၂၀၁၄၊ မတ်၃၀ရက်တွင် ရန်ကုန်မြို့တစ်နေရာတွင် သန်းခေါင်စာရင်း ကောက်ယူနေသူများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

သန်းခေါင်စာရင်းသည် မြင်သာသည့် အကြမ်းဖက်တိုက်ဖျက်ရေး လက်နက်တစ်ခုသာဖြစ်

လူဦးရေစာရင်းကောက်ယူမှုသည် ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်စေရန်ဟု အာဏာသိမ်း စစ်တပ်ကဆိုသည့်တိုင် ၎င်းကို ဆန့်ကျင်သူများအား ရှင်းထုတ်နိုင်ရန် ရည်ရွယ်လုပ်ဆောင်နေခြင်းက ဖြစ်နိုင်ခြေ ပိုများသည်။

မယ်ရီ ကာလာဟန် ရေးသားသည်။

မြန်မာပြည်၏ နယ်နိမိတ်များအစိတ်စိတ်အမွှာမွှာပြိုကွဲပြီး ဆင်းရဲမွဲတေမှုကလည်း ခေါင်းထောင်လာချိန်တွင်  နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များသည် ထိုအခြေအနေများကို လျစ်လျူရှု၍ ထင်ရာစိုင်းကာ သန်းခေါင်စာရင်းကောက်ယူသည့် ကိစ္စကို ဦးစားပေးလုပ်ဆောင်နေသည်။

၂၀၂၂၊ ဇန်နဝါရီနှင့် ၂၀၂၃၊ ဇန်နဝါရီလတို့တွင် လူဦးရေစာရင်းကောက်ယူရန် နှစ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ရာ စစ်ကောင်စီသည် ယခုနှစ် အောက်တိုဘာ၁ရက်မှ ၁၅ရက်အထိ သန်းခေါင်စာရင်း ထပ်ကောက်နေသည်။ ၎င်းတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်း စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခုကို စေတနာ့ဝန်ထမ်းနှင့်ကြီးကြပ်သူ စုစုပေါင်း ၄၂,၀၀၀ခန့် အသုံးပြု၍ စာရင်းကောက်ယူသွားမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးမြင့်ကြိုင်၏ မိန့်ခွန်းများကို ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနများက ဖော်ပြသည်။

လက်တွေ့တွင်မူ နိုင်ငံနယ်နိမိတ် အတော်များများမှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင် မရှိသဖြင့် ရန်ကုန်၊ မန္တလေး မြို့ပြဒေသများနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများကို ကျော်လွန်၍ သန်းခေါင်စာရင်းကောက်ယူရန်မှာ ခက်ခဲမည်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ လက်လှမ်းမှီနိုင်သည့် ဒေသများတွင်မူ လူဦးရေနှင့် အိမ်ထောင်စုအကြောင်းအရာ စာရင်းကောက်ယူနိုင်ရန် စစ်ကောင်စီက ကြီးစွာမျှော်မှန်းထားသည်။ ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူစဥ်က မေးခွန်း ၄၁ခုသာ မေးမြန်းခဲ့သော်လည်း ယခုနှစ်တွင်မူ မေးခွန်း၆၈ခုအထိ တိုးမြှင့်ထားသည်။

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူစဥ်က အမေရိကန်ဒေါ်လာ ၇၄သန်း ကုန်ကျခဲ့ပြီး ရန်ပုံငွေအများစုကို အနောက်နိုင်ငံများရှိ အလှူရှင်များက လှူဒါန်းခဲ့ကာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ကူညီပံ့ပိုးပေးခဲ့သည်။ ထိုစဥ်က ကမ္ဘာ့နိုင်ငံများက မြန်မာနိုင်ငံတွင် စတင်ခဲ့နေသော နိုင်ငံရေးပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ကူညီပေးရန်လိုလားနေချိန်လည်းဖြစ်သည်။ ယခုအချိန်တွင်မူ အာဏာသိမ်းစစ်တပ်အုပ်ချုပ်နေသဖြင့် ကုလသမဂ္ဂ သို့မဟုတ် အခြားမည်သည့် ပြည်ပအကူအညီမျှ မရရှိသည့်တိုင် စစ်ကောင်စီကမူ အရေးမစိုက်လှပေ။

