မြန်မာနိုင်ငံသားဖြစ်ကြောင်း အခြေခံအကျဆုံး အထောက်အထားအဖြစ် သတ်မှတ်ထားသည့် မှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - ဖရွန်တီးယား)

နှောင့်နှေးနေသော ရပိုင်ခွင့်များနှင့် ကြန့်ကြာနေသော နိုင်ငံသားဖြစ်မှု ပြုပြင်ပြောင်းလဲရေး

လူမျိုးရေးခွဲခြားသည့် မြန်မာနိုင်ငံသားဥပဒေကို အစားထိုးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က အစောပိုင်းတွင် ကတိပြုခဲ့စဥ်က ဖယ်ကြဉ်ခံထားရသည့် လူ့အဖွဲ့အစည်းများ၏ မျှော်လင့်ချက်များမြင့်တက်လာခဲ့သည်။ သို့သော် တော်လှန်ရေးအစုအဖွဲ့များ အချင်းချင်း အပြစ်ပုံချနေသဖြင့် နစ်နာသူအသိုင်းအဝိုင်းအတွင်း စိတ်မရှည်မှုများ ကြီးထွားလာသည်။

ဖရွန်တီးယား

သူအသက်၁၀နှစ်အရွယ်တုန်းက လူဝင်မှုကြီးကြပ်ရေး (လဝက)အရာရှိတစ်ဦးက ၎င်းကို အတန်းဖော်များရှေ့တွင် လက်ညှိုးထိုး၍ အရှက်ခွဲခဲ့သည်ကို ကိုမြတ်သူတစ်ယောက် ယနေ့ထိထက်တိုင် မမေ့နိုင်သေးပေ။ 

“မင်းက တခြားသူတွေနဲ့ တူတာမဟုတ်ဘူး”ဟု ထိုလဝကအရာရှိ၏ အော်ငေါက် ပြောဆိုမှုကြောင့် အရှက်ရခဲ့သည်ကို မမေ့နိုင်ဘဲရှိနေသည်။

ထိုအရာရှိသည် ထိုစဉ်က ကျောင်းသူ၊ ကျောင်းသားများကို နိုင်ငံသားစိစစ်ရေးကတ်ပြားလုပ်ပေးရန်ဟုဆိုကာ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်အတွင်းရှိ ကိုမြတ်သူတို့တက်သော ကျောင်းသို့ လာခဲ့စဉ်က ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

အမျိုးသားမှတ်ပုံတင်ကတ်ဟု လူအများသိသည့် ထိုကတ်ပြားများသည် အသက်၁၀နှစ်နှင့် အထက်ရှိသူ မည်သူကိုမဆို မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံပေးသည့် တရားဝင် အထောက်အထားတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ကတ်ပြားများကို ခရီးသွားရန်၊ အများပြည်သူဝန်ဆောင်မှုများ ခံစားခွင့်ရရှိရန်၊ တက္ကသိုလ်တက်ရန်နှင့် အခြားသော အသက်မွေး ဝမ်းကြောင်းလုပ်ငန်းများလျှောက်ထားလုပ်ကိုင်ရန် စသည့်နယ်ပယ်အစုံအတွက် လိုအပ်သည်။

ကိုမြတ်သူသည် တစ်ဘဝလုံး မြန်မာပြည်တွင် နေထိုင်ခဲ့ပြီး အသက်ပြည့်ပြီဖြစ်သော်လည်း ထိုလဝကအရာရှိက ၎င်းသည် နိုင်ငံသားဖြစ်ရန် “အခွင့်အရေးမရှိ” ဟုဆိုကာ ၎င်း၏ မိဘများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ ဆင့်ခေါ်ခဲ့သည်။

“သူကသာ မတူဘူးပြောပေမဲ့ ကျနော်က မွတ်စလင်ဖြစ်နေတာတစ်ခုကလွဲလို့ တခြားကလေးတွေ အားလုံးနဲ့တူတူပဲ”ဟု ကိုမြတ်သူက ပြောသည်။

“ဒါပေမဲ့ ဗုဒ္ဓဘာသာဗမာသူငယ်ချင်းတွေထက်စာရင် ကျနော်က ပိုနိမ့်ကျနေတဲ့လူတန်းစားတစ်ရပ်လိုမျိုး ဆက်ဆံခံခဲ့ရတယ်”ဟု ယခုအခါ ပြည်ပတွင်နေထိုင်နေပြီး အသက်၃၀အရွယ်ရောက်နေပြီဖြစ်သည့် ၎င်းက ပြောသည်။

နောက်ပိုင်းနှစ်များတွင် ကိုမြတ်သူ၏ မိဘများက မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ ကြိမ်ဖန်များစွာ သွားရောက်ကာ အရာရှိများကို လာဘ်ငွေများ ပေးအပ်ခဲ့ရာ သူ့အသက်၁၄နှစ်အရွယ်ရောက်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခဲ့သည်။ သို့သော် မှတ်ပုံတင်ကိုင်ဆောင်သူ၏ လူမျိုးအမည်တွင် ၎င်းကို ပါကစ္စတန်-မြန်မာကပြားဟု လဝက အရာရှိများက ရေးသွင်းသတ်မှတ်ခဲ့သည်။ ၎င်းတို့မိသားစုသည် မွတ်စလင်များဖြစ်သည်ကလွဲ၍ ပါကစ္စတန်နိုင်ငံ၊ လူမျိုးနှင့် မည်သို့မျှ ဆက်စပ်မှု မရှိသည်ဖြစ်ရာ ကိုမြတ်သူသည် မိမိကိုးကွယ်သည့် ဘာသာကြောင့် ပြည်ပမှလာသည့် နိုင်ငံခြားသားတစ်ဦးသဖွယ် ဆက်ဆံခံခဲ့ရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယခင်စစ်အစိုးရက ၁၉၉၀ပြည့်နှစ်၊ အစောပ်ိုင်းကာလများတွင် စတင်မိတ်ဆက်ခဲ့ရာ ၎င်း၏မိဘများသည် ၎င်းတို့ကိုင်ဆောင်ခဲ့သည့် အမျိုးသားမှတ်ပုံတင်ကတ် အဟောင်းများကို ထိုကတ်ပြားအသစ်များနှင့် လဲလှယ်ခဲ့ရသည်။ ထိုသို့လဲလှယ်ရာတွင်လည်း အလားတူအဖြစ်မျိုး ကြုံတွေ့ခဲ့ရသည်။

“ကျနော့်အဖေက မှတ်ပုံတင်ကတ် အသစ်လဲဖို့သွားတော့ သူ့ကို ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂါလီဆိုပြီး သုံးခုထဲက တစ်ခုရွေးခိုင်းတယ်။ အဖေက ဗမာ-မွတ်စလင်ပါဆိုပြီး ကန့်ကွက်တော့ လဝကအရာရှိတွေက သူ့ကို ပါကစ္စတန်ကပြားလို့ ပြောင်းလိုက်တယ်”ဟု ကိုမြတ်သူက ပြောသည်။​

ထိုနိုင်ငံသားစိစစ်ရေးကတ်ပြားများသည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းက အစွန်းရောက် အမျိုးသားရေးဝါဒကို အကောင်အထည်ဖော်စဉ် ပြဋ္ဌာန်းခဲ့သည့် ၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေအရ ပြည်သူများကို ထုတ်ပေးခဲ့သည့် နိုင်ငံသားဖြစ်ကြောင်း အထောက်အထားဖြစ်သည်။ ဥပဒေက ဗမာ၊ ရှမ်း သို့မဟုတ် ချင်း စသည့် အစိုးရက တရားဝင်သတ်မှတ်ထားသည့် “ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးများ” ကိုသာ အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ပေးသည်။ 

သို့သော် ထိုဥပဒေသည် အခြားအသိုင်းအဝိုင်းများအတွက်မူ အကြီးအကျယ် ကံဆိုးမိုးမှောင်ကျမှုပင်။ အထူးသဖြင့် အစ္စလာမ်ဘာသာကိုးကွယ်သည့် မွတ်စလင်များ အပါအဝင် ဗြိတိသျှကိုလိုနီလက်ထက်က အိန္ဒိယ သို့မဟုတ် တရုတ်နိုင်ငံတို့မှ မြန်မာပြည်သို့ လာရောက်အခြေချသူများထံမှ ဆင်းသက်လာသည့် လူမျိုးစုများကို ထိုဥပဒေက အဓိကပစ်မှတ်ထား၍ ခွဲခြားဆက်ဆံခဲ့သည်။ ဆိုခဲ့ပါ အသိုင်းအဝိုင်းများသည် နိုင်ငံလွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့စဉ်က ပါဝင်ခဲ့သော အမျိုးသားရေးလှုပ်ရှားမှုများ၏လည်း ပစ်မှတ်ထားတိုက်ခိုက်မှုကို ခံခဲ့ကြရသည်။

နှစ်ပေါင်းများစွာ အမြစ်တွယ်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ၏ အကျင့်ပျက်၊ ချစားမှုကြောင့်သာလျှင် ကိုမြတ်သူတို့လို မိသားစုများသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်နိုင်သည့် အခွင့်အရေးရရှိကြသည်။ ၎င်းတို့၏အဖြစ်မှာ အခြေခံနိုင်ငံသား အခွင့်အရေးများကို လာဘ်ငွေအမြောက်အမြားပေး၍ ဝယ်ယူရသကဲ့သို့ ဖြစ်ခဲ့သည်။ သို့တိုင် ငွေကြေးဆင်းရဲပြီး အဆက်အသွယ်ကောင်းမရှိသော တိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုမခံရသည့် လူမျိုးစုများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်က မွတ်စလင်ရိုဟင်ဂျာများသည် အလိုအလျောက်ပင် နိုင်ငံမဲ့သူများ ဖြစ်သွားကြရသည်။

ယခင်ဥပဒေဟောင်းအရ မွတ်စလင်ရိုဟင်ဂျာများသည် နိုင်ငံသားဖြစ်ကြောင်း အထောက်အထား ကိုင်ဆောင်သူများဖြစ်ကြသည်။ သို့သော် ၁၉၈၂တွင် ထိုဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း စစ်အစိုးရက ၎င်းတို့ကို ပြည်ပမှ ကျူးကျော်ဝင်ရောက်လာကြသူများအဖြစ် သတ်မှတ်သည့်အပြင် ရက်စက်ကြမ်းကြုတ်လှသည့် အကြမ်းဖက်မှုများဖြင့် နိုင်ငံအတွင်းမှ အကြိမ်ကြိမ် နှင်ထုတ်ခဲ့သည်။

ဤဥပဒေသည် အသက်ဝင်နေဆဲဖြစ်ကာ ထိုလူ့အသိုင်းအဝိုင်းများအားလုံးကို ဖယ်ကြဉ်ထားဆဲဖြစ်သည်။ ထိုဘေးထုတ်ခံရသည့် အသိုင်းအဝိုင်းမှ သက်ဆိုင်သူများနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ၁၉၈၂နိုင်ငံသားဥပဒေကို ရုတ်သိမ်းပစ်ရန် လိုအပ်ကြောင်း စည်းရုံးလှုံ့ဆော်ခဲ့ကြသည်။ အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းမှုကို အမြစ်လှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန် ရည်မှန်းသည့် နွေဦးတော်လှန်ရေးတွင် ထိုဥပဒေ ဖျက်သိမ်းရေးသည် အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟုလည်း ၎င်းတို့ကဆိုသည်။

စစ်ကောင်စီပြုတ်ကျပြီးမှသာ ထိုလုပ်ငန်းစဉ် အကောင်အထည်ဖော်ရမည်က လက်တွေ့ကျသော်လည်း NUG အစိုးရသည် အသိုင်းအဝိုင်းမျိုးစုံ ခြုံငုံပါဝင်မှု ပိုမိုအားကောင်းသော နိုင်ငံသားဖြစ်မှုဝန်းကျင်တစ်ခု ဖန်တီးရန် ၎င်းတို့က မျှော်လင့်ထားခဲ့ကြသည်။ သို့သော် NUG ဖွဲ့စည်းပြီး လေးနှစ်ကျော် ကြာမြင့်လာသည့်အခါ စင်ပြိုင်အစိုးရ၏လေသံသည် ယခင်၎င်းတို့မျှော်လင့်ခဲ့သည့် နိုင်ငံသားဖြစ်မှုပြုပြင်ပြောင်းလဲရေးအတွက် ပေးထားသည့် ကတိကဝတ်များမှ သွေဖည်စပြုလာပြီဟု တက်ကြွလှုပ်ရှားသူများက စိုးရိမ်စကား ဆိုလာကြသည်။ 

အထူးသဖြင့် အာဏာသိမ်းမှုမတိုင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သက်တမ်းအတွင်း လွှတ်တော်တွင် လူများစုဖြစ်သည့်တိုင် ၁၉၈၂ဥပဒေကို ပြင်ဆင်ခဲ့ခြင်းမရှိသလို ဖြစ်လာမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်ကြခြင်းဖြစ်သည်။



ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေအနီးရှိ သက်ကယ်ပြင်ဒုက္ခသည်စခန်းတွင် ရိုဟင်ဂျာအချို့ကို ၂၀၂၁၊ ဇွန်၊ ၅ရက်တွင် မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

အစောပိုင်းက ကတိ

၂၀၂၁၊ ဇွန်တွင် NUG က ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာများနှင့် စပ်လျဉ်းသည့် မူဝါဒများ ထုတ်ပြန်ခဲ့စဉ်က အပြုသဘောဆောင်သည့် လက္ခဏာများကို မြင်ခဲ့ရသည်။

ထိုမူဝါဒတွင် “အကြမ်းဖက်စစ်တပ်၏ ရိုဟင်ဂျာများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးများကို ရက်ရက်စက်စက် ချိုးဖောက်မှုများ”ကို ကောင်းစွာ သိရှိပါကြောင်း NUG က ဆိုခဲ့သည်။ ထိုသို့ဆိုခြင်းသည် အာဏာမသိမ်းမီက ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ကျူးလွန်မှုများကို အကာအကွယ်ပေးခဲ့သည့် NLD အစိုးရ၏လုပ်ရပ်နှင့် မတူညီတော့ပေ။ 

ထို့ပြင် ထိုရာဇဝတ်မှုများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးမည့်အပြင် “လုပ်ဆောင်နိုင်သည့် အခြေအနေရောက်ရှိသည်နှင့်တစ်ပြိုင်နက်” ဘင်္ဂလားဒေ့ရှ်တွင် ခက်ခဲစွာ ခိုလှုံနေသည့် ရိုဟင်ဂျာများ နေရပ်ပြန်ရေးကို ဆောင်ရွက်သွားမည်ဟု NUG အစိုးရက ဆိုခဲ့သည်။ ၁၉၈၂နိုင်ငံသားဥပဒေကိုလည်း ပြင်ဆင်မည်ဟု ကြွေးကြော်ထားပြီး ထိုဥပဒေသစ်အရ မြန်မာနိုင်ငံသားဖြစ်မှုသည် တိုင်းရင်းသားဖြစ်မှုအပေါ် အခြေခံခြင်းထက် “မြန်မာနိုင်ငံတွင်းမွေးဖွားခြင်း သို့မဟုတ် မည်သည့်နေရာတွင်ဖြစ်စေ မြန်မာနိုင်ငံသားမိဘများမှ မွေးဖွားသူဖြစ်ခြင်းကို အခြေခံစေရမည်”ဟု ဆိုသည်။

သို့တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ် ရေးဆွဲပြီးမှသာ ထိုကိစ္စကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကာ အခြေခံဥပဒေရေးဆွဲရေးအတွက် နိုင်ငံတစ်ဝန်းရှိ လူ့အသိုင်းအဝိုင်းအားလုံး၏ သဘောထား၊ အမြင်များကို ရယူထည့်သွင်းစဉ်းစားသွားမည်ဟု ထိုမူဝါဒစာတမ်းတွင် ဖော်ပြထားသည်။

ထိုအချိန်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲခြင်းမှာ တစ်ခန်းရပ်သွားခဲ့ပြီး ထိုကိစ္စလည်း ပြည်သူ့မျက်မှောက်သို့ သတင်းတစ်စွန်းတစ်စမျှ ထွက်ပေါ်လာခြင်းမရှိတော့ပေ။ ထို့ပြင် ဥပဒေပြုရေးမဏ္ဍိုင်အဖြစ် ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် မရှိသည့်ကာလဖြစ်သည့်တိုင် အခြားဥပဒေပြဋ္ဌာန်းချက်များကို ရုတ်သိမ်းခြင်းနှင့် ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ထို၁၉၈၂ဥပဒေကို ဖျက်သိမ်းခြင်းမရှိသေးပေ။

CRPH က ထိုသို့ ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းမှုများကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်က အပ်နှင်းသော အခွင့်အာဏာကို အသုံးပြု၍ ဆောင်ရွက်ခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်သည် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် အခြေခံမူဘောင်များနှင့် သဘောတရားများကို အဓိပ္ပာယ်ဖွင့်ဆိုရန် တော်လှန်ရေးအစုအဖွဲ့များ ရေးဆွဲခဲ့သည့် ပဋိညာဉ်စာတမ်းတစ်ခုဖြစ်သည်။

NUG ၏ မူဝါဒရေးရာနှင့် အကြံပေးအဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က  ၁၉၈၂နိုင်ငံသားဥပဒေကို ဖျက်သိမ်းသင့်သည်ဟု ယမန်နှစ် ဧပြီတွင်ကျင်းပသည့် ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံတွင် ဆုံးဖြတ်ခဲ့သည်။ သို့သော် NUCC က ထိုဥပဒေကို မည်သို့မည်ပုံ ရုတ်သိမ်း၊ ပြင်ဆင်သင့်သည်ကို လမ်းညွှန်ချက်မပေးနိုင်သဖြင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း မည်သို့မျှ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း ကော်မတီပြောရေးဆိုခွင့်ရှိသူ ဦးစည်သူမောင်ကဆိုသည်။

“ဒီမှာပျက်ကွက်နေတာက ဘယ်သူက ပျက်ကွက်နေလဲဆိုတော့ NUCC ကပါ”ဟု ဦးစည်သူမောင်က ပြောသည်။​

CRPH က အဖွဲ့ဝင်အဖြစ် ပါဝင်နေသည့်တိုင် NUCC သည် ကုန်ခဲ့သည့်နှစ်များအတွင်း ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေတစ်ခုအတွင်းသို့ ကျရောက်နေခဲ့ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်သည့် မည်သည့်အရာကိုမျှ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။

NUCC ၏ လှုပ်ရှားမှု လျော့နည်းသွားသည့် အကြောင်းအရင်းများအနက် တစ်ခုမှာ CRPH အပါအဝင် အရေးပါသည့် ကောင်စီဝင်အဖွဲ့အစည်းများက ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပါဝင်ရန်ငြင်းဆန်၍ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုအောင်ဘုန်းမော်က ဆိုသည်။ ၎င်းသည် အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ထိုကော်မတီသည် NUCC တွင် အဖွဲ့ဝင်ဖြစ်သည်။

“အခုတော့ ပုံမှန်အစည်းအဝေးတွေလုပ်ဖို့အတွက်တောင် အခက်အခဲဖြစ်နေကြတယ်လို့ ကြားတာပဲ”ဟု ၎င်းကပြောသည်။

ဦးစည်သူမောင်ကလည်း CRPH က ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ရှိနေသေးသော်လည်း NUCC ၏ ပုံမှန်အစည်းအဝေးများကို တက်ရောက်ခြင်းမရှိတော့သလို “သဘောထားကွဲလွဲမှုများ”ကြောင့် ယမန်နှစ်က ကျင်းပခဲ့သည့် ပြည်သူ့ညီလာခံ၏ အပိတ်ဆွေးနွေးပွဲများကိုလည်း တက်ရောက်ခဲ့ခြင်းမရှိကြောင်း ဆိုသည်။

CRPH က ကိုယ်ပိုင်သုံးသပ်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ ၁၉၈၂နိုင်ငံသားဥပဒေတွင် ပြဋ္ဌာန်းချက်ပေါင်းထက်ဝက်ကျော်ကို ပြင်ဆင်ရန်လိုအပ်သည်ဖြစ်ရာ ဥပဒေတစ်ခုလုံးကို အသစ်ရေးဆွဲ၊ ပြဋ္ဌာန်းလိုက်သည်က ပို၍လက်တွေ့ကျသည်ဟု ဦးစည်သူမောင်က ဆိုသည်။ သို့သော် ၎င်းတို့၏ဆန္ဒတစ်ခုတည်းဖြင့် ထိုသို့ဆောင်ရွက်လိုက်ရန် အခွင့်အာဏာ CRPH တွင် မရှိပေ။

ထိုင်းနိုင်ငံတွင်နေထိုင်သည့် လူနည်းစုအရေးတက်ကြွလှုပ်ရှားသူတစ်ဦးကမူ မြန်မာတို့အနေဖြင့် ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်အသက်သွင်း၍ အသုံးပြုနိုင်သည်ဟု အကြံပြုသည်။ ထိုဥပဒေသည် နိုင်ငံသားဖြစ်မှုကို တိုင်းရင်းသားဖြစ်မှုအပေါ်တွင် အခြေမခံဘဲ နိုင်ငံအတွင်း နေထိုင်မှုအပေါ် အခြေခံသောကြောင့် ၁၉၈၂နိုင်ငံသားဥပဒေနှင့်ယှဥ်လျှင် ပို၍မျှတသည်ဟု ၎င်းကဆိုသည်။

“၁၉၄၈ ခုနှစ် ဥပဒေထဲက တချို့အပိုဒ်တွေကို ပြင်ဆင်လိုက်မယ်ဆိုရင် ဒါကို သုံးလိုက်လို့ရတယ်”ဟု ၎င်းကပြောသည်။

NUG အစိုးရတွင် တစ်ဦးတည်းသော ရိုဟင်ဂျာအဖွဲ့ဝင်ဖြစ်သည့် လူ့အခွင့်အရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကမူ ထိုဥပဒေအရေးကိစ္စနှင့်ပတ်သက်၍ အပြင်ပန်းသဏ္ဌာန်တွင် ငြိမ်သက်နေသည့်တိုင် တိုးတက်မှုများရှိနေကြောင်း ဆိုသည်။

“လာမယ့်လတွေမှာ အစိုးရအဖွဲ့အစည်းအဝေးတွေမှာ ဒါနဲ့ပတ်သက်ပြီးတော့ နောက်ဆုံးဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဖို့ တင်ပြသွားဖို့ရှိတယ်။ ဆုံးဖြတ်ချက်တစ်ခု ကျလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။

“ကျနော်တို့ နောက်ဆုံးအဆင့်ကို ရောက်နေပြီဆိုတော့ သိပ်တော့ကြာတော့မှာမဟုတ်ပါဘူး။​ ကျနော့်သဘောအရတော့ ဥပဒေကို မြန်နိုင်သမျှ မြန်မြန် ဖျက်သိမ်းချင်တာပဲ။ ဒါပေမဲ့ ဥပဒေတစ်ခုကို ရုတ်သိမ်းတယ်ဆိုတာက အစိုးရတစ်ဖွဲ့လုံးနဲ့ဆိုင်တဲ့ကိစ္စဆိုတော့ ကျနော်တစ်ယောက်တည်းနဲ့လည်း ရက်ကို သတ်မှတ်လို့မရပါဘူး”

လူနည်းစုအခွင့်အရေးလှုပ်ရှားသူများကမူ အများမျှော်လင့်သလို အချိန်တိုအတွင်း ဖြစ်လာနိုင်ဖွယ်မရှိဟု ဆိုကြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ (MMMCC)၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝင်းကမူ NUG နှင့် ဆက်စပ်အဖွဲ့အစည်းများသည် နိုင်ငံတကာအသိုင်းအဝိုင်းကို ကတိကဝတ်အမှားများပေး၍ နိုင်ငံရေးကစားကွက်ခင်းနေသည်ဟု စွပ်စွဲပြောဆိုသည်။

၂၀၂၁မတိုင်ခင်က NLD ပါတီ၏ ရိုဟင်ဂျာအရေးနှင့် နိုင်ငံသားဖြစ်မှုကိစ္စရပ်များကို ကိုင်တွယ်ခဲ့ပုံကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် ထောက်ခံမှုကျဆင်းခဲ့သဖြင့် ထိုထောက်ခံမှုများ ပြန်လည်ရရှိအောင် သက်ရောက်မှုကြီးမားသော လုပ်ဆောင်ချက်တစ်ခုခု ပြသရန် လိုအပ်နေသည်။

အာဏာသိမ်းစဥ်ကတည်းက အခြားဥပဒေများကို အတည်ပြုခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများပြုလုပ်ခဲ့သည်ကို ထောက်ပြပြီး နိုင်ငံသားဖြစ်မှုဥပဒေနှင့် စပ်လျဥ်းသည့် ၎င်းတို့ဆိုသော အခက်အခဲ၊ အတားအဆီးများသည် “ဆင်ခြေသက်သက်မျှသာ”ဖြစ်သည်ဟု ဦးကျော်ဝင်းက ဆိုသည်။

“NUG နဲ့ CRPH တို့က ရိုးသားမှုမရှိဘူးဆိုတာ တွေ့ခဲ့ရပြီးတာကြောင့် သူတို့ကို ကျနော်တို့ အယုံအကြည်မရှိဘူး”ဟု ၎င်းက ပြောသည်။

“ဒီကိစ္စကို လုပ်ဆောင်နေပါတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းကိုပြဖို့ သူတို့က စကားတွေချည်း လှိမ့်ပြောနေပေမဲ့ တကယ်တမ်းကျတော့ ဘာမှမလုပ်ဘူး”ဟု ၎င်းက ဖြည့်စွက်သည်။ “သူတို့ ဒီတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ သူတို့ရဲ့ ဂုဏ်သိက္ခာလည်းကျနိုင်သလို ကမ္ဘာကလည်း အယုံအကြည်ရှိမှာ မဟုတ်ဘူး။ ကတိပေးထားရင် တည်ရတယ်။ နိုင်ငံရေးခေါင်းဆောင်တွေက ကိုယ်ပြောတဲ့စကား ဂရုစိုက်သင့်တယ်”

ယခင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်ခဲ့ချိန် ၂၀၁၈၊ ဩဂုတ်၊ ၁၅ရက်တွင် ရန်ကုန်မြို့ရှိ ၎င်း၏ရုံးခန်းတွင် ဦးအောင်ကျော်မိုးကို မြင်တွေ့ခဲ့ရစဉ်။ လက်ရှိတွင် ၎င်းသည် NUG ၏လူ့အခွင့်အရေးဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။ (ဓာတ်ပုံ – အေအက်ဖ်ပီ)

လူထု၏ တုံ့ပြန်မှုကို စိုးရိမ်နေ

အာဏာရှင်ဦးနေဝင်းက ရိုဟင်ဂျာများကို ရခိုင်ပြည်နယ်တွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများဟု ခေါ်ဝေါ်သုံးစွဲပြီး ၁၉၇၈တွင် ၎င်းတို့ကို မောင်းထုတ်ရန်ဟုဆိုကာ နဂါးမင်းစစ်ဆင်ရေး ဆင်နွှဲခဲ့သည်။ ထိုစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာပေါင်း နှစ်သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်ရသည်။ ယင်းနောက်ပိုင်းတွင် ၎င်း၏အစိုးရက ၁၉၈၂နိုင်ငံသားဥပဒေကို စတင်ရေးဆွဲခဲ့သည်။

ပြည်သူလူထုထံမှ အကြံဉာဏ်များရယူ၍ ရေးဆွဲထားသည်ဟု ဆိုသည့်ထိုဥပဒေတွင် နိုင်ငံသားဖြစ်မှုကို “နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ” ဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ ထိုသို့ နိုင်ငံသားဖြစ်မှု သုံးမျိုးခွဲခြားထားသည့် နောက်ခံအကြောင်းအရာများနှင့်ပတ်သက်လျှင် ၂၀၂၁တွင် သုတေသီ Elizabeth L Rhoads အင်္ဂလိပ်ဘာသာဖြင့် ရေးသားသည့် စာတမ်းတွင် အပြည့်အစုံဖတ်ရှုနိုင်ပါသည်။

ထို့အပြင် ဥပဒေက ၁၈၂၄၊ ဗြိတိသျှကိုလိုနီလက်အောက်သို့ မကျရောက်ခင်က တိုင်းပြည်အတွင်း အခြေချနေထိုင်ခဲ့သည့် လူမျိုးစုများကို တိုင်းရင်းသားမျိုးနွယ်စုများအဖြစ် သတ်မှတ်ကာ ထိုတိုင်းရင်းသားဖြစ်မှုကို နိုင်ငံသားဖြစ်မှု၏ အဓိကအုတ်မြစ်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် ၁၉၄၈ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများကိုလည်း ဆက်လက်၍ နိုင်ငံသားဖြစ်မှု အပြည့်အဝပေးထားသည်ဟု ၁၉၈၂ဥပဒေက ဆိုသော်လည်း မြေပြင်လက်တွေ့တွင် ဥပဒေသစ်ကြောင့် နိုင်ငံသားဖြစ်မှုဆုံးရှုံးသူ အများအပြားရှိခဲ့သည်။

ထိုဥပဒေအတွင်း ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိသော်လည်း ဦးနေဝင်းအလွန် ၁၉၈၈နောက်ပိုင်း တက်လာသည့် စစ်အစိုးရသည် တိုင်းရင်းသားလူမျိုး ၁၃၅မျိုးကို အခြေခံပြီး ထိုဥပဒေကို ကျင့်သုံးခဲ့သည်။ ထိုစာရင်းကို မည်သူက မည်သို့မည်ပုံ စတင်ပြုစုခဲ့သည်မှာ အကြီးအကျယ်ငြင်းခုံရသည့် ကိစ္စရပ်တစ်ခုဖြစ်ကာ ထိုစာရင်းက တိုင်းရင်းသားမျိုးနွယ်စုများကို အုပ်စုခွဲထားပုံကလည်း အမှားအယွင်းများနှင့် ပြည့်နှက်နေသည်။

သို့သော် ထူးခြားသည်က ထို၁၃၅မျိုးတွင် အိန္ဒိယ၊ တရုတ်နှင့် နီပေါလ်နွယ်ဖွားများကို လုံးဝထည့်သွင်းထားခြင်းမရှိပေ။ ၎င်းတို့သည် ယခင်နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် အပြည့်အဝရရှိသူများဖြစ်သည်။ ထိုစဉ်က ဖယ်ကြဉ်ခံရသည့် ထိုလူမျိုးစုများ၏ ခန့်မှန်းအရေအတွက်သည် တိုင်းပြည်လူဦးရေ၏ ၁၀ရာခိုင်နှုန်းခန့်ရှိကြောင်း ၂၀၂၃တွင် Rhoads နှင့် အောင်ကိုကိုတို့ ရေးသားသည့် သုတေသနစာတမ်းက ဆိုသည်။

