးအခိုးခံရသေးတယ်” လို့ သူက ရှင်းပြပါတယ်။

သိန္နီကို ပြန်လာပြီးတဲ့နောက်မှာ ကိုစိုင်းအောင်က အရင်လုပ်ငန်းဖြစ်တဲ့ ကားမောင်းတဲ့အလုပ်ကို ပြန်လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ခရီးသွားတဲ့လူ နည်းပါးလာတာကြောင့် ကားမောင်းတဲ့အလုပ်က ရတဲ့ငွေဟာ မိသားစု စားဝတ်နေရေးအတွက် မလုံလောက်တော့ပါဘူး။ တစ်နှစ်ကျော်ခန့်  ကားဆက်မောင်းခဲ့ပေမဲ့ သူဟာ နောက်ဆုံးတော့ အဲဒီအလုပ်ကို ဆက်မလုပ်တော့ဘဲ သူစုထားတဲ့ ငွေနည်းနည်းနဲ့ လျှပ်စစ်အပိုပစ္စည်းဆိုင်လေး ဖွင့်ခဲ့ပါတယ်။

“တခါတလေ ကျနော်က မြို့ထဲ လျှပ်စစ်မီး ပြုပြင်တာတွေလည်း အငှားလိုက်လုပ်တယ်။ မိသားစုစားဝတ်နေရေးအတွက်တော့ အခုလိုလေးတွေလုပ်ရင်း ဖြေရှင်းနေရတာပဲ” လို့ သူက ဆိုပါတယ်။  

မူဆယ်မြို့အနီး အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စစ်ဆေးဂိတ်တစ်ခုရှေ့တွင် ကားများဖြတ်သန်းသွားနေသည်ကို ၂၀၂၄ အောက်တိုဘာ ၁၆ တွင် တွေ့ရှိရစဉ်။(ဓာတ်ပုံ – အေအက်ဖ်ပီ)

တရုတ်လုပ်ငန်းရှင်များကို ဆွဲဆောင်ခြင်း

လွန်ခဲ့တဲ့နှစ် ဇူလိုင်လတုန်းက MNDAA က တရုတ်အပါအဝင် နိုင်ငံတကာက လုပ်ငန်းရှင်တွေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူပါမယ်ဆိုတဲ့ ကတိပေးချက်အပြင် MNDAA က သူရဲ့ကိုးကန့် စပ်တပ်ကို နိုင်ငံခြားကုမ္ပဏီတွေကို အကာအကွယ်ပေးဖို့ အမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအချိန်က စပြီး ကိုးကန့်ဒေသမှာ တရုတ်စီးပွါးရေးလုပ်ငန်းရှင်တွေ တဟုန်ထိုး များပြားလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် MNDAA ဟာ စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့နောက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပိုမိုများပြားလာစေရေးအတွက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ လုပ်ငန်းရှင်တွေကို အမြဲတမ်းနေထိုင်ခွင့်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ Shan News သတင်းဖော်ပြချက်အရ အနည်းဆုံး ယွမ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၄၃,၀၀၀ ခန့်) ရင်းနှီးမြှုပ်နှံမယ့် မြန်မာနိုင်ငံ ဒါမှမဟုတ် တရုတ်နိုင်ငံက ဘယ်သူမဆို ကိုးကန့်အထူးဒေသမှာ နေထိုင်ဖို့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ကတ်ကို MNDAA က ထုတ်ပေးမယ်လို့ ဆိုပါတယ်။ 

ယခုအချိန်မှာတော့ ဒီအမြဲတမ်းနေထိုင်ခွင့်ကို MNDAA ရဲ့ ဌာနချုပ်ရှိရာ လောက်ကိုင်မြို့မှာပဲ တရားဝင်ခွင့်ပြုထားပါသေးတယ်။ မြို့ခံ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက လောက်ကိုင်ဟာ တရုတ်နိုင်ငံသားတွေရဲ့စီးပွါးရေးကို အမှီပြုနေတဲ့ ‘လောင်းကစားမြို့’ ဖြစ်နေပြီလို့ ဆိုပါတယ်။ 

လူဦးရေ ၅၆,၀၀၀ ကျော်သာ ရှိတဲ့ သိန္နီမြို့မှာ မြို့ခံတွေဟာ ရှမ်းလူမျိုးအများစုဖြစ်ပြီး အသက်မွေး ဝမ်းကျောင်းလုပ်ငန်းကတော့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကလုပ်ကိုင်ပါတယ်။ အဓိကစိုက်ပျိုးတဲ့ သီးနှံတွေက ကြံ၊ ပြောင်းနဲ့စပါး ဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံတွေကို တရုတ်နိုင်ငံဆီ တင်ပို့ရောင်းချရတာဖြစ်ပြီ အခုတော့ ဒီလိုစိုက်ပျိုးရေးကဏ္ဍတွေမှာပါ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုက အရင်နှစ်တွေကထက် အများအပြား ဝင်ရောက်လာတာကို မြင်တွေ့ရပါတယ်။

“တရုတ်တွေက အိမ်တွေ၊ မြေကွက်တွေငှါးပြီး ဆိုင်ခန်းတွေဖွင့်ကြတာ။ စိုက်ပျိုးရေးမှာတော့ မြေငှါးပြီး စိုက်ကြတာများတယ်။ တချို့ကလည်း မြေပိုင်ရှင်နဲ့အကျိုးတူပုံစံမျိုးလည်း လုပ်ကြတယ်။…စစ်မဖြစ်ခင်ကတော့ သိန္နီမှာ မြို့ခံတရုတ်လူမျိုးနည်နည်းပါးပါးတော့ ရှိပါတယ်။ အခုက တရုတ်ပြည်မက တရုတ်တွေပါ ဝင်လာပြီး စီးပွားရေးလာလုပ်ကြတာ” လို့ သိန္နီမှာနေထိုင်တဲ့ ကချင်လူမျိုး မအားပန်က ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်နဲ့၊ အိမ်ဆောက်ပစ္စည်းဆိုင်တွေ အပါအဝင် မြို့ရဲ့ ၄၀ ရာခိုင်နှုန်းသော  စီးပွားရေးလုပ်ငန်းတွေကို တရုတ်လူမျိုးတွေက လက်ဝါးကြီးအုပ်ထားတယ် လို့ မြို့ခံတွေက မှန်းဆ ပြောဆိုပါတယ်။ နောက်ထပ် တရုတ်နိုင်ငံသားအများအပြား ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွါးရေးတွေကတော့ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်နဲ့အနှိပ်ခန်းလုပ်ငန်းတွေ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံသားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဒေသခံပြည်သူတွေအပေါ် ဘာမှဆိုးကျိုးမသက်ရောက်အောင် သက်ဆိုင်ရာဒေသက အုပ်ချုပ်သူတွေက စီမံနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုယ့်ဒေသအပေါ် အကျိုးပြုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့လိုတယ်။ ဒါမှလည်း ကိုယ့်ဒေသလည်း ဖွံ့ဖြိုးတိုးတက်မယ်၊ ရင်းနှီးမြှုပ်နှံသူတွေလည်း အကျိုးရှိမယ်” လို့ ကိုစိုင်းအောင်က ပြောပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းလာလုပ်တဲ့ တရုတ်နိုင်ငံသားတွေက စိုက်ပျိုးရေးသုံးစက်ပစ္စည်းတွေကို တရုတ်ပြည်ကနေ တိုက်ရိုက်သယ်ယူလာပြီး စိုက်ပျိုးရရှိတဲ့ ပြောင်းနဲ့ကြံကို တရုတ်ပြည်ကို သူတို့ကိုယ်တိုင်ပဲ ပြန်တင်ပို့တဲ့အတွက် မြို့က ကုန်စည်ကားမောင်းသမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းမရှိကြောင်း သိန္နီဒေသခံတဦးက ပြောပါတယ်။

“သူတို့တွေက သူတို့အကျိုးစီးပွားအတွက်ပဲ ကြည့်တဲ့လူတွေ။ ဒေသအတွက် ဘာမှအကျိုး ရှိလာမှာ မဟုတ်ဘူး။ သူတို့ကပဲ ကိုယ့်ဒေသကနေ အကျိုးအမြတ်ယူသွားကြမှာ” လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ အဆိုပါဒေသခံက ပြောပါတယ်။

သူက ဆက်လက်ပြီး “ဒါပေမဲ့ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူးလေ။ မင်းတို့ ငါတို့ဆီ မလာခဲ့နဲ့လို့ ကျနော်တို့က သွားပြောလို့မှမရတာ” ဟု ဆိုသည်။

မန္တလေးတိုင်း မိုးကုတ်မြို့အနီးရှိ ပတ္တမြားတူးဖော်ရေးတွင်းများကို ၂၀၁၆ နိုဝင််ဘာ ၂၆ ကတွေ့ရှိရစဉ်။ မိုးကုတ်မြို့ကို တအောင်းလွတ်မြောက်ရေးတပ်မတော်က ယခင်နှစ် ဇူလိုင်ကတည်းက သိမ်းပိုက်ထားသည်။(ဓာတ်ပုံ – အေအက်ဖ်ပီ)

တရုတ်ပြည်မှ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်း

MNDAA အခွန်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး စီကုန်းနန်က သိန္နီမြို့ရဲ့ ပထဝီဝင်နေရာဒေသ အားသာချက်ကြောင့် စီးပွားရေးလုပ်ငန်း လျင်လျင်မြန်မြန် တိုးတက်လာပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကသွေးကြောမတစ်ခု ဖြစ်လာနိုင်ကြောင်း ကိုးကန့်သတင်းစဉ်ကို ပြောခဲ့ပါတယ်။ 

လွန်ခဲ့တဲ့နှစ် ဇူလိုင်တုန်းက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်  သိန္နီမြို့မစျေးကြီး ပျက်စီးခဲ့ရပါတယ်။ MNDAA က သိမ်းပိုက်ပြီးတဲ့နောက် မြို့ပြင်ဘက်တစ်နေရာမှာ စျေးအသစ်တစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စျေးအသစ်အတွက် ဆောက်လုပ်ခွင့်လုပ်ငန်းလိုင်စင်ကိုလည်း တရုတ်ပိုင် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို ခွင့်ပြုပေးခဲ့ပါတယ်။

“သူတို့(MNDAA)ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေလည်း တရုတ်တွေပဲ လုပ်ကိုင်ခွင့်ရကြမှာပါပဲ။ ကျနော်တို့ဒေသခံတွေက သူတို့လို ငွေများများမှ မသုံးနိုင်ကြတာ။ ဒေသခံတွေ လုပ်ခွင့်မရနိုင်တဲ့အတွက် စိတ်မကောင်း ဖြစ်မိရုံပဲ ရှိတာပါ” လို့ အမည်မဖော်လိုသူ ရှမ်းလူမျိုးလုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

သိန္နီမြို့ကို MNDAA က ထိန်းချုပ်ပြီးနောက် တရုတ်လုပ်ငန်းရှင်တွေ အလုံးအရင်းဝင်ရောက်လာမှုကြောင့် မြို့ထဲမှာ မြေငှါးခနဲ့အိမ်ငှါးခတွေ အရင်ကထက် အဆမတန် များပြားလာပြီး  နယ်ခံတွေမှာ အိမ်ငှားဖို့၊ ဆိုင်ခန်းငှားဖို့အတွက် ဈေးတွေမလိုက်နိုင်ဘဲ အခက်တွေ့ကြရတယ်လို့ ဆိုပါတယ်။ 

“ဘယ်လောက်ထိ ဆိုးလဲဆိုရင် တစ်နှစ်ကို ၁၈ သိန်းနဲ့ ငှားစားနေတဲ့အိမ်ကို တရုတ်တွေက သိန်း ၂၀၀ လောက်နဲ့ လာငှားပစ်တာ” လို့ သူက ပြောပါတယ်။

အဆောင်ခန်းငှါးခတွေလည်း စျေးတက်လာပြီး အရင်က တစ်လကို ကျပ် ၅၀,၀၀၀ သာ ပေးရတဲ့အခန်း တွေက  MNDAA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ပြီးတဲ့အခါမှာတော့ ကျပ် ၈၀,၀၀၀ ဖြစ်သွားပါတယ်။ ဒေသခံတွေအတွက် ဆိုင်အသစ်ဖွင့်ဖို့လည်း အဆမတန်စျေးနှုန်းမြင့်တက်နေပါတယ်။ ဆိုင်ခန်းတစ်နေ ရာစာအတွက် အခန်းငှါးခဟာ ယခင်က စျေးဟောင်းမှာ ကျပ် ၅၀,၀၀၀ သာရှိခဲ့ပေမဲ့ အခု စျေးသစ်မှာ တော့ ကျပ် ၄၀၀,၀၀၀ ထိ ရှိနေပါတယ်။

“အရင်ဈေးဟောင်းမှာတုန်းက ကိုယ်ပိုင်ဆိုင်ခန်းတွေနဲ့ ရောင်းတဲ့သူတွေက ၆ လ တစ်ကြိမ် လောက်ပဲ အမြတ်ခွန်လိုမျိုး နည်းနည်းပါးပါးပဲ ဆောင်ရတယ်။ အခုက ‌ရောင်းချင်ရင် ဆိုင်ခန်းကို ငှားမှရတော့မှာ။ အရင်ဈေးဟောင်းမှာတုန်းက အခမဲ့ ရောင်းချခွင့်ရတဲ့ ပျံကျဈေးသည်လေးတွေလည်း ပိုက်ဆံပေးရတော့ သိပ်တော့အဆင်မပြေလှဘူး” လို့ မအားပန်က ဆိုပါတယ်။ 

ပိုဆိုးတာကတော့ MNDAA ထိန်းချုပ်ပြီးကတည်းက သိန္နီမြို့မှာ လျှပ်စစ်မီးမရတော့တဲ့အတွက် ပြည်သူတွေဟာ လျှပ်စစ်မီးအတွက် မီးစက်နဲ့ဆိုလာတွေကို အဓိက အားထားနေရပါတယ်။

တရုတ်လုပ်ငန်းရှင်တွေ ဝင်လာပြီးတဲ့နောက်မှာ ဆိုင်ခန်းအမည် ဆိုင်းဘုတ်တွေ၊ ကြော်ငြာစာတွေ၊ အသိပေးချက်တွေ အကုန်လုံးကို မြန်မာ၊ တရုတ် နှစ်ဘာသာနဲ့ ရေးထိုးရမယ်လို့ MNDAA က ကြေညာခဲ့ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့ အင်္ဂလိပ်ဘာသာနဲ့ဆိုရင်တော့ ပြောင်းလဲစရာ မလိုဘူးလို့ သိရပါတယ်။

“ကျနော်ဆိုင်ရဲ့ဆိုင်းဘုတ်ဆို အင်္ဂလိပ်လို တစ်ခုတည်းပဲ ရေးထားတာ။ အင်္ဂလိပ်စာနဲ့ပဲ ရေးထားတော့  ကျန်တဲ့ မြန်မာစာ၊ တရုတ်စာ ထည့်စရာမလိုတော့ဘူး။ တစ်မျိုးတည်း ရေးရုံနဲ့ ပြီးရော” လို့ အမည်မဖော်လိုတဲ့ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ဖရွန်တီးယားကို ပြောပါတယ်။ 

MNDAA အဖွဲ့ဝင်တစ်ဦးက ဒီနှစ်ဘာသာသုံးစနစ်ကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအားလုံးမှာ ကျင့်သုံးဖို့ ပြဌာန်းထားတယ်လို့ ဆိုပါတယ်။  လောက်ကိုင်၊ ကွမ်းလုံနဲ့ ချင်းရွှေဟော်မြို့တွေမှာ အရင်က တရုတ်ဘာသာ တစ်မျိုးတည်းကိုသာ အသုံးပြုခဲ့တာဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာတော့ မြန်မာဘာသာကိုပါ အသုံးပြုဖို့ ညွှန်ကြားလာတာကို တွေ့ရပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ထဲက တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရသူ လွေးယေဦးက တရုတ်လုပ်ငန်းရှင်တွေဟာ တအောင်းတပ် ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဝင်ရောက်လာပေမဲ့ အများစုကတော့ မိုးကုတ်မြို့ရဲ့ ကျောက်တူးဖော်ရေးလုပ်ငန်းတွေမှာ မြှုပ်နှံဖို့ကိုပဲ စိတ်ဝင်စားတယ်လို့ ဇူလိုင် ၁၁ ရက်က ဖရွန်တီးယားကို ပြောပြပါတယ်။ ပတ္တမြားထွက်ရာဒေသဖြစ်တဲ့ မိုးကုတ်မြို့ကို တအောင်းတပ်တွေက လွန်ခဲ့တဲ့နှစ် ဇူလိုင်လမှာ သိမ်းပိုက်ခဲ့တာပါ။