စာရင်းကောက်ယူမည့် စေတနာ့ဝန်ထမ်းအများစုမှာ အစိုးရကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ငယ်ရွယ်သော ကျောင်းဆရာ၊ ဆရာမများ ဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် တစ်အိမ်တက်ဆင်းသွားလာ၍ အိမ်ထောင်ဦးစီးများကို မေးမြန်းပြီး ရရှိလာသည့် အချက်အလက်များကို တရုတ်ထုတ် စျေးပေါပေါ တက်ဘလက်စက်များထဲတွင် ဖြည့်သွင်းလိုက်ပါက ထိုအချက်အလက်များသည် ဝန်ကြီးဌာန၏ အချက်အလက်သိုလှောင်စနစ်သို့ တန်းရောက်သွားမည် ဖြစ်သည်။

စာရင်းကောက်ယူသူများသည် ယမန်နှစ် အောက်တိုဘာတွင် အကန့်အသတ်ဖြင့် ပဏာမလူဦးရေစာရင်းကောက်ယူစဥ်ကကဲ့သို့ ခိုင်းသည့်အတိုင်းလုပ်ရုံကလွဲ၍ အခြားရွေးချယ်စရာ မရှိလှပေ။ ၎င်းတို့အတွက် စီမံပေးထားသည့် လုံခြုံရေးအဖွဲ့ဝင်များမှာ ရဲ သို့မဟုတ် လဝက ဝန်ထမ်းများဖြစ်သည်။ သို့ရာတွင် ယခုတစ်ကြိမ်တွင် လုံခြုံရေးယူသူများသည် မကြာသေးခင်ကမှ ရပ်ကွက်နှင့် ကျေးရွာအဆင့်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးအဖွဲ့များသို့ အတင်းအကျပ်လူသစ်စုဆောင်းခံရသော အသက် ၃၅ နှစ်မှ ၆၅နှစ်ကြားရှိသူများ ဖြစ်နိုင်သည်။ စာရင်းကောက်ယူသူများကဲ့သို့ပင် ၎င်းတို့တွင်လည်း ရွေးချယ်စရာမရှိပေ။

ပထမနှစ်ကြိမ်တွင် လူဦးရေစာရင်းကောက်ယူမှု မအောင်မြင်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုလ ကောက်ယူမည့် သန်းခေါင်စာရင်းသည် မှန်ကန်သည့် မဲစာရင်းကို ရရှိစေနိုင်မည်ဟု ဆိုထားသည်။ သို့သော် ယခုတစ်ကြိမ်ကောက်ယူမှုသည် သန်းခေါင်စာရင်း လုပ်ငန်းစဥ်တစ်ခု၏ အခြေခံနိယာမဖြစ်သည့် ကောက်ယူသော အချက်အလက်များကို ဖြေကြားသူများအား အမည်မဖော်ဘဲ လျို့ဝှက်ထားရမည်ဟူသော အချက်နှင့် ဆန့်ကျင်နေသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ၂၀၂၁အာဏာသိမ်းပြီးနောက် ကြေညာခဲ့သည့် နိုင်ငံရေးလမ်းပြမြေပုံ၏ ငါးချက်မြောက်နှင့် နောက်ဆုံးအချက်ဖြစ်သော “လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ” တစ်ခု ကျင်းပရန်ဖြစ်သည်။ ထိုရွေးကောက်ပွဲကို လာမည့်နှစ်၊ နိုဝင်ဘာတွင် ကျင်းပရန် စစ်တပ်က ရည်မှန်းထားသည်။

၂၀၂၀၊ နိုဝင်ဘာတွင် ကျင်းပပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အကြောင်းပြကာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁၊ ဖေဖော်ဝါရီ၁ရက်တွင် အာဏာသိမ်းခဲ့သည်။ ထိုစဉ် အာဏာရ အင်န်အယ်လ်ဒီ ပါတီက ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းသည် မဲဆန္ဒရှင် အချက်အလက် ၁၀သန်းကျော် မှားယွင်းနေကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် သတင်းများကို စစ်ခေါင်းဆောင်က ကိုးကားခဲ့သည်။

ထိုသတင်းထုတ်ပြန်ချက်များတွင် သံသယဖြစ်ဖွယ် အထောက်အထားများအား မှီငြမ်းထားသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ၂၀၁၅က မဲစာရင်း ဓာတ်ပုံများကို ၂၀၂၀က မဲစာရင်းဓာတ်ပုံများဟု မှားယွင်းဖော်ပြမှုများနှင့် ရွေးကောက်ပွဲမတိုင်ခင် လများတွင် ကြေညာခဲ့ပြီး အချက်အလက် မှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များကိုယ်တိုင် စစ်ဆေးနိုင်သည့် မဲစာရင်းမူကြမ်းဓာတ်ပုံများလည်း ပါဝင်ခဲ့သည်။ ထို့ပြင် သတင်းမှန်ပြန်ကြားရေးအဖွဲ့သည် ၂၀၂၀ က မဲစာရင်းအတွက် အသုံးပြုသည့် Excel စာရင်းအင်း အချက်အလက်များကို မှားယွင်းစွာဖော်ပြကြောင်း သို့မဟုတ် ကောင်းမွန်စွာ နားလည်မှုမရှိကြောင်းလည်း တွေ့ရှိရသည်။

သို့သော် အာဏာသိမ်းကာလတွင်မူ သန်းခေါင်စာရင်းကောက်ယူခြင်း၏ အန္တိမရည်မှန်းချက်သည် မဲစာရင်းတစ်ခုတည်းအတွက်တော့ မဟုတ်ပေ။ မဲစာရင်းပြုစုရန်ဆိုပါက စာရင်းကောက်ယူသူများ အနေဖြင့် မေးခွန်းခြောက်ခုမှ ၁၀ခုခန့်သာ မေးမြန်းရန်လိုအပ်ပြီး မေးခွန်း၆၈ခုအထိ မေးမြန်းရန် မလိုအပ်ပေ။ ထိုစာရင်းကောက်ယူမှုသည် လူထုအပေါ် အကြောက်တရားလွှမ်းမိုးရန် ရည်ရွယ်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး အဓိကအားဖြင့် လက်နက်ကိုင် တော်လှန်ရေးသမားများနှင့် ၎င်းတို့ကို ထောက်ခံသူများအား ရှာဖွေ၊ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်။

မင်းအောင်လှိုင်၊ မြင့်ကြိုင်နှင့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များအားလုံးသည် မသေချာ မရေရာမှုများဖြင့် ကျီးလန့်စာစားဖြစ်နေရသည့် သာမန်လူထု၏ ဘဝများကို မျက်ကွယ်ပြုထားသည်။ အာဏာသိမ်းစဥ်ကတည်းက ရင်နင့်ကြေကွဲဖွယ် အစားထိုးမရနိုင်သည့် ထိခိုက်ဆုံးရှုံးမှုကို မကြုံတွေ့ရသည့် မိသားစုမှာ မြန်မာနိုင်ငံတွင် မရှိသလောက်နည်းပါးသည်။ ထို့ကြောင့် မမြင်ဖူးသည့် သူစိမ်းများက တက်ဘလက်စက်ပစ္စည်းများကိုင်ပြီး လုံခြုံရေးအဖွဲ့များခြံရံလျက် မိမိနေအိမ်သို့ လာရောက်ပါက အန္တရာယ် အငွေ့အသက်မကင်းဟု လူအများအပြားက ခံစားရမည်ဖြစ်သည်။ ထိုအချက်မှာလည်း အာဏာသိမ်း စစ်တပ်၏ ရည်ရွယ်ရင်းပင်ဖြစ်နိုင်သည်။

အထူးသဖြင့် အန္တရာယ်စက်ဝန်းနှင့်အနီးစပ်ဆုံး အိမ်ထောင်စုများမှာ နိုင်ငံတဝန်း အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် အစိုးရဝန်ထမ်းများ၏ မိသားစုဝင်များဖြစ်ပြီး သန်းခေါင်စာရင်း မေးခွန်းများအနက် ၁၆ခုမှာ အလုပ်အကိုင် သို့မဟုတ် အလုပ်အပြောင်းအလဲများနှင့် ဆက်စပ်နေသည်။ ၎င်းတို့ထက် ပို၍ အန္တရာယ်ရှိသည့် အိမ်ထောင်စုများမှာ လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်နေကြသူများ၏ မိသားစုဝင်များဖြစ်သည်။ မေးမြန်းမည့် မေးခွန်းများတွင် အဝေးရောက်မိသားစုဝင်များ လက်ရှိရောက်ရှိနေသည့် တည်နေရာ၊ ရွှေ့ပြောင်းသွားရသည့် အကြောင်းအရင်း စသည်တို့ ပါဝင်သည်။ ထို့ပြင် ပြည်ပတွင် ရောက်ရှိနေသည့် မိတ်ဆွေ သို့မဟုတ် မိသားစုဝင်များထံမှ တရားမဝင်ငွေလွှဲဝန်ဆောင်မှုများဖြင့် ငွေလွှဲလက်ခံထားကြသည့် အိမ်ထောင်စုများလည်း အခက်ကြုံနိုင်သည်။ ထိုတရားမဝင်ငွေလွှဲလုပ်ငန်းများကို အာဏာသိမ်းစစ်တပ်က အရေးယူရန် ကြိုးပမ်းနေပြီး မေးခွန်းခုနှစ်ခုမှာ ပြည်ပသို့ရွှေ့ပြောင်းခြင်းနှင့် ပတ်သက်၍ နောက်ထပ် မေးခွန်းခြောက်ခုမှာ နေအိမ်ရှိပစ္စည်းများအနက် တန်ဖိုးကြီးပစ္စည်းများကို ထည့်သွင်းတွက်ချက်ခြင်းနှင့် ဆက်စပ်နေသည်။

ရာဂီ တိုင်ဖွန်းမုန်တိုင်းဒဏ်ကို တစ်နိုင်ငံလုံးက ရင်ဆိုင်နေရသည့်တိုင် သန်းခေါင်စာရင်း ကောက်ယူခြင်းမှာ လူထုအပေါ် အဓိကအားဖြင့် စုံစမ်းထောက်လှမ်းသည့် နည်းလမ်းတစ်ခုဟု မှတ်ယူနိုင်သဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ထိုလုပ်ငန်းစဉ် ကြန့်ကြာမှုမရှိအောင် အချိန်မဆိုင်းဘဲ လုပ်ဆောင်နေပုံပေါ်သည်။ စက်တင်ဘာ၁၇ရက်က ပြုလုပ်ခဲ့သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင် သန်းခေါင်စာရင်းကောက်ယူသည့် လုပ်ငန်းစဉ် အောက်တိုဘာ၁ရက်တွင် စတင်မည်ဖြစ်ရာ ကူညီကယ်ဆယ်ရေးစခန်းများရှိ အရေအတွက် သိန်းနှင့်ချီရှိသော ပြည်သူများအား “၎င်းတို့၏နေရပ်များတွင် အတတ်နိုင်ဆုံး အမြန်ဆုံး ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း” စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များနှင့် ၎င်း၏ ထိပ်တန်းစစ်ဗိုလ်ချုပ်များကို ပြောကြားခဲ့သည်။

တချိန်တည်းမှာပင် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်သည့် လက်နက်ကိုင်အင်အားစုများကလည်း သန်းခေါင်စာရင်းတွင် ပူးပေါင်းပါဝင်ခြင်းမပြုရန် ပြည်သူလူထုကို တိုက်တွန်းထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေးနှင့် ပြည်ထဲရေးဝန်ကြီးများက စက်တင်ဘာ၁၆ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူလူထုအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူမှုကို သပိတ်မှောက်ရန် တောင်းဆိုခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ အများအပြားကလည်း စစ်တပ်၏ သန်းခေါင်စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သူ မည်သူကိုမဆို တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ထားသည်။ အချို့စစ်တပ်ဆန့်ကျင်ရေးအဖွဲ့များကမူ အနိမ့်ဆုံးအဆင့် အနေဖြင့် သန်းခေါင်စာရင်းတွင် အချက်အလက်မှားများ ဖြေကြားရန် တိုက်တွန်းထားကြသည်။

စက်တင်ဘာ၂၇ရက်တွင် လူထုနွေဦး (People’s Spring)သတင်းဌာနက သန်းခေါင်စာရင်း ကောက်ယူရာတွင် ပါဝင်သူတစ်ဦး အသတ်ခံရသည့် ပထမဆုံးလုပ်ကြံသတ်ဖြတ်မှု ယူဆနိုင်သော သတင်းတစ်ပုဒ်ကို ထုတ်လွှင့်ဖော်ပြခဲ့ရာ အင်တာနက်အသုံးပြုသူ အများအပြားက ဩဘာပေးသည့် မှတ်ချက်များ ရေးသားခဲ့ကြသည်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် နေထိုင်သည့် ရပ်/ကျေးအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ဖြစ်သူ ရာအိမ်မှူးဦးမင်းမင်းထွန်းသည် “သန်းခေါင်စာရင်း ကောက်ယူရန် စစ်ကောင်စီကို ကူညီပေးနေသည့် အတွက်ကြောင့်” စက်တင်ဘာ၂၆ရက်တွင် အမည်မသိလူတစ်စုက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု အဆိုပါသတင်းဌာနက ဆိုသည်။

စစ်တပ်ထောက်ခံသူ ရပ်ကွက်တွင်လည်း လှံကိုလှံချင်းခွင်းသည့်အနေဖြင့် ထိုသို့ ခြိမ်းခြောက်မှုများကို တန်ပြန်အကြမ်းဖက်မှုများဖြင့် တုံ့ပြန်ရန် လှုံ့ဆော်မှုများ ရှိနေသည်။ စက်တင်ဘာ၂၆ရက်က စစ်တပ်ထောက်ခံသည့်သတင်းဌာနအဖြစ်လူသိများသည့် NP News တည်ထောင်သူ ကျော်မျိုးမင်းက  အာပေါင်ရင်းသန်သန်ဖြင့် ပြောဆိုမှုရုပ်သံတစ်ခုကို ၎င်းတို့၏ တယ်လီဂရမ် စာမျက်နှာတွင် ထုတ်လွှင့်ခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သည့် ဝန်ထမ်းများကို ပစ်ခတ်မည်ဟု ထုတ်ပြန်ထားသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (CDF-Hakha) ကဲ့သို့သော တော်လှန်ရေးအဖွဲ့များကို လက်တုံ့ပြန်ရန် စစ်တပ်ထောက်ခံသူများအား တိုက်တွန်းထားသည်။

“မဲမဲမြင်ရင် ရုတ်ရုတ်မြင်ရင် ပစ်သာသတ်ပလိုက်။ အာရုံနောက်လို့” ဟု ကျော်မျိုးမင်းက ဆိုသည်။ “ခင်ဗျားတို့က ဦးအောင်မပစ်ရင် ဟိုကောင်တွေက ဦးအောင်ပစ်မှာ။ ခင်ဗျားတို့သေမယ်။ ကျောင်းဆရာ၊ ဆရာမတွေသေမယ်။ ချ… မညှာနဲ့… ပစ်သာသတ်ပစ်လိုက်။ ပြီးမှ မှားရင်ပြန်တောင်းပန်လိုက်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကောက်ယူသူများသည် အကျပ်ကိုင်ခံရသဖြင့် သန်းခေါင်စာရင်းတွင် ပါဝင်ခြင်းဖြစ်နိုင်ကာ အကြီးမားဆုံးခြိမ်းခြောက်မှုများ ကြုံရသည့်တိုင် သာမန်အိမ်ထောင်စုအများအပြားမှာ အလွန် အကျပ်ရိုက်ရသည်။ NUG ၏ တောင်းဆိုမှုအတိုင်း သန်းခေါင်စာရင်းကို သပိတ်မှောက် သို့မဟုတ် အချက်အလက်မှား ဖြည့်သွင်းပါက ၂၀၁၃ သန်းခေါင်စာရင်း ဥပဒေအရ ထောင်ချခံရနိုင်သည်။ သို့သော် ပူးပေါင်းပါဝင်ပါကလည်း ၎င်းတို့၏ အိမ်များမှာ ၂၀၁၄သန်းခေါင်စာရင်း ကောက်ယူစဥ်က ကဲ့သို့ စာရင်းကောက်ယူပြီးကြောင်း မှတ်သားခံရနိုင်သည်။ ဖယ်ရှားရန်ခက်သည့် ထိုအမှတ်အသားများကြောင့် အဆိုပါမိသားစုဝင်များသည် စစ်တပ်ဆန့်ကျင်ရေးအင်အားစုများ၏ ပစ်မှတ်ဖြစ်လာနိုင်သည်။

ထိုအန္တရာယ်များက အာဏာသိမ်းစစ်တပ်၏ အပြုသဘောဆောင်သော သန်းခေါင်စာရင်းဆိုင်ရာ လူထုသတင်းပေးမှု ပုံစံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေကာ ထိုလုပ်ငန်းစဉ် အောင်မြင်မည်ဟုလည်း စစ်ဗိုလ်ချုပ်များက တထစ်ချ ယုံကြည်ထားပုံရသည်။ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သင်တန်းများ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် အောက်ခြေအဆင့် ကော်မရှင်အစည်းအဝေးများ၊ နိုင်ငံပိုင် သတင်းဌာနများ၏ ထုတ်လွှင့်ဖော်ပြချက်များ၊ အာဘော်ဆောင်းပါးများ၊ ပညာပေး ရုပ်သံထုတ်လွှင့်မှုများနှင့် လမ်းဘေးကြော်ငြာဆိုင်းဘုတ်များက ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုတွင် တာဝန်သိသိ ပါဝင်ရန် တွန်းအားပေးနေပြီး ထိုသို့ဖိအားပေးမှုသည် နဂိုကပင် ကျီးလန့်စာစားနေရသည့် လူထုကို ခြောက်လှန့်သလိုဖြစ်နေသည်။