MMMCCအဖွဲ့ပြောခွင့်ရ ဦးကျော်ဝင်းကမူ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းသားဖြစ်မှုကို နိုင်ငံသားဖြစ်မှုနှင့် ချိတ်ဆက်ထားခြင်းကို ပယ်ဖျက်ရန် လိုအပ်ကြောင်း ဆိုသည်။ “ဥပမာအားဖြင့် မြန်မာမှာရော တရုတ်မှာရော ကချင်လူမျိုးတွေရှိတယ်။ ဒီသတ်မှတ်ထားတဲ့ တိုင်းရင်းသားအုပ်စုထဲ ပါတဲ့သူတိုင်း နိုင်ငံသားဖြစ်လာနိုင်တာမဟုတ်သလို နိုင်ငံသားဖြစ်နေတဲ့သူတိုင်း အဲဒီလိုတိုင်းရင်းသားအုပ်စုထဲ ပါနေစရာမလိုဘူး။ ဒီနှစ်ခုကို သွားရောလို့မရဘူး”ဟု ၎င်းကပြောသည်။

သို့သော် ထိုနှစ်ခုကို ရောထွေးယှက်တင်ခြင်းသည် မြန်မာနိုင်ငံတွင် အမြစ်တွယ်နေပြီဖြစ်သည်။ အမျိုးသားရေးအတွက် ဆယ်စုနှစ်များစွာ ဝါဒဖြန့်ချိမှုများကြောင့် ရိုဟင်ဂျာများ အပါအဝင် ပြည်ပမှကျူးကျော်ဝင်ရောက်လာသူများ၏ရန်မှ ဌာနေတိုင်းရင်းသားများအား ကာကွယ်ရန်လိုအပ်သည်ဟု လူအများအပြားက ယုံကြည်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ရပိုင်ခွင့်များကို လုယူမည့်သူများအဖြစ် လူအများက မှတ်ယူနေကြဆဲဖြစ်သည်။ ဝေဖန်သူများကမူ NUG နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ပြည်သူများထံမှ မကောင်းသည့်တုံ့ပြန်မှုမျိုး ထွက်ပေါ်လာမည်ကို ကြောက်ရွံ့သဖြင့် နိုင်ငံသားဖြစ်မှုဥပဒေကို ကိုင်တွယ်ရန် တုံ့ဆိုင်းနေခြင်းဖြစ်သည်ဟု ဆိုကြသည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နှစ်၊ ဇန်နဝါရီလအတွင်း Al Jazeera သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုစိုးရိမ်ပူပန်မှုများကို ဝန်ခံခဲ့ပုံပေါ်ပြီး ထိုကိစ္စတွင် လူထုပါဝင်လာရန် အချိန်ယူရလိမ့်မည်ဟု ဆိုသည်။ နိုင်ငံသားဥပဒေကိစ္စသည် “အလောတကြီးလုပ်လို့ရတဲ့ကိစ္စမဟုတ်” ကြောင်း ၎င်းကဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခြင်းမရှိဘဲ ပြင်ဆင်ပါက မကြာခဏ ထပ်မံပြင်ဆင်ရသည့် ဥပဒေဖြစ်သွားနိုင်ကြောင်း ဒူဝါလရှီးလက ဆိုသည်။ အားနည်းသည့် ဥပဒေဖြစ်ပါက ပြည်သူလူထု၏ ယုံကြည်မှုကို မရနိုင်ကြောင်း၊ လူထုအပြည့်အဝ ယုံကြည်အားထားသည့် ဥပဒေမျိုး ရေးဆွဲရန် အချိန်ယူရမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ထိုဥပဒေကို ရုတ်သိမ်းရန် “အသွင်ကူးပြောင်းရေး” ကာလတစ်ခုကို စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့ရာ NUG ၏ ၂၀၂၁က ရိုဟင်ဂျာများနှင့် စပ်လျဥ်းသည့် ထုတ်ပြန်ချက်ပါ အချက်အလက်များကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပုံရသည်။ ထိုကာလဆိုသည်မှာ ယေဘုယျအားဖြင့် စစ်ကောင်စီပြုတ်ကျပြီး အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် စတင်၍ အာဏာတည်သည့် အချိန်ကိုဆိုလိုခြင်းဖြစ်သည်။ 

ထိုကာလတွင် “သက်ဆိုင်ရာအစိုးရ”ကသာ ထိုဥပဒေကို ပြင်ဆင်လိမ့်မည်ဟု လရှီးလက ပြောကြားခဲ့ရာ လက်ရှိသူဦးဆောင်နေသော NUG အစိုးရကို ရည်ညွှန်းခြင်းမဟုတ်ဘဲ ထိုကာလတွင် အသစ်ပြန်လည်ဖွဲ့စည်းသည့် “အသွင်ကူးပြောင်းရေး”ကာလအစိုးရတစ်ရပ်ရပ်ကို ၎င်းက ဆိုလိုခြင်းဖြစ်သည်။

မြန်မာ့အရေးလေ့လာသူအချို့က ဆင်ခြေဆင်လက်များကို မကြားလိုတော့ဟု ဆိုကြသော်လည်း မည်သည့်အချိန်တွင် ထိုဥပဒေကို ရုတ်သိမ်းသည်ဖြစ်စေ ထိုလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် သတိကြီးကြီးထားရမည်ဖြစ်သည်ဟု ဦးအောင်ကျော်မိုးက ဖရွန်တီးယားကို ပြောသည်။

“ရုတ်သိမ်းမယ်ဆိုရင် သေချာမှန်မှန်ကန်ကန်လုပ်ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနှင့် ဆွေးနွေးညှိနှိုင်းရန်လိုအပ်ပုံနှင့် ထိုအရေးကိစ္စ၏ ပြည်သူလူထုအကြား ထိလွယ်၊ ရှလွယ်ဖြစ်မှုကို အလေးအနက်ထားရန် လိုအပ်ပုံကို ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

ထိုကဲ့သို့ အပြောအဆို သတိထားနေသည့်ကြားမှပင် ဦးအောင်ကျော်မိုးသည် ရိုဟင်ဂျာများ၏ အခွင့်အရေးအတွက်သာ လှုပ်ရှားသည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။ ဤသည်ကို ထောက်ရှုသော် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံမှုများနှင့် အကြောင်းမဲ့ မလိုမုန်းထားမှုများ ဆက်လက်တည်ရှိနေသည်ကို ထင်ထင်ရှားရှား မြင်တွေ့ရသည်။ 

၎င်းကို ဦးတည်သော အမုန်းစကားတိုက်ခိုက်မှုများအပေါ် “မည်သည့်ခံစားချက်မှမရှိ”ဟု ၎င်းက ဆိုသည်။ ထိုအစား မြန်မာပြည်တွင် ဒီမိုကရေစီစနစ်ရှင်သန်သည်ကို မြင်တွေ့လိုပါက ဒီမိုကရေစီစံနှုန်းများကို နားလည်အောင် လူအများကကြိုးပမ်းသင့်သည်ဟု သူကဆိုသည်။

“ဥပဒေကို ဖျက်သိမ်းတာက လူအစုအဖွဲ့တစ်ခုတည်းရဲ့ အကျိုးအတွက်မဟုတ်ဘူး”ဟု ဦးအောင်ကျော်မိုးက ပြောသည်။ “နိုင်ငံတစ်ခုလုံး၏ ဒီမိုကရေစီစံနှုန်းများနှင့် တစ်သမတ်တည်းရှိစေရန်အတွက်” ထိုဥပဒေကို ရုတ်သိမ်းရန်လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။

ရှေ့တွင်ဖော်ပြခဲ့သည့် ထိုင်းအခြေစိုက် လူနည်းစုအခွင့်အရေးတက်ကြွသူကမူ အာဏာသိမ်းမှုနောက်ပိုင်းတွင် ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများအပေါ် ပြည်သူလူထု၏ အမြင်က သိသိသာသာ ပြောင်းလဲသွားခြင်းမရှိဟု ဆိုသည်။ ၂၀၂၁ နောက်ပိုင်း ရေပန်းစားလာသည့် အယူအဆတစ်ခုကမူ ထိုသို့မဟုတ်ဘဲ ရိုဟင်ဂျာများ၊ လူနည်းစုများနှင့်ပတ်သက်၍ ပြည်သူများ၏ အမြင်က ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့၏ အခွင့်အရေးအတွက် ပိုမိုလေးနက်စွာ တောင်းဆိုရမည်ဖြစ်ကြောင်း ဆိုသည်။

“NUG နဲ့ CRPH က ခေါင်းဆောင်တွေအနေနဲ့ လူထုရှေ့မှာ ဒီဥပဒေ(နိုင်ငံသားဥပဒေ) နဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုဖို့ သင့်တယ်။ အထွေထွေသပိတ်ကော်မတီလိုအဖွဲ့မျိုးတွေကလည်း ရပ်တည်ချက်တစ်ခုအပေါ် ရပ်ခံပြီး ဒီကိစ္စအတွက် စည်းရုံး၊ လှုံ့ဆော်သင့်ပါတယ်”ဟု ထိုတက်ကြွလှုပ်ရှားသူက ဆိုသည်။ “ဒါပေမဲ့လည်း ခုထိတော့ သူတို့က ဒါကိုလုပ်ဖို့ ပျက်ကွက်နေတုန်းပဲ”

တော်လှန်ရေးခေါင်းဆောင်များက လူကြိုက်များ၊ ရေပန်းစားသော ဘာသာရေးနှင့် လူမျိုးရေး အမုန်းတရားများကို တွန်းလှန်ဆန့်ကျင်ပြီး ခိုင်မာသော ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ပျက်ကွက်ပါက နိုင်ငံအတွင်းက ဖယ်ကြဉ်ခံရသော လူမျိုးစုများအတွက် မည်သည့်အခါတွင်မျှ လုံခြုံမှုမရှိနိုင်ကြောင်း ဦးကျော်ဝင်းကဆိုသည်။

“ဒီလိုမျိုး လေယူရာယိမ်းတဲ့ ခေါင်းဆောင်မှုမျိုးက ကျနော်တို့လိုမျိုး လူနည်းစုတွေအတွက် အင်မတန် အန္တရာယ်များတယ်”ဟု ၎င်းက ပြောသည်။

“ဒီအတိုင်းပဲ ခွဲခြားဆက်ဆံနေမယ်ဆိုရင် ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ကိုပဲ သေချာစဉ်းစားရတော့မယ်။ တက်လာမယ့် ဘယ်အစိုးရကိုမှ ယုံကြည်လို့မရဘူး”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar