မြန်မာမီဒီယာလောက၏ နယ်စွန်နယ်ဖျားသစ် ဖြစ်လာမည့် Frontier အပတ်စဉ် မဂ္ဂဇင်း

Frontier မဂ္ဂဇင်း၏ ပထမဆုံး issue မှ ကြိုဆိုပါသည်။ Frontier အပတ်စဉ် မဂ္ဂဇင်းသည် ပြုပြင်ပြောင်းလဲရေးများလုပ်ဆောင်လျှက်ရှိသော မြန်မာနိုင်ငံ၏လက်ရှိဖြစ် ပေါ်နေသောအဖြစ်အပျက်များနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် သက်ဆိုင်သောသတင်းအချက်အလက်များကို ဝေေ၀ဆာဆာ ဖေါ်ပြပေးမည့် အမှီအခိုကင်းသောမဂ္ဂဇင်းတစ်ခု ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် မီဒီယာလောကတွင် လှိုင်းတံပိုးများ ပြင်းထန်နေသောအချိန်ကာလတွင် စတင်တည်ထောင် ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်တို့သည် အသွင်သစ်ဖြင့် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးမတိုင်မီခြောက်လအလိုတွင် စတင်တည်ထောင်နိုင်ခဲ့ ခြင်းမှာ မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်မှုသည် မီဒီယာများကိုဆင်ဆာဖြတ် တောက်ခံခဲ့ရသည့် စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သောကာလမှစတင်၍ခရီးရှည် ကြီးကိုလျှောက်လှမ်းလာခဲ့ရပြီဟုလည်းဆိုလိုပါသည်။

၂၀၁၂ ခုနှစ် သြဂုတ်လတွင် ပုံနှိပ်မီဒီယာလောကတွင် ကြိုတင်ဆင်ဆာဖြတ်တောက် မှုကိုရုတ်သိမ်းပေးခဲ့သည်မှာ ကြီးမားသောတိုးတက်မှုတစ်ရပ် ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဧပြီလတွင် ပုဂ္ဂလိကကဏ္ဍသို့ နေ့စဉ်သတင်းစာများ ထုတ်ဝေခွင့်ပြုခဲ့သည် မှာလည်းအောင်မြင်မှုတစ်ရပ်ဟုပင် ဆိုနိုင်ပါသည်။

ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်လျှက်ရှိသောဦးသိန်းစိန်အစိုးရသည် အသစ်ပေါ် ပေါက်လာသောစာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီးထိန်းညှိရာတွင် အခက် အခဲများစွာရင်ဆိုင်ခဲ့ရသည်။ ပြသနာများလည်းအများအပြား ဖြစ်ပေါ်ခဲ့သည်။ လူအများကြားတွင် အပြောများခဲ့သောကိစ္စတစ်ရပ်မှာ Unity Journal ၏ ကိစ္စရပ် ပင်ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် Unity Journal မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းသမားလေးဦးတို့ကို တရားဝင်လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် တရားစွဲဆိုခဲ့သည်။ မကွေးတိုင်းဒေသကြီး၏ စစ်တပ်စခန်းတစ်ခုတွင် ဓါတုလက်နက်များထုတ်လုပ်နေသည်ဟူသော သတင်းထုတ်ဝေမှုဖြင့် ၎င်းတို့အား တရားဝင်လျှို့ဝှက်ချက် ပေါက်ကြားမှု အပါအဝင် တခြားသောအမှုများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ Unity Journal မှ ထိုငါးဦးကိုအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပြီးနောက် အယူခံဝင်အပြီး တွင်မူ ၇နှစ်အထိလျှော့ချပေးခဲ့သည်။ Unity Journal မှ အမှု ၅ မှုနှင့်ပတ်သက်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် သတင်းသမားအများအပြားက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြသောအခါ သတင်းသမားအယောက် ၅၀ ထပ်မံအဖမ်းခံခဲ့ရသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် သတင်းသမားကိုပါကြီးသည် တပ်မတော်ကထိန်းသိမ်းထားစဉ် မွန်ပြည်နယ်တွင် သေဆုံးခဲ့သဖြင့် မီဒီယာအဖွဲ့အစည်းတစ်ခုလုံးတုန်လှုပ်ခြောက်ခြားခဲ့ရသည်။ ကိုပါကြီးသည် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရ ခြင်း ဖြစ်သည်။ နိုင်ငံတကာမှ ဝေဖန်မှုများကြောင့် သမ္မတဦးသိန်းစိန်သည် ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်ပြီးစုံစမ်းစစ်ဆေးစေခဲ့ရသည်။ ကိုပါကြီးအမှုနှင့် ပတ်သက် ပြီးတရားရုံးတွင် ကြားနာမှုများသည် တရားမျှတ၏လောမေးခွန်းထုတ်စရာ ဖြစ်ခဲ့ သည်။

တပ်မတော်သည် မီဒီယာများကိုလက်လွှတ်စပယ်ထားရှိသည်ဟူသောဥပမာတစ်ခုကိုဖေါ်ပြရလျှင် ၂၀၁၅ ခုနှစ် မေလ ၃ ရက်တွင် ကိုးကန့်သူပုန်အုပ်စု Myanmar National Democratic Alliance Army သည် ၀ ပြည် သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ United Wa State Army က လက်ခံကျင်းပသောတိုင်းရင်းသားမျိုးနွယ်စုများ၏ ညီလာခံသို့ တက်ရောက်ရာတွင် ကိုးကန့်အုပ်စု၏ သတင်းများကိုမရယူကြရန် တပ်မတော်၏ အများပြည်သူဆက်ဆံရေးဌာနကပိတ်ပင်တားဆီးခဲ့သည်။ ယင်းညီလာခံကို ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့၏ ဌာနချုပ်ရှိရာရှမ်းပြည်နယ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

တပ်မတော်၏ အများပြည်သူဆက်ဆံရေးဌာနသည် ကိုးကန့်အုပ်စု၏ ပြောကြားချက်များကိုရေးသားဖေါ်ပြသောသတင်းသမားများသည် တရားဥပဒေအရရင်ဆိုင် ရမည်ဟု မြန်မာစာနယ်ဇင်းကောင်စီ Myanmar Press Council ကိုသတိပေးစာပေးပို့ခဲ့သည်။

Myanmar Times ဂျာနယ်ကအစိမ်းရောင် စစ်ဝတ်စုံဝတ်ထားသူများကို လှောင်ပြောင်သရော်သည့် ကာတွန်းတစ်ခုကို ထုတ်ဝေဖေါ်ပြခဲ့ရာထိုကာတွန်းဆရာနှင့် အယ်ဒီတာအတော်များများအလုပ်မှ ရပ်ဆိုင်းခံခဲ့ရသည်။

သို့သော် လက်ခုပ်သည် တစ်ဖက်တည်းတီး၍မမြည်နိုင်ပါ။ သတင်းသမားများဘက် ကလည်း ၎င်းတို့၏ သတင်းသည် တရားမျှတပြီးဘက်မလိုက်သောသတင်းဖြစ်စေရန် တာဝန်ရှိပါသည်။ သတင်းအချက်အလက်များ၏ မှန်ကန်မှုကိုစစ်ဆေးရမည်။ တစ်ချို့သတင်းစာများတွင် ထိုသို့လုပ်ဆောင်ခြင်းမရှိကြချေ။

စီးပွားရေးအရဖိအားများလည်းရှိနေပါသည်။ ဈေးကွက်တစ်ခုတည်းတွင် စာဖတ်သူများကိုစွဲဆောင်နေသည့် နေ့စဉ်သတင်းစာများကအများအပြားရှိနေပါသည်။ ထို့ကြောင့် သတင်းသမားများသည် သတင်းစာတိုက်ပိုင်ရှင်များ၏ ဆန္ဒကိုဦးစားပေးရသည်လည်းရှိပါသည်။ တစ်ခါတစ်ရံတွင် သတင်းစာများသည် မတရားမှုများ၊ ဘက်လိုက်မှုများကို တာဝန်မဲ့စွာ မီးစာထိုးပေးလျှက် ရှိကြသည်။

ပြုပြင်ပြောင်းလဲမှုသည် အမြဲတမ်းဖြောင့်ဖြူးသည် မရှိပေ။ ၎င်းတို့သည် လူ့အဖွဲ့ အစည်းအလွှာအသီးသီးမှ ပြောင်းလဲမှုငယ်လေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပြောင်းလဲမှုဆိုသည်မှာရှေ့သို့နှစ်လှမ်းလှမ်းပြီးနောက်သို့ တစ်လှမ်းပြန်ဆုတ်ကာ နှောင့်နှေးမှုများကိုလက်ခံထားရမည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သတင်းသမားများကပိုမိုအတွေ့အကြုံ ရင့်ကျက်လာပြီး ကျွမ်းကျင်မှုများပိုမိုရရှိလာကာစာဖတ်သူများကလည်းဘက်လိုက်မှု ပိုမိုနည်းပါးသွားသောအခါတွင် မြန်မာနိုင်ငံ၏ စာနယ်ဇင်းအရည်အသွေးသည် ပိုမိုတိုးတက်လာပေမည်။

Frontier မဂ္ဂဇင်းသည် ထိုရည်ရွယ်ချက်ကိုအောင်မြင်အောင် လုပ်ဆောင်ရန် သင့်တော်သောကဏ္ဍမှ ပါဝင်လုပ်ဆောင်သွားမည်။ မြန်မာနိုင်ငံသည် ပြောင်းလဲနေပါသည်။ ကျွန်ုပ်တို့သည် ဤနိုင်ငံကတွေ့ကြုံနေရသည့် ဆင့်ကဲဖြစ်ပေါ်မှုများနှင့် ပတ်သက်ပြီးရေးသားလိုပါသည်။ ကျွန်ုပ်တို့သည် အဖြစ်အပျက်များဘာကြောင့် ဖြစ်ပေါ်နေရသည်။ နောက် ဘာတွေဖြစ်ပေါ်နိုင်မည် ရှင်းလင်းဖေါ်ပြလိုသည်။ တက်ကြွလှုပ်ရှားသူများဘက်ကရော၊ နိုင်ငံရေးအနှောင်အဖွဲ့များဘက်ကပါ ကင်းရှင်းလွတ်လပ်စွာရေးသားဖေါ်ပြလိုသည်။

ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးမည်မှာ တစ်ခုသာရှိပါသည်။ ၎င်းမှာ ကျွန်ုပ်တို့၏ စာဖတ်သူများကို မြန်မာနိုင်ငံအကြောင်းနားလည်စေရန် မြန်မာနိုင်ငံ၏ အပြောင်းအလဲဖြစ်စဉ်များနှင့် အကျိုးဆက်တို့ကိုနားလည်စေရန်သာ ဖြစ်သည်။

ဤ Frontier မဂ္ဂဇင်း၏ ပထမဆုံး issue သည် ယင်းရည်မှန်းချက်ကိုပေါက်မြောက် အောင်မြင်စေရန် ကျွန်ုပ်တို့၏ ပထမဆုံးခြေလှမ်းဖြစ်ပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.