TNLA ကလည်း ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်အတွက် သေချာတိကျတဲ့ စနစ်တခုကို တည်ဆောက်နေတယ် လို့ လွေးယေဦးက ပြောပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်မယ်ဆိုရင် ကျမတို့က အကျိုးအမြတ်ကိစ္စ၊ အခွန်ကိစ္စ၊ ဒေသခံတွေအတွက် အကျိုးပြုမှု ရှိမရှိ၊ သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှု ရှိမရှိ ဒီလိုကိစ္စမျိုးတွေကို တွက်ချက်ပြီးမှ ခွင့်ပြု ဆောင်ရွက်ရတာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။ 

ဇွန်လအတွင်း ထွက်ရှိလာတဲ့ DVB သတင်းတစ်ပုဒ်မှာ MNDAA ဟာ စက်တင်ဘာလက စလို့ သိန္နီမြို့ကို အာဏာသိမ်းစစ်တပ် လက်ထဲကို ပြန်လည်လွှဲပြောင်းပေးဖို့  စီစဉ်နေတယ်လို့ဖော်ပြထားပါတယ်။ ဒေသခံတွေဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို ယခုထိ မသိရသေးဘူးလို့ ဆိုပါတယ်။ ပြန်လည် လွှဲပြောင်း ပေးမယ် ဆိုတဲ့ ကောလာဟလနဲ့ ပတ်သက်ပြီး MNDAA ရဲ့ မှတ်ချက်ကို ရရှိဖို့ ဖရွန်တီးယားက ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

မြို့ကို မည်သူက အုပ်ချုပ်သည်ဖြစ်စေ မြို့ခံတွေအနေနဲ့  ပဋိပက္ခအနည်းပါးဆုံး အခြေအနေမှာသာ  ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုကြတယ်လို့ ဒေသခံအများစုက ဆိုပါတယ်။

“ကိုယ့်မြို့ ကိုယ်ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရင်၊ ဘာသာသာသနာကို စောင့်ထိန်းနိုင်ရင် ဘယ်သူလာပြီး အုပ်ချုပ်ပါစေ ကျနော်တို့က အဆင်ပြေပါတယ်” လို့ သန္နီမြို့နယ် အမတ်ဟောင်းတစ်ဦးက ဆိုပါတယ်။

“သူတို့က (MNDAA) လက်နက်ကိုင်ထားတော့ ကျနော်တို့မှာ ဘာမှ ပြောပိုင်ခွင့်မရှိဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံး အတူတူပဲ ပြည်သူကို ထောက်ထား စာနာသနားတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုမှမရှိဘူး” လို့ သူက ပြောပါတယ်။ 

“အခုလည်း MNDAA က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ လုပ်နေတာက သူတို့ အခွန်ရဖို့ပဲ။ သူတို့ အုပ်ချုပ်တဲ့အတွက် ကောင်းတာတစ်ခုကတော့ မြို့မှာ ဘိန်းစား၊ သူခိုးတွေ မရှိတော့ဘူး။ ဒါပေမဲ့ သူတို့အုပ်ချုပ်မှုအောက်မှာ နေရတာက နေရာတကာ ပိုက်ဆံက အဓိက ဖြစ်နေတယ်။ ကျနော်တော့ အလုပ်အကိုင်တွေ အဆင်ပြေဖို့ ရုန်းကန်နေရတုန်းပဲ။ တိုက်ပွဲတွေ ပြန်ဖြစ်မှာလည်း စိုးရိမ်ရတုန်းပဲ” လို့ ကိုစိုင်းအောင်ကတော့ ညည်းညူပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.