နိုင်ငံတွင်းရှိ ပြည်သူအများအပြား တစ်နေ့ထက်တစ်နေ့ စားဝတ်နေရေး ပိုမိုကျပ်တည်းလာပြီး ဆင်းရဲဒုက္ခရောက်ချိန်တွင် ထိုကဲ့သို့ နည်းလမ်းပေါင်းစုံဖြင့် တွန်းအားပေးမှုသည် လက်တွေ့မဆန်သည့်အပြင် အဆီအငေါ်မတည့် ထင်ရာစိုင်းနေခြင်းလည်းဖြစ်သည်။ မင်းအောင်လှိုင်၊ မြင့်ကြိုင်နှင့် အခြားစစ်ကောင်စီအရာရှိများက သန်းခေါင်စာရင်းကောက်ယူမှုကို အသုံးချ၍ ၎င်းတို့ကိုယ်ကို တိုင်းပြည်အား “အကြမ်းဖက်သမားများ” ရန်မှကာကွယ်ရန် အနစ်နာခံသည့် ခေါင်းဆောင်များအဖြစ် စိတ်ကူးပုံဖော်နေသည့် လုပ်ရပ်သည် မြန်မာပြည်တွင်းရှိ သာမန်လူထုအများစုအတွက် ပို၍ပင် ခံရခက်စရာဖြစ်နေသည်။

မည်သို့ပင်ဆိုစေကာမူ သန်းခေါင်စာရင်းကောက်ယူမှုသည် အတားအဆီး၊ အဟန့်အတားမရှိဘဲ သူ့အလိုလို ကျရှုံးသွားဖွယ်ရှိနေသည်။ ထို့ကြောင့် စစ်တပ်ဆန့်ကျင်ရေးအင်အားစုများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို သွေးထွက်သံယိုနည်းလမ်းများဖြင့် မတု့န်ပြန်မီ အသေအချာ စဥ်းစားဆုံးဖြတ်ရန် လိုအပ်ပြီး ၁၉၇၃၊ ၁၉၈၃ နှင့် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူမှုများကို ထောက်ရှုခြင်းဖြင့် ဆင်ခြင်သုံးသပ်နိုင်ပါသည်။ စာရေးသူကိုယ်တိုင် ပြုလုပ်ခဲ့သည့် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုချက်များအရ ထိုစဥ်ကာလများက သန်းခေါင်စာရင်းကောက်ယူသူများသည် အိမ်ထောင်စုတစ်ခုစီကို မေးခွန်း အနည်းငယ်မျှသာ မေးမြန်းပြီး အခြားအချက်အလက်များကို ၎င်းတို့ စိတ်ကူးရှိသလိုသာ ဖြည့်စွက်ခဲ့ကြသည်။ လက်ရှိတွင် လုံခြုံရေးအားနည်းမှုကြောင့် တစ်အိမ်လျှင် မိနစ်၂၀ထက်ပိုမိုမေးမြန်းခြင်းမပြုရန် စာရင်းကောက်ယူသူများကို ညွှန်ကြားထားသည်ဖြစ်ရာ အာဏာသိမ်း စစ်တပ်ကို အချက်အလက်မှားများပေးရန်မှာ ပို၍ပင် ဖြစ်နိုင်ခြေ ရှိနေသေးသည်။

Mary Callahan သည် ဝါရှင်တန်တက္ကသိုလ်ရှိ နိုင်ငံတကာလေ့လာရေးပညာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခဖြစ်ပြီး “Making Enemies: War and State Building in Burma” စာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။ ၎င်းသည် မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ပဋိပက္ခ၊ တိုင်းရင်းသားနိုင်ငံရေး၊ သန်းခေါင်စာရင်းကောက်ယူခြင်း၊ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ သုတေသနပြုသည်မှာ နှစ်ပေါင်း ၃၀ရှိပြီဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar