ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ မိသားစုနေအိမ်တွင် ချိတ်ဆွဲထားသော တေးရေးဆရာနှင့် ကဗျာဆရာ နိုင်မြန်မာ၏ ဓာတ်ပုံတစ်ပုံကို သူတီးလေ့ရှိသော စန္ဒရားအနီး ချိတ်ဆွဲထားသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - လူပို၊ ဖရွန်တီးယား)

“ကမ္ဘာမကြေဘူး” – တေးရေး နိုင်မြန်မာကို အမှတ်ရတမ်းတခြင်း

လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကွယ်လွန်သည့် တေးရေးနိုင်မြန်မာ၏ တော်လှန်ရေးသီချင်းများကို ၁၉၈၈ လူထုအရေးတော်ပုံကာလ ကတည်းက ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြပွဲများတွင် နောက်ခံသီချင်းအဖြစ်အသုံးပြုခဲ့ကြသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကမူ မြန်မာနိုင်ငံ စစ်တပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်သည်အထိ ၎င်းဖန်တီးခဲ့သည့် တေးသွားများသည် အများပြည်သူကို လွှမ်းမိုးနေဦးမည်ဟု ဆိုကြသည်။

ဖရွန်တီးယား

ဖေဖော်ဝါရီ၇ရက် နံနက်ခင်းတွင် ရန်ကုန်မြို့၊ သံလျင်မြို့နယ်ရှိ လူနေအိမ် တစ်လုံးရှေ့တွင် လူအများ စုဝေးရောက်ရှိနေသည်။ ၎င်းတို့ချစ်ခင်လေးစားရသည့် ကဗျာဆရာနှင့် တေးရေးဆရာ နိုင်မြန်မာကွယ်လွန်ကြောင်း ကြားသိရသဖြင့် စိတ်မကောင်း၍ ရောက်ရှိလာကြခြင်းဖြစ်သည်။ နိုင်မြန်မာသည် ကွယ်လွန်ချိန်တွင် အသက်၆၈နှစ် ရှိပြီဖြစ်သည်။

နေအိမ်တွင် နိုင်မြန်မာ၏ ဇနီးနှင့် သားသမီးများလည်း ရောက်ရှိနေသည်။ မိသားစုဝင်များသည် ၎င်းတို့နေထိုင်ရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ လာရောက်ကြခြင်းဖြစ်သည်။ စစ်တပ်ဆန့်ကျင်ရေး ကဗျာများနှင့် သီချင်းများ ရေးသားမှုတို့ကြောင့် စစ်ကောင်စီက ဖမ်းဆီးရန် လိုက်ရှာနေသဖြင့် နိုင်မြန်မာသည် မိသားစုဝင်များနှင့်ခွဲ၍ ထိုနေရာတွင် ပုန်းအောင်းနေထိုင်ခဲ့သည်။

နိုင်မြန်မာ ငှားရမ်းထားသည့် သန်လျင်မြို့နေအိမ်သည် ၎င်းနောက်ဆုံးပုန်းအောင်းခဲ့ရသည့်နေရာဖြစ်ပြီး ဘဝခရီးတွင် နောက်ဆုံးကွန်းခိုရာလည်းဖြစ်ခဲ့သည်။ နိုင်မြန်မာ၏ ဒုတိယသားဖြစ်သူ ကိုမင်းစိုးမြန်မာ (အဆိုတော် နေမဝင်) က ၎င်း၏ ဖခင်ဖြစ်သူသည် မကြာသေးမီကမှ နှလုံးအားနည်းသည့် ရောဂါလက္ခဏာများပြလာခဲ့သည် ဟုဆိုသည်။ ၎င်းကို အတူနေထိုင်သည့် မိတ်ဆွေတစ်ဦးက အသက်သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုတ်တရက် နှလုံးရပ်သေဆုံးသည်ဟု ယူဆရသည်။

“အဖေ့လုံခြုံရေးအပါအဝင် အခြေအနေ အကြောင်းကြောင်းကြောင့် သူ့ကို ဆေးစစ်တာမျိုး၊ ဆေးရုံပြတာမျိုးတွေ မလုပ်ပေးခဲ့ရဘူး” ဟု အသက် ၃၈ နှစ်အရွယ် အဆိုတော်နေမဝင်က ဖရွန်တီးယားသို့ ပြောသည်။ 

“သူ ဆုံးသွားတာက မိသားစုအတွက် အတော်စိတ်ထိခိုက်စရာဖြစ်ရတယ်။ တကယ်လို့ သူသာ မိသားစုနဲ့ ပုံမှန်အချိန်တွေကလိုနေခွင့်ရခဲ့မယ်ဆိုရင် ကောင်းကောင်းပြုစုလို့ရခဲ့မှာဆိုတော့ ခုလို အသက်ဆုံးချင်မှဆုံးလိမ့်မယ်”

ဝါရင့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကမူ နိုင်မြန်မာကွယ်လွန်မှုသည် မိသားစုအတွက် သာမက တိုင်းပြည်အတွက်လည်း ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ၎င်းသည် ၁၉၈၈က ဗိုလ်ချုပ်နေဝင်း၏ အစိုးရကို ဆန့်ကျင်ဆန္ဒပြကြသည့် လူထုအရေးတော်ပုံကာလမှစတင်၍ ဒီမိုကရေစီအရေး လှုပ်ရှားမှုများတွင် ပါဝင်လာခဲ့သည်။ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်လာသည့်အလျောက် တေးရေးနိုင်မြန်မာကလည််း ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ၎င်း၏ အနုပညာဖြင့် မရပ်မနား ပါဝင်အားဖြည့်ခဲ့သည်။

နိုင်မြန်မာ၏ လူသိအများဆုံး အနုပညာလက်ရာသည် “ကမ္ဘာမကြေဘူး” သီချင်းဖြစ်ပြီး ဒီမိုကရေစီအရေးတော်ပုံအတွင်း ကျဆုံးသွားသူများကို ဂုဏ်ပြုရေးစပ်ထားသည့်အပြင် ကျန်ရစ်ခဲ့သူများအား ဆက်လက်တိုက်ပွဲဝင်ရန် အားပေးထားသည့် တေးသွားတစ်ပုဒ်ဖြစ်သည်။ သီချင်းသံစဥ်ကို အမေရိကန် ရော့ခ်တီးဝိုင်း Kansas ၏ ၁၉၇၇တွင် ထွက်ရှိသည့် “Dust in the Wind” သီချင်းမှ ယူသုံးထားခြင်းဖြစ်သည်။ ထိုသီချင်းသည် ၁၉၈၈ လူထုအရေးတော်ပုံကာလတွင် ထင်ရှားခဲ့သလို ၂၀၂၁စစ်အာဏာသိမ်းမှုနောက်ပိုင်း နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင်လည်း ပြန်လည်ခေတ်စားလာခဲ့သည်။

နိုင်မြန်မာ ကွယ်လွန်သည့် သတင်းကြားရသည့်အခါ ထိုင်းနှင့် အမေရိကန်နိုင်ငံများရှိ ၎င်း၏ မိတ်ဆွေများနှင့် ၎င်းကိုချစ်ခင်လေးစားသူများက အမှတ်တရအောက်မေ့ဖွယ်အခမ်းအနားများ ပြုလုပ်ကြသည်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ကိုဇော်ဝင်းက မတ်၂ရက်တွင် ဝါရှင်တန်ဒီစီ၌ အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ဦးဆောင်ကျင်းပခဲ့သည်။ နိုင်မြန်မာသည်  ၎င်း၏ အနုပညာစွမ်းအားကို အသုံးချကာ မြန်မာစစ်အာဏာရှင်များကို တွန်းလှန်ခဲ့သည့်အတွက် “ဂုဏ်ပြုထိုက်သူတစ်ဦး” ဖြစ်သည်ဟု ကိုဇော်ဝင်းက ဖရွန်းတီးယားကို ပြောသည်။

“၁၉၉၈ ကနေ ခု နွေဦးတော်လှန်ရေးအထိ တော်လှန်ရေးအဆက်ဆက်မှာ သူ့ရဲ့ သီချင်းတွေ၊ ကဗျာတွေနဲ့  တစိုက်မတ်မတ်ပါဝင်ခဲ့သူဖြစ်တာကြောင့် သူ့ကို မမေ့မလျော့ရှိရမှာဖြစ်ပါတယ်”ဟု ကို ဇော်ဝင်းက  ပြောသည်။

မြန်မာ့နိုင်ငံရေး မုန်တိုင်းမထန်ခင် ငြိမ်သက်နေသည့်ကာလများမှာပင် နိုင်မြန်မာသည် မတရား ခေါင်းပုံဖြတ်ခံရသည့် အလုပ်သမားများအရေးတွင် ဖိနှိပ်ခံရသူများဘက်မှ နှစ်ပေါင်းများစွာ ရပ်တည်ပေးခဲ့သည်။ နိုင်မြန်မာသည် စည်းစိမ်ဥစ္စာထက် တော်လှန်ပုန်ကန်မှုကိုသာ အမြဲတမ်း ရွေးချယ်ခဲ့သူဖြစ်ကာ မြန်မာနိုင်ငံမလွတ်မြောက်မချင်း ၎င်း၏ သီချင်းများကို သီဆိုနေကြဦးမည်ဟု မိသားစုဝင်များနှင့် မိတ်ဆွေများက ဆိုကြသည်။

နိုင်မြန်မာ၏ ဒုတိယသား အဆိုတော် နေမဝင် ခေါ် ကိုမင်းစိုးမြန်မာကို မိသားစုနေအိမ်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – လူပို၊ ဖရွန်တီးယားမြန်မာ)

တော်လှန်ရေးသမားဘဝ

နိုင်မြန်မာ၏ မိဘများမှာ ဦးအုန်းမြင့်နှင့် ဒေါ်အုန်းမြင့်တို့ဖြစ်ကြပြီး ၎င်းသည် သားအကြီးဆုံးဖြစ်သည်။ ဗြိတိသျှ ကိုလိုနီလက်အောက်မှ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၀နှစ်အကြာ ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီ၄ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။​ ဤသည်မှာ ၎င်းသည် ဘဝတစ်လျှောက် အများပြည်သူလွတ်မြောက်ရေးအတွက် သူ၏စိတ်အားထက်သန်ပုံကို နိမိတ်ပြနေသဖွယ်ရှိသည်။

မိဘများကမူ ၎င်းကို နိုင်ဦးမြင့်ဟု အမည်ပေးခဲ့သည်။ စနေနေ့တွင် မွေးဖွားသောကြောင့် ရိုးရာအရ “သားဦးစနေ” သည် မိသားစုကို ခိုက်တတ်သည်ဟု အယူရှိခဲ့ကြသည်။ ထိုသို့ မခိုက်စေရန် ကလေးကို ကြမ်းပေါ်တွင်ချကာ ဖခင်ဖြစ်သူက ဓားထမ်း၍ ကျော်ကာ ယတြာချေတတ်ကြလေ့ရှိသည်။ သို့သော် ဦးအုန်းမြင့်က ထိုသို့လုပ်လိုက်ပါက သားဖြစ်သူအပေါ်  မကောင်းသည့် အတိုက်အခိုက်များ ကျရောက်ကာ ကံနိမ့်လိမ့်မည်ဟု ယုံကြည်သဖြင့် ထိုသို့ပြုရန် ငြင်းဆန်ခဲ့သည်။

နိုင်မြန်မာ အသက်သုံးနှစ်အရွယ်တွင် ဖခင်ဖြစ်သူ ဦးအုန်းမြင့်ကွယ်လွန်ခဲ့သည်။ ၎င်း၏ သေဆုံးမှုကို ရိုးရာအတိုင်း မလိုက်နာသဖြင့် နောက်ဆက်တွဲအကျိုးဆက်ဟု အချို့က ယူဆပြီး လူအချို့ကမူ  တိုက်ဆိုင်မှုတစ်ခုသာဖြစ်လိမ့်မည်ဟု ဆိုကြသည်။ ထိုအချိန်တွင် မိခင်ဖြစ်သူက​ ၎င်းတို့ ညီအစ်ကို သုံးဦးအနက် အငယ်ဆုံးသားကို ဝမ်းတွင်လွယ်ထားစဉ်ကာလလည်းဖြစ်သည်။ စိတ်ထိခိုက်ဖွယ်ရာ ကြုံတွေ့ရပြီးနောက် မိခင်ဒေါ်အုန်းမြင့်သည် ဧရာဝတီတိုင်းရှိ ဇာတိကျေးရွာသို့ ပြန်သွားခဲ့ပြီး နိုင်မြန်မာကိုမူ ရန်ကုန်မြို့ရှိ ချမ်းသာကြွယ်ဝသော အဘိုး၊ အဘွားများနှင့်အတူ ထားရစ်ခဲ့သည်။

“အဖေက ချမ်းသာတဲ့ အဘိုးအဘွားတွေစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းခဲ့တယ်” ဟု သားဖြစ်သူ နေမဝင်က ဖခင်ဖြစ်သူပြောခဲ့ဖူးသည့် ဘဝဇာတ်ကြောင်းကို အသေးစိတ် ပြန်လည်ပြောပြသည်။

“သူ့အဘွားက သူ့ကို တော်တော်ချစ်တာ။ အဖေကလည်း အမေရင်းထက်တောင် သူ့အဘွားကို ချစ်သေးတယ်။ အဘိုးအဘွားတွေက ပညာရေးပဲ အားစိုက်လုပ်စေချင်ပေမဲ့ သူရှစ်တန်းလောက်ရောက်တော့ ကဗျာတွေ၊ သီချင်းတွေရေးတဲ့ အလုပ်ကိုပဲလုပ်ချင်တာကြောင့် မိသားစုနဲ့ စပြီး အတိုက်အခံတွေဖြစ်လာတယ်”

အသက် ၁၆ နှစ်အရွယ်တွင် နိုင်မြန်မာသည် မိသားစုက ဂီတမဟုတ်သည့် အခြားအသက်မွေးလမ်းကြောင်း တစ်ခုခုကို ရွေးချယ်ရန် ဖိအားပေးမှုများကို ဆန့်ကျင်ခဲ့သည်။ နောက်ဆုံးတွင် ဂီတကိုရွေးချယ်သဖြင့် ဘိုးဘွားများက ၎င်းကို ငွေမထောက်ပံ့တော့ပေ။ သို့ဖြစ်ရာ နိုင်မြန်မာလည်း တောက်တိုမည်ရအလုပ်များလုပ်ကာ အားလပ်သည့်အချိန်များတွင် ကဗျာနှင့် သီချင်းများရေး၍ အနုပညာလမ်းကြောင်းကို လျှောက်လှမ်းခဲ့သည်။

ထိုမှ နောက်ခုနှစ်နှစ်အကြာ ၁၉၈၀ပြည့်နှစ် အစောပိုင်းကာလများတွင် အဆိုတော်ကိုင်ဇာကို ရေးပေးခဲ့သည့် “ကိုယ်ရံတော်တပ်မှူးလေး” သီချင်းဖြင့် တေးရေးဆရာအဖြစ် ပထမဆုံးအကြိမ် အောင်မြင်မှုရရှိခဲ့သည်။ ထို့နောက် သီချင်းရေး၍ အသက်မွေးမှု အစပြုခဲ့သည်။ မိသားစုဝင်များ၏ အဆိုအရ နိုင်မြန်မာသည် သီချင်းပေါင်း ၁,၀၀၀ကျော် ရေးသားခဲ့ပြီး မေဆွိ၊ မေခလာနှင့် ကွယ်လွန်သူ စိုးလွင်လွင် အပါအဝင် နာမည်ကြီးမြန်မာအဆိုတော်အများအပြားအတွက် တေးသီချင်းပေါင်းများစွာကို ရေးသားပေးခဲ့သည်။

“သူ့ သီချင်းတော်တော်များများက မထုတ်ခဲ့ရသေးတာတွေရှိတယ်။ ကျနော်တို့က အဲဒါတွေကို စုပြီး မူပိုင်ခွင့်ထားဖို့ လုပ်နေပါတယ်” ဟု သားဖြစ်သူ နေမဝင်က ပြောသည်။

နိုင်မြန်မာသည် အသက်၂၆နှစ်အရွယ်တွင် အိမ်ထောင်ကျသည်။ နောက်ပိုင်း ဇနီးဖြစ်သူနှင့် ကွာရှင်းခဲ့သော်လည်း သားသုံးယောက်ကိုမူ သူက ဆက်လက်စောင့်ရှောက်ခဲ့သည်။ “အဖေက သူ့ကလေးတွေကို တော်တော်ချစ်တယ်။ ဘယ်သူ့အကူအညီမှမပါဘဲ ကျနော်တို့ သုံးယောက်ကို စောင့်ရှောက်ခဲ့တာ” ဟု နေမဝင်က ပြောသည်။

၂၀၀၅တွင် ဒုတိယဇနီးဖြစ်သူ ဒေါ်ဝါဝါလွင်နှင့် အိမ်ထောင်ကျခဲ့ပြီး သားတစ်ဦး၊ သမီးတစ်ဦး ထပ်မံထွန်းကားသည်။ အိမ်ထောင်နှစ်ဆက်လုံးမှ သားသမီးများအပါအဝင် မိသားစုတစ်စုလုံးက အရှေ့ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြောင်းရွှေ့ခဲ့ပြီး ယခုထက်တိုင် နေထိုင်ကြဆဲ ဖြစ်သည်။

“မြန်မာ့ ဓလေ့မှာက အရင်အိမ်ထောင်နဲ့ လက်ရှိအိမ်ထောင်က ကလေးတွေက မတည့်တတ်ကြတာ သဘာဝပေမဲ့ ကျနော်တို့ မိသားစုမှာတော့ ဒါမျိုးမရှိဘူး။ အဖေက ကျနော်တို့ကို အမြင်မကျဥ်းဖို့ သင်ပေးတယ်။ အငယ်တွေကို ကျနော်တို့က ကြည့်ရ၊ ထိန်းရတယ်။ အငယ်တွေက ကျနော်တို့ကို ရိုသေတယ်” ဟု နေမဝင်ကပြောသည်။

သို့သော်၂၀၂၁စစ်အာဏာသိမ်းပြီးနောက် မိသားစုအတွင်း အခက်အခဲများ ကြုံလာရသည်။ စစ်အာဏာသိမ်းပြီးပြီးချင်း နိုင်မြန်မာက လူမသိ၊ သူမသိနေခဲ့သော်လည်း ၂၀၂၃တွင် ၎င်း၏ သားအကြီးဆုံးဖြစ်သူ ဟစ်ဟော့ပ်အဆိုတော် ဗျုဟာ (အမည်ရင်း မင်းအုပ်မြန်မာ) ကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့သည်။

၎င်းက လျှပ်စစ်မီးပြတ်တောက်မှုနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် ရုပ်သံလွှင့်ကာ စစ်ကောင်စီကို ဝေဖန်ပြောဆိုခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ချိုကျိုးနားရွက်ပဲ့၊ အသုံးမကျသည့်အရူး စသဖြင့် ခေါ်ဆိုခဲ့သည်။ စစ်ကောင်စီကဗျူဟာကို ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၁၂၄ဖြင့် ထောက်ဒဏ် နှစ်၂၀ချမှတ်ခဲ့သည်။

နိုင်မြန်မာက စစ်တပ်ကို ဝေဖန်ခဲ့သည့် သားဖြစ်သူအတွက် ဂုဏ်ယူကြောင်း ကဗျာများ အတွဲလိုက် ရေးသားခဲ့သလို မိသားစုဝင်များနှင့် ၎င်းကိုယ်တိုင်၏ လုံခြုံရေးအတွက်လည်း အရေးပေါ် အစီအမံများ ချမှတ်ခဲ့သည်။

“ဗျုဟာအဖမ်းခံရပြီး ရက်နည်းနည်းကြာတော့ ကျမမျိုးသားကိုပါ ဖမ်းဖို့လုပ်နေတယ်ဆိုပြီး သတင်းပေးတာရတယ်” ဟု ဒေါ်ဝါဝါလွင်က ပြောသည်။ “အမျိုးသားနဲ့ ကလေးတွေက ချက်ချင်းရှောင်ဖို့ လုပ်ရတယ်။ ဘာလို့လဲဆိုတော့ ကျမအမျိုးသားကိုသာ ရှာမတွေ့ရင် ကလေးတွေကိုပါ ဆက်ဖမ်းမှာ စိုးရိမ်လို့”

တစ်ညတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူများနှင့် စစ်သားများ မိသားစုနေအိမ်သို့ ရောက်ရှိလာပြီး ၎င်း၏ ခင်ပွန်းဖြစ်သူအကြောင်း မေးမြန်းရန်ရပ်ကွက်ရုံးသို့ ခေါ်သွားခဲ့သည်။ ညဉ့်နက်သည်အထိ စစ်ဆေးမေးမြန်းပြီးနောက် ဒေါ်ဝါဝါလွင်ကို ပြန်လွှတ်ပေးခဲ့သည်။ နောက်ပိုင်းတွင် သား၊ သမီးများက နေအိမ်သို့ ပြန်လာကြသော်လည်း နိုင်မြန်မာကမူ ဆက်လက်ပုန်းအောင်းနေခဲ့သည်။ အိမ်ပြန်ရောက်လာပါက အကြောင်းကြားရန်လည်း ရပ်ကွက်ရုံးက မိသားစုကို မှာခဲ့သေးသည်။

နိုင်မြန်မာ၏ ပုံတူပန်းချီကားများကို အရှေ့ဒဂုံမြို့နယ်ရှိ မိသားစုနေအိမ်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – လူပို၊ ဖရွန်တီးယားမြန်မာ)

တော်လှန်ရေး အသံ

စာရေးဆရာနှင့် ကဗျာဆရာ ငြိမ်းသစ်ကမူ နိုင်မြန်မာ၏ သီချင်းများသည် ခေတ်ကိုထင်ဟပ်စေပြီး လူထုအသံကို ကိုယ်စားပြုသည်ဟု ဖရွန်တီးယားသို့ပြောသည်။ ၁၉၈၈ လူထုအရေးတော်ပုံ ကာလအတွင်း စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၊ ဒီမိုကရေစီအတွက် လူငယ်များ၏ စွန့်လွှတ် ပေးဆပ်မှုများ အပါအဝင် ၎င်းမျက်မြင်ကြုံရသည့် အရာများကို နိုင်မြန်မာက ဖော်ထုတ်ရေးသားခဲ့သည်။ 

“ကဗျာဆရာအဖြစ် အရင်စခဲ့တာဆိုတော့ သူ့သီချင်းတွေက ကဗျာဆန်တယ်။ သူ့သီချင်းတွေကို နားထောင်တဲ့အခါ ကဗျာရွတ်တာကို နားထောင်နေရသလိုပဲ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ ငြိမ်းသစ်က ပြောသည်။ “သူ့စာသားတွေက အတွေးတွေ၊ စကားလုံးတွေ တစ်ထပ်ပြီး တစ်ထပ်နဲ့ ရေးဖွဲ့ထားတာ။ မှော်ဆန်တဲ့ စုတ်ချက်တွေ၊ အရောင်တွေနဲ့ ချယ်ထားတဲ့ ပန်းချီကားတစ်ချပ်လိုပဲ”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ကိုဇော်ဝင်းက ၁၉၈၈တွင် နိုင်မြန်မာရေးသားခဲ့သည့် သီချင်းအများစုကို အသံသွင်းနိုင်ခဲ့ခြင်းမရှိဘဲ ကြားဖူးခဲ့သူများ၏ မှတ်ဉာဏ်များတွင်သာ ကျန်ရှိနေနိုင်သည်ဟု ဆိုသည်။ ထိုအချိန်က သီချင်းအများအပြားကို နိုင်မြန်မာနှင့် ကျောင်းသားများပါဝင်သည့် တီးဝိုင်းများက ညမထွက်ရအမိန့်ကျော်လွန်သည့် အချိန်များအထိ အစာငတ်ခံဆန္ဒပြသူများအပါအဝင် ဒီမိုကရေစီအရေးဆန္ဒပြသူများကို ရန်ကုန်မြို့တွင်း လှည့်လည်ဖျော်ဖြေခဲ့ကြသည်။

“အရေးတော်ပုံ အရှိန်ရလာတဲ့ စက်တင်ဘာလလောက်မှာ ကျနော်တို့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်”ဟု ထိုစဥ်က အသက် ၁၉ နှစ်သာရှိသေးသည့် ကိုဇော်ဝင်းက ပြောသည်။ 

“ညဆို ကျနော်တို့ပဲ ကျန်ခဲ့တာများတယ်။ ဒါပေမဲ့ အဲဒီနေ့ အစောပိုင်းက စစ်တပ်က ဆန္ဒပြတဲ့သူတွေကို သေနတ်နဲ့ပစ်တော့ ဆူးလေဘုရားနားမှာ ဒဏ်ရာရတဲ့ ကျောင်းသားတွေ အများကြီးကျန်ခဲ့တယ်။ ဆရာဝန်တွေ ကုပေးနေတုန်းမှာပဲ နိုင်မြန်မာနဲ့ သူ့လူတွေရောက်လာပြီး သီချင်းဆို တော့တာပဲ”

နိုင်မြန်မာ၏ သီချင်းများသည် ဆန္ဒပြသူများ ခံစားနေရသည်များကို စပ်ဆိုထားသောကြောင့် “ရင်ထဲ ထိသည်” ဟု ၎င်းက ဆိုသည်။

“သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်အောင်ကျော်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူတွေအကြောင်းလည်း သီချင်းထဲရေးခဲ့တယ်” ဟု ကိုဇော်ဝင်းကပြောသည်။ 

“သင်္ချိုင်းကုန်းက ကျုပ်တို့ဖခင် နှိုးပီးတော့ ပြောလိုက်ချင်တယ် ကျုပ်တို့ချစ်တဲ့ ဗိုလ်ချုပ်ရယ် ပြည်သူတွေ သေတယ် ထကြည့်ပါဦး”

“ဒါမျိုး အားကောင်းတဲ့ စကားလုံးတွေက လူတွေကို ငိုစေတာပေ့ါ” ဟု ၎င်းက ပြောသည်။

၁၉၈၈ လူထုအရေးတော်ပုံအတွင်း တော်လှန်ရေးသီချင်း တစ်ပုဒ်ဖြစ်လာသည့် နိုင်မြန်မာ၏ “ကမ္ဘာမကြေဘူး” သီချင်းသည်၂၀၂၁ စစ်အာဏာသိမ်းမှုပြီးနောက် ပြန်လည်နိုးကြားလာခဲ့သည်။

ထို သီချင်းမှလွဲ၍ နိုင်မြန်မာ၏ သီချင်းအများစုသည် ကိုယ်ပိုင်သံစဥ်များဖြစ်သည်။ မြန်မာမီဒီယာ တစ်ခု ဖြစ်သည့် Z Media နှင့် ၂၀၂၀က အင်တာဗျုးတစ်ခုတွင် နိုင်မြန်မာက အဘယ်ကြောင့် Kansas တီးဝိုင်း၏ “Dust in the Wind” သံစဥ်ကို ယူခဲ့ကြောင်း ရှင်းပြထားသည်။

ကိုယ်ပိုင်သံစဉ်တစ်ခုဖန်တီးရန် အချိန်ယူရ၍ အာရုံစိုက်ရကြောင်း၊ ၁၉၈၈ လူထုအုံကြွစဉ် ကာလအတွင်း ၎င်းတွင် အချိန်ယူ၍ ကိုယ်ပိုင်သံစဉ်ရေးသားရန် မဖြစ်နိုင်ခဲ့ကြောင်း ၎င်းက အဆိုပါမီဒီယာကို ပြောသည်။

“အလွယ်တကူ လိုက်ဆိုနိုင်မယ့် မယ်လိုဒီမျိုးနဲ့ ပြည်သူလူထု ရင်ဘတ်ထဲ ရောက်သွားနိုင်တဲ့ အသွားမျိုး… ကျနော်တို့ ဆိုရပြုရလည်း လွယ်ကူမယ်၊ ပညာရှင်မှ၊ သီချင်းဆိုတတ်တဲ့လူမှ ဆိုလို့ရတဲ့ သီချင်းမျိုးဖြစ်လို့ကလည်း မဖြစ်ပါဘူး… အဲဒီတော့ အလွယ်တကူလိုက်ဆိုနိုင်တဲ့ သီချင်းတစ်ပုဒ် ရဖို့အတွက် Dust in the Wind က ကျနော့်ရဲ့ ရွေးချယ်မှုပါပဲ” ဟု ၎င်းက ပြောသည်။

၁၉၈၈က ထိုသီချင်းကို နိုင်မြန်မာတို့တီးဝိုင်းက ဖျော်ဖြေသည့်အခါ ပြည်သူလူထုက ထိုသီချင်း၏ စာသားများကို မှတ်သားထားခဲ့ပြီး တတိယအကြိမ်မြောက်တွင်မူ သီချင်းကိုအတူလိုက်ဆိုနိုင်ခဲ့သည်ဟု ထိုသီချင်း၏ သံစဉ်မှတ်သားရန် လွယ်ကူပုံကို ရည်ညွှန်း၍ ၎င်းက ပြောသည်။ ထို့နောက် ဆန္ဒပြသူများအတွင်း ထိုသီချင်းသည် အလျင်အမြန် ပျံ့နှံ့ထင်ရှားလာခဲ့သည်။

စစ်ဗိုလ်ချုပ်များကလည်း ထိုသီချင်း၏ လွှမ်းမိုးမှုကို အလျင်အမြန် သတိထားမိလာသည့်အတွက် နိုင်မြန်မာသည် ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း ခံခဲ့ရသည်။ ထောင်မကျခဲ့သော်လည်း ၎င်းသည် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုမှ မလွတ်မြောက်ခဲ့ပေ။ “အဲဒီအချိန်က ကျနော်မွေးခါစပဲရှိသေးတယ်။​ ဒါပေမဲ့ စစ်ကြောရေးမှာ နံရိုးတစ်ချောင်း ကျိုးသွားတယ်လို့ အဖေက ပြောတယ်” ဟု နေမဝင်ကပြောသည်။

နိုင်မြန်မာ၏ ရုပ်ပြောင်ပန်းချီကားတစ်ချပ်ကို အရှေ့ဒဂုံမြို့နယ်ရှိ မိသားစုနေအိမ်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ – လူပို၊ ဖရွန်တီးယားမြန်မာ)

အလုပ်သမားများ၏ မိတ်ဆွေ

၂၀၁၁မှ၂၀၂၀အတွင်း အရပ်သားတစ်ပိုင်း အစိုးရများ၏ ခေတ်ကောင်းစဉ်နှစ်များတွင်ပင် နိုင်မြန်မာသည် အခွင့်အရေးချိုးဖောက်ခံရသည့် အလုပ်သမားများနှင့် အတူတကွရပ်တည်ကာ အဖိနှိပ်ခံလူတန်းစားများအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့သည်။

အလုပ်သမားဂျာနယ်အယ်ဒီတာချုပ်နှင့် အလုပ်သမားသမဂ္ဂများပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူ ဦးရဲနိုင်ဝင်းက နိုင်မြန်မာနှင့် ၂၀၁၆တွင် စတင်သိကျွမ်းခဲ့ပြီး ထိုနှစ်၏ အလုပ်သမားနေ့အခမ်းအနားအတွက် သီချင်းတစ်ပုဒ် ရေးစပ်ပေးရန် တောင်းဆိုခဲ့သည်။

၁၃၀၀ ပြည့်နှစ်အရေးတော်ပုံ အထိမ်းအမှတ်ကို ပြန်လည်အမှတ်ရသည့်အနေဖြင့် ထိုအခမ်းအနားကို ရေနံထွက်ရာမြို့ဖြစ်သော မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့တွင် ကျင်းပခဲ့သည်။ ဗြိတိသျှလက်အောက် ကျရောက်စဉ် ရေနံမြေ အလုပ်သမားများက ၎င်းတို့၏ အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၃၈တွင် ဆန့်ကျင် ဆန္ဒပြခဲ့သည့် ထိုသပိတ်သည် ထိုဒေသမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားပြီး အထွေထွေသပိတ်အဖြစ် ပြောင်းလဲသွားသည်။ ၁၈လတိုင် ကြာမြင့်ခဲ့သည့် အရေးတော်ပုံသည် ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရာတွင် အရေးပါသည့် လှုပ်ရှားမှုတစ်ခုအဖြစ် သမိုင်းဝင်ခဲ့သည်။

နိုင်မြန်မာက သီချင်းရေးစပ်ပေးရန် သီချင်းရေးသားရန် မျက်မှောက်ကာလ အလုပ်သမားလှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်အလက်များကို ဦးရဲနိုင်ဝင်းအား မေးမြန်းခဲ့သည်။

“စက်ရုံအလုပ်သမားတွေရေးထားတဲ့ ဆောင်းပါးတွေပါတဲ့ စာအုပ်ကို ပေးလိုက်တယ်။ နောက်ပိုင်း အသိတစ်ယောက်ဆီက ပြန်ကြားတာကတော့ နိုင်မြန်မာက စာအုပ်ကို အပြီးထိမဖတ်နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူက အဖိနှိပ်ခံလူတန်းစားတွေအတွက် တွေးပေးခဲ့တဲ့ သီချင်းရေးသူဖြစ်တာတောင်မှ ကျနော်တို့ နိုင်ငံထဲမှာ အလုပ်သမားလူတန်းစားက အဲဒီလောက်ထိ အခြေအနေဆိုးဆိုး ကြုံနေရတာကို မသိခဲ့လို့ အပြစ်ရှိသလိုခံစားရလို့ဆိုပြီးပြောတယ်”ဟု ဦးရဲနိုင်ဝင်းက ပြောသည်။

နိုင်မြန်မာက အလုပ်သမားအခွင့်အရေးနှင့် အလုပ်သမားလူတန်းစားများ ရင်ဆိုင်ခံစားနေရသည့် အခြေအနေများအတွက် သီချင်းနှစ်ပုဒ် ရေးစပ်ပေးခဲ့ပြီး ထိုသီချင်းများသည် အလုပ်သမားများအကြား ထင်ရှားနေဆဲ ဖြစ်သည်။ နောက်ပိုင်းတွင် အလုပ်သမားများနှင့် ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံကာ အလုပ်သမားများအတွက် အရေးဆိုခဲ့သည့်အပြင် အလုပ်သမားများနှင့် သက်ဆိုင်သည့်  ပွဲလမ်းသဘင်၊ အခမ်းအနားများ ဆက်တိုက် တက်ရောက်ခဲ့သည်။

“သဘာဝအားဖြင့် နိုင်မြန်မာက ကျနော်တို့နဲ့ မတူဘူး။ သူက အနုပညာသမား၊ ကျနော်တို့က အလုပ်သမားအရေး လှုပ်ရှားနေတဲ့ ခေါင်းဆောင်တွေ။ ဒါပေမဲ့ ကျနော်တို့နှစ်ဘက်လုံးက ဒီတိုင်းပြည်နဲ့ ဒီလူ့အဖွဲ့အစည်း စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူထုအာဏာက ဘယ်လောက်အရေးကြီးလဲဆိုတာ နားလည်ကြတဲ့အတွက် ရည်ရွယ်ချက်ခြင်းကတော့ တူကြတယ်” ဟု ဦးရဲနိုင်ဝင်းက ပြောသည်။ 

နိုင်မြန်မာသည် ဖိနှိပ်သူထက် အဖိနှိပ်ခံလူတန်းစားများအတွက် အမြဲတစေရပ်တည်ခဲ့သည်ဟု ၎င်းက ဖြည့်စွက်သည်။​

“အစိုးရ အာဏာပိုင်တွေက တခါတလေ သူ့ကို ဝါဒဖြန့်သီချင်းတွေရေးဖို့ ကမ်းလှမ်းတာမျိုးရှိပေမဲ့ သူကတော့ အမြဲငြင်းခဲ့တာပဲ။ လူထုဘက်ကသာ ရပ်တည်ပြီး သူတို့ကိုယ်စား သီချင်းတွေ၊​ ကဗျာတွေ ရေးခဲ့တယ်”

ထို့ကြောင့်ပင် ဖေဖော်ဝါရီ၉ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ​မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်တွင် ကျင်းပခဲ့သော နိုင်မြန်မာ၏ စျာပနအခမ်းအနားတွင် အနုပညာအသိုင်းအဝိုင်းထက် အလုပ်သမား အများအပြားက တက်ရောက်ခဲ့သည်ဟု ဦးရဲနိုင်ဝင်းက ဆိုသည်။

“နိုင်မြန်မာရေးတဲ့ သီချင်းတွေဆိုပြီး အဆိုတော်တွေအများကြီး အောင်မြင်သွားကြတာရှိတယ်။ သူတို့ကို သူ့စျာပနမှာ မတွေ့ရဘူး။ စစ်တပ်က သတိထားမိမှာကို ကြောက်လို့လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အလုပ်သမားတွေကတော့ မကြောက်မရွံ့ဘဲ လာခဲ့ကြတယ်”ဟု ၎င်းက ပြေသည်။

ငွေကြေးထက် ယုံကြည်မှုနောက်ကိုသာ လိုက်ခဲ့သည့် နိုင်မြန်မာကို ဦးညွတ်အလေးပြုကြောင်း ငြိမ်းသစ်က ဆိုသည်။ နိုင်မြန်မာရေးသားခဲ့သော ကဗျာစာသားတစ်ခုဖြစ်သည့် “သေခြင်းတရားနဲ့ ကျွန်ခံရေးဆိုရင် သေခြင်းတရားကိုသာ ငါရွေးတယ်” ကို ငြိမ်းသစ်က ရွတ်ဆိုပြသည်။

“သူက သူ့စကားအတိုင်းပဲနေခဲ့တာ” ဟု ငြိမ်းသစ်က ပြောသည်။ “စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ဆင်းဆင်းရဲရဲ သေသွားရတယ်”

ဦးရဲနိုင်ဝင်းက စစ်အုပ်ချုပ်ရေးသက်ဆိုးရှည်နေသရွေ့ နိုင်မြန်မာ၏ သီချင်းများမှာလည်း လူထုအတွင်း ဆက်လက်တည်ရှိနေဦးမည်ဟု ယုံကြည်နေသည်။

“ဒီတိုင်းပြည် ဒီမိုကရေစီနဲ့ လွတ်လပ်ရေးမရမချင်း သူ့သီချင်းတွေကို ဆိုနေကြဦးမှာပဲ” ဟု ၎င်းက ပြောသည်။ 

“နိုင်မြန်မာအပါအဝင် လူတော်တော်များများက တိုင်းပြည်အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတယ်။ ဒါကြောင့် ကျနော်တို့က သူတို့ မျှော်လင့်ခဲ့တဲ့ လူ့အဖွဲ့အစည်းကိုရဖို့ ဆက်ပြီး တိုက်ပွဲဝင်နေဖို့ လိုတယ်”

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar