ဘင်္လားဒေ့ရှ်နိုင်ငံတွင်း ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည်များသည် အွန်လိုင်းမှတဆင့် အလွတ်တန်းသမားများအဖြစ် အသက်မွေးကြသည်။ သို့သော် အင်တာနက်မကောင်းသည့်အပြင် လျှပ်စစ်မီးကလည်း အကန့်အသတ်နှင့်သာ ရရှိပြီး လုပ်ခဝင်ငွေများ လက်ခံရေးအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် အလုပ်အကိုင်အခွင့်အလမ်းများက ခက်ခဲနေသည်။ ထို့ပြင် အယူသီး၍ရှေးကျသည့် လိင်ဖြစ်တည်မှုဆိုင်ရာစံနှုန်းများကြောင့် စားဝတ်နေရေးအတွက် အလုပ်လုပ်လိုသော အမျိုးသမီးများမှာ ဘေးဖယ်ထုတ်ခံထားရသည်။
JESMIN PAPRI ၊ ဖရွန်တီးယား
ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းပြီးနောက် အနီဆူးလ် မူစတာဖာတို့ နေထိုင်ရာ ဝါးထရံကာပြီး တာပေါ်လင်မိုးသည့် ခနော်နီခနော်နဲ့ တဲကုတ်လေးအတွင်းသို့ ရေများယိုစိမ့် စီးဝင်လာသည်။ မြေသားကြမ်းပြင်က ဗွက်အိုင်ထသွားသည့်တိုင် ၎င်းကမူ ဖုန်းနှင့် ကွန်ပြူတာ လက်ပ်တော့ကိုသာ အာရုံစိုက်နေသည်။
အသက်၂၂နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးဖြစ်သည့် မူစတာဖာသည် သြစတေးလျနိုင်ငံမှ အလုပ်အပ်သူတစ်ဦး၏ အားကစားလေ့ကျင့်ခန်း ရုပ်သံဖိုင်တစ်ခုကို အမေရိကန်ဒေါ်လာ၃၀ (မြန်မာငွေဖြင့် ကျပ်၁၃၀,၀၀၀ခန့်) အခကြေးယူ၍ တည်းဖြတ်ပေးနေသည်။ သို့သော် ၎င်းအတွက် အကြီးဆုံးပြဿနာမှာ ရာသီဥတုဒဏ်မဟုတ်ဘဲ နှေးကွေးလွန်းလှသော မိုဘိုင်းအင်တာနက်အမြန်နှုန်းဖြစ်နေသည်။ ၎င်းက တည်းဖြတ်ပြီး ရုပ်သံဖိုင်တစ်ခုကို အင်တာနက်နှေးကွေးနေသည့်ကြားက အလုပ်အပ်သူထံ ပေးပို့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
“ကျနော့်တဲထဲ ရေကြီးနေရင်တောင်မှ ကျနော့်အတွက် အရေးအကြီးဆုံးကတော့ အလုပ်အပ်တဲ့သူဆီ ဒီရုပ်သံဖိုင်ကို အချိန်မီပို့ပေးဖို့ပဲ။ တကယ်လို့ နောက်ဆုံးသတ်မှတ်ချိန်ကိုမမီရင် သူတို့ ကျနော့်ကို နောက်ထပ်ငှားတော့မှာ မဟုတ်ဘူး။ ကျနော်ကလည်း ဒုက္ခသည်စခန်းမှာနေရတာနဲ့ ဒီမှာကြုံနေရတဲ့ အခက်အခဲတွေကို အမြဲတမ်း ရှင်းပြနေလို့မရဘူး”ဟု ၎င်းက ဖရွန်တီးယားသို့ဇွန်လဆန်းပိုင်းက ပြောသည်။
အနီဆူးလ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့ပိုင်း၊ ကော့ဘဇားခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်သည်။ ထိုခရိုင်တွင် ဒုက္ခသည်များ ပြွတ်သိပ်ကျပ်နေထိုင်သည့် စခန်း၃၄ခုရှိပြီး ရိုဟင်ဂျာတစ်သန်းခန့် နေထိုင်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံး ဒုက္ခသည်စခန်းများတည်ရှိရာ နေရာလည်းဖြစ်သည်။
ထိုဒုက္ခသည်များသည် မြန်မာပြည်အတွင်း၊ ရခိုင်ပြည်နယ်မှ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက ဖိနှိပ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများဖြစ်သည်။ သို့သော် ၎င်းတို့အနက် ဒုက္ခသည် ၇၅၀,၀၀၀ခန့်သည် ၂၀၁၇တွင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်လှသည့် စစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ကြရသူများဖြစ်သည်။
အနီဆူးလ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှဖြစ်သည်။ ၂၀၁၇၊ စက်တင်ဘာတွင် စစ်သားများက ၎င်းတို့၏ နေအိမ်ကို မီးရှို့ဖျက်စီးခဲ့ရာ ၎င်းတို့တစ်မိသားစုလုံး ထွက်ပြေးတိမ်းရှောင်ကြရသည်။ နီးစပ်ရာ တောအုပ်တစ်ခုတွင် နှစ်ရက်ခန့် ပုန်းခိုပြီးနောက် နယ်စပ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။ သို့သော် အနီဆူးလ်တို့ရွာရှိ အချို့မိသားစုများမှာ ၎င်းတို့လောက် ကံမကောင်းခဲ့ပေ။
“ဒီအဖြစ်အပျက်တွေက မှတ်ဉာဏ်ထဲကနေ ဘယ်လိုမှ မေ့ဖျောက်ပစ်လို့မရဘူး” ဟု ၎င်းက ပြောသည်။
အနီဆူးလ်သည် ဒုက္ခသည်စခန်းတစ်ခုတွင် မိဘနှစ်ပါး၊ ညီငယ်နှစ်ဦး၊ ဇနီးသည်နှင့် ၎င်း၏ တစ်နှစ်အရွယ်သားဖြစ်သူတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်သည့်အခါ၎င်း၏ မိုဘိုင်းဖုန်းအင်တာနက်ကို အသုံးပြုကာ လေ့လာအပ်သော ပညာရပ်များ ဆက်လက်ဆည်းပူးခဲ့သည်။
၂၀၂၀တွင် အစိုးရမဟုတ်သော အန်ဂျီအိုအဖွဲ့တစ်ခု၏ စီမံချက်တစ်ခုတွင် အချိန်ပိုင်းလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်စဉ် YouTube မှတစ်ဆင့် ရုပ်သံဖိုင်များ တည်းဖြတ်နည်းကို ကိုယ့်အားကိုယ်ကိုး၍ လေ့လာခဲ့သည်။ ထိုစဉ်က အလုပ်ကပေးသည့် ကွန်ပြူတာတစ်လုံးဖြင့် လေ့လာခဲ့ရသော်လည်း နောက်ပိုင်းတွင် အနီဆူးလ်သည် လုပ်ခလစာများကို စုဆောင်း၍ ကိုယ်ပိုင်လက်ပ်တော့ ကွန်ပြူတာ တစ်လုံး ဝယ်ယူလိုက်သည်။ နောက်ပိုင်းတွင် အင်စတာဂရမ်လူမှုကွန်ရက်မှတစ်ဆင့် အလွတ်တန်းအလုပ်များကို စတင်လက်ခံခဲ့သည်။ သူ၏ ပထမဆုံးအလုပ်မှ ဒေါ်လာ၂၀ ရရှိခဲ့သည်။
ယမန်နှစ်တွင် အနီဆူးလ်သည် အင်ဂျီအိုမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ ဆာဒစ်ဟိုစိန်နှင့် Rohingya Creative Productions အမည်ရှိ မီဒီယာဝန်ဆောင်မှုလုပ်ငန်းတစ်ခုကို ပူးတွဲတည်ထောင်လိုက်ကြသည်။ ဆာဒစ်ဟိုစိန်သည် ဘူးသီးတောင်မြို့နယ်သားဖြစ်ပြီး ၂၀၁၇တွင် ရခိုင်မှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည်။ ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲခြင်း၊ ဘာသာပြန်ခြင်းနှင့် ရုပ်သံတည်းဖြတ်ခြင်း စသည်တို့ကို အခကြေးငွေယူ၍ ဆောင်ရွက်ပေးသည့် ထိုလုပ်ငန်းသည် တဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့ပြီး တစ်လလျှင် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ၅၀,၀၀၀ခန့် (မြန်မာငွေ ကျပ်၁၈သိန်းခန့်) ဝင်ငွေရှိလာသည်။
၎င်းတို့ထံ ကမ္ဘာအနှံ့ နိုင်ငံအသီးသီးမှ နေထိုင်သူများက အလုပ်အပ်ကြပြီး များသောအားဖြင့် အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ ဆက်သွယ်လုပ်ဆောင်ရသည်။ အနီဆူးလ်သည် အင်္ဂလိပ်ဘာသာစကား အခြေခံကို မြန်မာပြည်တွင် ရှိစဉ်ကတည်းက စတင်လေ့လာခဲ့သော်လည်း ဒုက္ခသည်စခန်းရောက်သည့်အခါတွင်မှ နောက်တစ်ဆင့်တက်၍ သင်ယူခဲ့သည်။
လုပ်ငန်းက ဝင်ငွေရှိလာသည့်တိုင် “အလုပ်ထဲမှာ အခက်အခဲတွေအများကြီးရှိတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် ဓာတ်အားလိုင်းတွေကနေ လျှပ်စစ်မီးသွယ်ခွင့် ဒါမှမဟုတ် ဝိုင်ဖိုင်သုံးခွင့်တွေ မပေးဘူး။ ကျနော်တို့က ဖုန်းအင်တာနက်ပဲသုံးလို့ရတယ်။ အဲဒါကလည်း လိုင်းက တော်တော်ကို မကောင်းဘူး”ဟု ၎င်းက ပြောသည်။
ခက်ခဲမှုများရှိသော်လည်း ရိုဟင်ဂျာဒုက္ခသည်များအတွက်မူ စားဝတ်နေရေးနှင့်ပတ်သက်လာလျှင် အခြားရွေးချယ်စရာ အခွင့်အရေး အနည်းငယ်သာရှိသည်။ ကျပ်တည်းမှုကြောင့် ထောင်ချီသော ရိုဟင်ဂျာများသည် လူကုန်ကူးပွဲစားများကို ငွေအမြောက်အမြားပေး၍ အန္တရာယ်များလှသည့် တရားမဝင် ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှား သို့မဟုတ် အခြားနိုင်ငံများသို့ လှေများဖြင့် သွားရောက်ရန်ကြိုးပမ်းကြသည်။
ထို့ကြောင့် အွန်လိုင်းမှတဆင့် အလုပ်လုပ်နေနိုင်ခြင်းကို ကံကောင်းသည်ဟု အနီဆူးလ်က ယူဆနေသည်။ “ဒီလို အလွတ်တန်းအလုပ်ကလေးတွေလုပ်တာက အခြား ဒုက္ခသည်တွေထက်တော့ အခြေအနေ အများကြီး ပိုကောင်းသွားစေတယ်”ဟု ၎င်းကပြောသည်။

ဒုက္ခသည်စခန်းများအတွင်း ရိုက်ကူးတင်ဆက်မှုများလုပ်ခြင်း
ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာများကို စာသင်ကျောင်းများတွင် ပညာသင်ကြားခွင့်မပြုသဖြင့် အန်ဂျီအိုနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ဒုက္ခသည်စခန်းများတွင် အတန်းပညာနှင့် အသက်မွေးမှုဆိုင်ရာ သင်တန်းများပေးလေ့ရှိသည်။ သို့သော် ရိုဟင်ဂျာအများစုသည် စနစ်တကျပညာသင်ကြားခွင့်မရကြသည့်အပြင် ၎င်းတို့တွင် အနီဆူးလ်နှင့် ဆာဒစ်တို့ကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ငွေရှာ၍ စားဝတ်နေရေးဖြေရှင်းရန် လိုအပ်သည့် ကျွမ်းကျင်မှုများမရှိပေ။
ဒုက္ခသည်အများစုနှင့်မတူ ကျွမ်းကျင်သည့်အတတ်ဖြင့် ငွေရှာသည်မှာ ၎င်းတို့နှစ်ဦးတည်းမဟုတ်ပေ။ ဂရပ်ဖစ်ဒီဇိုင်း၊ သတင်းပညာနှင့် လူမှုကွန်ရက်တွင် အကြောင်းအရာများ ဖန်တီးတင်ဆက်ခြင်း စသည်တို့ဖြင့် အွန်လိုင်းမှတစ်ဆင့်အလွတ်တန်းအလုပ်များလုပ်ကိုင်နေသည့် ရိုဟင်ဂျာ ၁၂ ဦးကို ဖရွန်တီးယားက ၎င်းတို့၏ အလုပ်အကိုင်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခဲ့သည်။ ၎င်းတို့၏အဆိုအရ ဒုက္ခသည်စခန်းများတွင် အလားတူ အသက်မွေးနေသူ ရိုဟင်ဂျာအနည်းဆုံး ၁၅၀ဦးခန့် ရှိသည်ဟု သိရသည်။ သို့တိုင် လိင်ဖြစ်တည်မှုနှင့်ပတ်သက်လာလျှင် ရှေးရိုးစွဲဝါဒီစံနှုန်းများ ပြင်းထန်လွန်းလှသဖြင့် ဒုက္ခသည်စခန်းများရှိ ရိုဟင်ဂျာအမျိုးသမီးအားလုံးနီးပါးသည် မည်သည့်အလုပ်မျှ လုပ်ကိုင်ခွင့်မရှိပေ။
ဒုက္ခသည်များသည် တရားဝင်အလုပ်လုပ်ခွင့်မရှိပေ။ သို့သော် စောင့်ကြည့်ထိန်းချုပ်ရန် ခက်ခဲသည့် အွန်လိုင်းမှတစ်ဆင့် အလွတ်တန်းကျွမ်းကျင်သူအဖြစ် အသက်မွေးမှုများကို အာဏာပိုင်များက အတိအလင်းတားမြစ်ထားခြင်းမရှိကြောင်း အမည်မဖော်လိုသည့် ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်ရေးရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အလွတ်တန်းကျွမ်းကျင်သူအများစုသည် ရုပ်သံတည်းဖြတ်မှုအတတ်ပညာကို ၎င်းတို့၏ လက်ကိုင်ဖုန်းများမှတစ်ဆင့် YouTube တွင် လေ့လာကြသည်။ အသက်၁၆နှစ်အရွယ် ရက်ပ်အဆိုတော်နှင့် ဖန်တီးတင်ဆက်သူတစ်ဦးဖြစ်သည့် ရိုဟဲလ်ခန်သည်လည်း အွန်လိုင်းမှတစ်ဆင့် လေ့လာသင်ယူခဲ့သူဖြစ်သည်။ ၎င်း၏ Rohingya Music Video ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အားပေးသူ ဖော်လိုဝါ၈၃,၀၀၀ခန့်ရှိပြီး TikTok နှင့် YouTube တို့ရှိ ၎င်း၏ စာမျက်နှာများသည် အားပေးသူ ၄၃,၀၀၀ခန့် အသီးသီးရှိကြသည်။
ရိုဟဲလ်ခန်သည် မောင်တောမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်သည်။ ၎င်းရှစ်နှစ်အရွယ်သာရှိသေးစဉ် ၂၀၁၇တွင် စစ်တပ်၏ ထိုးစစ်ကြောင့် ၎င်းတို့မိသားစုသည် နေထိုင်ရာ ကျေးရွာမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
“အဲဒီတုန်းက ကျနော်က ကလေးပဲရှိသေးတယ်။ ဒါပေမဲ့ လူတွေ ကျနော့်မျက်စိရှေ့မှာတင် ပစ်သတ်ခံရတာနဲ့ ကျနော်တို့အိမ် မီးရှို့ခံရတာတွေကိုတော့ ထင်ထင်ရှားရှားမှတ်မိနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်မိဘတွေက ကျနော်တို့နဲ့အတူ လွတ်အောင်ထွက်ပြေးလာခဲ့ပြီး ဒီနေရာကို လုံလုံခြုံခြုံ ခေါ်လာနိုင်ကြတယ်”ဟု ရိုဟဲလ်ခန်က ဖရွန်းတီးယားသို့ ပြောသည်။
ရိုဟဲလ်သည် ကမ္ဘာ့အကြီးဆုံး အန်ဂျီအို Bangladesh Rural Advancement Committee က ရိုဟင်ဂျာဒုက္ခသည်များအတွက် ဖွင့်လှစ်ထားသည့် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတစ်ခုတွင် ပညာသင်ကြားနေသည်။ ၎င်းတက်ရောက်နေသည့် ကျောင်းက ၎င်းတို့ကို အနုပညာနှင့် ဂီတတို့ကဲ့သို့ ဖန်တီးမှုအသားပေးသည့် ဘာသာရပ်များကို လေ့လာလိုက်စားရန် အားပေးခဲ့ကြောင်း ရိုဟဲလ်က ဆိုသည်။
ရိုဟဲလ်သည် ၂၀၂၁က ဒုက္ခသည်စခန်းများတွင် ကျင်းပခဲ့သည့် ရက်ပ်သီချင်း ရွတ်ဆိုပြိုင်ပွဲတစ်ခုတွင် အနိုင်ရရှိခဲ့သည်။အားပေးသူပရိသတ်များရှိလာသဖြင့် ထိုချိန်မှစ၍ ရိုဟဲလ်သည် လူမှုကွန်ရက်တွင် ၎င်းရေးစပ်ထားသည့် ရက်ပ်သီချင်းများကို စတင်၍ ထုတ်လွှင့်လာသည်။ နောက်ပိုင်းတွင် စိတ်တူကိုယ်တူ ရိုဟင်ဂျာအချို့နှင့်လက်တွဲ ရက်ပ်အဖွဲ့တစ်ခုကို ထူထောင်လိုက်ပြီး ရက်ပ်သီချင်းများကို ပုံမှန်တင်ဆက်ကြသည်။
မိခင်ဘာသာစကားဖြင့် သီဆိုသည့် ၎င်း၏ ရက်ပ်သီချင်းများတွင် သမီးရည်းစားချစ်ကြိုက်သည့် အကြောင်းအရာများအပြင် ရိုဟင်ဂျာလူမျိုးတို့ ကြုံတွေ့ခံစားနေရသည့် ဒုက္ခပေါင်းစုံနှင့် ကံဆိုးမိုးမှောင်ကျမှုများကို ရိုဟဲလ်တို့က ထည့်သွင်းရေးစပ်သည်။ ၎င်းတင်ဆက်သည့် အကြောင်းအရာများတွင် အများပြည်သူကို ဖျော်ဖြေရန်ရည်ရွယ်ချက်ဖြင့် ရိုက်ကူးသည့် ဟာသဇာတ်လမ်းများလည်း ပါဝင်သလို လူ့အဖွဲ့အစည်းအတွင်း ပညာရေး၏ အရေးပါပုံကို မီးမောင်းထိုးပြခြင်း၊ လူ့ကျင့်ဝတ်အရ တားမြစ်ချက်များကို ရှောင်ရှားရန် သတိပေးခြင်း စသည့် ပို၍တည်တည်ခန့်ခန့်ရှိသော ဖန်တီးမှုများလည်း ပါဝင်သည်။
၎င်း၏အနုပညာသည် ရိုဟင်ဂျာပရိသတ်ကိုသာ သီးသန့်ဦးတည်သည့် ဖန်တီးမှုများဖြစ်သဖြင့် လူမှုကွန်ရက်မှ ရရှိသော ဝင်ငွေသည် မဆိုစလောက်သာ ဖြစ်နေသေးသည်။ သို့သော် ကမ္ဘာအနှံ့သို့ ရိုဟင်ဂျာလူမျိုးများ ပျံ့နှံ့နေထိုင်သည်ဖြစ်ရာ ရိုဟဲလ်တို့အဖို့ အွန်လိုင်းအနုပညာ လုပ်ငန်းများမှ ဝင်ငွေအများအပြားရရှိလာရန် အခွင့်အလမ်းများရှိနေသေးသည်။
အလားတူပင် အသက်၂၅နှစ်အရွယ် ရိုဟင်ဂျာဒုက္ခသည် မိုဟာမက် အီဘရာဟင်ကလည်း အွန်လိုင်းမှတစ်ဆင့် ငွေရှာပြီး တစ်ပြိုင်နက်တည်းတွင် ၎င်း၏အသိုင်းအဝိုင်းကို မြှင့်တင်ရန် ကြိုးပမ်းနေသည်။ ၎င်းက အများပြည်သူ သိသင့်သိထိုက်သော ပညာပေးအကြောင်းအရာများကို ရိုဟင်ဂျာဘာသာစကားဖြင့် ရုပ်သံရိုက်ကူး၍ MET ဟုခေါ်သည့် ၎င်း၏ YouTube ချန်နယ်မှတစ်ဆင့် တင်ဆက်နေသည်။ အင်္ဂလိပ်ဘာသာဖြင့် Motivational and Emotional Tutorial ဟု အရှည်ကောက်အဓိပ္ပာယ်ဆောင်သည့် ထိုချန်နယ်ကို ၂၀၂တွင် လူနှစ်ဦးဖြင့် စတင်ခဲ့ပြီး ယခုတွင် အဖွဲ့ဝင်ဦးရေ အယောက်၂၀ရှိပြီဖြစ်သည်။ MET ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာကို နှစ်သက်အားပေးသူဦးရေ ၅၄,၀၀၀ခန့်ရှိသည်။
အဖွဲ့ဝင်၂၀ဦးလုံးသည် အွန်လိုင်းမှတစ်ဆင့် ရုပ်သံရိုက်ကူး၊ တည်းဖြတ် အတတ်ပညာများကို ကိုယ့်အားကိုယ်ကိုး၍ လေ့လာခဲ့သူများဖြစ်သည်။ ၎င်းတို့၏ တင်ဆက်မှုများတွင် မိဘများကို ဦးတည်သော တာဝန်သိစွာအုပ်ထိန်းမှုအကြောင်းအရာများပါဝင်သလို အိမ်တွင်းအကြမ်းဖက်မှုကို ဝေဖန်၊ ရှုတ်ချသည့် ဖန်တီးမှုများလည်း ပါဝင်သည်။
အွန်လိုင်းမှတစ်ဆင့် ရှာဖွေကြည့်ရှုနိုင်သည့် ပညာပေးအကြောင်းအရာများကို တင်ဆက်ပါက ရိုဟင်ဂျာများကို ထိထိရောက်ရောက် ပညာပေးနိုင်မည်ဟု ယုံကြည်သဖြင့် ၎င်းတို့၏ ဖန်တီးမှုများကို ပရဟိတအလုပ်တစ်ခုအဖြစ် စတင်ခဲ့သည်ဟု အီဘရာဟင်က ဆိုသည်။ ဒုက္ခသည်များ စခန်းပြင်ပသို့ ထွက်ခွာခွင့်မရှိသဖြင့် အင်တာနက်သည် ရိုဟင်ဂျာများအဖို့ လေ့လာဆည်းပူးရေးသာမက ဖျော်ဖြေရေးအတွက်ပါ အဓိကအားထားရသည့် ရင်းမြစ်တစ်ခုဖြစ်လာသည်ဟု အီဘရာဟင်က ရှင်းပြသည်။ ပညာပေးနှင့် ဖျော်ဖြေရေး အကြောင်းအရာနှစ်ခုကို ပေါင်းစပ်ဖန်တီးရန်မှာ MET ၏ ရည်မှန်းချက်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တီဗွီလိုင်းအများစုက ဘင်္ဂါလီဘာသာစကားနဲ့ဖြစ်နေတော့ ကျနော်တို့က ဘာသာစကားကို အပြည့်အဝနားမလည်ကြဘူး။ အဲဒီတော့ ကျနော်တို့က ဗွီဒီယိုကြည့်ဖို့နဲ့ သီချင်းနားထောင်ဖို့ ဖုန်းနဲ့ အင်တာနက်ကို အားထားရတယ်”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။
၎င်းတို့၏ တင်ဆက်မှုများကို ကြည့်ရှုသူပရိသတ် သိန်းနှင့်ချီရှိလာသောအခါ ထိုဖန်တီးမှုများမှတစ်ဆင့် ၎င်းတို့ များစွာလိုအပ်နေသည့် ဝင်ငွေရရှိနိုင်ကြောင်း အီဘရာဟင်တို့ သိရှိလာသည်။
“အပြင်ကနေ အထောက်အပံ့၊ ငွေကြေး ဒါမှမဟုတ် သင်တန်းလိုမျိုး တစ်ခုမှ မရခဲ့ဘူး။ အခုလူမှုကွန်ရက်ကနေ ငွေနည်းနည်းရတယ်။ တင်ဆက်မှုတွေ ပိုလုပ်ပြီးတော့ ဝင်ငွေ ပိုတိုးလာဖို့ကိုလည်း လုပ်နေတယ်။ ဒါပေမဲ့ ကျနော်တို့ အဓိကထားနေသေးတာက ရိုဟင်ဂျာလူမျိုးတွေကို စွမ်းဆောင်ရည်မြှင့်တင်ဖို့နဲ့ အသိပညာပေးဖို့ပါပဲ”ဟု ၎င်းက ပြောသည်။
အလုပ်တွင်အာရုံစိုက်နေလိုက်သဖြင့် ဘူးသီးတောင်မှ မိဘများနှင့်အတူ ထွက်ပြေးခဲ့စဉ်က ၎င်းတို့ ကြုံတွေ့ခဲ့ရသော အနိဋ္ဌာရုံအဖြစ်အပျက်များမှ အာရုံလွှဲနိုင်လာသည်ဟု ၎င်းကဆိုသည်။ ၂၀၁၇၊ စက်တင်ဘာတွင် ၎င်းတို့သည် ထိုမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး နယ်စပ်ကို ဖြတ်ကျော်ရန် ရုန်းကန်ခဲ့ရသည့် ဒဏ်ရာရသူအများအပြားကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရကြောင်း အီဘရာဟင်က ဆိုသည်။
“အဲဒီတုန်းက အချိန်တွေအကြောင်း အိပ်မက်ထဲမှာ မက်နေတုန်းပဲ။ ကျနော်က အဲဒါတွေကို မတွေးမိအောင်လို့ အမြဲတမ်းအလုပ်ထဲမှာ စိတ်နှစ်ထားတယ်”ဟု ၎င်းကပြောသည်။

အလုပ်ရရန် အတားအဆီးများ
တိုးတက်လာသည့် နည်းပညာကြောင့် အလွတ်တန်းဖန်တီးတင်ဆက်သူများအဖြစ် သက်မွေးဝမ်းကျောင်းပြုရသည်မှာ ပို၍လွယ်ကူလာသော်လည်း မှတ်ဥာဏ်တုနည်းပညာ(AI) ထွက်ပေါ်လာသည့် အတွက် ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲခြင်း သို့မဟုတ်ဘာသာပြန်ခြင်းတို့အတွက် အလုပ်အပ်သူနည်းပါးလာသည်ဟု ရိုဟင်ဂျာများကဆိုသည်။
သို့တိုင် အကြီးဆုံးအခက်အခဲမှာ ဒုက္ခသည်စခန်းများတွင် လျှပ်စစ်မီးပုံမှန်မရခြင်းနှင့် အင်တာနက်လိုင်းမကောင်းခြင်းတို့ပင်ဖြစ်သည်။ ဒုက္ခသည်စခန်းများတွင် 3Gနှင့် 4G မိုဘိုင်းဆက်သွယ်မှုကွန်ရက်များ ၂၀၂၀ကတည်းက စတင်အသုံးပြု၍ ရခဲ့ပြီဖြစ်သော်လည်း အင်တာနက်လိုင်းက နှေးကွေးနေဆဲဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုင်ဆောင်သည့် မှတ်ပုံတင်ကတ်မရှိသဖြင့် ဒုက္ခသည်များသည် မိုဘိုင်းဖုန်းဆင်းကတ်များ ကိုင်ဆောင်ခွင့်မရှိပေ။ သို့သော် ဒုက္ခသည်အများအပြားက မိုဘိုင်းဆင်းကတ်များ ကိုင်ဆောင်ကြပြီး အာဏာပိုင်များကလည်း တင်းတင်းကျပ်ကျပ် တားမြစ်ထားခြင်းမရှိပေ။
“အင်တာနက်နဲ့မီးမရတာက နေ့တိုင်းကို ကြုံနေရတာ။ ကျနော်ဆို သတ်မှတ်ရက်တွေကျော်သွားတာကြောင့် အလုပ်အပ်သူတွေကစိတ်မရှည်တော့တာနဲ့ အစည်းအဝေးတွေဖျက်ပြီး အလုပ်မအပ်တော့တာမျိုးအထိ ကြုံရဖူးတယ်”ဟု ဆာဒစ်က ပြောသည်။
စခန်းများတွင် ပင်မလျှပ်စစ်ဓာတ်အားပေးစနစ်မရှိသည့်အပြင် ဒုက္ခသည်အများစုသည် ကိုယ်ပိုင်မီးစက်များ ဝယ်ယူ အသုံးပြုနိုင်သည်အထိ ငွေကြေးမကြွယ်ဝကြပေ။ အချို့မိသားစုများကမူ စုပေါင်း၍ နေစွမ်းအင်သုံး ဆိုလာပြားများ တပ်ဆင်ကြသော်လည်း ၎င်းတို့ဝယ်ယူနိုင်သော ဈေးသက်သာသည့် ဆိုလာပြားများနှင့်ဆိုလျှင် မီးဆိုင်းအချို့ကိုသာ ထွန်းလင်း၍ရသည်။ ထိုဈေးနှုန်းချိုသာသော ဆိုလာပြားများသည်ပင်လျှင် ဒုက္ခသည်အများအပြားအဖို့ ဝယ်ယူရန်မတတ်နိုင်သော လူသုံးကုန်ပစ္စည်းဖြစ်သည်။
နေရောင်ခြည်ကိုအားပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရသည်ဖြစ်ရာ ဆိုလာစွမ်းအင်သည် မေမှအောက်တိုဘာအထိ ကြာမြင့်သည့် မိုးရာသီတွင် အလုပ်မဖြစ်ပေ။ သို့ဖြစ်ရာ ထိုကာလများတွင် ရိုဟင်ဂျာ အလွတ်တန်း အသက်မွေးသူများအနေဖြင့် ဒုက္ခသည်စခန်းအပြင်ဘက် လျှပ်စစ်မီးပုံမှန်ရရှိသော ဆိုင်များသို့ သွားရောက်၍ ၎င်းတို့၏ အီလက်ထရွန်းနစ်ကိရိယာများကို အားသွင်းရသည်။
ဒုက္ခသည်များအဖို့ နောက်ထပ်အခက်အခဲတစ်ခုမှာ တရားဝင်ဘဏ်လုပ်ငန်းများကို အသုံးပြုခွင့်မရှိသဖြင့် အလုပ်အတွက်ရရှိသည့် အခကြေးငွေ လက်ခံရယူခြင်းဖြစ်သည်။
“ဘင်္ဂလားဒေ့ရှ်မှာ ဘဏ်အကောင့်ဖွင့်ခွင့်မရတဲ့အတွက် ဒေသခံတွေ ဒါမှမဟုတ် ကျနော်တို့ကို ကူညီပေးမယ့် နိုင်ငံခြားအန်ဂျီအိုကဝန်ထမ်းတွေကို အကူအညီတောင်းရတယ်”ဟု ရိုဟဲလ်က ပြောသည်။
တချိန်တည်းတွင် အမျိုးသားများသာ ကြီးစိုးထားသည့် ထိုအလွတ်တန်းအသက်မွေးမှုပုံစံဖြင့် အလုပ်လုပ်လိုသည့် ရိုဟင်ဂျာ အမျိုးသမီးများအတွက်မူ ရိုးရာဓလေ့ထုံးတမ်းများက ပို၍ပင်ကြီးမားသည့် အတားအဆီးဖြစ်နေသည်။
ရိုဟင်ဂျာအမျိုးသမီး ဆာဘီကွန် နာဟာက ထိုဖြစ်ရပ်ကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့ရသည်။ အသက်၂၁သာရှိသေးသည့် ဆာဘီကွန်သည် လူ့အသိုင်းအဝိုင်းအတွက် ကောင်းနိုးရာရာမှစ၍ အမျိုးသမီးများ၏အခွင့်အရေးအဆုံး အကြောင်းအရာမျိုးစုံကို Rohingya Human Rights Network ဟု အမည်ရသည့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တင်ဆက်သည်။ ထိုဖေ့စ်ဘွတ်ခ် စာမျက်နှာပိုင်ရှင်များက ၎င်းတင်ဆက်သည့် ရုပ်သံတစ်ခုချင်းစီအတွက် အခကြေးငွေပေးသည်။ အချို့ရုပ်သံဖိုင်များသည် ကြည့်ရှုမှုတစ်သိန်းကျော်ခန့်ရှိသည်။
ဆာဘီကွန်တွင် တစ်ချိန်ချိန်၌ ကိုယ်ပိုင်စာမျက်နှာတစ်ခုတည်ထောင်ပြီး ရုပ်သံတင်ဆက်ရန် အိပ်မက်ရှိသည်။ အမျိုးသမီးတစ်ဦးက လူအများရှေ့တွင် ဤကဲ့သို့ ရုပ်သံတင်ဆက်မှုလုံးဝမပြုလုပ်သင့်ကြောင်း ယူဆထားသည့် ရပ်ရွာအတွင်းက လူအချို့၏ ဝေဖန်မှုကိုလည်း အစပိုင်းတွင် ခံခဲ့ရသည်။
အမျိုးသမီးအနည်းငယ်ကသာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် လုပ်ကိုင်သည့် အသိုင်းအဝိုင်းတစ်ခုအတွင်း အန်ဂျီအိုအဖွဲ့အစည်းအမျိုးမျိုးတွင် အလုပ်လုပ်ခဲ့ဖူးသူဖြစ်ရာ ထိုကဲ့သို့သော ဝေဖန်မှုမျိုးကို ဆာဘီကွန်က ယခင်ကလည်း ကြုံတွေ့ဖူးပြီးဖြစ်သည်။ ၎င်းနှင့်သက်တူရွယ်တူ အမျိုးသမီးအများအပြားက အိမ်ထောင်ပြုကြပြီးဖြစ်သော်လည်း ၎င်းကမူ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုခြင်းကို ဆန့်ကျင်သည်။ ထို့အတွက်လည်း အဝေဖန်ခံခဲ့ရဖူးသည်။
“ကျမက အိမ်ထောင်မပြုရသေးလို့ဆိုပြီး လူတွေက ပြောကြဆိုကြတယ်”ဟု ၎င်းက ရယ်လျက်ဆိုသည်။
သို့သော် ရုပ်သံတင်ဆက်မှုကြောင့် ဆာဘီကွန်သည် ခြောက်ခြားဖွယ် အန္တရာယ်အချို့ ကြုံတွေ့ခဲ့ရသည်။ တစ်ခုသောညတွင် မျက်နှာဖုံးစွပ်ထားသော အမျိုးသား ၂၀မှ ၃၀ဦးခန့် ၎င်းနေထိုင်ရာအိမ်ရှေ့သို့ ရောက်ရှိလာကြပြီး ၎င်းကို အော်ဟစ်ခြိမ်းခြောက်ခဲ့ကြသည်။
“ဒီလိုအလုပ်တွေက အမျိုးသမီးတွေအတွက်မဟုတ်ဘူးလို့ သူတို့က ပြောတယ်။ ကျမက စခန်းထဲက အခြေအနေတွေကို ဖျက်ဆီးနေတယ်လို့လည်း သူတို့က ပြောကြသေးတယ်”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။ ထို့ပြင် ထိုအလုပ် ဆက်လုပ်နေပါကလည်း “နိဂုံးမလှဖြစ်လိမ့်မယ်”ဟုလည်း ထိုအမျိုးသားများက ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းကဆိုသည်။
ထိကပါးရိကပါးမှုများက ထိုမျှနှင့်ပင် ရပ်တန့်မသွားသေးပေ။ လူအချို့က ၎င်း၏အမည်ဖြင့် လူမှုကွန်ရက်အကောင့်တုများ ဖန်တီး၍ စိတ်ညစ်ညူးဖွယ်နှင့် မလျော်ကန်သည့် အကြောင်းအရာများကို တင်ကြသည်ဟု ၎င်းကဆိုသည်။ ဒုက္ခသည်စခန်းအတွင်း တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် ဘာသာရေးအရ ခေါင်းစည်းပုဝါခြုံ၍ သွားလာသည့်တိုင် ၎င်းကိုမှတ်မိသွားသောအခါ အော်ဟစ်လှောင်ပြောင်ကြလေ့ရှိသည်။
“ကျမကို အရှက်ခွဲတဲ့အနေနဲ့ ဗွီဒီယိုထဲမှာ ကျမပြောခဲ့တဲ့ အကြောင်းအရာတွေကို ပြန်ပြီး အော်ဟစ်ပြောဆိုကြတယ်”ဟု ဆာဘီကွန်က ပြောသည်။
ထိုအဖြစ်အပျက်နောက်ပိုင်း အွန်လိုင်းရုပ်သံဖိုင်တင်ဆက်မှုများတွင် လူလုံးထွက်မပြတော့သည့်အခါတွင်မှ ထိပါးနှောင့်ယှက်မှုများ လျော့နည်းသွားခဲ့သည်။
“တစ်ခါတလေတော့ နောက်ခံစကားပြောတာတွေလုပ်သေးတယ်။ ဒါပေမဲ့ အရင်ကလောက်တော့ ကြည့်တဲ့သူ သိပ်မများတော့ဘူး”ဟု ၎င်းက ပြောသည်။
မလိုမုန်းထား မှတ်ချက်ပြုပြောဆိုချက်များကို ခံနိုင်ရည်ရှိသေးသည်ဟု ၎င်းကဆိုသည်။ သို့သော် “သူတို့ အိမ်ထိ ရောက်လာကြတဲ့အခါကျတော့ ကျမတော်တော်လေး ကြောက်သွားတယ်။ ကျမမိသားစုရဲ့ လုံခြုံရေးကိုလည်း အထိအခိုက်မခံနိုင်တော့ဘူး”ဟု ဆာဘီကွန်က ပြောသည်။
ထိုအမျိုးသားများ မည်သူမည်ဝါဖြစ်သည်ကို မသိသော်လည်း ၎င်းတို့၏ရည်ရွယ်ချက်ကို နာဘီကွန်က ရှင်းရှင်းလင်းလင်း သိရှိထားသည်။ “ရိုဟင်ဂျာအမျိုးသမီးတွေ ရှေ့ကို ချွန်ထွက်လာမှာကို သူတို့ မလိုချင်ကြဘူး”ဟု ၎င်းက ပြောသည်။
ယခင်ကလို ထင်ထင်ပေါ်ပေါ်မနေတော့သော်လည်း အများပြည်သူအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို ဆက်လက်တင်ဆက်ရန် ဆာဘီကွန်က စိတ်ပိုင်းဖြတ်ထားသည်။
“အသိပညာပေး ဗီဒီယိုတွေ တင်ဆက်တဲ့အခါ လူတွေကို ကျမပြောချင်တာတွေ ပြောလို့ရတယ်။ အဲဒါက ကျမအတွက် အများကြီး အဓိပ္ပာယ်ရှိတယ်။ ကျမလုပ်ခဲ့တဲ့ အလုပ်တွေကြောင့် အများကြီး အတုယူရတယ်ဆိုပြီး စာပို့ကြတဲ့ လူတွေရှိတယ်။ အဲဒါကိုကြားတော့ ဘယ်သူတွေ ဘာပဲပြောပြော ဆက်လုပ်ချင်တဲ့ စိတ်တွေဖြစ်ရတယ်”ဟု ၎င်းက ပြောသည်။

ကျနော်တို့ရဲ့အသံတွေကို ထုတ်ဖော်ပြောဆိုနိုင်တယ်
အယူသီးသည့်အမြင်များ၊ တိုက်ခိုက်မှုများ၏ဒဏ်ကို ရိုဟင်ဂျာအမျိုးသားများက ဆာဘီကွန်လောက် မခံရသော်လည်း အွန်လိုင်းအသိုက်အဝန်းသည် ၎င်းတို့အတွက် အဆိပ်အတောက်ဖြစ်စေနိုင်သေးသည်။
ဥပမာအားဖြင့် ဒုက္ခသည်စခန်းများအတွင်းရှိ ဆယ်ကျော်သက်နှင့် လူငယ်၊ လူရွယ် အမျိုးသားများသည် 1xBet ကဲ့သို့ အွန်လိုင်းလောင်းကစားများ ဆော့ကစားနေသည်ကို မကြာခဏ မြင်တွေ့ရလေ့ရှိသည်။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးပြီး ပြင်ပသို့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်မရှိသဖြင့် အွန်လိုင်းလောင်းကစားများသည် ၎င်းတို့အကြား ရေပန်းစားလာသည်ဟု ဖရွန်တီးယားက ဆက်သွယ်မေးမြန်းသည့် ဒုက္ခသည်လူငယ်အများအပြားက ပြောသည်။ အွန်လိုင်းလောင်းကစားများကို ဖျော်ဖြေရေးအဖြစ် ဆော့ကစားကြသည်ရှိသလို ဝင်ငွေရှာဖွေနိုင်သည်ဟု ထင်မှတ်မှားကာ အတည်ပေါက် အလောင်းကစားပြုသူများလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။
ထိုလောင်းကစားစွဲလမ်းသည့် ဖြစ်စဉ်နှင့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းကို ရိုဟဲလ်က လူမှုကွန်ရက်တွင် ပညာပေးရုပ်သံတစ်ခုအဖြစ် တင်ဆက်ထားသေးသည်။ ထိုရုပ်သံတင်ဆက်မှုတွင် လောင်းကစားစွဲလမ်းသည့် ပြဿနာသည် ချမ်းသာကြွယ်ဝမှု၊ လူမှုဖြစ်တည်မှုနှင့် စိတ်ကျန်းမာရေးတို့ကို ထိခိုက်ပျက်စီးစေသည်ဟု ရိုဟင်ဂျာရက်ပ်ပါ ရိုဟဲလ်က သတိပေးထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လောင်းကစားမှုအများစုကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက တရားမဝင်လုပ်ငန်းဟု သတ်မှတ်ထားသည်။ သို့သော် ယခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆိုက်ဘာလုံခြုံရေးဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး အွန်လိုင်းလောင်းကစားများကို တရားမဝင်လုပ်ငန်းများဟု ထိုဥပဒေတွင် တစ်သီးတစ်သန့် တားမြစ်သည့်အပြင် ထိုလုပ်ငန်းများကိုလည်း ဖြိုခွင်းခဲ့သည်။ ထိုသို့ဖြိုခွင်းမှုအတွင်း ရဲတပ်ဖွဲ့က ရိုဟင်ဂျာဒုက္ခသည်များကိုပါ ဖမ်းဆီးလေ့ရှိပြီး ဒဏ်ကြေးအမြောက်အမြား ပေးဆောင်မှသာ ပြန်လွှတ်ပေးသည်ဟု ဒုက္ခသည်လူငယ်များက ဆိုသည်။
တချိန်တည်းတွင် ရိုဟင်ဂျာဒုက္ခသည်များအကြား အွန်လိုင်းအသုံးပြုမှု ပိုမိုတွင်ကျယ်လာခြင်းက ၎င်းတို့ကို အန္တရာယ်စက်ကွင်းမှ ဝေးရာသို့ တွန်းပို့ခြင်းလည်းဖြစ်သည်။
လွန်ခဲ့သောနှစ်များအတွင်း ရိုဟင်ဂျာလက်နက်ကိုင်ဂိုဏ်းများ အင်အားကြီးထွားလာခဲ့သဖြင့် ဒုက္ခသည်စခန်းများတွင် အကြမ်းဖက်မှုနှင့် သွေးထွက်သံယိုဖြစ်မှုများ မြင့်တက်ခဲ့သည်။ ထိုအန္တရာယ်စက်ကွင်းများအတွင်းသို့ ရောယောင်ပါမသွားစေရန် ရိုဟင်ဂျာလူငယ်များကို တီထွင်ထုတ်လုပ်မှုအသားပေးသည့် အစီအစဉ်များဖြင့် ထိတွေ့မိတ်ဆက်ပေးရန် အရေးကြီးကြောင်း ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM)တွင် အမျိုးသားစီမံကိန်းအရာရှိအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ အာဆစ်ဖ် မူနီယာက ဆိုသည်။
“တကယ်လို့ လူငယ်တွေက အွန်လိုင်းကနေ အလွတ်တန်းအလုပ်တွေ ဒါမှမဟုတ် အလားတူ အလုပ်မျိုးတွေလုပ်တဲ့အခါ သူတို့အနေနဲ့ စခန်းတွေကနေ အပြင်ထွက်စရာမလိုဘူး။ ဒါက အစိုးရအနေနဲ့လည်း လုံခြုံရေးရှုထောင့်ကနေ ထည့်သွင်းစဥ်းစားသင့်တဲ့အချက်ပဲ”ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်၊
ဒုက္ခသည်များ အင်တာနက်လက်လှမ်းမီစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရက လုပ်ဆောင်သင့်ပြီး ထိုသို့ဆိုလျှင် အခြေခံအဆောက်အဦအတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်မည်ဖြစ်သည်။
“အခု အင်တာနက်ကို ဘယ်လို သုံးလဲဆိုတာစောင့်ကြည့်နိုင်စွမ်းတွေရှိနေပြီ”ဟု ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ပြည်သူများကို ခြေရာခံ စောင့်ကြည့်မှုစနစ်အား ရည်ညွှန်း၍ ၎င်းက ပြောသည်။ “အင်တာနက် သုံးခွင့်ပေးဖို့ ပြန်စဉ်းစားရမယ့်အချိန်ရောက်ပြီ”ဟု ၎င်းက ပြောသည်။
ဒုက္ခသည်များကို တရားဝင်အလုပ်လုပ်ခွင့်နှင့် ဒစ်ဂျစ်တယ်အခြေပြု ကျွမ်းကျင်မှုများအတွက် သင်တန်းများပေးအပ်ရန် လိုနေပြီဖြစ်ကြောင်း မူနီယာက ဆိုသည်။
“အစိုးရကသာ ခွင့်ပြုရင် အန်ဂျီအိုတွေက ဒုက္ခသည်တွေ လက်တွေ့အသုံးချနိုင်ပြီး ကိုယ့်နေရပ်ပြန်တဲ့အခါ ဒါမှမဟုတ် တတိယနိုင်ငံတွေ သွားတဲ့အခါ သူတို့နဲ့ တစ်ပါတည်းသယ်သွားနိုင်တဲ့ ကျွမ်းကျင်မှုတွေရရှိအောင် ကူညီပေးနိုင်တယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် နူအာ မိုစတာဖာကဲ့သို့ ဒုက္ခသည်တစ်ဦးအတွက်မူ အွန်လိုင်းအလုပ်လေးတစ်ခုရှိ၍သာ ဘဝကအဓိပ္ပာယ်ရှိလာသည်။
သတင်းစာပညာရပ်ကို ကိုယ်ထူကိုယ်ထ လေ့လာသင်ယူခဲ့သည့် ထို ၂၅နှစ်အရွယ်ရိုဟင်ဂျာလူငယ်သတင်းထောက်သည် ၂၀၁၇တွင် စစ်တပ်၏ ဖိနှိပ်ဖြိုခွင်းမှု မြင့်တက်နေစဉ် ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်လာသူဖြစ်သည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများတွင် သတင်းဆောင်းပါးများ၊ ဓာတ်ပုံနှင့် ရုပ်သံများကို အကြောင်းအမျိုးမျိုးကြောင့် မိမိအမည်ရင်း မဖော်ပြဘဲ ရေးသားပေးပို့တင်ဆက်နေသူဖြစ်သည်။
ဒုက္ခသည်စခန်းတွင် အလုပ်အကိုင်နှင့်ပတ်သက်သော အခက်အခဲများကို ကျော်လွှားနိုင်ရန် နည်းလမ်းများ ၎င်းက ရှာဖွေတွေ့ရှိထားသည်။ ဘင်္ဂလားဒေ့ရှ်မိတ်ဆွေတစ်ဦး၏ အင်တာနက်ဝိုင်ဖိုင်ကို အသုံးပြု၍ အလုပ်လုပ်ကာ ရရှိလာသည့် ဉာဏ်ပူဇော်ခများကို အဆိုပါမိတ်ဆွေ၏ မိုဘိုင်းဘဏ်အကောင့်မှတစ်ဆင့် ထုတ်ယူလေ့ရှိသည်။
“ကျနော့်နာမည်အရင်းသုံးလို့မရဘူး၊ ကိုယ်ပိုင်အင်တာနက်မရှိဘူး၊ ရတဲ့လုပ်အားခကိုလည်း ကိုယ်တိုင်တိုက်ရိုက် မထုတ်ယူနိုင်ဘူးဆိုရင်တောင်မှ ကျနော့်အသံကို တခြားသူတွေကြားအောင် ဖော်ထုတ်နိုင်ပါသေးတယ်”ဟု ထိုရိုဟင်ဂျာလူငယ်သတင်းထောက်က ပြောသည်။
“ဒီတွန်းအားတစ်ခုကြောင့်ပဲ ကျနော်ဒီအလုပ်ကို ဆက်လုပ်နေတာပေါ့”
Jesmin Papri သည် ဒါကာအခြေစိုက် အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ပြီး သံတမန်ရေး၊ အလုပ်သမားအရေး၊ ရွှေ့ပြောင်းများအရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်အရေးနှင့် လိင်မှုဆိုင်ရာမမျှတမှုများကို သတင်းထုတ်ဖော်ရေးသားနေသူဖြစ်သည်။ Rest of World နှင့် Earth Journalism Network အဖွဲ့အစည်းများတွင် အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။